Nov 22, 2008

မြသီလာ(၁၉)

၉၁ ရဲ့ ဆောင်းနှောင်းမှာလည်း မြသီလာက တိတ်ဆိတ်နေခဲ့ရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာပိုင် စစ်အစိုးရက ကျောင်းသားတွေကိုသာမက အုပ်ချုပ်သူလို့ သူတို့ သတ်မှတ်ထားတဲ့ ဆရာဆရာမများအပေါ်ကိုပါ မျက်မာန်တော် ရှပါတော့တယ်။ ကျောင်းတွေ ပိတ်လို့များတော့ အေးအေးဆေးဆေးနေဖို့ မစဉ်းစားလေနဲ့ ဆိုတာမျိုးပေါ့။ ၉၂ရဲ့ ဇန်န၀ါရီလမှာပဲ အသံကြားလာရပါတယ်။ ဆရာဆရာမတွေကို အထူးပုံသွင်းဖို့ လိုတယ်.. ဖောင်ကြီးမှာ အထူးမွမ်းမံသင်တန်း တစ်လ တက်ရမယ်တဲ့။ သူတို့ဖြစ်စေချင်တဲ့အတိုင်း အတိအကျ ပါပဲ.. ဆရာ ဆရာမတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကုန်ကြပါတယ်။ တယောက်မှ မတက်လိုက်ရဆိုတာ မရှိစေရဘူးတဲ့။ အသုတ်လိုက် ခွဲတက်နိုင်တယ်တဲ့။ တကယ်တော့ ကျမက ကလေးတောင် နို့ သေသေချာချာ မဖြတ်ရသေး။ သားကြီး ၁၀လသား မပြည့်တပြည့်။

နောက်ဆုံးတော့ ၁၉၉၂ ဇန်န၀ါရီလ ၂၁ရက်နေ့စပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ ပြီးမယ့် ပထမအသုတ်ကို ကျမတက်ဖို့ စာရင်းပေး လိုက်ရပါတယ်။ အဲဒီအသုတ်မှာက ကျမသူငယ်ချင်းအားလုံး အတူတူ တက်မှာဖြစ်တဲ့အပြင် နောက်ပိုင်းဆို Thesis တဘက်နဲ့ အဆင်ပြေဖို့ မသေချာလို့ပါပဲ။ ဒါနဲ့ပဲ ကျမ စိတ်ပင်ပန်း ကိုယ်ပင်ပန်းကြားကပဲ ပြင်ဆင်ရပါတော့တယ်။ ဖောင်ကြီးသင်တန်းကို မြန်မာတနိုင်ငံလုံးက တက္ကသိုလ် အစုံက ဆရာဆရာမတွေ လာကြရတာပါ။ ကျမကတော့ နို့ဖြတ်ပြီးထားခဲ့ရတဲ့ သားဆီတလွမ်းလွမ်းနဲ့ ငိုရတာ တရွှဲရွှဲပေါ့။ ညနေဆို သားက အမေကို အိမ်ပေါက်ဝလေးမှာ ထိုင်ပြီးမျှော်တတ်ပြီလို့ တွေးတွေးပြီး ငို..။

သူတို့တွေ ဘာတွေ သင်တယ်လဲ မသိ။ စာမေးပွဲပြန်စစ်မှာဆိုလား..။ စစ်လည်း စစ်.. တတ်နိုင်ဘူးပေါ့..။ နောက်တော့မှ ဘေးဘီကြည့်လိုက်တော့ ကိုယ့်လိုပဲ အားလုံးက အဲဒီသင်တန်း ဂရုကို မစိုက်ကြတာ။ ပျော်စရာကောင်းတာတခုကတော့ စည်းကမ်းကျန တိကျသေ၀ပ်တဲ့နေရာမှာ နာမည်ကျော်ခဲ့တဲ့ ဖောင်ကြီးက အဲဒီကာလမှာ သွက်သွက်ခါအောင် ပျက်သွားခဲ့တာပါပဲ။ ဖောင်ကြီးသင်တန်းကဆရာတွေ စိတ်ဆင်းရဲခဲ့ကြရ တဲ့ သင်တန်းပေါ့။ ဆရာဆရာမတွေ တမင်တကာ ညစ်ပြီး စည်းပျက်ကမ်းပျက်ဖြစ်အောင် လုပ်ခဲ့ကြတဲ့ကာလ..။ တွေးကြည့်ရင် အားရစရာ။ နာမည်ကျော် တက္ကသိုလ်ဆရာဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁) ပေါ့။ ရှေ့မှာ စစ်တပ်နဲ့ ဗဟိုနိုင်ငံရေးတက္ကသိုလ်က အကြီးအကဲများက ဟောပြော..။ ဆရာမတွေက ခုံတွေပေါ် အိပ်ပျော်။ ကျမတို့ဆို ရှေ့နားထိုင်ရတာတောင် အိပ်ပစ်လိုက်တာ နှစ်နှစ်ခြိုက်ခြိုက်။ မအိပ်လည်း စာအုပ်တွေ ဖတ်နေလိုက်တာပဲ။

အဲဒီသင်တန်းမှာပေါ့.. ကျမ ဘယ်တော့မှ မေ့သွားမှာ မဟုတ်တဲ့ မေ့စရာမဟုတ်တဲ့ ကိစ္စတခု ပြောပြချင်ပါတယ်။ အဲဒီတုန်းက တရက်သားမှာ တပ်မတော်မော်ကွန်းတိုက်မှာ ညွှန်ကြားရေးမှူး လုပ်နေတဲ့ ဗိုလ်မှူးကြီးရဲထွဋ်ဆိုသူက လာစကားပြောပါတယ်။ သူတို့ကတော့ ပို့ချတယ်လို့ သုံးတယ်။ အဲဒီမှာ သူက အာဇာနည်နေ့ဆိုတာ မဆလက မြန်မာ့သမိုင်းအတွက် မကောင်းတတ်လို့ သတ်မှတ်ပေးထားရတာ ဖြစ်တယ်..။ တကယ်ကတော့ ဗိုလ်ချုပ်အောင်ဆန်း သေတဲ့ကိစ္စက နိုင်ငံတော်အတွက် အသက်စွန့်သွားရတာ ဆိုတာထက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့မယားညီအကို သခင်သန်းထွန်းတို့ အာဏာကုလားထိုင်လုရာကနေ ဖြစ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စ သက်သက်သာ ဖြစ်တယ်... ဒါကြောင့် သမိုင်းအမှန်ကို မှတ်တမ်းတင်နိုင်ဖို့အတွက် သမိုင်းကော်မရှင်က ကြိုးစားပြုစုနေပါတယ်... လို့ တရားဝင် ပြောသွားတာပါ။ (ကျမ ပြန်ရေးပြတာတွေက သူ့အသုံးအနှုန်း အတိုင်းပါ..။ ကျမတို့ ပြည်သူလူထုတွေက ဗိုလ်ချုပ်တို့နဲ့ ပတ်သက်ရင် ဘယ်တော့မှ သေတယ်လို့ သုံးနှုန်းလေ့ မရှိပါဘူး။ ကျဆုံး တယ်... ဒါမှမဟုတ် လုပ်ကြံခံရတယ်ဆိုတာပဲ သုံးကြတာလေ။ အဲဒီတုန်းက ပြောနေတဲ့ သူ့မျက်နှာပေးကို ကျမဖြင့် ခုထိ မြင်ယောင်နေပါသေးတယ်။ ရုပ်က ရိသဲ့သဲ့နဲ့.. သူ့ကိုယ်သူပဲ မြန်မာ့သမိုင်းပြုစုရေးအတွက် တာဝန်ရှိနေသူလိုလို။ အောက်မှာ နားထောင်နေရတဲ့ ဆရာဆရာမ အများစုကတော့ လူပါးဝလို့... ဆိုပြီး ကျိတ်ဆဲကြတာပေါ့)။ အဲလို မဟုတ်မဟတ် အကြံအစည်တွေကြောင့် ထင်ပါရဲ့။ ခုထိ အဲဒီစာအုပ် ထွက်မလာ နိုင်တာ။

နောက်ပြီး သူကပဲ ထပ်ပြောတာ... ဒေါက်တာ(ပါရဂူ)ဆိုတာ နိုင်ငံခြားကို အလည်အပတ် သွားသလို သွား.. ပိုက်ဆံစု.. စာတွေ ကူးချ ကျမ်းရေးပြီး ပြန်လာရုံပဲ.. တကယ်မေးတော့ ဘာမှလည်း သိကြတာမဟုတ်ဘူးလို့ စင်ပေါ်ကနေ စော်စော်ကားကား မခန့်လေးစား အမူအယာနဲ့ ပြောပါတယ်။ အဲဒီမှာ သူပြောအပြီး ပြန်လှန် ဆွေးနွေးမယ့် သူတွေကိုလည်း ဖိတ်ခေါ်ရော ပါရဂူဘွဲ့ရ ဆရာကြီး ဆရာမကြီးတွေ စင်ပေါ်ကို တန်းစီတက်သွားပြီး ဒေါက်တာဖြစ်အောင် ဘယ်လောက် ကြိုးစားအားထုတ်ရတာ... ပညာတော်သင်ရတဲ့ ငွေကို လောက်အောင် ဘယ်လိုသုံးရတာ... ပြန်လာတဲ့အခါမှာလည်း ဘယ်လိုအနစ်နာခံပြီး လုပ်ရတယ်ဆိုတာတွေကို ကိုယ်တွေ့ အဖြစ်အပျက်တွေနဲ့ တန်းစီပြီး သေသေချာချာ တက်ပြောကြတာ.. အောက်ကနေ ဆရာဆရာမတွေက လက်ခုပ်တွေ တီးကြပေါ့။

နောက်ဆုံး သဘာပတိက မျက်နှာအပျက်ပျက်နဲ့ တောင်းပန်ယူရရော။ မှတ်မှတ်ရရ အဲဒီထဲမှာ ရှေ့ဆုံးကတက်သွားတာက သင်္ချာဌာနက ဆရာကြီးဒေါက်တာခင်မောင်ဝင်းပါ။ (အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်နဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ရဲ့ သား။ မိုးမခ (ကို)မောင်ရစ်ရဲ့ အဖေပေါ့)။ မှတ်မှတ်ရရ.. အဲဒီနောက်တနေ့ ဆက်ပြောရမယ့် တချိန်ကျန်တာမှာ ဗိုလ်မှူးကြီးရဲထွဋ် ရောက်မလာတော့ ပါဘူး။ နေမကောင်းလို့ပါတဲ့..။ ကျမတို့ ဆရာဆရာမတွေ ဆိုတာ သဘောကျလွန်းလို့ မေတ္တာတွေ ပို့လိုက်ကြတာ..။ တခါတည်းသေမှာ.. ဘာ.. ညာ.. ပေါ့.. ။ အဲဒီအဖြစ်အပျက်က ဖောင်ကြီးသမိုင်းမှာ နာမည်ကို ကြီးကျန်ခဲ့ရော။

တကယ်တော့ အဲဒီဖောင်ကြီးသင်တန်းဟာ တက္ကသိုလ်က ဆရာဆရာမတွေကို အမိန့်နာခံအောင် ရည်ရွယ်ပြီး လုပ်တာပါပဲ။ တနည်းအားဖြင့်တော့ ဦးချိုးတာပေါ့။ ကျောင်းသားတွေ မပြောနဲ့ မင်းတို့ဆရာဆရာမတွေတောင် ငါတို့ခိုင်းရင် လုပ်ရတယ်ဆိုတဲ့ အပေါက်မျိုး ချိုးတာ။ ဒါပေမဲ့ အဲဒီတုန်းက န၀တ (ဗိုခင်ညွန့်)က အပျော့ဆွဲလေ။ စေတနာတွေ ပရပွနဲ့ပဲ လုပ်ပေးသယောင်ယောင်... ။ ပြီးတော့ တစ်လဆိုတဲ့ အချိန်ကလည်း မသိမသာ ကုန်သွားတာမျိုးဖြစ်ပြီး ၀န်ထမ်းနဲ့ ဖောင်ကြီးသင်တန်းဆိုတာကလည်း သူစိမ်းတွေ မဟုတ်ကြလေတော့ ဆရာဆရာမတွေလည်း ဘယ်သူကမှ ကန့်ကွက်တာတွေ ဘာတွေ မလုပ်ခဲ့ကြပါဘူး။ (ဆရာ ဆရာမတွေက ကျောင်းသားတွေလောက် သတ္တိမရှိတာ... အမှန်တရားမျက်နှာကို မကြည့်တာ... ကိုယ်ကျိုး မစွန့်နိုင်တာလည်း အမှန်ပါပဲ... ဒါကြောင့်လည်း ကျမတို့ နိုင်ငံအတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ ပညာရေးစနစ်ကြီးကို ကျမတို့ ဆုံးရှုံးနေရတာ... ဘယ်လောက် အတိုင်းအတာထိ ဆုံးရှုံးခဲ့ပြီလဲဆိုတာကို ၂၀၀၀ နောက်ပိုင်းကာလ မြသီလာအကြောင်းတွေ မှာ ထည့်ပြောမှာပါ )။

ဒါပေမဲ့ ဆရာဆရာမတွေအများစုကတော့ အမိန့်အာဏာတွေကို လက်မခံချင်ဘူးဆိုတာ အဲဒီ ဖောင်ကြီးသင်တန်းက သက်သေပါပဲ။ ညနေဆို အားကစားချိန်လို့ စည်းကမ်းလုပ်ထားလည်း မသွားကြဘဲ လမ်းလျှောက်ပြီး မတူတဲ့ တပ်ခွဲတွေမှာ ရှိနေတဲ့ သူငယ်ချင်းတွေဆီ လျှောက်လည်ကြတာပဲ။ ဆရာတွေဆိုလည်း ဖောင်ကြီးနားက ရွာရိုးကိုးပေါက်ကို လျှောက်လည်နေကြတာပဲ။ အဲဒီမှာမှ ဆရာ ဆရာမ အပျိုကြီး လူပျိုကြီးတွေ စွံသွားတာလည်း ရှိသေး။ ညဘက် Night Study လို့ပြောလည်း ဂစ်တာတီးကြ သီချင်းဆိုကြ လုပ်နေတာပဲ။ ဆရာဆရာမအများစုက အသက်၃၀တောင် မပြည့်ကြသေးတာမို့ လူငယ်တွေလိုပဲ စိတ်လွတ်ကိုယ်လွတ် အာခံကြတာလေ။ ရသလောက် ဆန့်ကျင်ကြတာ။ စစ်ရေးပြမှာ ဘယ်လှည့်ဆိုရင်လည်း ညာတွေ လှည့်ကြ။ ဘယ်ညာ ဘယ်ညာ ရိုက်ခိုင်းတော့လည်း... "ပဲ-ညား... ပဲ- ညား" လို့ တမင်အော်ကြတာ။ ဟုတ်တယ်လေ.. နေ့တိုင်း ပဲဟင်းနဲ့ ညားရတာကိုး။

နောက်ဆုံးတော့ စစ်သင်တန်းလည်း ဖြုတ်လိုက်ရတာပဲ။ နေမကောင်းချင်ယောင်ဆောင်ပြီး ဆေးနား.. ခွင့်တွေ ယူကြ။ နောက်ဆုံးတော့ စာမေးပွဲပြန် စစ်မယ်ဆိုတာတောင် တက်တဲ့သူတွေ ထောင်ကျော်မှာ သွားဖြေတဲ့သူ ရာဂဏန်းတောင် မရှိတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ သင်တန်းဆင်းပွဲမှာ လည်း ရုပ်ပျက်ဆင်းပျက်ပေါ့။ ဗိုလ်ခင်ညွန့်က ရယ်စရာလုပ်ပြောရင် ၀ါးကနဲရယ်တာ တော်တော်နဲ့ မရပ် .. အကြာကြီး တမင် လုပ် ရယ်ကြတာ။ ဗိုခင်ညွန့်မှာ စကားဆက်ပြောဖို့အရေး ရယ်သံတွေငြိမ်အောင် အကြာကြီး စောင့်နေရတာပေါ့။ အဲလို သူတို့ကို မခန့်လေးစား လုပ်ရတာများ ပျော်စရာကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက ကျမတို့ လုပ်တာက ထိရောက်သားပါ။ ဘာလို့လဲဆိုတော့ နောက်အသုတ်တွေလည်း ကျရော စည်းကမ်းတွေ မတရားကျပ်ပြီး အမိန့်တွေလည်း အလွန်ပေးတော့တာ.. လေ။ ကျမကတော့ ပြောမိသေးတယ်။ ခံနိုင်တဲ့သူတွေ ခံကြပေါ့လို့။

+++++

ဖောင်ကြီးက ပြန်လာအပြီးမှာ သိသာတာတခုကတော့ သားနဲ့ ခွဲကျင့် ရှိသွားတာပါပဲ။ ဒီလိုနဲ့ မတ်လတစ်လတောင် ကောင်းကောင်းမှ မနားရခင် ကျမတို့ တက္ကသိုလ်က ဆရာမတွေမှာ ပြီးခဲ့တဲ့ ၁၀တန်း စာမေးပွဲရဲ့ အဖြေလွှာတွေကို အမှတ်ခြစ်ရပြန်ပါတယ်။ အဲသလိုနဲ့ပဲ ဧပြီ တစ်လက လွယ်လွယ်လေး ကုန်သွား။ ဒီလိုနဲ့ ၉၂ ရဲ့ မေလ က စလို့ ကျမက Thesis အတွက် ပြင်ဆင်ရပြန်ပါတယ်။ အဲဒီတော့လည်း ရန်ကုန်တက္ကသိုလ်ကြီး ထဲနဲ့ တောင်ငူဆောင်စားသောက်တန်းဆီ ပြန်ပြီး တ၀ဲလည်လည် ခြေဦးလှည့်ရတဲ့ ရက်တွေပေါ့။ နေ့တိုင်း ရုံးချိန်လိုပဲ လာရတာကတော့ ဗိုလ်တိုး(ဆရာဦးအောင်ကျော်တိုး-စိတ်ပညာ)နဲ့ အရှည်ကြီးဆိုင်မှာ ဆုံဖို့ပေါ့။ မြို့မငြိမ်းအကြောင်းနဲ့ မြို့မငြိမ်းသီချင်းတွေကို အများကြီး သိထားတဲ့ ဗိုလ်တိုးနဲ့ စကားပြောရင် ကျမ အချက်အလက်တွေ အများကြီးရတယ်။ တချို့တိမ်မြုပ်နေတဲ့ သီချင်းတွေဆိုရင် ဗိုလ်တိုးက ပါးစပ်ဆိုင်းတီးပြီးဆိုပြတာ.. နောက်ပိုင်း ကျမ သီချင်းရလို့ နားထောင်ကြည့်တဲ့အခါကျတော့ အတောကအစ ကွက်တိ။ ဗိုလ်တိုးက အဲလို ပါရမီပါတာပါ။

ကျမကို Thesis နဲ့ ပတ်သက်ပြီး ကူတဲ့ နောက်တယောက်ကတော့ ကိုအောင်ကျော်ဆန်း (ဆရာကြီး ရွှေပြည်ဦးဘတင်ရဲ့ မြေးကြီး၊ စာရေးဆရာ ပန်းချီဆရာ ဒါရိုက်တာ ဦးဝင်းဖေရဲ့ သားကြီး၊ အဆိုတော် မီမီဝင်းဖေရဲ့ အကိုကြီး၊ သူကိုယ်တိုင်ကလည်း အနုပညာသမားဖြစ်တဲ့ ဇာတ်ညွှန်းရေးဆရာ အောင်ကျော်ဆန်း-မန္တလေး)ပေါ့။ ကိုအောင်ကျော်ဆန်းနဲ့ ကျမ ဘားလမ်း မူစလင်ဆေးရုံဘေးက လမ်းဘေး အုတ်ခုံလေးမှာ ဖွင့်တဲ့ ကိုထွန်းရီ လက်ဘက်ရည်ဆိုင်မှာ ညနေညနေ ထိုင်ပြီဆိုရင် ကိုအောင်ကျော်ဆန်း ပြောပြတဲ့ အကြောင်းအရာတွေက ကျမအတွက် မြို့မငြိမ်းလေ့လာချက်ရေးဖို့ Reference တွေ အများကြီး ရစေပါတယ်။ မြို့မငြိမ်းသီချင်းတွေထဲမှာပါတဲ့ စာကိုးတွေကို ဘယ်စာအုပ်က ယူရမယ်ဆိုတာကအစ ကိုအောင်ကျော်ဆန်းက ပြောပြတာ။ သူက လက်ဘက်ရည်ဆိုင်မှာ ထိုင်ရင်းသားကနေ ပေါ့ပေါ့ပါးပါးပဲ ပြောသွားတာ။ "တနာရီထဲ ချစ်" သီချင်းထဲက စာသားတွေကိုရေးဖို့ မြို့မငြိမ်းက အာဒိကပ္ပကျမ်းထဲက ယူတာဆိုပြီး အဲဒီစာသားတွေကို ဒီတိုင်းအလွတ် တထိုင်းတည်း ရွတ်ပြသေးတာ။ "မဟာဂီတထဲကလေ.. မေငြိမ်းရယ်.. ဟောဒီအပိုဒ်" ဆိုပြီး မဟာဂီတထဲက မူရင်းသီချင်းကို ဆိုပြလိုက် မြို့မငြိမ်း ယူစပ်ထားတဲ့ အပိုဒ်ကို ဆိုပြလိုက်ပေါ့။ ဥပမာ မြင်းခင်းတော်သီချင်းပေါ့။ ကျမမှာ ပါးစပ် အဟောင်းသားနဲ့ ငေးလိုက်.. မှတ်စုထဲမှာ ချမှတ်လိုက်နဲ့ ဖြစ်နေရတယ်။ ကိုအောင်ကျော်ဆန်းက အဲလို တော်တာ။ သူ အဲလို ပြောပြနေတာတွေကို စိတ်ပါဝင်စားပြီး ကျမနဲ့ အတူတူ တကူးတက ၀ိုင်းနားထောင်ကြတာက စာရေးဆရာမ မိုချာ့ရယ်.. ဒါရိုက်တာ ဒီဇိုင်းဆရာ မျိုးဆွေသန်း(ဆရာကျောင်း)ရယ်.. ကိုအရိုင်းရယ်.. တခါတလေ ချိုတူးဇော်လည်း ပါတာပေါ့။

အဲဒီ ညနေ ညနေတွေမှာ ကိုထွန်းရီဆိုင်မရောက်ခင် ၃၃လမ်းထဲက လေထန်ကုန်းမှာ ထိုင်နေတုန်း ရောက် ရောက်လာတတ်တာက ဇာတ်လိုက်ကျော် ဒေါ်ခင်မင်းဇော်ပေါ့။ သူက စာအုပ်ထုတ်ဝေရေး တခု လုပ်နေချိန်ပါ။ ကျမတို့အတူထိုင်တတ်တဲ့ တ၀ိုင်းလုံးကလည်း သူ့သူငယ်ချင်းတွေချည်းပဲလေ။ မင်းထက်မောင်ကအစ ကြွက်နီ(သိမ်းတင်သား)အဆုံး.. ပုသိမ်သားတွေ ခပ်များများပေါ့။ ဒေါ်ခင်မင်းဇော်က ကျမတို့ ထိုင်နေတဲ့ စားပွဲလေးဆီ သုတ်သုတ် သုတ်သုတ်နဲ့ ၀င်လာတတ်တယ်... ပြီးတော့ စကားတွေ အလုအယက် ပြောကြရ...။ အဲဒီအချိန်လေးတွေဟာ ကျမအတွက်တော့ ဘ၀အမောထဲက ခဏထွက်ရာ အနှစ်သာရလည်းရှိတဲ့ ကာလလေးပါပဲ။

အဲဒီကြားကာလထဲမှာပဲ နောက်လုံးချင်းတအုပ် ရေးပါတယ်။ "ချစ်သူ့မျက်နှာစာ"... ပါ။

(ပန်းချီ မြင့်မောင်ကျော်..ပါ)

တကယ်တော့ ကျောင်းသားတွေက တာဝန်ကျေကျေနဲ့ ဆင်းရဲဒုက္ခခံ အနှိပ်စက် အညှင်းပမ်းခံပြီး တရားမျှတရေးကို လုပ်ခဲ့ကြ.. ထောင်ကျ တန်းကျ... ခံကြရတဲ့ အချိန်မှာ ကျမတို့ကတော့ ဆင်းရဲပင်ပန်းပေမဲ့ ကိုယ့် အသိုက်အ၀ိုင်းလေးထဲမှာ တော်သလို နေလို့ ရနေခဲ့သေးတာပါ။ ကျမဆို အဲဒီဘ၀လောက်ကိုတောင် ဆင်းရဲပင်ပန်းလှချည့်လို့ ထင်ခဲ့တာ။ ဒီလိုနဲ့ ဇွန်လမှာတော့ ဘာစိတ်ကူးပေါက်တယ်မသိ။ 10 D သမားတော်တော်များများကို ပြန်လွှတ်ပါတယ်။ ဒါပေမဲ့ ခံဝန်ချက်တွေနဲ့ပါ။ အပြီးလွှတ်တာမဟုတ်ပါ.. တဲ့။ အကြွေးကျန် ပါတယ်.. တဲ့။ နောက်တခါ ထပ်ဖြစ်ရင် ပို ကြီးလေးတဲ့အပြစ်ကို ခံရမယ်ဆိုလား။ အဲဒီမှာ ကျမသူငယ်ချင်း စာရေးဆရာမ ခက်မာနဲ့ မောင်နေလင်းတို့လည်း ပြန်လွတ်လာကြပါတယ်။

အဲဒီ နောက်ပိုင်းရက်တွေမှာတော့ ကျမက Thesis အတွက် မန္တလေး တက်လိုက် ဆင်းလိုက်။ Thesis ကျုံးရေးလိုက်။ အချိန်ရတုန်းလေးမှာ Thesis ကို အကြမ်းပြီးအောင် တွန်းရေးရ ပါတယ်။ ကျမ Thesis လေး ရုပ်လုံး မပေါ့်တပေါ်မှာပဲ စစ်အစိုးရက ကြေငြာပါတယ်။ ၁၉၉၂ သြဂုတ်လ ၂၄ရက်နေ့မှာ တက္ကသိုလ်တွေ ပြန်ဖွင့်မယ်.. တဲ့။ ဆရာ ဆရာမတွေကတော့ သက်ပြင်းသာ ချရတာပါပဲ။ တကယ့် လိုအပ်ချက်တွေကို တကယ့်တောင်းဆိုမှုတွေကို ဖြည့်မပေးဘဲနဲ့ မိပ်ကပ်လိမ်းပြီးဖွင့်တဲ့ ကျောင်းက ဘယ်လောက်ကြာကြာ ခံမှာလဲဆိုတာပဲ ပြောဖြစ်နေကြ ပါတယ်။ ပိုဆိုးတာကတော့ မယောင်ရာဆီလူး ကိစ္စတွေနဲ့ ဆရာဆရာမတွေ ပို ပိုပြီး စိတ်ညစ်ကြရမယ်.. ပင်ပန်းကြဦးမယ်လို့ မျှော်လင့်ပြီးသား ဖြစ်နေခဲ့ကြတာပါပဲ။

ဒီလိုနဲ့ ကျောင်းပြန်ဖွင့်ရက် သြဂုတ်လ ၂၄ရက်နေ့ကို ရောက်လာခဲ့ပါတော့တယ်။

+++++

12 comments:

Nyo Htet Nyo said...

၉၂ ကကျွန်တော် လေထန်ကုန်းစထိုင်တတ်စအချိန်ပေါ့။ ထိုင်ရင်းနဲ့ ဆရာတွေရဲ့မျက်နှာတွေ မဂ္ဂဇင်းမှာ မြင်ဖူးတာတွေနဲ့ တိုက်ကြည့်၊ ဘေးဝိုင်းကပြောတာတွေ လိုက်နားထောင်၊ လွမ်းတယ်ဆရာမရာ။

MANORHARY said...

ရေစက်တွေထင်ပါရဲ့နော်..ဒီလူတွေကတနည်းမဟုတ်
တစ်နည်းနဲ့ဆက်စပ်နေကြတယ်...လွမ်းစရာလည်း
ကောင်းသလိုအဲဒီအလွမ်းက တာရှည်နေလိမ်ဦးမယ်
ဆိုတာလည်း....

Ko Paw said...

ဗိုလ်မှူးကြီးရဲထွဋ် အကြောင်းဖတ်လိုက်ရတာ အားရလိုက်တာ ဆရာမရယ်။

ကျနော်တို့ စတုတ္ထနှစ်ကျောင်းသားဘ၀က ကစလ(၁) မှာ ကွင်းဆင်းတုန်းကလည်း အဲသည်တုန်းက ဒုဝန်ကြီး လာပြီး လက်ချာပေးတယ်။ နာမည်က ဦးစောလွင်လား...ဦးစောထွန်းလား သေချာတောင် မမှတ်မိပါဘူး။

နအဖ ပေါ်လစီတွေကု အမြင်ကပ်လောက်အောင် အလုံးလိုက်ပြောတယ်။ ပြောပုံက လုံးဝအဆင့်မရှိဘူး။ ဆရာမပြောတဲ့ ဗိုလ်မှူးကြီးရဲထွဋ်နဲ့ နင်လားငါလားပဲ။ ကျောင်းသားအားလုံးက နားထောင်ရင်း ညှိမထားရဘဲ မျက်မုန်းကျိုးနေတော့တာပေါ့။ တနေရာရောက်တော့ မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားတွေအကြောင်းပြောရင်း ရှင်ဘုရင်သေတာကို နတ်ရွာစံတယ်လို့ ပြောရမယ့်အစား ပျံလွန်တော်မူတယ်လို့လည်း မှားပြောရော ကျနော်တို့တွေအားလုံး အမြင်ကပ်ကပ်နဲ့ ၀ိုင်းဟားကြတာ တင်းပြီး ပြန်သွားရော။

cohtet said...

မော်ကွန်းတိုက်လူကြီးဆိုတဲ့သူ ပြောတဲ့စကားတွေ ဖတ်တာ ရွံလိုက်တာ၊ အံ့တော့မသြပါ။ ဒါမျိုးသင်ကြားပေးတဲ့သူတွေ ရှိလို့လဲ။ သူတို့ကို အမွေဆက်ခံသူတွေ အွန်လိုင်းမှာ တွေ့နေရတာပါ။ တပ်ကသူ အများစုက ဗိုလ်ချုပ်ကို လေးစားကြပေမယ့်၊ စုန်းပြူးတွေလဲ မနည်းပါဘူး။

M.Y. said...

ကျွန်တော်ကတော့ အဲဒိ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရတာနဲ့ အာဇာနည်နေ့ ဟာ မကောင်းတတ်လို့ တင်ထားတဲ့ သမိုင်းလို့ ပြောတဲ့လူတွေ ဦးစီးထုတ်မယ့်ထားတဲ့သမိုင်းပြင် စာအုပ် ကြီး မြန်မြန် ထွက်လာစေချင်တယ်။

ဒါဆို ပွဲက သိပ်ကြည့်ကောင်းမယ်..သေချာတယ်..

သြဂုတ်လ ၂၄ မှာဖွင့်မယ့်ကျောင်းကို အမရဲ့ မြသီလာ (၂၀)မှာ ပြန်လိုက်တက်ဦးမယ်..

ခင်မင်းဇော် said...

အဲဒီစာအုပ်ထုတ်တော့ ရှင် ကျုပ်ကို လက်ဆောင်ပေးသေးတယ်.. အခုမှ မှတ်မိလာပြီ...

မေငြိမ်း said...

ညိုထက်ရေ.. တကယ်လွမ်းစရာပေါ့။
မနော်.. ရေစက်ဆိုတာဖြစ်မယ်. အမြဲဆက်စပ်ပတ်သက်နေကြရတဲ့ အ၀န်းအ၀ိုင်းလေး။
ကိုပေါရေ.. ကျမကတော့ အဲလို ငါတကောကောတွေကို တနည်းနည်းနဲ့ ပြန် တုံ့ပြန်ရမှာပဲလို့ သတ်မှတ်ထားတယ်။
ဟုတ်တာပေါ့ ငထက်ရယ်.. ဗိုလ်ချုပ်ကို ချစ်တာက အများစုပါ။
ကမောင်ရင်နော်.. ကျောင်းဖွင့်ရက်မှားပီးတက်ရင်တော့ ကျောင်းဖွင့်ရက် confirm လုပ်တဲ့သူ အပြစ်ပဲ ...ဟဲဟဲ။
သယ်ရင်း.. လာဦးမည်... မျှော်..။

Nanda said...

အဲဒီလူတွေ (စစ်ဗိုလ်တွေ) ဘာလို့ အဲလောက် မိုက်ရိုင်းနေကြ ဆင်ခြင်တုံးတရားကင်းမဲ့နေကြတာလဲ။ စစ်တပ်ကိုသိမ်းကြုံးဆဲဆိုတာမျိုးမလုပ်ချင်ပေမယ့် အဲဒီလူတွေထဲက မြင်ဖူးကြားဖူးသမျှ အများစုဟာ အဲလို တလွဲ အမြင်တွေနဲ့ မိုက်ရိုင်းစော်ကား မောက်မာကြသူတွေချည်းဖြစ်နေတော့ အဲဒီအဖွဲ့အစည်းကြီးကို ဘယ်သူက အကောင်းပြောချင်မလဲ? စစ်တပ်ကို confront လုပ်မယ် sanction ကိုထောက်ခံမယ်ရယ်လို့ ဒေါ်စုစပီးမပြောခင် ၁၉၈၉ လောက်ကတည်းကကကို အနယ်နယ်ကို စည်းရုံးရေး ဆင်းတိုင်း သက်ဆိုင်ရာ စစ်နယ်မြေက တိုင်းမှုးတွေ အရာရှိတွေ ညစ်စုတ်ပဲ့ကြ၊ အောက်တန်းကျကြတာလဲ အဲဒီစစ်တပ်ပဲ? အမှန်က သူတို့ကိုပဲ မွမ်းမံသင်တန်းပြန်ပေးပီး လူစိတ်တွေပြန်ရှိလာအောင် သင်ပေးရမှာ... (စကားမစပ်၊ ပါရဂူ Ph.D ဆိုတဲ့ academic ဆိုင်ရာ ဘွဲ့အကြောင်း သေချာနားမလည် တန်ဖိုးမထားတဲ့ သူတွေမို့လို့ သူတို့ကိုယ်တိုင်လဲ ပေါပေါလောလော Ph.D တွေးမွေးထုတ်ချပီး ဘာမှသုံးစားမရလောက်တဲ့ ပညာရေးစနစ်ဖြစ်လာတာပဲ)

Su said...

it makes my blood boil >:(

မိုးချိုသင်း said...

ပညာရှင်နဲ့ အာဏာရှင် တို့ရဲ့ ပညာခန်းလေးတွေ ဖတ်ရတာ အားရတယ် ဆရာမ။ သူတို့မှာ ဘာလုပ်လုပ် ဟားစရာကို ဖြစ်နေတော့တာပါပဲ။
ဆရာမ ဒီမြသီလာကို စာအုပ်အဖြစ် လုပ်သင့်ပါတယ်။

တန်ခူး said...

မြသီလာက မြသီလာသက်သက်မဟုတ်တဲ့ ထူးခြားတဲ့မြသီလာပါ…
မြသီလာက မြသီလာတင်မကတဲ့ လေးနက်တဲ့မြသီလာပါ…
မြသီလာက မြသီလာထက်ပိုတဲ့ ကြီးမြတ်တဲ့မြသီလာပါ…

HAK said...

I just want to comment about this PhD section that you have mentioned..

Here are the some of the common requirements for PhD degree.

1. Successfully completing a certain number of additional, advanced courses relevant to his/her area of specialization.

2. Student must submit a thesis or dissertation independent of his/her own finding or topic of the choice that panel had approved prior to submitting.

3. Student must defend this work before a panel of expert examiners appointed by the university.

It take about two to three years to complete require course works, depends on whether student have master degree that relevant to his/her study or not. Then it will take at least two years to research and preparing the thesis. So I would say may take minimum fiver to achieve PhD degree.

Now a day there are so many online and fake universities where you could buy honorary PhDs and few people in Burma are using Dr. title shamelessly…