ဝမ်းနည်းမှတ်တမ်းတွေ... မရေးချင်တော့ဘူး။
ကျမ ဒီဘက်ကို စရောက်တဲ့ည... သူ ရောက်လာပြီး
ခင်မင်းဇော်က ပြောတယ်။ ငယ်ပေမဲ့ သိပ်တော်ကြတာ။ သိပ်လည်း မာကြတာတဲ့။ အဲဒီကတည်းက မိတ်ဆက်ပေးတာ... ဒါ ဂုရု... တဲ့။ ကဗျာရေးတဲ့.. စာတွေ သိပ်ဖတ်တဲ့.. အင်္ဂလိပ်စာ ကောင်းတဲ့ လူငယ်လေး။ တောခိုလာတုန်းကမှ ဆယ်ကျော်သက်..။ လူငယ်သလောက် စိတ်က ခိုင်မာလိုက်တာ..။ သူ့အသက်သွေးဟာ တော်လှန်ရေးပဲ။ မျက်နှာလေး မှုန်ကုပ်ကုပ် ထားတတ်ပေမဲ့ စိတ်က အင်မတန်ကြည်တဲ့ လူငယ်လေး။ ကျမမောင်လေး အငယ်ဆုံးနဲ့မှ သူက ရွယ်တူ။ နောက်ပိုင်းကျမှ သူနဲ့ ရင်းနှီးတော့မှ ကျမတို့ ဘာသာစကား တူတာ..။ စိတ်ထားကောင်းတာတွေကိုပါ သိတော့တာ။ တလောတုန်းကတော့ သူက "အမရယ်.. ခုလိုတော့လည်း ဘ၀ဆိုတာက သာယာသား" တဲ့..။ ကျမ စိတ်ချမ်းသာရသေး။
ခုတော့ ရိုးသားမှုသာ ချမ်းသာတဲ့... မေတ္တာတရားသာ ချမ်းသာတဲ့... ကဗျာတွေသာ ချမ်းသာတဲ့... အမှန်တရားချစ်စိတ်သာ ချမ်းသာတဲ့... ကိုယ့်မြေကို ချစ်တဲ့.. အတ္တကို စွန့်ရဲတဲ့... အဲဒီ ရဲဘော်... လမ်းခုလတ်မှာ.. ခွဲသွားခဲ့ရပြီ။
သူခွဲထွက်သွားပုံက သူရေးခဲ့တဲ့ ကဗျာတပုဒ်ထဲကလို
စီးမျောသွားပုံက
ကောင်းကင်တခုလုံး
ချက်ချင်းပျက်သွားသလို
ရုန်းရင်းဆန်ခတ်။
သူနဲ့ ပတ်သက်ပြီး ဒီဘလော့လေးတခု ကျန်ရစ်ခဲ့တာကိုတော့ ကျမ တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ကျမ တွေးနေမိပါတယ်။ တကယ်လို့ သူသာ သူ့နောက်ဆုံးချိန်မှန်း သိခဲ့ရင်...
ခရီးမတ်တပ် လမ်းခုလပ်မှာ
လို့
ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ .... ဂုရုရေ... အမတို့မှာ ဆုံးရှုံးရတာတွေ သိပ် များနေပြီ။
ဂုရု(ဖိုးဇေ) ကောင်းရာသုဂတိ လားပါစေ..။
3 comments:
ဟမ်... အန်တီ၊ ကိုဖိုးဇေ ဘယ်လိုဖြစ်တာလဲ။ ဘလော့ဂ်ရေးတဲ့ ကိုဖိုးဇေလား အန်တီ။:(
ဝမ်းနည်းပါတယ်တီ.. စိတ်ညစ်စရာတွေ သိပ်များနေလို့ ဘာပြောရမှန်းတောင် မသိတော့.. ဘလော့ဂါကောင်းတစ်ယောက် ဆုံးရှုံးသွားတာဟာ ကျွန်တော်တို့ ရှေ့ရေးအတွက် လူတော်တစ်ယောက် ပြောက်သွားသလိုပါပဲ ..
သူ့ရဲ့ ချစ်ခင်သူ မိသားစု မိတ်ဆွေ ရဲဘော်ရဲဘက်တွေနဲ့ ထပ်တူ ထပ်မျှ စိတ်ထိခိုက် ကြေကွဲရပါတယ်။
ဒီလိုခေတ်ကြီးရှိနေလို့ ဒီလိုလူမျိုး ရခဲ့တာပါလား..
Post a Comment