မြသီလာကို စရေးဖို့ ဘယ်လိုစိတ်ကူးမိတာလဲလို့ တပည့်ဟောင်းတယောက်က မေးပါတယ်။ အဲဒီအချိန် လွန်ခဲ့တဲ့ ၂လလောက်တုန်းက ကျမမှာ ကိုယ်ရေးကိုယ်တာသောကတခု အင်မတန် ဖိစီးနေတဲ့အချိန်..။ ပြီးတော့ မြန်မာပြည်ထဲမှာတုန်းကလိုပဲ အချစ်ဝတ္ထုလေးတွေ ရေးချင်နေမိခဲ့တယ်။ (ကျမက စိတ်ကျရင် အဲလိုပဲ)။ တကယ့်တော့ မြသီလာကို အချစ်ဇာတ်လမ်းဆန်ဆန် အလွမ်းနောက်ခံ Auto-Biography ဆန်ဆန် ၀တ္ထုလို ရေးဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ခေတ်က ပါလာတော့ ရှောင်မရပြီ။ ကျမ သေချာရေးမှ ဖြစ်တော့မယ်လို့ တွေးမိလာရာကနေ.. ကျမလိုပဲ နိုင်ငံအပြင်ရောက်နေကြတဲ့ တပည့်ဟောင်း မိတ်ဟောင်းတွေ ကို လှမ်းလှမ်းမေးပြီး သမိုင်းဝင် အချက်အလက်တွေကို တိတိကျကျလေး ဖြစ်အောင် ကြိုးစားရတော့တယ်။ ဒီတော့လည်း ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ လျော့ရတော့တာပေါ့။
+++++
၉၂.. ၉၃.. ၉၄.. ၉၅ နှစ်များက ကျောင်းသူကျောင်းသားတွေအတွက်တော့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ရွှေရောင်လွှမ်းသယောင်ရက်များလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ ရွှေရည်စိမ်ရက်တွေပဲါ။ ကျောင်းထဲမှာ အားကစားပွဲတွေ.. မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ.. အာစရိယပူဇော်ပွဲတွေ.. နှုတ်ဆက်မိတ်ဆုံစားပွဲတွေ.. မိတ်ဆုံပျော်ပွဲစားခရီးတွေနဲ့ ပြန်ပြီး လှုပ်လှုပ်ရှားရှား ရှိလာပါတယ်။ နာတာရှည်ရောဂါသည်ကို မိတ်ကပ်လိမ်းတော့လည်း ကြည့်ပျော်ရှိပျော်တော့ အရှိသား ဆိုသလောက်ပေါ့။ ဒါကလည်း အဲဒီတုန်းက ပညာရေးကောင်စီရဲ့ ဥက္ကဋ္ဌရာထူး ယူထားတဲ့ ဗိုခင်ညွန့်ရဲ့ မျက်လှည့်ပြကွက် တွေပေါ့။ သင်္ကြန်တွေမှာ "အဆင့်မြင့်ပညာဝန်ကြီးဌာန တက္ကသိုလ်များမဏ္ဍပ်"ဆိုပြီး ဆောက်ခိုင်း.. ဆရာမတွေက န၀တအာဏာပိုင်တွေကို ပန်းကုံးတွေ စွပ်ရ။ တနှစ်ဆို ကျမတောင် ပါသွားရသေး။ ဗိုခင်ညွန့်က ပြုံးပြုံး ပြုံးပြုံးနဲ့ နှုတ်ဆက်လိုက်ရင် တချို့ ဆရာမတွေများ ပီတိတွေဖြစ်လို့။ သူ နာမ်နှိမ်နှိပ်စက်ခဲ့တဲ့ ဖောင်ကြီးသင်တန်းကာလကို မေ့ကုန်ကြတယ်ထင်ပါရဲ့။
အဲသလိုပဲ တချို့ ဆရာကြီး ဆရာမကြီးတွေကလည်း ဒီလိုတော့လည်း အတွင်းရေးမှူး-၁ က မဆိုးပါဘူးလို့ သိသိသာသာ အသံထွက်နေခဲ့ပြီ။ အဲလိုပြောခဲ့ကြတဲ့ ဆရာကြီးဆရာမကြီး တော်တော်များများ ကျမ မမေ့ပါ။ နာမည်နဲ့တကွ.. မှတ်ထားတယ်။ ခုထိ သူတို့ သက်ရှိထင်ရှားရှိနေဆဲ..။ ပင်စင်တွေတော့ သွားကြရှာပါပြီ။ အဲဒီဆရာကြီး ဆရာမကြီးတွေက ခင်ညွန့်ရဲ့ စစ်ကြောရေးစခန်းတွေထဲမှာ သေရာပါဒဏ်ရာအနာတရတွေ ရသွားကြတဲ့.. အသက်ပေးသွားရတဲ့... ကျောင်းသားတွေ။ ဗိုခင်ညွန့်စနက်နဲ့ ထောင်နှစ်ရှည် ကျခံနေရတဲ့ နိုင်ငံရေးသမားတွေနဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မေ့မေ့လျော့လျော့ ဖြစ်နေကြပုံပဲ။ အဲဒီ ဗိုခင်ညွန့်က လာမယ့် ၁၉၉၅မှာ ကျရောက်မယ့် ရန်ကုန်တက္ကသိုလ် ၇၅နှစ်ပြည့်မွေးနေ့ စိန်ရတုသဘင်ပျော်ပွဲရွှင်ပွဲကိုလည်း ကြီးကျယ်ခမ်းနား သိုက်မြိုက်စွာ ၀ှဲခြီးကျင်းပပေးဦးမှာဆိုပဲ..။
အဲဒီ ရွှေရည်စိမ်ခန်းစီးရဲ့ နောက်ကွယ်က မြသီလာရင်ခွင်ထဲမှာတော့ စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ မူးယစ်ဆေး ဆိုတာတွေက မလိုချင့်အဆုံး လွယ်လွယ်လေး ၀ယ်လို့ရလာတာတွေ။ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက် ရှေ့က ကံ့ကော်ပင်အုပ်တွေ အောက်မှာ ဆေးရောင်းသူ ဆေးဝယ်သူတွေ..။ နောက်တော့ အင်မတန် လှပပျိုမျစ် ချစ်ချင့်စဖွယ် ကျောင်းသူလေးတွေက အခကြေးငွေပေးပြီး ခေါ်လို့ရသတဲ့။ ကျမကြည့်သမျှတော့ တကယ့်ပြစ်မျိုးမှည့်မထင်လေးတွေ..။ ဒါ့ထက်ပိုဆိုးတာကတော့ ယူနီဖောင်းမ၀တ်သော (စစ်ထောက်လှမ်းရေး) စစ်ဗိုဆိုသူတွေက မြသီလာထဲကို တွင်တွင်ကျယ်ကျယ် ၀င်လာပြီး မြသီလာရဲ့ သမီးပျိုတွေကို ခေါ် ခေါ် သွားတယ်ဆိုတဲ့ သတင်းတွေ ကြားလာရတာပါပဲ။ မြသီလာဟာ ဗိုခင်ညွန့်ရဲ့ ပြကွက် ကစားကွက်အောက်မှာ တကယ်ပဲ မျောပါနေခဲ့သလိုလို..။ ကျမကတော့ စစ်ထောက်လှမ်းရေး ဆိုသူတွေကို ဘယ်တော့ ဘယ်တော့မှ မယုံ။ သူတို့ဟာ သူတို့ အခွင့်အရေးတခုရဖို့အတွက် လိုအပ်ရင် လိုအပ်သလို ဟန်လုပ်သောအတတ်မှာ တဘက်ကမ်းခတ်အောင် လေ့ကျင့်ထား သူတွေ။
အမှန်အတိုင်းပြောရရင်တော့ ၉၂နောက်ပိုင်း မြသီလာဟာ ကျမအတွက်တော့ နှစ်ဝင် ပျော်မောစရာ ၀န်းကျင် တခု မဟုတ်တော့သလိုပါပဲ။ ကျမရဲ့ ပုံမှန်ဖြစ်တဲ့ တပည့်လေးတွေနဲ့ ချစ်တဲ့ သူငယ်ချင်းတွေသာ ရှိမနေခဲ့ရင်... မြသီလာဆိုတာ ဘာမှအဓိပ္ပါယ် ရှိတော့မှာ မဟုတ်ပါ။ အဲဒီ ကာလတွေထဲမှာပဲပေါ့ ချယ်ရီမဂ္ဂဇင်းအတွက် ကျော်သီဟ(ဟင်္သာတ)က ကျမကို ၀န်ထမ်းစာရေးဆရာတယောက်အနေနဲ့ အင်တာဗျူးလုပ်တော့ အဲဒီမှာ ကျမ ပြောဖြစ်ခဲ့တာ။ ကျမကို ကျောင်းသူကျောင်းသားတွေက လိုအပ်နေသေးသရွေ့တော့ ကျမ ကျောင်းဆရာမ အလုပ်ကို ဆက်လုပ်သွားဖြစ်မှာပါ... လို့။ အဲဒီကာလတွေထဲမှာ ကျမက ကိုယ့်ရဲ့ ဆရာမအလုပ်အပေါ် တော်တော် သံသယဖြစ်လာတာလေ။ ၆လတတန်းနဲ့ တက္ကသိုလ် ပညာရေးတစ်နှစ်ကို အပြီးလို့ ဆုံးဖြတ်ရတာတွေ..။ သင်ရိုးကုန် သင်ဖို့ထက် စာမေးပွဲမှာ မေးမယ့် အပုဒ်ရေလောက် မှန်းပြီးသင်ရတာတွေ.. ကျူရှင်.. ကျူရှင်.. ကျူရှင်.. တွေ။ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်း။ အဖိစီး လွန်နေတဲ့ မဆီမဆိုင် အလုပ်တာဝန်တွေ..။
အဲဒီတလောလေးမှာပဲ ကျောင်းပြီးသွားတဲ့ ကလေးတွေက အလုပ်မရကြတဲ့ ပြဿနာတွေ အများကြီး ကြားလာရတယ်။ လူငယ်လေးတွေရဲ့ အနာဂတ်တွေ စပြီး မှိန်ဖျော့လာတဲ့ အချိန်ကာလပေါ့။ အလုပ်လုပ်ဖို့အရေး နိုင်ငံခြားထွက်ဖို့သာ စဉ်းစားကြရတော့တဲ့အခြေနေက အဲဒီကာလမှာပဲ သိသိသာသာ စလာတာ။ အဲဒီတုန်းက အများစု သွားဖို့ ရည်မှန်းကြတာ ဂျပန် နဲ့ စင်္ကာပူ။ ချစ်သူချင်းတွေ ခွဲကြရ.. မိဘနဲ့ သားသမီးတွေ ခွဲကြရ။ ဘ၀တွေက တကယ့်ကို ရုန်းလေ နစ်လေဆိုတာမျိုး ဖြစ်လာတယ်။ လူငယ်လေးတွေကြားထဲ စိတ်ကျ.. ဆိုတဲ့ စကားလုံးတလုံး ဗြုန်းဆို တွင်ကျယ်လာတာလည်း အဲဒီ ၉၃.. ၉၄.. ကာလတွေထဲမှာပါပဲ။ ပညာရေးကို ကျောင်းသားတွေကိုယ်တိုင် အထင်မကြီးတော့တာတွေ စလာတဲ့ ကာလဦးပေါ့။
+++++
၉၃ထဲက တရက်မှာတော့ ကျမ သားလို ချစ်ရတဲ့ တပည့်လေးတယောက် စင်္ကာပူသွားပြီး အလုပ်လုပ်ရတော့မယ်လို့ ကျမကို လာနှုတ်ဆက်တယ်။ ကျမသမီးလေးလို ချစ်ရတဲ့ သူ့ရည်းစားလေးကလည်း တရှုံ့ရှုံ့ ငိုလို့။ ကျမစိတ်ထဲ ထိခိုက်နေမိတယ်။ သူတို့နှစ်ယောက်က သိပ်ချစ်ကြတာ။ ပြီးတော့ နှစ်ဘက်မိဘသဘောတူခွင့်ပြုပြီးသား စုံတွဲလေး။ သူတို့လေးတွေဟာ ချို့ချို့တဲ့တဲ့ကြီးထဲက မဟုတ်ပေမဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ လုပ်ငန်းမျိုး လုပ်နိုင်လောက်အောင်တော့လည်း မရှိပြန်။ ဒီတော့ သူတို့နှစ်ယောက်ရဲ့အနာဂတ်အတွက် ပိုက်ဆံစုနိုင်ဖို့အရေး.. တဲ့။ ပြီးတော့ မိဘတွေကို ကူနိုင်ဖို့အရေး.. တဲ့။ ကျမတပည့်လေးခမျာ မသွားချင်ရှာဘူး...။ သူများနိုင်ငံမှာ ကျွန်လုပ်ရမှာ ဆရာမရယ်..တဲ့။ ကျမမှာ အားပေးရတာတောင် အဆွံ့ဆွံ့ပါ။ အဲဒါနဲ့ပဲ အဲဒီ ကလေးနှစ်ယောက် ကို ခံစားပြီး ၉၃ ထဲမှာ "ချစ်သူတို့ရဲ့ မနက်ဖြန်" ကို ရေးဖြစ်ခဲ့ပါတယ်။
(အဖုံးဒီဇိုင်း မောင်သီဟ.. ပါ) +++++
မြသီလာရဲ့ ၉၃၊ ၉၄ ရွှေရည်စိမ်နေ့ရက်တွေထဲမှာ ကျမကတော့ ဆရာမဘ၀တလျှောက်လုံး ကျမရဲ့ စိတ်ချမ်းသာရာဖြစ်တဲ့ ၀ါသနာတူ အိပ်မက်တူ ဘာသာစကားတူ တပည့်တွေ သူငယ်ချင်းတွေနဲ့ စကားဝိုင်းဖွဲ့နေရတာတွေကိုသာ သတိတရ ရှိရတာပါပဲ။ အဲဒီ ကာလ ၉၄ထဲမှာ "အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင်"ဆိုတဲ့ လုံးချင်းတအုပ်ကို ထပ်ရေးဖြစ်ပါတယ်။ အဲဒီစာအုပ်လေးက RIT ကျောင်းနောက်ခံ။ Civil က ကျောင်းသား နဲ့ Architecture က ကျောင်းသူရဲ့ အချစ်ဇာတ်လမ်းလေးပါ။ တချို့ အချက်တွေက ဗိသုကာဘက်ကနေ ဘက်လိုက်မှုပါသွားလို့ နည်းနည်း ပိုပိုသာသာ ဖြစ်သွားတာတွေလည်း ပါတဲ့ ၀တ္ထုလေးပေါ့။ (ဘာလို့ဆို အဲဒီတုန်းက ဗိသုကာကျောင်းသား ချိုတူးဇော်.. ဗလ နဲ့ လင်းသန့် (သူလည်း စာရေးပါသေးတယ်၊ လယ်တွင်းသားစောချစ်ရဲ့သားပါ)တို့တွေက မောင်လေးတွေလို ဖြစ်နေတာကိုး။ ပြီးတော့ သူတို့ မိတ်ဆက်ပေးလို့ ဒေါ်ချိုချို ဆိုတဲ့ ဗိသုကာဆရာမလေးနဲ့ ကလည်း ခင်ကြတော့ ဗိသုကာဘက်ကနေ လိုက်မိသွားတာ :D)။ ပြီးတော့ အဲဒီတုန်းက Popular Guy လို့ စာတန်းကပ်ထားတတ်တဲ့ ပစ်ကပ်ကား လေးနဲ့ကျောင်းတက်တဲ့ "ဥာဏ်သာ"ကို စချင်တာနဲ့ ကျမဇာတ်လိုက်ကို Popular Guy စာတန်းကပ်တဲ့ကားတွေ ပေးစီးလိုက်တာ။ နောက်ပိုင်း "ဥာဏ်သာ" လှိုင်ကိုလာလည်ရင် တချို့ကောင်မလေးတွေက စတယ်ဆိုပဲ။
အဲဒီတုန်းက စနေပိတ်ရက်ဆိုရင် ဗိသုကာဌာနမှာ စာအုပ်တွေလာဖတ် ပုံတွေလာဆွဲ လုပ်တဲ့ ချိုတူးဇော်တို့တွေနဲ့ နွေးအေးမှာ ထိုင်ပြီး တညနေခင်းလုံး စကားပြောကြ။ ကင်တီးမှာ ထိုင်ရင်းသားကနေ ဆင်ဆာက မလွတ်နိုင်မယ့် ဇာတ်တွေ.. ခဲရာခဲဆစ်ရိုက်ရမယ့် ဇာတ်တွေ ရှာကြ။ စိတ်ကူးနဲ့ ဇာတ်ညွှန်းခွဲကြ။ သရုပ်ဆောင်တွေ ရွေးကြ..။ ချိုတူးဇော်က ပါးစပ်နဲ့ ရုပ်ရှင်တွေ ရိုက်..။ ဥပမာ စာရေးဆရာကြီး လင်းယုန်သစ်လွင်ရဲ့ "ဓမ္မ၀ိလာသ" ကိုပေါ့..။ ပုလဲ နေရာမှာ ဘယ်သူ့ကို ထည့်မယ်။ ဘုန်းတော်ကြီးက ဘယ်သူပေါ့။ ညောင်တုန်းကမ်းပါးတွေ ပြိုတာနဲ့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေတာကို ဘယ်လိုနိမိတ်ပုံတွေနဲ့ ရိုက်မယ်..။ ဧရာဝတီမြစ်ထဲ ပုလဲ မုဒိမ်းကျင့်ခံရတာကိုရော ဘယ်လိုပြမယ်ပေါ့..။ ပြီးတော့လည်း The little Buddha နဲ့ Mahatma Gandhi ကို အကြိမ်ကြိမ် ကြည့်ပြီး ကြိုက်နေကြတဲ့သူတွေမို့ ဗုဒ္ဓကို မြန်မာမှုပြုပြီး ရိုက်ရင် ဘာတွေ ထပ်ထည့်မယ်.. ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို မဟတ္တမဂန္ဓီလိုမျိုး ရိုက်ချင်တာလည်း ပါတယ်။ အိုး.. ကျမတို့ မောင်နှမတစု အဲလို ရိုက်ခဲ့ကြတာ သုံးလေးကားလောက် ပြီးတယ်။ ဇော်ကြီးရော.. ကျမရော ကြိုက်တဲ့ "The thing called LOVE" ဆိုတဲ့ ရုပ်ရှင်လေးလို သိမ်မွေ့တဲ့ အချစ်ကားလေးကနေ... လကာင်္ဒီပချစ်သူ... နှင်းကေသရာချစ်တဲ့ သူရဲကောင်း..။ ဆဲဗင်းဂျူလိုင် နဲ့ ၈လေးလုံးနောက်ခံ တက္ကသိုလ် ဇာတ်လမ်းတွေထိ .. စုံရော။ အဲဒါဟာ လက်ရှိခေတ်အပေါ် မကျေနပ်နိုင်သမျှတွေ အတွက် ထွက်ပေါက်ပေးတာလည်းဖြစ်တယ်လေ။
အဲဒီအချိန်မှာတော့ ၂နှစ်ကျော်၃နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ သားက ကျမကို ကောင်းကောင်း အဖော်လုပ်နေပြီ။
ကျမ သွားလေရာ သူပါပြီ။ ကျမတို့ စကားဝိုင်းတွေ ကောင်းနေချိန် မောင်ထူးမြတ်က လူရှင်းနေတဲ့ ကင်တီးထဲ ပြေးလွှားဆော့ပေါ့။ တခါတလေ ရောင်စုံခဲတံတွေ ပုံဆွဲစက္ကူတွေနဲ့ သားက သူ့ဘာသာ သူ အလုပ်တွေများ..။ ကျမတို့က စကားတွေများ..။ ဟန်ကို ကျလို့။ ညနေစောင်းဆို ကျောင်းရှေ့ လမ်းလျှောက်..။ ဘ၀ဆိုတာထဲ ဥစ္စာပစ္စည်း ဘယ်လောက်ငတ်ငတ်.. ထမင်းဝပြီး စိတ်ချမ်းချမ်းသာသာ နေရရင် တော်ပြီလို့ပဲ အောက်မေ့ခဲ့ တဲ့ အချိန်တွေပါ။ အဲဒီကာလတွေမှာပဲပေါ့.. တချို့ညတွေမှာ ကိုငှက်က စိတ်ရှုပ်လို့ဆိုပြီး ပြေရာပြေကြောင်းရယ်လို့ ညမှောင်မှောင် ဂျီဟောရှေ့ ဘောလုံးကွင်းစပ်မှာ သီချင်းလာ ဆိုတာ။ ပြီးရင် အင်းလျားဆောင်ဘက် သွားဦးမှာလို့ ချင်ခြင်းတွေနဲ့ ဆိုခဲ့တဲ့ ညတွေ။ အဲဒီတုန်းက ဂျီဟောအဆောင်ပေါ်က ဂျင်းသုပ်၊ လက်ဘက်သုပ်၊ ပုဇွန်ခြောက်သုပ် နဲ့ ရေနွေးကြမ်းဓါတ်ဗူး အစိမ်းကွက်လေး ချချပေးတာ ခု ဘလော့ဖတ်နေတဲ့သူတွေထဲက ဘယ်သူတွေပါလဲ သိချင်ပါဘိ။
အဲဒီကာလတွေထဲမှာပဲ RITထဲက ကဗျာရေးတဲ့ ကျော်ဇောခိုင်.. ညလယ်မိုး.. လူသွေး.. ကျော်မိုးထက်တို့နဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် မောင်နှမတွေလို ခင်သွားခဲ့တာပါ..။ သူတို့နဲ့ဆိုလည်း ကဗျာကိစ္စ စာကိစ္စတွေရော.. ဘ၀အမောတွေပါမကျန် တိုင်ပင်ကြ.. အကြံပေးကြ အားပေးကြ။ (နောက်ပိုင်း ၁၉၉၈ထဲမှာ အရှုံးခံရဖို့များတဲ့ ကဗျာစာအုပ် တစ်အုပ် (၉၈အချစ်ကဗျာ.. အချစ်ကဗျာ၉၈) ထုတ်ပြန်တော့လည်း ကျမကို ပိုက်ဆံချေးကြရတဲ့ အထိပေါ့.. ဟဲဟဲ)။ ဒီတော့လည်း ကျမမှာက ရန်ကုန်တက္ကသိုလ်ထွက် ကျောင်းသူဟောင်း.. လှိုင်တက္ကသိုလ်ရဲ့ ဆရာမ.. စက်မှုတက္ကသိုလ် ရဲ့ အိမ်သားတယောက်အဖြစ်.. မြသီလာနွံထဲပဲ တ၀ဲလည်လည်..။ ဒါကြောင့်ပဲ ဘ၀မှာ ဘယ်လောက်ပဲ အခါခါ လဲကျခဲ့ပေမဲ့ အကြိမ်ကြိမ်ပြန်ထနိုင်တဲ့အားတွေ ရှိခဲ့တာလို့ ထင်ပါတယ်။
ကျမအတွက် နောက်ထွက်ပေါက်တခုကတော့ အချစ်ဝတ္ထုချိုချိုလေးတွေရေးနေရတာပဲ ဖြစ်ပါတယ်။ အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာဖြစ်ရခြင်းအပေါ်မှာလည်း ကျမ အမြဲပဲ ကျေနပ်ခဲ့ ပါတယ်။ (ဒါပေမဲ့ ကျမရဲ့ ရေးဖော်သူငယ်ချင်းဖြစ်တဲ့ ဘ၀သရုပ်ဖော်ရေး စာရေးဆရာမ တယောက်က "မမေငြိမ်းက တယောက်တည်း အပေါ် ချစ်တာကို အားသန်တယ်.. ကိုယ်ကတော့ လူသားသန်းပေါင်း ၅၀ကို ချစ်တဲ့အချစ်ပဲ ရေးတတ်တယ်.." လို့ ကျမကို ပြောတုန်းကတော့ စိတ်မကောင်းဖြစ်သွားခဲ့မိဖူးပါတယ်)။ တကယ်တော့လည်း ကျမက ချစ်ခြင်းမေတ္တာနဲ့သာ တကယ်ကျင့်ကြံနေထိုင်ကြရင် ကမ္ဘာကြီးက တကယ်အေးချမ်းမှာလို့ ယုံတာပါ။
+++++
ဒီတော့ ၉၃ ၉၄ ကာလရဲ့ မြသီလာမှာ ပြောစမှတ်ဖြစ်စရာဆိုရင်တော့ အဲဒီ ၉၃-၉၄ ကနေ ၉၅ထိ ပညာသင်နှစ် ၃နှစ်ဆက်တိုက်လည်း ဘူမိဗေဒတန်းတွေကိုပဲ သင်ရတာ။ အဲဒီထဲက တပည့်ကျော်တွေထဲမှာလည်း သူတို့နဲ့ ပတ်သက်ပြီး မှတ်မှတ်သားသားဖြစ်စရာလေး တွေပါပေမဲ့ ကိုယ်ရေးကိုယ်တာလေးတွေ နွယ်ပြီးပါလာတော့ သိပ်ရေးလို့ မရတာတွေ ရှိလာ။ ကျမက ဆရာမဆိုပေမဲ့ စာရေးဆရာမို့လို့လားမသိ နည်းနည်းတော့ ဘက်လိုက်တယ်လေ.. ဥပမာ.. ခိုင်သင်းကြည်ရဲ့ ခင်ပွန်း ခန့်နိုင်က Geology က တပည့်ပေါ့.. လို့ ပြောချင်ပေမဲ့ မောင်ဝိတ်ကလည်း တပည့်ပဲလေလို့တော့ မပြောချင်တာမျိုး :P ။ ဒါပေမဲ့ ကျမနဲ့ တခါ နှစ်ခါလားပဲ ကင်တီးထိုင်ဖူးတဲ့ Geologyက တပည့်လေးတယောက်နဲ့ စကားပြောရင်းကနေ သီချင်းတွေကြိုက်တတ်ပြီး အဆိုတော်ဖြစ်ချင်ပေမဲ့ အလှမ်းဝေးရရှာတဲ့ နယ်မြို့က ရွက်ပုန်းသီး အဆိုကောင်းလူငယ်လေးတယောက်အကြောင်း ၀တ္ထုတိုလေးရေးဖြစ်သွားတာ..၊ အဲဒီဝတ္ထုလေးကို သုခမိန်လှိုင် ရေးပြီး ဇော်ဝင်းထွဋ်ဆိုခဲ့တဲ့ အိမ်.. သီချင်းလေးနဲ့ စပ်ရေးထားလို့ ၀တ္ထုနာမည်ကိုလည်း "အိမ်" လို့ပဲ နာမည်ပေးပြီး မြန်မာ့ဓနမဂ္ဂဇင်းကို ပေးခဲ့ဖူးတာ။ အဲဒီဝတ္ထုလေးကို ဆရာအောင်သင်းက အကြိုက်ဆုံး ၀တ္ထုတိုအဖြစ် ရွေးခဲ့ဖူးတာလေးတွေ ကျတော့ ပြောပြချင်ပြန်တယ်။ နောက်တော့ ခု ကျမ ပြည်ပရောက်မှ အဲဒီတပည့်လေး စင်္ကာပူမှာရှိနေလို့ အဆက်အသွယ်ပြန်ရတော့ ကျမမှာ အံ့သြ၀မ်းသာရ တာလေးကျတော့ လည်း ပြောပြချင်ပြန်ပါသေးတယ်။ ပြီးတော့ အဲဒီသားကိုပဲ ခုထိ ကျမနဲ့ အလှမ်းဝေးလှတဲ့ ကွန်ပျူတာာနဲ့ ပတ်သက်တာတွေ လှမ်းလှမ်းမေးရ.. သီချင်းတွေ ရှာရှာခိုင်းရ လုပ်နေရတာ။
အဲလိုပဲ အဲဒီနှစ်တွေထဲမှာ "ရာစုသစ်မြစ်ကျဉ်း"ကဗျာစာအုပ်တွေ လုပ်ဖြစ်ခဲ့တာ...၊ ၁၉၉၄မှာတော့ အမှတ်ရစရာ "တမိုးတည်းအောက်မှာ" ဆိုတဲ့ ကဗျာစာအုပ်လေးတအုပ် လုပ်ဖြစ်ပါတယ်။ YIT, MASU, နဲ့ လှိုင်တက္ကသိုလ်၊ ကြည့်မြင်တိုင်တက္ကသိုလ်က ကျောင်းသားတွေ ပါတဲ့ ကဗျာစာအုပ်လေးပေါ့။ အဲဒီ စာအုပ်ကလေးကို Geology က နေလင်းကျော်သီဟ နဲ့ နေဆူးသစ်.. ပြီးတော့ RITက ဒတ္ထ နဲ့ တင်မင်းထက်တို့ လောဆော်ပြီး အားလုံး ၀ိုင်းစီစဉ်ကြတာ (ကျမကလွဲရင်ပေါ့ :) )။ ပြောရရင်တော့ အဲဒီကဗျာစာအုပ် ထွက်ချိန် က ကျောင်းထဲမှာ ကဗျာစာအုပ်ထုတ်တာတွေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရတဲ့ အချိန်ပေါ့။ စာအုပ်ကလေးဖြစ်အောင် ခက်ခက်ခဲခဲ လုပ်ခဲ့ကြရတယ်။
ဘယ်လောက်ပဲ စောင့်ကြည့်ကြည့်... တက္ကသိုလ်ပေါင်းစုံမှာ ကဗျာစာအုပ်တွေကတော့ ထွက်နေတာပါပဲ။ ကျမတောင် ၉၄တနှစ်တည်းမှာတင် ကျောင်းသားတွေနဲ့အတူ ကဗျာစာအုပ် ၄အုပ်လောက် ထွက်ဖြစ်ခဲ့တာ။ အဲဒီတုန်းက မျိုးမျိုး (အဆိုတော်၊ နွဲ့ယဉ်ဝင်းသား)လည်း ကဗျာစာအုပ် ထုတ်သေးတယ်။ သူ့ကဗျာလေးတွေက လွတ်လပ်တယ်။ ရော့ခ်သီချင်းဆန်ဆန် ခုန်ပေါက်တယ်။
နောက်ထပ် ၉၂၊ ၉၃၊ ၉၄ မှာ မြသီလာရင်ခွင်ထဲ ထူးခြားချက်က Celebrity တွေဖြစ်လာမယ့် အလောင်းအလျာလူငယ်လေးတွေ အများကြီးကို အဲဒီ နှစ်တွေထဲမှာ မွေးထုတ်ခဲ့တာပါပဲ။ အဲဒီလိုပဲ မူးယစ်ဆေးရဲ့သားကောင်တွေကိုလည်း ၉၃၊ ၉၄ မြသီလာဝန်းကျင်ထဲမှာ အများကြီး တွေ့ခဲ့ရတာပါပဲ။ ဒီနေရာမှာ ကျမကတော့ မူးယစ်ဆေးရဲ့ သားကောင်ဆိုတာဟာ သုံးစွဲတဲ့သူတွေသာ မကဘဲ သုံးစွဲသူတွေရဲ့ မိသားစုဝင်တွေပါ ဒုက္ခဆင်းရဲရောက်ကြရတာမို့ သူတို့ကိုလည်း သားကောင်လို့သာ သတ်မှတ်ချင်တော့တာပါပဲ။ အဲလိုဆိုရင်တော့ အဲဒီ သားကောင်တွေထဲ ကျမတယောက်လည်း အပါအ၀င်ဖြစ်ခဲ့တယ် ဆိုရမှာပေါ့။
+++++
တကယ်တော့ မဆလ လက်ထက်ကတည်းကပဲ လူငယ်တွေနဲ့ မူးယစ်ဆေးက နည်းအမျိုးမျိုးနဲ့ ဆက်စပ်ခဲ့ကြတာပါ၊ အထူးသဖြင့် ဘိန်းဖြူပေါ့။ အင်မတန်ငွေရလွယ်သလောက် လူမျိုးတမျိုး လုံး ပျောက်သုဉ်းသွားနိုင်လောက်အောင် အစွမ်းထက်တဲ့ ဘိန်းလုပ်ငန်းကို အစိုးရကိုယ်တိုင်က အလိုတူအလိုပါ လုပ်နေမှတော့ ကျမတို့ တိုင်းပြည်မှာ လူငယ်အများစု ဘိန်းစွဲ ဆေးစွဲနဲ့ မိသားစုလိုက် ဘ၀တွေ ပျက်ကုန်ကြရတာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ကိုယ့်မိသားစုဝင်တယောက် ဆေးနဲ့သေ.. ဘိန်းနဲ့သေ လို့မှ ထုတ်မပြောရဲကြ.. ထုတ် မပြောနိုင်ကြတဲ့ မြန်မာပြည်အတွင်းမှာ အဲလို သေသွားရတဲ့ လူငယ်တွေ.. နာလန်မထူနိုင် အောင် ဘ၀ပျက်သွားရတဲ့ လူတော်တွေလည်း အများကြီးပါ။ ကျမတို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ..။
အဲဒီ မူးယစ်ဆေးဂယက် ဘိန်းဖြူဂယက်က ၉၁ကျောင်းပြန်အဖွင့်မှာ မသိမသာ ခေါင်းထောင်လာခဲ့တာ..။ ၁၉၉၂ နောက်ပိုင်း တချီ ကျောင်းပြန်အဖွင့်မှာတော့ ကျောင်းဝန်းကျင်ထဲမှာ တကယ်ကိုပဲ သိသိသာသာ ပြန့်နှံ့သွားခဲ့တာ။ တက္ကသိုလ်တွေဟာ မူးယစ်ဆေးဝါးဝယ်ဖို့ အလွယ်ဆုံးနေရာ... ဖြန့်ဖို့အလွယ်ဆုံးနေရာ ဖြစ်ခဲ့တာ။ ကျောင်းလုံခြုံရေး ဆိုသူတွေအထဲက မျက်နှာစိမ်းတွေဆီမှာ ဆေးဝယ်ရတာ အလွန်လွယ် သတဲ့။ တကယ်တော့ ကျောင်းဝင်းတွေထဲမှာလည်း မျက်နှာစိမ်းတွေ အများကြီး.. ကြားရသလောက်တော့ informer တွေ.. အရပ်ဝတ်ထောက်လှမ်းရေးတွေဆိုပဲ..။ သေချာတာကတော့ အဲဒီ ထောက်လှမ်းရေး ဆိုတဲ့ သတ္တ၀ါတွေက ဒီလောက် ပေါ်ပေါ်ထင်ထင် လုပ်နေတဲ့ ဘိန်းအရောင်းအ၀ယ်ကိုတော့ မဖမ်းနိုင်ဘဲ တက္ကသိုလ်သဘာဝအလျောက် ကဗျာစာအုပ်လေးတွေရေးထုတ်တဲ့ ကျောင်းသားလေးတွေကိုတော့ ခေါ်မေးရ တာနဲ့ သတိပေးရတာနဲ့။ မြသီလာဝန်းကျင်ဟာ ပိုပိုပြီး ညစ်နွမ်းလာခဲ့ရပြီ။
+++++
အနာဂတ်မှာ ဘာမှလုပ်မရနိုင်တော့... ဘ၀ကြီးက အဓိပ္ပါယ်မရှိဘူး..။ ကိုယ်လုပ်လည်း ဖြစ်မလာဘူး..။ ဖြစ်ချင်ရာတွေဖြစ်လာတာပဲဆိုတဲ့ ခံစားချက်တွေ သိပ်ဖိစီးတဲ့အခါ ထွက်ပေါက်မှားလေ့ ရှိတတ်ပါတယ်။ အထူးသဖြင့် လူငယ်လေးတွေမှာပေါ့။ ဒါပေမဲ့ ဘယ်လို ရုန်းထွက်ကြမလဲဆိုတာကတော့ တဦးချင်းရဲ့ အယူအဆနဲ့ ခံစားပုံပေါ် မူတည်မှာပါ။ ကျမတို့ မမီလိုက်တဲ့ Virginia Woolf, Vincent Vangogh, Marilyn Monroe , Elvis Presley, ဟဲမင်းဝေး.. မြို့မငြိမ်း...။ တကယ်တမ်း သူတို့ ရွေးတဲ့လမ်းကို ဘာကြောင့် ဒီလို ရွေး လိုက်ရသလဲ.. သူတို့ပဲ သိပေလိမ့်မယ်။ ဒီနေရာမှာ အဲဒီ ထွက်ပေါက်မှားသူတို့ရဲ့ ဒဏ်ကို ခံကြရတဲ့ နံဘေးက သူတွေကတော့ ဓားစာခံပေါ့လေ။ ပြောရရင်တော့ ဓားစာခံဖြစ်ရတာက တော်တော် မလွယ်တဲ့ ပင်ပန်းဆင်းရဲတဲ့ ကိစ္စပေပဲ။
တကယ်တော့ အဲဒီ ဂယက်ကလည်း ၉၁ ကျောင်းတွေပြန်အဖွင့်မှာကတည်းက မြသီလာဝန်းကျင်ကနေ အစပျိုးခဲ့တာပါပဲ။ မြသီလာဝန်းကျင်မှာ မူးယစ်စရာတွေ အလွယ်တကူ ရှိနေတဲ့အချိန်...။ ကျမက ကျောင်းတာဝန်တွေတဘက်.. သားတဘက်.. Thesis တဘက်.. စာရေးတဲ့အလုပ်တဘက် ရှိနေခဲ့တဲ့ အချိန်တွေ...။ နောက်ဆုံး ၁၉၉၄ကို ရောက်လာတဲ့အခါမှာတော့ ပေါက်ကွဲချင်နေတဲ့ မီးတောင်လေးက အရှိန်ရ နေခဲ့ပြီ။ ၁၉၉၄မှာ ကျမ ကျမ်းပြုအပြီး မဟာဝိဇ္ဇာဘွဲ့ရချိန်မှာတော့ အောင်မြင်မှုတခုနဲ့အတူ ပြင်းထန်တဲ့ ဆုံးရှုံးမှုတခုကို ကျမ လက်ခံလိုက်ရပါတော့တယ်။
"ဘာမှ အဓိပ္ပါယ်မရှိတဲ့ ဘ၀ထဲမှာ ကိုယ်လုပ်ချင်တာကို လုပ်ပြီး သေသွားရတာသာ အမြတ်ပဲ... မင်းလည်း မင်းယုံကြည်ရာကို လုပ်လို့ရပြီပဲ...။ ကျေးဇူးပြုပြီး... ငါ တယောက်တည်းပဲ လွတ်လွတ်လပ်လပ် နေပါရစေတော့" လို့ ကိုယ့်ဘ၀ရဲ့ တသက်တာ လက်တွဲဖော် ဆိုသူက ကိုယ့်ကို ပြောလာခဲ့ရင် ဘယ်လို ဆုံးဖြတ်ကြမလဲ...။ ဒါဟာ... ကျမအတွက်တော့ သိပ်ကို ပူပြင်း လောင်မြိုက်စရာ... ရှက်ရွံ့ကြေကွဲစရာပါပဲ။
+++++
9 comments:
တီချယ်ကြီး ဒီအပိုင်းက နည်းနည်းမြန်သွားတယ်။ ဖတ်လို့တော့ကောင်းပါတယ်။ ကျောင်းသားတွေကို မူးယစ်ဆေးနဲ့ ပတ်သက်လို့ တော်တော်ကို လွတ်ပေးထားခဲ့တာပါ။ နိုင်ငံရေး မလုပ်သရွေ့ အခြားဘာလုပ်လုပ်ဆိုတဲ့ ပုံစံမျိုး။
တမိုးထဲအောက်မှာ စာအုပ်ဖုံး ပို့ပေးလိုက်ပါမယ်။
ငထက်
ဆရာမရေ
အဲဒီအချိန်တွေတုန်းက အကုန်လုံး ရောယှက်နေသလိုပဲနော်။ အနုပညာတွေလဲ ဖူးပွင့် တိုးထွက်ကြ၊ အဖျက်အမှောင့်တွေကလဲ ပေါများကြ ဆိုတော့လေ..။
ဆရာမစာဖတ်ပြီး မိုးမိုးကို သတိရလိုက်တာ။ သူလဲ ခေတ်ရဲ့ ဓားစာခံလေးတယောက်ပါပဲ။ ပုဆိုး တိုတို၊ အသားညိုညို နဲ့ ပြုံးနေတဲ့ မိုးမိုးကို သနားလိုက်တာ။
ဆရာမရေ…ကိုယ်ရေးကိုယ်တာ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ခေတ်ရဲ့လက်အောက်ခံ လို့ပဲ ကျွန်တော် ယူဆမိပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်ရေး ဆန်တယ်လို့ ပြောလို့မရပါဘူး။ မြသီတာဟာ သုတသက်သက် ဆိုင်ရာ ဆောင်းပါးလဲ မဟုတ်ပါခင်ဗျား။ ၉၅ စက်တင်ဘာ ကျွန်တော် စက်မှု တက္ကသိုလ် စရောက်ရောက်ချင်းပဲ သိရတဲ့ ကိုဥာဏ်သာ နဲ့တကွ ကျွန်တော့်အစ်ကို သူငယ်ချင်း တွေကိုလဲ သတိရမိပါတယ်ဗျာ။ အဲဒီ့တုန်းက သူ့အကြောင်း ဝတ္ထုထဲမှာ ပါတယ် ဆိုတာ ဆရာမရဲ့ ဝတ္ထုလုံးချင်း ဖြစ်နေမှန်းတော့ အခုမှပဲ ဆက်မိစပ်မိတာပါ။ မူးယစ်ဆေးက တော့ ကျောင်းရောက်ရောက်ချင်း တစ်ပတ်အတွင်းပဲ အရောင်းအဝယ် လုပ်နေတာ ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ နောက် (ဒီဇင်ဘာလလောက်ထင်တာပါပဲ) တက္ကသိုလ် စိန်ရတုပွဲ လုပ်တာ၊ လောင်းကစားဝိုင်းတွေနဲ့ပါ ဝှဲချီးကျင်းပတာ….ဆရာမခင်ဗျား…ရေးသမျှ အားလုံးအတွက် ကျေးဇူးပါ…သော့သော့လေးသာ မရေးလိုက်ပါနဲ့ ခင်ဗျာ။ အသေးစိတ်ချင် စိတ်ပါစေ။ စိတ်ဝင်တစား စောင့်မျှော် ဖတ်ရှုလျက်ပါ….
Thank you, Daw May Nyane, for bringing back remembrances of Rangoon U. As an English Honours student way back in the 60's, I too attended classes at Toungoo Hall. And your wonderful writings make me nostalgic about the innocence of those days. I think university life was finally ruined after 1988. Now, I couldn't even visit the RU campus when I went back last year. Hope you'll write about your own personal life, as well as the political, social and economic storms which have been buffeting our university. Please provide as much details as you can.
အဲဒီ မူးယစ်ဆေး နွံထဲမှာ နစ်ခဲ့ရတဲ့ အမျိုးကောင်းသားသမီးတွေဟာလဲ ခေတ်စနစ်ရဲ့ သားကောင်တွေပါပဲဟာ..
သတိရလိုက်တာ...
So မြို့မငြိမ်း killed himself? When you have time can you write about his death? I would like to learn about it. Thank you
ဆ၇ာမ
"တမိုးတည်းအောက်မှာ" လုပ်တုန်းက တင်မင်းထက်..ညီဆင်းသစ်.နေဆူးသစ်..အားလုံးလုပ်ကြတာပါ..except ကိုအောင်ဒင်..:)
ကျွန်တော်နဲ့တွတ်ပီက ပိုက်ဆံ၇ှာ..print လုပ်ပေးမဲ့သူကိုတောင်းတောင်းပန်ပန်နဲ့..ခိုးကြောင်ခိုးဝှက် print n binding jobs တွေပဲလုပ်တာပါ..:)
တော်ကြာဒီလူတွေemail ပို့ပြီးcomplain တက်လိမ့်မယ်
:):):)
မောင်နေလင်း
အစ်မရေးတာနဲ့ ကျနော် မြို့မငြိမ်းအကြောင်းလိုက်ရှာနေတယ်။
တက္ကသိုလ် ပရဝုဏ်နဲ့ မူးယစ်ဆေး ဆက်စပ်မှုကို ခုမှပဲ မှတ်သားရပါတယ်။
ကျေးဇူးတင်လျက်
သင်ကာ
Post a Comment