Nov 6, 2008

မြသီလာအလွမ်းပြေ(၁၄)


၈၈ရဲ့ သင်္ကြန်ကို ကြည့်ပြီး အားလုံးငြိမ်းပြီလို့ ယူဆသလား မသိပါဘူး။ မေလ နောက်ဆုံးပတ် လောက်မှာပဲ ကျောင်းဖွင့်ရက်တွေ ပြန်ရောက်လာပါတယ်။ ဇွန်လဆန်းမှာတော့ ကျမလည်း မင်္ဂလာဆောင်ပြီးပြီမို့လို့ သူတို့အိမ်ကို ရွှေ့နေပါပြီ။ ဒီလိုနဲ့ စွယ်တော်ရိပ်သူ ဘ၀ ရောက်ခဲ့ပါတယ်။

စွယ်တော်ရိပ်သူဖြစ်စ ကာလတွေမှာပဲ ဇာတ်လမ်းဆန်ဆန် ပြန်ပြောစရာတွေ တွေ့လာရပါတယ်။ အဲဒါကတော့ တိတ်ဆိတ်နေတဲ့ RIT ကျောင်းဝင်းထဲက ညတွေမှာ ခွေးတွေ ဆွဲဆွဲငင်ငင် အူတာပါပဲ။ ကျမတသက်လုံး တခါမှ မကြားဖူးတဲ့ အူသံမျိုး။ အူသံက ဟိုးကျောင်းကြီးပေါ်ကနေ လက်ဆင့်ကမ်းအူလာသလိုမျိုး... အဲသလို တရွေ့ရွေ့အူလာတဲ့ အသံဟာ ကျောင်းဝင်းနောက်ဘက်အဆုံးထိ လွင့်သွားတာ..။ ကျမဆို ကြားတိုင်း ကြက်သီးထလို့ အဲဒီအချိန်ဆို ပြတင်းပေါက် ထ ထ ပိတ်မိတဲ့အထိပါပဲ။ အဲဒါကို ပြောမိတော့ ၀င်းထဲမှာ လူတိုင်း အဲလို ခံစားကြရပါတယ်တဲ့။ အများစုကတော့ ကျောင်းသားတွေ မကျွတ်ဘူးလို့ ပြောကြတာပေါ့။ လုံခြုံရေးဝန်ထမ်းတွေကလည်း ကျောင်းကြီးပေါ်မှာ သိပ်ခြောက်တယ်ပေါ့။ စဉ်းစားကြည့်တော့ အဲဒါဟာ ကြေကွဲစရာကောင်းလှတဲ့ သတိရ စရာပါ...။ ဒါဟာ ကွယ်လွန်သူ၊ ကျဆုံးသူတွေရဲ့ လွမ်းဆွတ်မှု.. ဒါမှမဟုတ်.. မမေ့နိုင်မှု... ဒါမှမဟုတ်.. ကျန်ရစ်သူတွေ မေ့မနေရလေအောင် သတိပေးမှုပေါ့။ (အဲဒီလို ခွေးအူသံဟာ ရက်တွေ အကြာကြီး ဖြစ်နေလို့ နောက်တော့ ပရိတ်ရွတ်လိုက်ကြပါတယ်)။

မေ့မေ့ပျောက်ပျောက်လို့ ထင်ခဲ့ကြပေမဲ့ ကျောင်းပြန်ဖွင့်ချိန် RIT မှာကတော့ အရင်လို စည်စည်ကားကား မရှိတဲ့အပြင် သိသိသာသာ တိတ်ဆိတ် ခြောက်သွေ့နေပါတယ်။ ကျောင်းသားတွေ မစုံခဲ့ပါဘူး။ တကယ်တော့ ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့ ကိုဝင်းမြင့်တို့ အသက်ပေး သွေးမြေကျခဲ့ရတဲ့မြေဟာ စည်ကားသိုက်မြိုက်စရာ အကြောင်းလည်း မရှိပါဘူး။ ကျမတို့ လှိုင်မှာလည်း သိပ်မထူးခြားသလိုရှိပေမဲ့ ကျောင်းသားတွေကြားထဲမှာ တော့ မကျေနပ်ချက်တွေက တအုံနွေးနွေး တီးတိုး တီးတိုး။ ပြီးတော့ စာတွေဝေကြ.. စာတွေ ကပ်ကြ။ အဓိကကတော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ပေး...။ ကိုဖုန်းမော်တို့ ကျဆုံးရတဲ့ကိစ္စ သတင်းအမှန် ထုတ်ပြန်ပေး...။ နောက်တော့ ကျောင်းသား သမဂ္ဂ ပြန်လည်ဖွဲ့စည်းရေးတွေ ပါလာပါတယ်။ ဗကသ(ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ)လို့ နာမည်ခံပြီး ထုတ်ပြန်တဲ့ စာတွေလည်း ပါတယ်လို့ ထင်ပါတယ်။

နောက်တော့ အသံတွေ ကြားလာရပါတယ်။ ကိုဖုန်းမော် ၃လပြည့် လုပ်မှာတဲ့။ မိန်းထဲ တရားပွဲလေးတွေ အသံကြားလာရ..။ အဲဒီရက်တွေထဲမှာပဲ ကျောင်းသားတွေ သိပ်အင်အားကောင်းလာ တယ်။ ရုံးစုရုံးစုလေးတွေ ရှိလာတယ်။ မပျော်တော့တဲ့ မျက်နှာလေးတွေ ကျောင်းထဲမှာ အများကြီး တွေ့လာရတယ်။ စာသင်ခန်းတွေကလည်း အဓိပ္ပါယ်မရှိတော့။ ဒီလိုနဲ့ ဖမ်းထားတဲ့ ကျောင်းသားတအုပ်စု ပြန်လွှတ်တယ်လို့ ကြားတယ်။ ကျောင်းထဲမှာ ပိုပြီး အုပ်အုပ် အုပ်အုပ် ဖြစ်လာတယ်လို့ ထင်နေချိန်...။ ၀ုန်းဝုန်း ၀ုန်းဝုန်း ဖြစ်လာ။ နောက်တော့ တရားပွဲတွေ...။ ကျမထင်တာတော့ အဲဒီရက်ပိုင်းတွေမှာ မိုးသီးဇွန်ဆိုတာကို စကြားလာရတာ။ စာဝေတာတွေကတော့ မြို့ထဲထိ ပလူပျံ။ နောက်ဆုံးတော့ ဇွန်လ၂၀ရက်မှာ ကျောင်းတွေ ပြန်ပိတ်လိုက် ရပြန်ပါတော့တယ်။


ကျောင်းတွေပိတ်လိုက်ရပြီး နောက်တရက် ဇွန် ၂၁... မြေနီကုန်းမှာ အခြေခံကျောင်းသားလေးတွေ အပစ်ခံရတဲ့ ပြဿနာ... ရွှေတိဂုံရင်ပြင်ပေါ်မှာ ကျောင်းသားတွေနဲ့ ဘုရားဖူးတွေကို အကြမ်းဖက်ဖြေရှင်းလိုက်တဲ့ ပြဿနာ... ပဲခူးမှာ လူထုထဲကို သေနတ်နဲ့ပစ်ပြီး ဖြေရှင်းတဲ့ ပြဿနာ... နောက်တော့ မန္တလေး မော်လမြိုင် တောင်ကြီးတွေမှာပါ ဆန္ဒပြကုန်ပြီဆိုတဲ့ သတင်းတွေကနေ စလိုက်တာ ရှစ်လေးလုံးလို့ ခေါ်တဲ့ ၈ရက် ၈လ ၈၈ ထိ ဆိုပါတော့။ လူတွေ လှိုင်းလုံးတွေလို လိမ့်ပြီး အုံကြွခဲ့ကြတဲ့အထဲ ကျမက ရေတစက်ပေါ့။ အဲဒီနောက်ပိုင်းရက်တွေဆီက အဖြစ်အပျက်တွေကိုတော့ ကျမ မရေးတော့ပါ။ စိတ်ဝင်စား လေ့လာချင်သူတွေ ဒီနေရာမှာသာ လေ့လာကြည့်ပါတော့။ အဲလိုနဲ့ ကျမတို့တိုင်းပြည်ရဲ့ သံသရာထဲမှာ သူခိုးလက်က သူဝှက်လုသလို စစ်တပ်က ထပ် အာဏာသိမ်းတဲ့အထိပေါ့။

သေချာတာကတော့ ၈၈ဟာ ကျမတို့ မြသီလာရဲ့သမိုင်းထဲက ဖျောက်မရနိုင်တဲ့ အိုင်းအနာ.. အမာရွတ်ကြီးတခု ဖြစ်သလိုပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းထဲထိရောက်အောင် ပို့လိုက်နိုင် တဲ့ ကျောင်းသားတွေက စခဲ့တဲ့ တော်လှန်ရေးကြီး တခု ဖြစ်ခဲ့ပြီ။

+++++

ကျောင်းပိတ်ရက်ရှည်ကာလတွေထဲမှာ RIT ကင်တီးမှာ ကျောင်းမိသားစုဖြစ်တဲ့ နွေးအေး ရယ်.. မေတ္တာပေါင်းကူး ရယ်.. မော်လမြိုင်ဆိုင် ရယ်ပဲ ဖွင့်ပါတယ်။ ကျမကတော့ အချိန်ရရင်ရသလို RIT မြန်မာစာဌာနနဲ့ သင်္ချာဌာနက သူငယ်ချင်း(ဆရာဆရာမ)တွေနဲ့ ကင်တီးမှာထိုင်။ တခါတလေ သူတို့ဆီ အလည်လာတဲ့ ကျောင်းသားတွေနဲ့ ထိုင်... စိတ်ကျရသမျှတွေ အပြန်အလှန် ရင်ဖွင့်ကြ။ လှိုင်မှာဆိုလည်း လူငယ်ကင်တီးတခုတည်းပဲ ခြောက်ခြောက်သွေ့သွေ့ ဖွင့်တယ်။ အဲဒီမှာပဲ ကျောင်းကို လာချင်လို့ အကြောင်းရှာပြီး ကျမဆီ လာ လာ လည်တဲ့ သူငယ်ချင်းတွေ... ကျောင်းသားတွေနဲ့ ထိုင်။ သူတို့တွေကလည်း စိတ်လေသမျှတွေ ရင်ဖွင့်ကြ။ ပြီးတော့ ပျောက်နေတဲ့သူငယ်ချင်းတွေအကြောင်း ပြောကြ။ တောခိုတဲ့အထဲ ပါသွားသလား..။ သေဆုံးသွားကြတဲ့အထဲမှာလား..။ မကြေငြာဘဲ အဖမ်းခံထားရတဲ့ အထဲမှာပဲလား.....။ တကယ်ကိုပဲ... "သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ.. (လွမ်းမိတယ်) ဂျပ်စင်ထိပ်က လရိပ်ပြာရယ်.." ဆိုသလို...... ကျမတို့ ခံစားနေခဲ့ကြရပါတယ်။ ဘယ်လောက် ခြောက်ခြား ကြေကွဲစရာ ကောင်းလိုက်ပါသလဲ..။

အဲဒီကာလတလျှောက် ကျမတို့ဆီမှာ စိတ်ကျခံစားချက်တွေ ဖိစီးတာမှာ တူနေကြတာ.. ပိုတွေ့လာရ။ ပြီးတော့ ကိုယ့်ဝန်းကျင်က စာပေလောကသားတွေဆီအထိ လေလွင့်စိတ်ကျမှုတွေ လေးလေးလံလံ ဖိစီးနေခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျောင်းပိတ်ရက်တွေ ကြာလာခဲ့။ (ဖြစ်ချင်တော့ အာဏာသိမ်းပြီး မရှေးမနှောင်းမှာ ကျမအဖေ.. ကုန်တိုက်ကြီးများကော်ပိုရေးရှင်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးရာထူးကနေ ပြုတ်သွားပါတယ်.. အကြောင်းက သပိတ်တုန်းက ၀န်ထမ်းသမဂ္ဂမှာ ဥက္ကဋ္ဌလုပ်မှုပါ.. (အဖေကတော့ အဲဒီအချိန် လက်ထဲ ပိုက်ဆံတပြားမှ မရှိအောင် ဆင်းရဲပေမဲ့ စိတ်ကျပုံမရလှပါ...) အဲလို ရာထူးကနေ ပြုတ်သွားရတဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်)။ ကျမရင်ထဲ ဘာမှန်းမသိတဲ့ အစိုင်အခဲတခု တဖြည်းဖြည်း တည်လာခဲ့။

+++++

၁၉၈၉ မတ်လ ၁၃ရက် (တနင်္လာနေ့)။
မှတ်မှတ်သားသားတခုတော့ RIT ကျောင်းဝင်းထဲ ထင်ကျန်ခွင့်ရခဲ့ပါတယ်။
ကိုဖုန်းမော်တို့ ကျဆုံးတာ ၁နှစ်ပြည့်တဲ့ အခမ်းအနား။ အဲဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး အထိမ်းအမှတ်နေ့ သတ်မှတ်ခဲ့ပါတယ်။ ကျမ မှတ်မိသလောက် အဲဒီပွဲကို အန်တီစုနဲ့ ဘဘဦးတင်ဦး၊ ဘဘဦးကြည်မောင်တို့ လာတယ်။ ကိုမိုးသီးဇွန် လာတယ်။ နောက် ကိုမင်းကိုနိုင်၊ ကိုကိုကြီး ပြီးတော့ စက်မှုတက္ကသိုလ်က ထင်ထင်ရှားရှားရှိတဲ့ ကျောင်းသားတွေ.. (မှတ်မိသလောက် ကဗျာရေးတဲ့ ဒတ္ထနဲ့ ချိုတူးဇော်)။ အဲဒီနေ့က ကော်မီတီလေးတခု ဖွဲ့တာလည်း မှတ်မိတယ်။ ၁၃ဦးကော်မီတီလို့ သူငယ်ချင်း တယောက်က အတည်ပြု ပြောပြပါတယ်။ နိုင်ငံရေး ခေါင်းဆောင်ပိုင်းထဲက တော်တော်များများလည်း တက်ကြပါတယ်။ ခြောက်သွေ့ တိတ်ဆိတ် နေခဲ့တဲ့ RIT ကျောင်းဝင်းရှေ့ မျက်နှာစာမှာ စစ်တပ် စောင့်ကြည့်နေတဲ့ ကြားကပဲ လူပင်လယ်ကြီး ဖြစ်သွားရတဲ့နေ့။ ရုံးဖွင့်ရက်မို့လည်း လူပိုများသွားခဲ့တယ် ထင်ပါတယ်။ ကျမကိုယ်တိုင် ကျောင်းသွားမယ်လို့ အိမ်ကထွက်လာပြီး ကျောင်းမသွားဖြစ် ခဲ့တဲ့နေ့။ ကြက်သီးဖြန်းဖြန်းထပြီး မျက်ရည်ပြန်ကျခဲ့ရတဲ့နေ့ပေါ့။ အဲဒီနေ့မှာ သွေးတွေ ပြန်နွေး...။ ကမ္ဘာမကြေဘူးးး သီချင်းကို မျက်ရည်တွေနဲ့ ဆိုခဲ့ကြတဲ့နေ့။

+++++

ကျမစိတ်ထင်တော့ စစ်သွေးကြွအာဏာပိုင်တွေဟာ သူတို့ ၆၂ကတည်းက ကြုံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ အမှန်တရားမြတ်နိုးမှု၊ ရဲရင့်မှုနဲ့ စုစည်းညီညွတ်မှုတွေကို တကြိမ်ပြီးတိုင်း ပို ပို တင်းကျပ်ပြီး နှိပ်ကွပ်တယ်..။ ချုပ်ချယ်တယ်..။ ဖျက်ဆီးတယ်လို့ မြင်ပါတယ်။ ဒါကြောင့်ပဲ ၈၈ စက်တင်ဘာ၁၈မှာ အာဏာသိမ်းပြီးနောက် ၁၉၈၉ရဲ့ ဇွန်လထဲမှာ တက္ကသိုလ်က ဆရာတွေ ကျောင်းသားတွေ အများဆုံးပါတဲ့ လူဖမ်းပွဲ လုပ်ပါရော။ ဇာတ်လမ်းတွေခင်း။ ကွန်မြူနစ်တွေလို့ ကြေငြာ။ ရာဇ၀တ်သားတွေလို နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်ပါတယ်။ ကျမဖြင့် သတင်းတွေကြည့်ရင်း မျက်ရည်တလည်လည်ပေါ့။

ကြည့်ပါဦး.. ကျမတို့ရဲ့ သိပ်ချစ်တဲ့ သူငယ်ချင်း... အင်မတန်မှ အေးချမ်းပြီး လူတဘက်သားကို ချစ်ခင်လေးစား တတ်လှတဲ့သူ Hယင်းမာကလည်း တိုင်းပြည်ကို ချောက်ထဲ ကျအောင် လုပ်တဲ့အထဲ ပါသတဲ့။ နောက်.. ကိုတင်အေး.. ကိုညိုထွန်း..၊ နောက် မြန်မာစာဌာနကဆရာပဲ ဖြစ်ပြီး ကျမ အင်မတန် လေးစားချစ်ခင်တဲ့ အကိုတယောက်..၊ နောက် ကဗျာရေးဖက် သူငယ်ချင်း အောင်ကျော်ဆန်း(မြင်းခြံ)- ခုတော့ နာဂစ်ကိစ္စမှာ အလောင်းတွေကောက်ပြီး မြေမြှုပ်ပေးမိလို့ ထပ်အဖမ်းခံရပြန်ပြီ။ ဘာအမှုမှန်းလဲ မသိ။ အဲလိုပဲ RIT ရှေ့က နေ၀န်းနှင်းဆီစာအုပ်ဆိုင်ရှေ့ ဗာဒံပင်လေးအောက်က စကားဝိုင်းမှာ အကြမ်းတအိုးနဲ့ ထိုင်ရင်း ငြိမ်နေတတ်တဲ့ ဒေါက်တာဇော်မင်း၊ RIT ချည်ထည်ဌာနက ဆရာတယောက်လည်း ပါသေး (ပါပါက အံ့သြပြီးတော့... သူက သိပ်အေးတဲ့ ဆရာလေး.. လို့ တဖွဖွ ပြောတယ်)။ နောက်တော့ ကျမနဲ့အတူတူ စာဖတ်ဖက် ညီအမလိုခင်တဲ့ တယောက်(သူလည်း အင်မတန်အေးချမ်းတာ.. ကျမလိုတောင် မစွာ)လည်း ပါနေပြန်တယ်..။ ဘုရားရေ.. တိုင်းပြည်ကို ချောက်ထဲချမယ့်သူတွေကလည်း ပညာတတ်.. လူအေး.. စာဖတ်သန် ပညာဥာဏ်ရှိသူတွေ ချည်း..။ ပြီးတော့ ကျမရဲ့ သူငယ်ချင်းနဲ့ မိတ်ဆွေတွေ အများကြီးပါတာ..။ ဇူလိုင်လ-၂၀ရက်မှာကျတော့ အန်တီစုကို တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်ပါသတဲ့။

အဲဒီရက်တွေထဲမှာ ကျမ တကယ်ပဲ တုန်တုန်လှုပ်လှုပ် ခံစားခဲ့ရပါတယ်။ တချိန်လုံး စိတ်တွေနာ.. ဒေါသတွေ ဖြစ်..။

+++++

အဲဒီရက်တွေထဲမှာပဲ ကျမတို့ ဆရာ ဆရာမတွေ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါတယ် မပါဘူး.. ဆိုတဲ့ ၃၃ချက်လို့ အလွယ်ခေါ်ကြတဲ့ ပုံစံတခု ဖြည့်ကြရပါတယ်။ ကျမတို့အဖွဲ့အားလုံး ဖြည့်တာကတော့ ပါခဲ့တယ်... ပဲ။ ဘယ်နှကြိမ်လဲဆို မမှတ်မိ.... ပဲ..။ ကိုမင်းသိုက်မွန်.. ဆိုရင် တရားဟောတာပါ ထည့်ဖြည့်လိုက်သေး။ တချို့တွေ အဲဒီ၃၃ချက်နဲ့ အလုပ်ပြုတ်ကြပါတယ်။ အံ့သြစရာကောင်းတာက ကျမတို့ တယောက်မှ အလုပ်မပြုတ်ခဲ့ကြပါ။

အဲဒီရက်ပိုင်းတွေ ကျောင်းသွားတော့လည်း ကျမ လွမ်းလွမ်းဆွတ်ဆွတ် ခံစားရတာတွေပဲ များနေပါတယ်။ ကျောင်းရက်ရှည်ပိတ်ရက်ထဲ အလုပ်က မရှိ။ အဲဒီရက်ပိုင်း ပြန်ဖတ်သမျှ စာအုပ်တွေကလည်း အရှေ့က နေ၀န်းထွက်သည့်ပမာ..၊ သပိတ်မှောက်ကျောင်းသား..၊ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်...၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ...၊ ကေဖွဲ့ဆိုသီ..၊ ကက်စထရို..၊ အောင်သန်းရဲ့ အောင်ဆန်း..၊ ရုပ်ပုံလွှာ..၊ ပြိုမှာလေလားမိုးရဲ့..၊ ပန်းတွေနဲ့ဝေ..၊ မြိုင်..၊ မျိုသိပ်စိတ်.. စုံနေရော..။ စိမ်ပြီး ဖတ်ဖြစ်တာက တော့ ပြိုမှာလေလားမိုးရဲ့ နဲ့ နေရစ်တော့ မြသီလာ.. ပေါ့။

အဲဒီ ဖတ်သမျှစာတွေရဲ့ သွယ်ဝိုက်တဲ့ တွန်းအားကြောင့်ထင်ပါရဲ့။ ကျမ ကဗျာတွေ ရေးဖြစ်.. ၀တ္ထုတိုမဖြစ်တဲ့ စာအတိုအစတွေ ရေးဖြစ်။ အနားမှာ ရှိနေတဲ့သူက ဘာတွေရေးလဲလို့မေးတော့ "သိတော့ပါဘူးကွာ.. ငါ့သူငယ်ချင်းတွေကိုရော.. ကျောင်းကိုရော လွမ်းတာတွေ" လို့ ဖြေမိတယ်။ သူက ယူဖတ်ပြီး ထူးထူးဆန်းဆန်း.. "မင်း လုံးချင်းရေးပါလား.. " တဲ့။ "ဖြစ်ပါဘူး.. မရေးတတ်ဘူးထင်တယ်.." လို့ ဖြေမိတယ်။ တရက်ကျတော့ ကျမတို့အကိုတယောက် ရောက်လာတယ်။ သူက စာအုပ်ထုတ်ဝေရေး လုပ်နေတာ။ အကိုက ကျမကို မေးတယ်.. လုံးချင်းလုပ်မလား..တဲ့။

ဒီတော့မှ ကျမ နည်းနည်း စိတ်ကူးမိသွားတယ်။ စမ်းကြည့်မယ်..ပေါ့။ အိမ်ထောင်ဖက်ကလည်း ဒီတခါတော့ အားပေးတယ်။ ငါကူပါ့မယ်ကွာ..တဲ့။ သူက ကျမရေးထားတာတွေကို သေချာ ထပ်ပြီး.. ဒီမှာကြည့်စမ်း.. မင်း ဇာတ်ကောင်ထည့်လိုက်ရင် ဒါ ဇာတ်လမ်းဖြစ်ပြီတဲ့။ အဲဒါနဲ့ လုံးချင်းစရေးတော့တာပဲ.. နေ့နေ့ ညည...။ စိတ်ထဲ ကျပ်သိပ်နေတာတွေ ဖောက်ချလိုက်ရသလိုပဲ..။ ကျမအနားဝန်းကျင်က လူငယ်တွေရဲ့ ကျောင်းအလွမ်းတွေ.. စိတ်ကျအနာတွေ... ရေးချင်တာတွေအားလုံး ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ရေးပစ်လိုက်တာ။ ရေးနေတုန်း မဟေသီမဂ္ဂဇင်းမှာ ကိုဟိန်းလတ်က အင်တာဗျူးလုပ်တော့ အဲဒီလုံးချင်းအကြောင်း ထည့်ပြောလိုက်သေး။ (အဲဒီတုန်းက ကိုဟိန်းလတ်က ကြည်အေး=ဂျူး=မေငြိမ်းလို့ လုပ်ချလိုက်တာ.. တော်တော် အပြောခံလိုက်ရ ပါသေးတယ်။ တကယ်တော့ အားနာစရာ။ ကျမက ပေါက်စန။ (ဒေါ်)ကြည်အေးနဲ့ (မ)ဂျူးက ကိုယ့်ထက် အများကြီး ပညာ သမ္ဘာကြီးသူတွေ..။ ကျမ အကျပ်ရိုက်ခဲ့ရပါတယ်။ ပြီးတော့ မဖြေချင်လည်း ငြင်းလို့ရရက်နဲ့။ မသိနားမလည်ခဲ့တာပေါ့လေ။ မာယာက အဲဒီ အင်တာဗျူး ပထမပိုင်း တင်ပေးခဲ့ဖူးပါတယ်)။

(အဲဒီတုန်းက ကျမ နဲ့ (မ)ဂျူး အမှတ်တရ)

အဲလို အင်တာဗျူးထဲ ကြော်ငြာဝင်သလို ထည့်ပြောလိုက်မိတော့ သေသေချာချာ ပြီးဆုံးအောင် လုပ်ရတော့ တာ..။ ဒါနဲ့ပဲ.... သီချင်းနှင်းဆီ.. ဖြစ်ခဲ့။ ၁၉၉၀ ဧပြီလမှာ သီချင်းနှင်းဆီ လုံးချင်းဝတ္ထု ထွက်နိုင်ခဲ့ပါတယ်။ (သီချင်းနှင်းဆီထဲ မှတ်မှတ်ရရ တခုက ဇာတ်လမ်းထဲမှာ Great Depression in 1988 ဆိုတာလေး ထည့်ရေးတာကို စိစစ်ရေးက မဖြုတ်လိုက်တာကို မှတ်မှတ်ရရ)။ သီချင်းနှင်းဆီဝတ္ထုကို မဂ္ဂဇင်းတွေထဲမှာ ကြော်ငြာတော့ စာသားက...

ဒါဟာ.. မောင်ဖန်ဆင်းတဲ့ သီချင်း..
နှင်းဆီ ဆုပ်ကိုင်ပိုင်စိုးလိုတဲ့ အရာ...။

(ပန်းချီ မြင့်မောင်ကျော်ပါ)

ပြောရရင်တော့ အိမ်ထောင်ဖက်ရဲ့ အားပေးမှုကြောင့်ပါပဲ..။ မေငြိမ်းရယ်လို့ လုံးချင်းလောကထဲ ရောက်လာ တာ။ သီချင်းနှင်းဆီလေးက မသပ်မယပ်နဲ့ပေမဲ့ မေငြိမ်းကို လုံးချင်းလောကထဲ ဆက်ရပ်တည်လို့ ရလောက်တဲ့ အောင်မြင်မှုလေးတော့ ပေးခဲ့ပါတယ်။ အမြတ်ဆိုလို့ အဲဒီကာလထဲ အားလပ်နေတာမို့ စာပေလောက ၀န်းကျင်ထဲ ပိုဝင်ဖြစ်ပြီး သူငယ်ချင်းအသစ်တွေ ရလာတာပါပဲ။ ထိုင်စရာ "လေထန်ကုန်း" တိုးလာတဲ့ အချိန်ပေါ့။ (တကယ်တော့ ကျမက လုံးချင်းရေးနေရတာကို ပျော်ပိုက်ပေမဲ့ ထုတ်ဝေတဲ့အပိုင်းကို စိတ်ညစ်လို့မို့ လုံးချင်းလောကကို စိတ်ပျက်ပါတယ်)။

+++++

15 comments:

Moe Cho Thinn said...

ဆရာမရေ
အဲဒီအချိန်တွေက လူပျောက်စာရင်းတွေ တိုးခဲ့ရတဲ့ အချိန်တွေပေါ့ ဆရာမရယ်။
အခုလို မြသီလာအကြောင်းရော၊ ဆရာမ စာပေလောကထဲ ထဲထဲဝင်ဝင် ခြေချခဲ့တာရော ခွဲမရသလို နှစ်နှစ်ခြိုက်ခြိုက် ဖတ်သွားတယ်။
မဂျူးနဲ့ ဆရာမ ပုံလေး ခုထိ ရှိသေးတာနော်။ နှစ်ယောက်စလုံး ငယ်ငယ်လေးတွေ၊ ချစ်စရာ..။

TMT said...

Ma May Nyane,

We haven't read and seen your new "Lone Chin Wit Tu " inside Burma. But we guys are able to read your writing from your blog. Thank you so much for wrting.

Chan Myae Par Say.

sin dan lar said...

သီချင်းနှင်းဆီက စထွက်ကတည်းကဖတ်ဖူးတယ် အစ်မရဲ့..

ကောင်းကင်ကို said...

လာဖတ်သွားတယ် ဆရာမ။ ဒီမြသီလာအလွမ်းပြေ ကို စာအုပ်ထုတ်နိုင်ရင် ကောင်းမယ်နော်။

မီယာ said...

ကျေးဇူးအများကြီးတင်ပါတယ်ဆရာမ

mm thinker said...

အစ်မ ရုပ်သိပ်မပြောင်းဘူးလိုပဲ။

:)

Ma Ma said...

ဆရာမရေ မီဒီယာ တွေကနေ ဆရာမအထဲကနေ ထွက်လာတယ်ဆို ကတည်းက ဆရာမရဲ့ဆောင်းပါးတွေ interview တွေ အမြဲဖတ် RFA က ပညာရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးတင်ပြချက် တွေကိုလည်း အမြဲနားထောင်အားပေးနေသူပါ။ မြသီလာကျမှ အရမ်းခံစားရလို့သာ ဆရာမ C-Box နဲ့ Comment မှာဝင်ရေးခဲ့တာပါ။ ဆရာမရေးခဲ့တဲ့ ၀ထ္ထု၊ ကဗျာတွေ တပါတည်း သယ်ဆောင်ခဲ့ လို့အံသြခဲ့ရပါတယ်၊ အခုလဲ ဂျူး နဲ့ ဓါတ်ပုံလေးပါတွေ့ လိုက်ရတော့ ဆရာမရဲ့ ဇွဲနဲ့ စီဆင်မှု့ကို ထပ်ပြီး အံသြချီးကျူးမိပါတယ်။ ဆရာမကို သီးချင်းနှင်းဆီ ကစပြီး အစဉ်တစိုက် စောင့်ဖတ်ခဲ့တာ ဒီနေ့ထိပါပဲ၊ စာတွေအများကြီးဆက်ရေးနိုင်ပါစေ။

မေငြိမ်း said...

ချိုသင်းရေ.. ဟုတ်တယ်.. ခုထိလည်း ကျောင်းနဲပ ကိုယ် ခွဲမရဘူးထင်တုန်း။
tmt နဲ့ mama
တကယ်ပဲ အားရှိရပါတယ်။ အဲလို လူတွေရဲ့ အသိအမှတ်ပြုမှုနဲ့ပဲ ကျမတို့ စာရေးရှင်သန်နေကြရတာပါ။
Sin dan lar က မဆိုးဘူးပေါ့.. လူသိပ်မသိတဲ့ စာရေးဆရာကို အစောကြီးကတည်းက ဖတ်ဖူးတာဆိုတော့.. :)
ကောင်းကင်ကိုရေ.. စာအုပ်ကလေး လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
မီယာ့ကိုလည်း ကျေးဇူးတင်ပါတယ်။
သင်ကာရေ.. နောက်ထပ်မုန့်ကျွေးဦးမှာ...။

s0wha1 said...

အန်တီ... စာတွေ ထပ်ဖြည့်ရေးထားသေးတယ် ထင်တယ်။ အလုပ်မှာ ဖတ်တာနဲ့ အိမ်မှာ ဖတ်တာ နည်းနည်း မတူဘူး။ စာကြောင်းတွေ ပိုတိုးလာသလိုပဲ။ စာအသစ်တင်တိုင်း ရောက်ပေမယ့် မအော်ဖြစ်ပါ။ သိတယ်ဟုတ်။ ဘယ်လောက် ပျင်းတယ်ဆိုတာ။:P

PAUK said...

ဆရာမရေ...
သီချင်းနှင်းဆီဖတ်ဖူးတယ်..မေ့ပြီ..
ရှိရင်မျှဝေပါနော်..
ဆရာမပုံကို အရင်က ဆရာမဂျူးပုံစံမျိုးလေးပဲထင်နေတာ

ThuHninSee said...

သီချင်းနှင်းဆီဆိုတဲ့ဝတ္တုနာမည်ကို သိပ်သဘောကျတာ..
ဘလော့ဂ်နာမည်ကိုတောင် ပေးချင်တာ။ ၀တ္တုနာမည်
ဖြစ်နေလို့ အားနာတာနဲ့ သုနှင်းဆီလို့ပေးဖြစ်တာ။

ခင်မင်းဇော် said...

ဟွန်းးးးးး
ကိုကိုနဲ့ပျော်နေပြီးတော့များးးးးးး
ဟေ့ အလွမ်းပြေပြီးရင် ပကတိမြှားအကြောင်းရေးပေးဦး။
အဲဒါကို ကြိုက်တယ်ကွ..

တန်ခူး said...

ဦးဟိန်းလတ်ရဲ့အင်တာဗျူးကြောင့် (ကြည်အေး=ဂျူး=မေငြိမ်း ) ကျွန်မ သီချင်းနှင်းဆီကို စာအုပ်ဆိုင်မှာ အပြေးအလွှားငှားဖတ်ခဲ့တာကို သတိရနေသေးတယ် မ ရေ…
မ နဲ့  မဂျူးပုံလေးကို အမှတ်တရသိမ်းထားလိုက်တယ်… စာရေးဆရာမပီသတဲ့ရုပ်လေးတွေနဲ့  ပြီးတော့ချစ်ဖို့ လဲကောင်းတယ်… ကျွန်မကို အတော်လွှမ်းမိုးသူတွေ့ပေါ့…

the said...

ဆရာမရေ

ကျောင်းထဲက ကံကော်တွေကိုလွမ်းလိုက်တယဗျာ

kkpsk said...

ဆရာမရေး ထားတာတွေက အရမ်းကို စိတ်ဝင်စားဖို့ကောင်း တယ်။ အဲ့ဒိတုန်းက အကြောင်းတွေမသိခဲ့ပေမယ့် အခုသိရတော့ အရမ်းစိတ်လှုပ်ရှားမိတယ်။ ကြက်သီးတွေတောင်ထမိပါတယ်။ အဲ့တုန်းကလူတွေကိုလည်း အရမ်းလေးစားတယ်