ဘ၀မှာ ကိုယ်ရေးကိုယ်တာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အခါခါ ပြိုလဲ... အခါခါ စိတ်ကျ.. အခါခါ ပြန်ကျုံးထခဲ့ရဖူး..။ တခါမှ ကိုယ့်ကိုယ်ကိုယ် မသနားခဲ့မိ။ ကိုယ့် ဘ၀ဒဏ် ကိုယ်ခံရုံ။ စိတ်ကျရင် ကဗျာရေးမယ်..။ ကျောင်းကို လွမ်းမယ်..။ ၀တ္ထုရေးမယ်..။ ခုဆို ဘလော့ရေးမယ်..။ သာယာခဲ့ဖူးတဲ့ အချိန်လေးတွေကို ပြန်တွေးမယ်..။ ကျမ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အများကြီးသက်သောင့်သက်သာရှိတယ်လို့ ပြောရမယ့် အချုပ်တခုထဲမှာ ၁၁ရက် နေခဲ့ရဖူးပါတယ်။အချုပ်ဆိုတာကို.. အကျဉ်းကျတယ် ဆိုတဲ့ ဒုက္ခတွေကို... ခံစားရင်း... အဲဒီအချိန်တွေ တလျှောက်လုံးမှာ စစ်အစိုးရရဲ့ ငရဲခန်းတွေထဲက လူထု ရှေ့ဆောင် ၈၈မျိုးဆက်တွေနဲ့ မျိုးဆက်သစ် လူငယ်လေးတွေကို (မတန်မရာ) သတိရနေမိတယ်။ သူတို့က တိုင်းပြည်နဲ့ လူမျိုးအတွက် ငရဲခံနေရတာ..။ သူတို့ ဘ၀တွေ အချိန်တွေ အရွယ်တွေ အများကြီးကို ပုံအော ပေးထားကြတာ။ ပြန်စားသုံးခွင့်ဆိုတာကို မမျှော်မှန်းဘဲ ပေးဆပ်ထားကြတာ။ သူတို့မှာ စိတ်ဖြေရာ ထွက်ပေါက်ဆိုတာ မရှိ။ ဘယ်တော့လဲလို့ မသေချာတဲ့ လွတ်မြောက်ရက်ကို စောင့်နေရမှာ..။ သူတို့ရဲ့ လွတ်လမ်းက တိုင်းပြည် ကံကြမ္မာ.. ပြည်သူလူထု ကံကြမ္မာတွေနဲ့ တထပ်တည်းကျ။ တိုင်းပြည်လွတ်လပ်မှ သူတို့လွတ်မြောက်မှာ။ ပြည်သူလူထု လွတ်မြောက်မှ သူတို့ လွတ်ရမှာ..။ ခုတော့ သူတို့ကို ထောင်ဒဏ် ၆၅နှစ်တဲ့..။ သူတို့နဲ့ ကျမက သက်တမ်းတူ.. ခေတ်တူတွေ ဆိုတော့ အသက် ၄၀ကျော်တန်းတွေပါ။ ခု ထောင်ဒဏ် ၆၅နှစ်....။ မသေမချင်းး ထောင်သွင်း အကျဉ်းချ ဆိုပါတော့။ ဒီနေ့ ကျမ စိတ်ထဲ ရှက်ရွံ့ကြေကွဲနေမိပါတယ်။ ကိုယ်က ကိုယ်လွတ်ရှောင်ခွာ ခွဲခဲ့သူ။ ပြီးတော့ ဘာတခုမှ ဖေးကူမပေးနိုင်တဲ့ ဘ၀မှာ..။ လွမ်းတာတွေကိုပဲ တမ်းတမ်းတတ ခံစားလို့။ နာကျင်စရာတွေကိုတော့ မေ့ပစ်ဖို့ ကြိုးစားလို့။ ဒဏ်ရာတွေကို လျှာနဲ့ တသသ လျက်လို့။ အဲဒီအချိန် ကျမရဲ့ မောင်နှမအရင်းလို ချစ်ရတဲ့ သူငယ်ချင်း အံ့ဘွယ်ကျော်နဲ့ မျိုးချစ်တစုက ထောင်ဒဏ် ၆၅နှစ်တဲ့...။ သူတို့ ဘ၀တလျှောက်လုံး အဲဒီ ငရဲခန်းထဲမှာပဲ အကြာကြီး အချိန်ကုန်ခဲ့ကြရတာ.. ။ ခုလည်း.................................
ဘွယ်ရေ...
နင် ပထမတကြိမ် ထောင်ကျပြီး ထွက်လာတော့ ငါ့အိမ်လာပြီး "ငါ့မှာတော့ စိတ်ပူလိုက်ရတာ.. နင်ကတော့ အချိန်လုပြီး ယောက်ျ်ားယူသေးတယ်.." လို့ ရယ်ကျဲကျဲနဲ့ ငါမခံချင်အောင် ရန်စတယ်။
ဒုတိယတကြိမ် နင် ထောင်နှစ်ရှည်ကျတော့ အချုပ်ထဲကနေ စီးကရက်ဗူးခွံလေးထဲ စာရေးပြီး ပို့ခဲ့တာ... ငါခုထိမမေ့ဘူး။ "ခက်.. ဒီတခါ ငါထောင်ကထွက်လာရင်တော့.. နင် အဖွားကြီး ဖြစ်နေလောက်ပြီ.. ဘာပဲဖြစ်ဖြစ်.. ငါမလုပ်နိုင်တော့တဲ့ အလုပ် နင်လုပ်ပေးဟာ..။ ကလေးတွေ မွေးထား သိလား.. နောက်မျိုးဆက်အတွက်ပေါ့.." တဲ့။ အဲဒီတုန်းက လည်း စာဖတ်ပြီး ငါ ငိုခဲ့ရတယ်။
ခု တတိယအကြိမ်... ၆၅နှစ်ဆိုတော့.. နင် ဘာမှာဦးမလဲ.. ငါသိချင်လိုက်တာ..။ ဒီနေ့လည်း ငါ ငိုရပြန်ပြီလေ။
+++++
8 comments:
၆၅ နှစ်...
မသေမချင်းထောင်သွင်း အကျဉ်းကျစေ ဆိုပြီးရော..
လူသတ်မှု၊ ဓားပြမှု၊ မုဒိန်းမှု လို အမှုကြီး၊ ရာဇ၀တ်မှု တွေ ကြီး တောင် ဒီလောက် မကျဘူး။ ဒါပဲ..တရားဥပဒေ ပျောက်ဆုံးနေတဲ့နိုင်ငံတော်..ဆိုတာ
ဆရာမရေ...
လူချင်းမသိတဲ့ ကျွန်မတို့တောင်ကြေကွဲရတာ..
ဆရာမကို ကိုယ်ချင်းစာပါတယ်....
အစိုးရအသစ်တက်ရင် အကျဉ်းသားအားလုံး
လွတ်ငြိမ်းချမ်းသာခွင့် ပေးတတ်တယ်လို့ကြားဖူးလို့..
(ဟုတ်မဟုတ်တော့မသိဘူး)
ခုထောင်ဒဏ်နှစ်ရှည်ကျတဲ့နိုင်ငံရေးအကျဉ်းသားတွေ
အားလုံး ၁ နှစ် ၂နှစ်အတွင်းပြန်လွတ်ကြမှာပါလို့ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေမိတယ်....
ဆရာမရေ...
ကမောင်ရင်ပြောသလိုဘဲ တိုင်းပြည်ကတော့ တကယ့်ကို တရားဥပဒေကင်းမဲ့နေတဲ့ တိုင်းပြည်ဖြစ်နေပြီ။
ကျနော်တော့ ဒီသတင်းတွေကြားတိုင်း ကိုယ်ယူနေတဲ့တာဝန်ကို ဒီ့ထက်ပိုပြီးတိုးမြှင့်ရဦးမယ်လို့ သဘောပေါက်ပါတယ်။ သူတို့တာဝန်တွေကျေခဲ့သလို ကျနော်တို့ တာဝန်ကျေနိုင်ဘို့ အခုထက် ဆထက်တံပိုး တိုးပြီး ကြိုးစားရဦးမယ်လို့ မှတ်ယူမိပါတယ်။ ကျနော်တို့ချစ်တဲ့ တိုင်းပြည်ကို ဖုန်းဆိုးမြေအဖြစ်က ကယ်ထုတ်နိုင်အောင် ၀ိုင်းဝန်းကြိုးစားကြဘို့ဘဲ ရှိတာပေါ့။
ဆရာမရေ...
ဘာရယ်မဟုတ်..ဆရာမရေးထားတာတွေဖတ်ပြီး
ဆရာမနဲ့အတူ လိုက်ငိုမိတယ်..
ဘာပြောရမှန်းတောင် မသိတော့ပါဘူး ဆရာမရယ်။
ရက်စက်ပါပေ့။
ဒါဟာ လက်နက်ဆိုလို့ အပ်တိုတချောင်းတောင် မရှိတဲ့ အမှန်တရားဖက်က လူတွေကို လက်နက်ကိုင် ယောကျာင်္းရင့်မကြီးတွေက သူတို့ ဘယ်လောက် ကြောက်ဒူးတုန်တယ်ဆိုတာ ၀န်ခံလိုက်တာပဲ။
၆၅ နှစ်... သူတို့ မနေရပါဘူး။
နာကျင် ခံခက် ဒေါသထွက်နေကြရတာပါပဲဗျာ...
လူကို ၆၅ နှစ်နဲ့ ချုပ်နှောင်ပေမယ့် ပြည်သူလူထုအတွက် ပေးဆပ်ခဲ့တဲ့ သူတို့တွေရဲ့အမည်က နှစ်ပေါင်း ရာထောင် တည်တံ့နေမှာပါပဲ...
သူတို့ လိုအနစမနာမခံနိုငတဲ့ ကိုယ့် ကိုယ်ကို ရှက်ရွံ၇င်း ဆရာမထပ်တူြေ့ကွဲ၇ပါတယ်
ဦးမြတ်သစ်ရယ်..ကိုအံ့ဘွယ်ကျော်ရယ်..ကျွန်မရယ်..
လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်စကားပြောခဲ့ကြတာ
အဲဒါနောက်ဆုံးတွေ့လိုက်ရတာပဲ...
Post a Comment