Jul 30, 2007

ရင်ကွဲနာ(၂)


ကျမရော စိမ်းပါ ခုတလော အလိုလိုနေရင်း ခြေကုန်လက်ပန်းကျသလို မောဟိုက် ပင်ပန်း နေတတ်ကြသည်။ စာသင်ချိန် နှစ်ချိန် ဆက်လိုက်လျှင် သိသိသာသာပင် မောကာ နှုတ်ခမ်းတွေပင် ခြောက်လာသည်။ ထိုအထဲ ကျမကတော့ ပိုဆိုးသည်။ အာခေါင်တွေ ခြောက်ကာ မူးနောက်နောက်ဖြစ်ခြင်းကို နေ့စဉ် အချိန်များစွာ ခံစားနေရသည်။ သို့ပေမဲ့ တက္ကသိုလ်တွေ စာမေးပွဲနီးချိန်မို့ ကျမ နားဖို့ အခွင့်အရေး မရ ခဲ့။

နောက်ဆုံး၊ ပိန်လှီလှသော ခန္ဓာကိုယ်လေးကိုပင် မသယ်ချင်လောက်အောင် အားအင်ကုန်ခြင်းကို ခံစား လာရ တော့သည့် အခါတွင်မူ ကျမ ရှိုက်ကြီးတငင် ငိုကြွေးမိ တော့သည်။ ငါ ဘာဖြစ်ပြီလဲ ဟူသော မေးခွန်းက ကျမကို ခြောက်လှန့်လှသည်။ တွေးမိသည့် ရောဂါများလည်း အစုံပင်။ တိုက်ဖွိုက်နှင့် ငှက်ဖျားက စလို့ အေအိုင်ဒီအက်စ် အထိ ရောက်သည်။ အခါများစွာ ငိုကြွေး မောဟိုက်ပြီးမှပင် ကျမ နှင့် စိမ်း တို့ နှစ်ဦး သဘောတူ ဆုံးဖြတ်ချက်ဖြင့် ကျမ ဆရာဝန်ပြဖို့ ဆုံးဖြတ်ရတော့သည်။ သို့ပေမဲ့ ထိရောက်သော ဆေးကုသမှုက ဆေးခန်းတွေမှာသာ ရှိသည် မို့ ဆေးခန်းတစ်ခုမှာ အထွေထွေရောဂါကု သမားတော်ကြီးနှင့် ပြရသည်။

နောက်တော့၊ ဆီးစစ်၊ သွေးစစ်၊ ဓါတ်မှန်ရိုက်။ ကျမလက်ထဲက ပိုက်ဆံတွေ အများကြီး (တကယ်တော့ ခြောက်ရာသာ)။ နောက်ဆုံးကျတော့ တီဘီ ဆပ်စပက်(TB Suspect) တဲ့။ အဲဒီထိတော့ ကျမက တုန်လှုပ်ရ ကောင်းမှန်း မသိသေး။ စိမ်းကတော့ သိသိသာသာပင် မျက်နှာပျက်ရှာသည်။ ဆရာဝန်ကြီးက ဆေးဝါးညွှန်ပြီး ဆေးဖိုးဝါးခ ရှင်းပြတော့မှ စိမ်း မျက်နှာပျက်ရခြင်းကို ကျမ ရိပ်မိတော့သည်။

တစ်ပတ်စာ ဆေးဖိုး နှင့် ဆေးကုသခ ခြောက်ရာ့ ခြောက်ဆယ်ကျပ်။ ကျမ လခကမှ ထောင့်သုံးရာ မပြည့်။ ကျမ သည် ဒူးတွေပင် တဖျတ်ဖျတ် တုန်လာသည် ထင်၏။ နီညိုရောင် ဆေးတောင့်များ၊ အဖြူရောင် ဆေးလုံးများ၊ အ၀ါရောင် ဆေးပြားကြီးများ။ ဆေးပေးသူက အားဆေးနှင့်တွဲသောက်ပါ… တဲ့… ။ ဘာ အားဆေးသောက်ရမလဲ ဆိုတော့ အဲဒီမှာ Vitron အားဆေး ထည့်ပေးထားတယ်၊ တစ်ပတ်စာတဲ့။ ပြေစာကို ကြည့်တော့ အဲဒီ Vitron ဆို တဲ့ ဆေးက တစ်ကဒ်ကို ၁၇၀ ကျပ်တဲ့။ တစ်လုံးကို ဆယ့်ခုနစ်ကျပ် ပေါ့။

အိမ်အပြန် ဘတ်စ်ကားပေါ်မှာ ကျမ မျက်ရည် ကျိတ် ကျ ဖြစ်ခဲ့သည်။ စိမ်းက ကျမ လက် တွေကို တင်းတင်း ဆုပ် တော့ သူ့လက်တွေက အေးစက်လို့။ ဆရာဝန်ကြီး၏ အမှာစကားက ကျမနားထဲမှာ ငလျင်သံလိုပဲ။ မပြီးနိုင် မဆုံးနိုင်အောင် ဘ၀ဂ်ထိ ညံနေသလိုပါပဲ။

"အဲဒီ ဆေးတွေက သိပ်မူးတယ် သမီး၊ အနားယူရမယ်။ အားရှိတဲ့ ဥတွေ၊ နွားနို့တွေ သောက်ရမယ်…" တဲ့ ။

+++++

အဲဒီ တစ်ပတ်အတွင်းမှာ နေမကောင်းသော ကျမထက်ပင် နွမ်းနယ်၍ ပိန်ကျသွားသူက စိမ်းပဲ ဖြစ်သည်။ ကျမက အိမ်ကို ပြောပြရရင် ကောင်းမလားဟု တိုင်ပင်ကတည်းက စိမ်း နွမ်းနယ် ဖျော့တော့ သွားခဲ့တာ။

“နေပါဦး အငုံရယ်၊ တို့နှစ်ယောက်တည်း ကြိုးစားကြည့်ကြရအောင်၊ နင့်လခကို ဆေးကု၊ ငါ့လခကို စားကြမယ်၊ ဘယ်လိုလဲ”
“မဖြစ်နိုင်လိုက်တာ စိမ်းရယ်။ အဆောင်လခ ပေးဖို့တောင် ငါ့မှာ မရှိတော့တဲ့ဟာ”
“နင်ကလဲ အငုံရာ၊ နောက်ဆို ဆေးဖိုးသက်သက်ပဲ ကုန်ရမှာပါ၊ ခုဟာက စမ်းသပ်ခတွေ ကုန်လို့ပါ”
“စိမ်းရယ်.. ဆေးက ခြောက်လတောင် ဆက်သောက်ရမှာလေ”

နောက်ဆုံးတော့ ဆေးရုံမှ ဆေးခွင့် တစ်လ ယူပြီး ကျမ အိမ်မှာ ဆေးသောက်ရင်း ပြန်နားဖို့ ဆုံးဖြတ်ချက် ကျသည်။ ကျမကတော့ အနာသိကာမှ၊ ဆေးရှိကာမှ ပို၍ ခြေကုန် လက်ပန်းကျ အားပြတ်ကာ အိပ်ယာပေါ် ပုံကျ တော့သည်။ စိမ်းကတော့ ကျမရဲ့ ဆေးခွင့် အတွက် ဆရာဝန်ကြီးဆီ အသိပေးစာရဖို့ ကိစ္စတွေနှင့် ပြေးလွှားလို့။

“ငါ့ပုံစံက ဘယ်လောက်ပဲ စုတ်ပြတ် စုတ်ပြတ်၊ ငါ့ရဲ့ ပညာဂုဏ်အရ ငါဟာ တက္ကသိုလ်က ဆရာမ တစ်ယောက် တော့ ဖြစ်နေပါသေးတယ် အငုံရယ်..၊ ပြီးတော့ တကယ် နေမကောင်း လို့ ဆေးခွင့်တင်တယ်ဆိုတာ ငါ သေချာ ပြောပြပါတယ်.. သူ လုပ်ပုံက လူနာ သေရမယ့် ကိန်း၊ ပညာရဲရင့် ပွဲလယ်တင့်တို့၊ ပညာဂုဏ်ရောင် ထွန်းလင်း ပြောင် တို့ဆိုတာတွေက ဟာသပဲ၊ သိလား… အငုံ”

တနေ့တော့၊ ဆေးခွင့်ကိစ္စ အဆင်မပြေခြင်းအတွက် စိမ်း ဒေါသထွက် နေခဲ့သည်။ ကျမလည်း ခံပြင်းမိသည်။ အထူးသဖြင့်၊ အလုပ် အပေါ် အမြဲ စေတနာထား တာဝန် ကျေပွန်သူများမို့လည်း ခုလို အဆင်မပြေ ဖြစ်ရခြင်း အပေါ် ပို၍ စိတ်ထိခိုက်ရသည်။ ကြည့်ပါဦး… လူနာ ကိုယ်တိုင် လာရမတဲ့။

တကယ်တော့၊ ဆေးရုံက ကျမတို့နေထိုင်ရာ အဆောင်နှင့် ကားနှစ်မှတ်တိုင်စာသာ ဝေးတာမို့ ကျမ ချက်ချင်းပဲ စိတ်မြန်လက်မြန် အ၀တ်လဲကာ စိမ်းလက်ကို အားပြုတွဲလို့ ထွက် လိုက် လာခဲ့သည်။
“ခွင့် တစ်ပတ်ပဲရမယ်”
ပြောထွက်သော အဲသည် တာဝန်ကျ ဆရာဝန်မကြီး၏ မျက်နှာကြီးကိုကြည့်ရင်း ကျမ မျက်ရည်တွေ ၀ဲလာသည်။ အဲဒီ တစ်ပတ်ကလေးနဲ့ ကျမရဲ့ အားအင်တွေကို ဘယ်လို စုဆောင်းရမှာလဲ။ ပြီးတော့၊ ရန်ကုန်မှာ ကျမ တစ်ယောက်တည်း စားသောက်စရိတ်ကော၊ ဆေးကုသစရိတ်ရော ဘယ်လိုမှ မရနိုင်။ သူ့ရှေ့က လှည့်အထွက် မှာ ကျမ မျက်ရည် ကျခဲ့ရသည်။

+++++

သို့ပေမဲ၊့ အမြဲတမ်း လူ့လောကအပေါ် စေတနာထားခဲ့မှု အကျိုးကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ နောက်ရက်တွေကို လည်း ဌာနခွဲမှူးထံ လုပ်သက်ခွင့်တင်၍ နားပြီး၊ သိပ်မကြာခင်မှာ ကျောင်းပိတ်ရက်ရှည် ခံစားခွင့်ရလာသည်။

ကျမ၏ ချစ်သော ကျေးလက်လေးရှိရာကို ပြန်ပြေးရတော့ဖြင့် စိတ် ချမ်းသာ လိုက်တာ။ ရိုးပြတ်ရနံ့၊ မြေနံ့၊ တောတန်းနံ့၊ လေပြေနံ့နှင့် ပူပြင်းသောနေကပင် ကျမ ကိုယ်ထဲက တီဘီပိုးတွေကို အငွေ့ပျံ ပျောက်ကွယ် စေလိမ့်မည်ဟု ထင်လေတော့သည်။ အစ်ကိုကြီး မြို့တစ်ခေါက် တက်လျှင် ကျမအတွက် ကုန်လာခဲ့သော ဆေးဖိုးတွေကိုလည်း မသိချင်ယောင် ဆောင်နေ၍လည်း ရပြန်သည်။ ပြီးတော့ ကျမက တစ်သက်လုံး ပျော်နေ ခဲ့သော ရန်ကုန်ကိုပင် ခုချိန်မှာ စိတ်နာချင်ချင်ဖြစ်ကာ ကျီထဲက ၀မ်းစာစပါးတွေ လျော့တာ ကျမရဲ့ ဆေးဖိုးကြောင့်များလား ဆိုတာမျိုးကိုလည်း တမင် မတွေးဘဲ နေနေမိသည်။


ဖြစ်နိုင်လျှင်… ကျမသာ ပြတ်သားနိုင်လျှင်… ရန်ကုန်ဆီက မွန်းကျပ် လှောင်ပိတ်သော သားရဲတွင်းကို ပြန်ပင် မသွား ချင်တော့ပြီ။

+++++

ကျောင်းပိတ်ရက်ရှည် ခံစားခွင့်တို့ ကုန်ဆုံး၍ အလုပ်ခွင် ပြန်ဝင်ရသည့် အချိန်မှာမှပဲ ကျမက ရန်ကုန်ကို စိတ်ပြန်ရောက်တော့သည်။ ကျမ ပင်ပန်းတကြီး သင်ယူခဲ့ရသော ပညာများနှင့် ကျမ ငယ်စဉ်ကတည်းက အိပ်မက် မက်ခဲ့ရသော တက္ကသိုလ်က ဆရာမဘ၀ကို တကယ်တမ်းကျတော့ ကျမ မစွန့်နိုင်ပါ။

ကျမ မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်း ပြုရဦးမည်။ မဟာဝိဇ္ဇာဘွဲ့ ယူရဦးမည်။ ထိုအခါမှာတော့ အိမ်မှာ တစ်လကျော် နားလိုက်ရသောကြောင့်လားတော့ မသိ။ ကျမ အားအင်တွေ ပြည့်ဖြိုးလာပြန်သည်။ အဲဒီတော့မှပဲ ဆင်းရဲဖော်၊ လက်တွဲတိုင်ပင်ဖော် စိမ်းကို ပြန်သတိရ တော့သည်။

စိမ်းက ကျမကို ပြုံးကြည့်ရင်း “နင်ဝလာတယ်”ဟု ပြော၏။ ကျမကတော့ အံ့သြစရာ ကောင်းလောက်အောင် ပိန်သွားသော စိမ်း ကို ကြည့်ရင်း စိတ်ထဲမှာ ထိခိုက်လာခဲ့သည်။ စိမ်းတို့ မိသားစု စီးပွားရေး သိပ်ကျပ်နေပြီ ထင်ပါရဲ့။ ၀န်ထမ်းမိသားစုချည်းပင် ဖြစ်သော် လည်း ကျမတို့ မြို့ကလေးက ကျေးလက် ဆန်သည်မို့ ဆန်နှင့် ဟင်းသီးဟင်းရွက် မရှားလှပါ။ စိမ်းတို့မြို့ကတော့ မြို့ပြဆန်သည်မို့ အစစ အရာရာ ရှားပါးလှသည်။ သို့သော်၊ သည်တစ်ကြိမ် အိမ်အပြန်မှာလည်း စိမ်း၏ မိသားစုကတော့ အရင်ကလိုပဲ မြေပဲဆန် ဘာလချောင်ကြော်တွေ၊ ဂျူး မြစ်ဘာလချောင်ကြော်တွေ၊ ငါးခြောက်ထောင်းကြော်တွေ လုပ်ပေးလိုက်သားပါပေ။

အိမ်မှ ပြန်ရောက်စကတော့ ကျမတို့ ပျော်ရမြဲ ဖြစ်သည်။ စိမ်းအိမ်က လုပ်ပေးလိုက်သမျှ ဟင်းတွေက ကျမအကြိုက် ဖြစ်ပြီး ကျမအိမ်က စီမံပေးလိုက်သော ဆတ်သားခြောက်ကြော်၊ အမဲခြောက်ထောင်းကြော်၊ ငါးပိကြော် စပ်စပ်၊ ပုဇွန်ခြောက်ကြော် နှင့် ပဲအမျိုးမျိုး အကြော်အလှော်တွေကိုလည်း စိမ်းက ကြိုက်လေ့ ရှိသည်။

သို့သော်… ကျမတို့ရဲ့ ပုံမှန်နေ့တွေ ပြန်လည် လည်ပတ်ချိန်မှာတော့ ကျမတို့၏ သားရဲတွင်းက ပြန်လည် သရုပ်ပေါ်လာမြဲသာ ဖြစ်ပါသည်။

+++++

စိမ်းက တနေ့တခြား ဖြူလျော် ပိန်ကျလာသည့်အချိန်မှာ ကျမကတော့ တီဘီဆေးတွေ ဖြတ်လိုက်ရပြီး ကျန်းမာရေး ကောင်းလာချိန် ဖြစ်သည်။ သို့ပေမဲ့ တကယ် စိတ်ကျ ရတာကတော့ ကျမပဲ ဖြစ်ခဲ့သည်။ ကျမတို့လောကထဲမှာ ကျောင်းသား ကျောင်းသူတွေက တစ်နှစ်ထက် တစ်နှစ် ပိုလို့ တော်လာ တတ်လာ၊ ထက်မြက်လာတာနှင့်အတူ ပိုလို့ ချမ်းသာ ပြည့်စုံလာကာ ဆရာ၊ ဆရာမတွေအပေါ်လည်း ပိုလို့ မခန့်လေးစား နိုင်လာ ကြသည်။ အထူးသဖြင့်တော့ ညှိုးလျော် နွမ်းပါးသော ဆရာဆရာမတွေကို အပေါ်မှ စီးကြည့်သော မျက်လုံးများပါပဲ။ အဲဒီ ဒဏ်ကို ကျမက မခံနိုင်ခဲ့ပါ။

ကျမ၏ အ၀တ်အစားတို့ကို ကြည့်ကာ သူတို့ မျက်လုံးတွေက လှောင်ပြောင်သည်ဟု ကျမ သိသည်။ ပြဌာန်းစာအုပ်ဖိုး ငွေသုံးဆယ်ပေးဖို့ကို ကျမရှေ့မှာ နှစ်ရာတန်အုပ်မှ ဖြုတ်ပေး၍ ပေးတာကိုလည်း ကျမကို သရော်သည်ဟု ထင်သည်။ ပြီးတော့ ကျမကို လှိုက်လှဲ နှစ်လို မရှိသော၊ တန်ဖိုးထားခြင်း မရှိသော မျက်လုံးတွေကိုလည်း ကျမ နာကျည်းသည်။

စိမ်းကတော့ အပြုံးမပျက် နေနိုင်ဆဲ။ ကျမ ဒေါသနှင့် ပြောပြသမျှကို ခေါင်းကို ခပ်ပျော့ပျော့ ခါယမ်းရင်း တည်ငြိမ်စွာ နားထောင်နိုင်ဆဲ။ ဒါပေမဲ့ စိမ်း၏ မျက်လုံးတွေကတော့ အားယုတ် သထက် ယုတ်လာခဲ့ပြီ။ ပြီးတော့ စိမ်းက ခုတလော အ၀တ်လျှော်တာလောက်နှင့်ပင် မောနေတတ်သည်။ စိမ်း နှုတ်ခမ်းတို့ကတော့ တင်းတင်း စေ့ သထက် စေ့ လာခဲ့သည်။ မာနရိပ်ကို စိမ်းမျက်နှာမှာ ပို တွေ့လာရသည်။

“စိမ်းရေ ငါတော့ အိမ်ကို ငွေမမှာလို့ မဖြစ်တော့ဘူး ထင်တယ်”ဟု ကျမ ပြောသည့်နေ့မှာတော့ စိမ်း၏ နူးညံ့သော မျက်လုံးတွေကို ပြန်လည် မြင်တွေ့ခဲ့ရသည်။

“အငုံ့ အိမ်က ပို့နိုင်မယ် ဆိုရင်တော့ မှာပေါ့ကွယ်၊ ဒါပေမဲ့ ငုံ့အိမ်က ငွေပို့ရင်တော့ စိမ်းနဲ့ ထမင်း တစ်အိုးတည်း စားလို့ မဖြစ်တော့ဘူးနော်၊ စိမ်းက ငွေမမှာဘဲ ထုံးစံအတိုင်း လောက်အောင် ချွေတာ စားမှာ ”

စိမ်း၏ မျက်လုံးတို့က အဝေးကြီးကို ငေးနေကြပြန်သည်။ သည်တစ်ကြိမ်မှာတော့ ကျမက ဆင်းရဲဒဏ်ကို တစ်ယောက်တည်း တေပေ ငုံ့ခံနေသော စိမ်းကို နည်းနည်း စိတ်တိုချင် လာခဲ့သည်။

“စိမ်း… သူတို့က နယ်မှာနေတာ၊ ပြီးတော့ ဆွေ နဲ့ မျိုး နဲ့ မိသားစုလိုက်၊ တို့က တစ်ယောက်တည်း၊ သူစိမ်းတွေနဲ့”
စိမ်းက ကျမရဲ့ စိတ်တိုသံအကြားမှာ အံ့သြဟန်ဖြင့် လှည့်ကြည့်၏။

“ဘယ့်နှယ် အငုံရယ်၊ မိသားစုလိုက် ငတ်တာ သက်သာတယ်လို့များ ပြောချင်တာလား ဟင်။ ပြီးတော့ ဘယ်တုန်းကများ ဆွေမျိုးတွေရဲ့ အထောက်အပံ့ကို မျှော်လင့်လို့ ရခဲ့ဖူးလို့လဲ။ ရက်စက်ပါပေ့ကွယ်… စိမ်းက တော့ .. ကိုယ်ပဲ အငတ်ခံမယ်၊ ပြီးတော့၊ အဲဒါကို မိသားစု မသိစေရဘူး”

စကားအဆုံးမှာတော့ စိမ်းက အံကြိတ်၏။ ပြီးတော့၊ ကျမကိုလည်း ကျောပေးပစ်လိုက်၏။

ကျမကတော့ စိတ်တို မပြေချင်သေးဘဲ ရှိသည်။

“ဒီမှာ စိမ်းရဲ့၊ ငါလည်း နင့်လောက်တော့ သတ္တိကောင်းပါတယ်။ ခုဟာက မဟာဝိဇ္ဇာကျမ်း ပြုဖို့၊ Thesis လုပ်ဖို့အတွက် ပြောတာ။ ဘယ်မှာလဲ Thesis လုပ်ဖို့ ပိုက်ဆံ။ အဲဒီအတွက် လိုအပ်တဲ့ ဓါတ်ပုံတွေ ရိုက်ဖို့၊ အကူအညီတောင်းရမယ့် လူတွေကို ကန်တော့ဖို့၊ လိုအပ်တဲ့ ခရီးစရိတ်တွေ၊ Thesis ငါးအုပ် ရိုက်ဖို့တွေ၊ အဲဒီအတွက် လိုတဲ့ငွေ တစ်သောင်းလောက်ကို ငါ အိမ်က မတောင်းရင် ဘယ်က ရမှာလဲ စိမ်း”

သည်တော့မှ စိမ်းရဲ့ မျက်နှာက သွေးဆုပ်သလို ဖြူလျော်သွားတော့သည်။ ကျမကို ငေးကြည့်နေသော်လည်း မမြင်ရသလို မျက်လုံးတို့က သေနေခဲ့သည်။ ခဏကြာမှ သူ့နားက နားကပ်ကလေးကို ကိုင်ပြီး “ငါ့အဖွားပေးတဲ့ အမွေနားကပ်က အဲလောက်တော့ ရမှာပဲ။ ခုပေါ်နေတဲ့ Fancy နားကပ်လေးတွေ ပန်မှာပေါ့ ငုံရဲ့၊ အဖွားကလည်း ငါ့ပညာရေးအတွက် သူ့နားကပ်ကလေး ရင်းလိုက်ရတာကို ဟိုဘက်ဘ၀ကနေ သိမှာပါ ဟာနော်”ဟု ခပ်ဆဆ ပြော၏။ ကျမက တမင်ပဲ အသံထွက်အောင် ရယ်ပစ်လိုက်ပြီး “နင်ကလေ… တော်တော် တရားတယ်၊ ငါ့မှာက အဲ့လို ရောင်းစရာ မရှိဘူးဟဲ့၊ ”ဟု ပြောတော့ စိမ်းကပါ လိုက်ရယ်ကာ ကျမတို့ နှစ်ယောက်လုံး မျက်ရည်တွေ ကျလာခဲ့ ကြသည်။

ပြီးတော့၊ ထိုမျက်ရည်တွေက ရယ်လွန်းလို့ ကျရတာပဲဟု နှစ်ယောက်စလုံးက တက်ညီလက်ညီ ယုံကြည်ပစ်ခဲ့ ကြသည်။


+++++

အဲဒီ နောက်ပိုင်းမှာတော့ ကျမ နှင့် စိမ်းတို့သည် စိတ်ကူးယဉ်နှင့် လက်တွေ့ မည်မျှ ကွာခြားသည်ကို ပို၍ ပို၍ သိလာကြရတော့သည်။ စိမ်း နားကပ် ရောင်း၍ ရသော ငွေက ခြောက်ထောင်ကျော်ပဲ ရရာ ထိုငွေကလေးက ဆင့်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်ခဲ့ပြီး ကျမကိုယ်တိုင်ကတော့ အိမ်ကို ငွေအလုံးအရင်းနှင့် မမှာရဲ၍ အလီလီ မှာရတာကိုလည်း အားနာကာ ကျမတို့ နှစ်ယောက် အမောပင်လယ်ထဲ လက်ပစ်ကူးဆဲ။

တစ်ရက်မှာတော့ စိမ်း ချောင်းဆိုးရာမှ ထွက်လာသော သွေးစကို ကျမ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်။ ကျမက မျက်နှာပျက်ကာ တုန်တုန်ယင်ယင် ဖြစ်လာချိန်မှာ စိမ်းက ခပ်လျော့လျော့ ပြုံးနိုင်ဆဲ။ ကြည့်စမ်း၊ ခုမှ ကျမ ရိပ်မိလာသည်။ ခုလို သွေးစတွေ စိမ်း ဘယ်လောက် များများ တွေ့ပြီးနေခဲ့ပြီလဲ။

“စိမ်း.. ဆရာဝန် ပြရမယ်” ကျမ အသံက ငိုသံ ပေါက်နေသည်။
စိမ်း မျက်နှာ တင်း လိုက်သည်။
“ဆရာဝန်ပြတယ်ဆိုတာ ရောဂါ မသိလို့၊ ဆေးကုဖို့ အငုံရဲ့။ ငါ့ရောဂါ ငါ သိတယ်။ တီဘီ ပဲ ဖြစ်မှာပေါ့။ ပြီးတော၊့ ငါက ဆေးကုမှာမှ မဟုတ်ဘဲ။ တစ်လကို ငါ့ရောဂါအတွက် ငွေနှစ်ထောင်နဲ့ အနည်းဆုံး ခြောက်လ သုံးဖို့ ဘယ်လိုနည်းနဲ့မှ ငါ မတတ်နိုင်ဘူး အငုံ”

ကျမ ကြက်သီးတွေ ဖြန်းကနဲ ထသွားသည်။ အမယ်လေး.. သတ္တိကောင်းလိုက်တဲ့ မိန်းမ.. လို့ ပြောလိုက်ရမလား၊ ဒါမှမဟုတ် မိုက်မဲလိုက်တဲ့ မိန်းမ.. လို့ပဲ ညည်းတွား ရမလား၊ ကျမပင် မဝေခွဲတတ်တော့။

နောက်တော့၊ သိပ်မြန်တာပါပဲ။ စိမ်းက စာမသင်နိုင်လောက်အောင် မောပန်း အားကုန်ခဲ့ပြီ။ ဟန်မလုပ်နိုင် လောက်အောင် နေမကောင်းသည့် ရုပ် ပေါက်လာခဲ့ပြီ။

“ငါ အလုပ်ထွက်စာ တင်တော့မယ် အငုံ။ နောက်ဘ၀မှာ ပညာတတ်မဖြစ်တာထက် အူမ မတောင့်တဲ့ ခု ဘ၀ဒဏ်ကို ငါမခံနိုင်တော့ဘူး”

ကျမမှာ စိမ်းကို တုံ့ပြန်စရာ စကားမရှိတော့။ နင် ဘာလုပ်မလဲ ဆိုတာပင် မမေးဖြစ်တော့။ စိတ်ထဲမှာ… “ဆရာ ဆရာမတွေနဲ့ အဆုတ်ရောဂါဆိုတာ မိတ်ဆွေအရင်းကြီးတွေပဲ“ ဟူသည့် သူငယ်ချင်း ဆရာဝန်တစ်ယောက်၏ ဟာသစကားကိုပင် သတိရ နေသေးသည်။ သို့ပေမဲ့ ဆရာ ဆရာမတွေအတွက် အဲဒီ အဆုတ်ရောဂါကိုဖို့ အကူ စရိတ်တွေ၊ အထူး ဆေးရောင်းပေးခြင်းတွေ၊ အခမဲ့ ဆေးကုသခွင့်တွေ ရှိသင့်တယ် ဆိုတာကိုတော့ သူငယ်ချင်းက ဆက် ပြော မသွားခဲ့ပေ။

တကယ်ပဲ စိမ်းက အလုပ်ထွက်စာ တင်ခဲ့သည်။ အဲဒီ ရက်တွေမှာ စိမ်းမျက်နှာက သနားစရာ ကောင်းသလို ခြောက်ခြားစရာလည်း ကောင်းနေခဲ့သည်။ တမင် လုပ်ရယ်ထားသော မျက်နှာဖြင့် “ငါအသုတ်စုံ ကောင်းကောင်း လုပ်တတ်တာပဲ အငုံရယ်… အသုတ်ရောင်းပြီး Thesis ဆက်လုပ်မယ်။ တစ်နေ့ကို အောက်ထစ် တစ်ရာလောက် အမြတ် ကျန်ရင်တောင် တစ်လကို သုံးထောင်တော့ ရမှာပဲ။ ပြီးတော့ ရုံးချိန်လောက်တောင် လုပ်စရာ လိုမှာ မဟုတ်ဘူး။ ပြီးတော့၊ ငါက သူများထက် သာမှာကွ၊ ခင်ခင်စိမ်း၊ အမ်အေ၊ သီးဆစ်၊ အသုတ်စုံလို့ ဆိုင်းဘုတ် တပ်ရမှာ မဟုတ်လား”ဟု ပြောတတ်သော်လည်း သူဘယ်လောက် ကြေကွဲ နေရသလဲ ဆိုတာ ကျမ ကတော့ သိနေခဲ့သည်။

အဲဒီ ရက်ပိုင်းမှာပဲ ထွက်စာကိစ္စတွေ အမောတကော လိုက်လုပ်နေရင်း ဗြုန်းကနဲ စိမ်း အိပ်ရာထဲ လဲသွားခဲ့သည်။ အဲဒီ မနက်မှာ “ငါ မူးလိုက်တာ အငုံရယ်။ ဘယ်လိုမှ မထ နိုင်တော့ဘူး၊ ငါ ကြွေးကျန် ကိစ္စ တွေအတွက် ၀န်ထမ်းရေးရာကို သွားဖို့ရှိတယ်”ဟု ပြောပြီး မျက်စိမှိတ်ကာ ငြိမ်သွားခဲ့သည်။ ပြီးတော့ စိမ်း အိပ်ပျော်သွားချိန်မှာပဲ ကျမကလည်း ကျောင်းလာခဲ့ရသည်။ သိပ်လည်း စိတ်မပူမိ။ ခုလိုပဲ မူးရင်း မောရင်း.. စိမ်း ကျင်လည်ခဲ့တာ ကြာပြီမို့ ကျမ အဖို့ ရိုးပင် နေပြီ။

အဲဒီနေ့က၊ ကျောင်းမှာ ကျူတိုရီရယ်အမှတ်တွေ ဖြည့်ဖို့ ကျန်နေတာပင် မလုပ်တော့ဘဲ ကျမ အတန်းပြီးချိန် လေးနာရီ ခွဲ မှာ အဆောင်ကို ပြန်ခဲ့သည်။ စိမ်း နေမကောင်းတာ ဘယ်လို နေပါလိမ့်။

အဆောင်က တိတ်ဆိတ်လို့ နေသည်။ လူစုံ ပြန်ရောက်သေးဟန် မတူ။ ကျမတို့ အခန်းရှိရာ အဆောင်ရဲ့ အစွန်ဆုံးဘက်မှာ ခပ်မှောင်မှောင် ဖြစ်နေ၏။ စိမ်း အိပ်နေပြန်ပြီ ထင်ပါရဲ့။ အခန်းတံခါးကို တွန်းဖွင့်တော့ ကျမ ထွက်လာစဉ်က အတိုင်းပဲ အခန်းက ပြတင်း ဖွင့် လျှက်။ ခန်းဆီးလေးပင် စိမ်းက လှပ် မတင်ခဲ့။ စိမ်းက အိပ်နေဆဲ။

ရုတ်တရက် ကျမ အာရုံတို့က လွန့်ကနဲ ဖြစ်သွားသည်။ ကျမ ထွက်သွားစဉ်ကတည်းက စိမ်း ဒီပုံစံအတိုင်းပဲ အိပ်နေသတဲ့လား….။ ရုတ်တရက် ကျမ လက်တို့ အေးစက်ကာ ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။ မယုံရဲစွာ စိမ်းကို ကြည့်ရင်း “စိမ်းရေ” ဟု ခေါ်မိချိန် မှာ တော့ ကျမ အသံက တုန်ယင် လွန်းနေပြီ။
စိမ်းရေ….
စိမ်းရေ…..
ကျမ သေချာသွားခဲ့ပြီ။ စိမ်းရေ… လို့ အာခေါင်ခြစ် အော်လိုက်မိချိန်မှာတော့ ကျမ ကိုယ်တိုင် ကြမ်းခင်းပေါ် လဲပြိုကာ အားလုံးကို မေ့သွားခဲ့ပြီ။

ကျမ သတိလည်လာချိန်မှာတော့ စိမ်းကို ဆေးရုံကားက လာသယ်သွားပြီတဲ့။ ကျမ နံဘေးမှာလည်း အဆောင် ဖော်တွေ ၀ိုင်းလို့ ။ အငိုမျက်လုံး တစ်စုံ နှစ်စုံကိုလည်း တွေ့သည်။ ကျမကတော့ ငိုမရဘဲ ကြောင်အ နေခဲ့သည်။ ပြီးတော့ ငိုရမှာလားလည်း မသိ။

“စိမ်း တကယ်ပဲ… မရှိတော့ဘူး မဟုတ်လား ဟင်”
ကျမ အသံက တိုးတိုးလေး ထွက်လာပေမဲ့ သေချာမှုတွေနှင့် မြဲမြံနေခဲ့သည်။

ဘေးခန်းမှ သီတာဆိုသော ညီမကလေးထံမှ ငိုရှိုက်သံ တစ်ချက်၊ အင့်ကနဲ ထွက်လာ သည်။ အဆောင်ပိုင်ရှင် အန်တီအေးက ကျမ လက်ဖ၀ါးတွေကို ကိုင်ဆုပ် လိုက်သည်။ အန်တီအေး လက်တွေက အေးစက်လို့။ ပြီးတော့ သူ့မျက်လုံးတွေလည်း အေးစက်လို့။ ကျမကတော့ မျက်နှာကျက်ကိုပဲ ငေးနေမိတော့သည်။ စိမ်းရယ်… နင်ငါ့ကို ထားခဲ့တာ တော့ ရက်စက်လွန်း၊ မြန်ဆန်လွန်းပါတယ်။

ဒါပေမဲ့… စိမ်းအတွက်တော့ အငုံ ကျေနပ်ပါတယ်ကွယ်။ ဒါပေမဲ့… လွမ်းတော့ လွမ်းတယ် စိမ်းရယ်… အငုံ့မှာ ဖက် ငိုစရာ၊ တိုင်ပင် ရင်ဖွင့်စရာ၊ ဖြေသိမ့်စရာ အဖော် မရှိတော့ဘူး မဟုတ်လား။ ပြီးတော့ စိမ်းထွက်သွားခဲ့တာ မယုံနိုင်စရာ ကောင်းလွန်းလှတယ်.. ညင်သာ လွန်းလှတယ်ကွယ်။

+++++

ဆရာဝန်ရဲ့ မှတ်ချက်က နှလုံးရောဂါ တဲ့။ အသက်နှစ်ဆယ့်ရှစ်နှစ်သာ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်က နှလုံးရောဂါကြောင့် အိပ်ယာထဲမှာ အိပ်နေရင်း အသက် ထွက် သွားခဲ့ရသတဲ့။ အငုံကတော့ တိုးတိုးကလေး ရေရွတ်နေမိတယ်။ ဟုတ်ရဲ့လား.. ဆရာရယ်… နှလုံးရောဂါလား…၊ စိတ်ရောဂါလား… သေချာရဲ့လား ရှင်။ ဒါပေမဲ့ အတူတူ ပါပဲနော် ဆရာ။ စိတ်ဆိုတာဟာလည်း နှလုံးသည်းပွတ်က ဖြစ်တာပဲမဟုတ်လား။



ဒါပေမဲ့ ဘယ်သူတွေ ဘာတွေပြောပြော… စိမ်းကတော့ ငြိမ်းအေးရာ ရောက်သွားပြီ။ အင်မတန် လျှို့ဝှက် သိပ်သည်းပြီး တိတ်တိတ်ကလေး ခံစားတတ်တဲ့ စိမ်းက တိတ်တိတ်ကလေးပဲ ထွက်သွားခဲ့ပြီ။ အမြဲ ညည်းညူလို့ ငိုကြွေးရတဲ့ အငုံ့မှာသာ ဘ၀ရော …နာမ် ရော… အားလုံး ပုံ လဲလို့ စိမ်းရဲ့ နောက်ကို တရွတ်တိုက် လိုက် နေရ ဦးတော့မှာပါ။

ခုတော့… ကျမက ဟိုး ရှေးရှေး ပုံပြင်တွေထဲကလို စိတ်သောက ရောက်လို့ ရင်ကွဲနာ ကျပြီး သေဆုံးသွား ရတယ် ဆိုတဲ့ ဇာတ်လိုက်တွေ နေရာမှာ စိမ်းကိုပဲ မြင်ယောင် နေမိပါ တော့သည်။ ။

ဂျီအီးစီ မဂ္ဂဇင်း၊ မေလ ၊ ၁၉၉၄



Jul 29, 2007

ရင်ကွဲနာ(၁)

ကိုယ်ကျင့်တရားဆိုတာကို ကျမ ပြောခဲ့သမျှမှာ ကိုယ်တိုင် ယုံကြည်လက်ခံထားတဲ့ အတိုင်းသာ ပြောခဲ့တာပါပဲ။ အနှစ်ချုပ်ကတော့ ကိုယ်ကျင့်တရား ဆိုတာမှာ…
- မကောင်းမှုပြုဖို့ ရှက်တတ် ကြောက်တတ်တာ။
- သူတပါး ဒုက္ခရောက်ပြီးမှ ရရမယ့် အကျိုးကို မယူတာ။
- အများရဲ့ ကိုယ် စိတ် နှလုံး သုံးပါးကို ထိခိုက်စေတဲ့ အပြုအမူကို မလုပ်တာ။
ဒါတွေပါပဲ။ ဒါတွေကို ဖြန့်တွေးရင် အများကြီး တွေ့မှာပါ။ ကျမရဲ့ သူငယ်ချင်း တယောက်ကတော့ အဲဒါတွေဟာ ဘယ်သူမှ မကျင့်ကြံနိုင်တဲ့ အရာတွေလို့ ပြောပါတယ်။

ကျမကတော့ အဲဒီ အကြောင်းပြချက်ကို လက်မခံပါဘူး။ လိုက်နာ ကျင့်ကြံဖို့ ထိန်းသိမ်းဖို့ ခက်ခဲတယ် ဆိုတာ လောက်ထိသာ လက်ခံနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျမတို့ ကမ္ဘာမှာ ကိုယ်ကျင့်တရား ကောင်းတယ်လို့ တသသ ချီးကျူးရသူ ဦးရေ နည်းပါးလှတာပါ။ တော်ရုံလူ မလိုက်နာနိုင်ပါဘူး ဆိုတဲ့ အဲဒီ ကိုယ်ကျင့်တရား (ညီမလေး ခွန်မြလှိုင် ကတော့ လောကပါလ တရား လို့ သုံးပါတယ်)ကိုပဲ အသက် အသေခံပြီး ထိန်းသိမ်းသွားတဲ့ သူတွေ ရှိပါတယ်။ သူတို့ကို ကမ္ဘာကြီးက မသိရင်တောင် သူတို့ဝန်းကျင်လေးကတော့ သိပါတယ်။ အဲလို လူမျိုးတွေကို ပတ်ဝန်းကျင်တစ်ခုကတော့ သိမှတ် ဂုဏ်ပြုပြီး လေးစားရပါတယ်။ ပြီးတော့ သူတို့အနားက ကိုယ်ကျင့်တရား မထိန်းသူတွေလည်း တိတ်တဆိတ်တော့ အရှက်ရသွားခဲ့ပါတယ်။ တချို့ အတုယူပြီး လိုက် ကျင့်ကြံကြတာမို့် အဲဒီ ၀န်းကျင်လေးအတွက် လိုအပ်နေတဲ့ အမှန်တရား ထွန်းကားခဲ့ဖူးပါတယ်။

အရေးကြီးတာကတော့ ကိုယ်ကျင့်တရားကို ထိန်းရကောင်းမှန်းသိဖို့ ထိန်းချင်တဲ့သူ များလာဖို့ နဲ့ ထိန်းသူ များလာရင် လောကကြီး ငြိမ်းချမ်းဖို့ပဲ ဆိုတာကို လက်ခံ ယုံကြည်ကြ စေချင်တာပါပဲ။(ဒါနဲ့ ပတ်သက်ပြီး s0wha1 နဲ့ ကိုမိုးညို ကလည်း သူတို့ အယူအဆကို ရေးထားပါသေးတယ်)

လောလောဆယ်တော့ … အယူအဆတွေ ထပ်ပြောစရာ မရှိတော့တာကြောင့်..
ကိုယ်ကျင့်တရားကို အသက်နဲ့လဲထိန်းသွားတဲ့ လူတယောက်အကြောင်း ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ၁၉၉၄ခုနှစ်တုန်းက ကျမ ရေးခဲ့ဖူးတဲ့ ၀တ္ထုတိုလေး တစ်ပုဒ် တင်ပေးချင် ပါတယ်။ အဲဒီဝတ္ထုကို အပြင် မဂ္ဂဇင်းတွေမှာ တင်တော့ စိစစ်ရေးက သတိပေးတာ.. တားမြစ်တာ ခံရပါတယ်။ ဒါနဲ့ အဲဒီတုန်းက ဂျီအီးစီင်္မဂ္ဂဇင်း က ၀တ္ထုတောင်းတာနဲ့ ကြုံတော့ အသာလေး ပေးကြည့်တာ။ ပုံနှိပ်ပြီး စာပေစိစစ်ရေးပြန်တင်ချိန်မှာတော့ အဆုတ်ဖြဲ ခံရပါတယ်။ အဲဒီဝတ္ထုလေးကို ပြည်ပမှာ ဖွဲ့စည်းထားတဲ့ BMA(Burma Media Association)က ဦးစီးထုတ်ဝေတဲ့ ဥဒါန်းမဂ္ဂဇင်း အမှတ်-၅ မှာ ပြန်ဖော်ပြဖြစ်ခဲ့ပါတယ်။

ဝတ္ထုတို ဆိုပေမဲ့ နည်းနည်း ရှည်နေလို့ နှစ်ပိုင်း ခွဲပြီး တင်လိုက်ပါတယ်။

ရင်ကွဲနာ

(ဥဒါန်းမဂ္ဂဇင်းထဲက သရုပ်ဖော်ပုံပါ)

(၁)

ကျမကတော့ စိမ်း၏ဇာတ်သိမ်းကို စိတ်ထိခိုက် ကြေကွဲရသည့်ကြားမှပင် ကျေနပ်ချင်ချင် ဖြစ်မိပါသည်။ ဒါဟာ… လွတ်မြောက်ခြင်းပဲဟုလည်း ယုံကြည်နေသေးသည်။ အများ ကတော့ ဘယ်လို ခံစားကြမည်မသိ။ ဖြစ်နိုင်ခြေကတော့ ငယ်ငယ်လေးနှင့် ဘ၀ ဇာတ် သိမ်းသွားရသည့် စိမ်းကို နှမျော တသ ကြမှာပဲ ဖြစ်သည်။ ကျမ ကတော့ စိမ်းကို ရင်းနှီး သိကျွမ်းသည်နှင့်အမျှ စိမ်းနှင့် ခံစားချက်တူ၊ ဘ၀တူ၊ ခံယူချက်တူသူမို့ ခုချိန်မှာ စိမ်းနှင့် တသဘောတည်းသာ ခံစားရသည်ဟု ယုံကြည်ပါသည်။

ထိုအခါ… စိမ်း၏ ဇာတ်သိမ်းအတွက် စိမ်းကို ခွဲခွာရခြင်းအတွက် လွမ်းဆွတ်ရခြင်းမှ လွဲလျှင် ကျေနပ်ရခြင်းကို သာ ကျမ ခံစားရတော့သည်။

+++++

(၂)

ကျမအတွက်တော့ စိမ်းက အိပ်ပျော်နေသလိုပါပဲ။ စိမ်း အိပ်ပျော်နေသည်ကို ကျမ အမြဲ မြင်တွေ့ခဲ့ရဖူးတာပဲ။ စိမ်းက ပိန်လှပ် ဖြူဖျော့ကာ မျက်တွင်းညို ၊ ပါးရိုးကျသူမို့ စိမ်း အိပ်ပျော်နေလျှင်(မပြောကောင်း၊ မနှိုင်းကောင်း) လူသေကောင်နှင့် တူနေတတ်သည်။ ဒါကို စိမ်းကိုယ်တိုင်လည်း ရယ်ပွဲဖွဲ့ ပြောတတ်၏။

“ငါသေလို့များ လူတွေက အိပ်နေသလိုပဲလို့ ပြောရင်တော့ ငါ ၀ိဥာဉ်ဘ၀မှာ ရယ်ချင်မှာပဲ။ ဘာလို့ဆို ငါ အိပ်ပျော်တာကလည်း သေနေတာနဲ့ တူနေတာကိုး” ဟု ရယ်ဟဟ ပြောတတ်သည်။ အဲဒီ ရယ်သံရဲ့ အဖျားမှာ တုန်ယင်သံတော့ အနည်းငယ် အဖျားခတ် ပါသွားတတ်တာ ကျမကတော့ သိသည်။ ဘ၀အပေါ် နာကျင်သော တုန်လှုပ်သံပေါ့။

စိမ်းက အင်မတန် ငြိမ်သက်သည်။ ကျမက “နင်က ငြိမ်လွန်းအားကြီးတယ်။” ဟု ဝေဖန်တော့ “ငါ့မှာ ပြောစရာ စကားတောင် မချမ်းသာတော့ဘူး ထင်ပါရဲ့ဟာ” ဟု စိမ်းက ခပ်တိုးတိုးကလေး ပြန်ပြောတတ်သည်။ သို့ပေမဲ့၊ တခါတရံမှာတော့လည်း စိမ်းက ငြိမ်သက်နေရာမှ “ငါ အသက်ရှူကျပ်လိုက်တာဟာ...”ဟု အထပ်ထပ် အခါခါ ရေရွတ်တတ်သည်။ တကယ်တမ်း၊ အသက်ရှူရ ကျပ်ခြင်းတော့ မဟုတ်ပါ။ စိမ်းမှာ ဖိစီးနေကျ စိတ်ဆင်းရဲဒဏ် တွေ ရောက်လာပြန်ပြီ ထင်၏။

ခုနောက်ပိုင်းကျတော့ စိမ်းက “ခုနေများ ငါသေသွားရင် ဆိုးခဲ့တဲ့အတိတ်ကံတွေက ခုဘ၀မှာ ကုန်ပါ့မလားဟင် အငုံ၊ ခုဘ၀မှာတော့ ငါ ဘာတစ်ခုမှ မကောင်းတာ မလုပ်ခဲ့ဖူးသေးတာ သေချာပါတယ်။ ”ဟုလည်း မကြာခဏ ညည်း တတ်လာသည်။

မှတ်မှတ်ရရ၊ အဲဒီနေ့မှာ စိမ်း ချောင်းဆိုးတော့ သွေးစတချို့ ပါလာတာကို ကျမ တွေ့ခဲ့ရတာ ဖြစ်သည်။ စိမ်းက တော့ မထူးဆန်းသလို ပါပဲ။ သူ့ မျက်နှာက သေလို့။ တကယ်က အဲဒီ မျက်နှာရဲ့ အရောင်ကိုက ဘာမထီ ထုံပေ အေးစက်သော မျက်နှာဆိုတာ ကျမကတော့ သိနေခဲ့သည်။

“စိမ်း နင် ဆေးခန်းပြမှ ဖြစ်မယ်” ကျမ၏ အသံက တောင်းပန် တိုးလျှိုးဟန် ပေါက်နေသည်။ စိမ်းက တစ်ချက် ပြုံး၏။ ပြီးတော့၊ မျက်လုံးတွေက တဖျတ်ဖျတ်တောက်ကာ ဆေးဖိုး မပါသေးပဲနဲ့တင် ၊ ဆရာဝန်စမ်းသပ်ခက တစ်ရာ တဲ့ အငုံ ရဲ့။ ငါ ဘာကို ရွေးရမလဲလို့တောင် မေးစရာမှ မလိုဘဲ အငုံရယ်။ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် အလုပ်လည်း ပင်ပန်းတဲ့ မိန်းမတစ်ယောက်ဟာ တစ်နေ့ကို ထမင်းတစ်နပ်တော့လည်း စားရမှဖြစ်မယ် မဟုတ်လား.. ဟု ပြောတော့ စိမ်းအသံတို့က မာနေပြန်သည်။ ပြီးတော့ စကားအဆုံးမှာ အံကိုပင် ကြိတ် လိုက်သေးသည်။

ကျမကတော့ “ငါတို့ဝိုင်းပြီးထောက်ပံ့…” ဟူသော စကားတစ်ခွန်းကို အတွေး၌ပင် အပြည့် မတွေးရဲဘဲ ရှိနေခဲ့၏။

+++++
(၃)

တက္ကသိုလ်က နည်းပြဆရာမဘ၀မှာ အငုံဆိုသောကျမ နှင့် စိမ်းတို့က ဘာသာရပ်ဌာနချင်း မတူသော်လည်း အပြင်ဆောင်မှာနေကြရစဉ်မှာ တစ်ခန်းတည်း ဆုံခဲ့ကြသည်။ စိမ်းကတော့ ကျမတို့၏ တိုက်ဆိုင်မှုကို တအံ့ တသြ ရှိခဲ့၏။ “ဒီတခါ ကံကြမ္မာက ငါ့ဘက် လိုက်သေးသား”ဟု မျက်လုံးတွေဝိုင်းပြီး ပြုံးရယ် ပြောဆိုခဲ့သေးသည်။ စိမ်း နှင့် ကျမက သိပ်ကို အသွင်တူ ဘ၀တူကိုး။ စိမ်းက ကျမထက် အရင် အဆောင်ကို ရောက်နေခဲ့သည်။ အဆောင်ဝင်သည့်နေ့မှာ ကျမရတဲ့အခန်း၏ တံခါးကို ဖွင့်ဝင်လိုက်စဉ်မှာပဲ မျက်နှာကျက်ကို မျက်လုံးငေးများဖြင့် တွေကြည့်နေသော စိမ်း နှင့် ကျမ စတွေ့ခဲ့ရခြင်း ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင်တော့ ကျမ၏ အခန်းဖော်ကြောင့် ကျမ ပျော်သွားခဲ့ရပါသည်။ အခန်းထဲမှာ တစ်ယောက်အိပ် ကုတင်သေးသေးလေးနှစ်လုံးကို နံရံတဘက်စီ ကပ်ထားပြီး အလယ်မှာ စားပွဲတစ်လုံး ချထား သည်။ ထိုစားပွဲပေါ်မှာတော့ စာအုပ် သုံးအုပ် ထပ်ထား သည်ကလွဲလို့ ဘာမှ ရှိမနေပါ။ ပြီးတော့၊ အခန်းဖော်ရဲ့ ကုတင်ပေါ်မှာလည်း ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်ကြမ်းတစ်ထည် နှင့် ခြင်ထောင်တစ်လုံးမှအပ မွေ့ရာ၊ ဖက်ခေါင်းအုံးတို့ပင် ရှိမနေပါ။ ပြီးတော့၊ ခုတင်ရဲ့ ခြေရင်းဘက်မှာ သံသေတ္တာ တစ်လုံး၊ ကုတင်ခေါင်းရင်းဘက် မှာ ထင်းရူးသေတ္တာ တစ်လုံး။ အဲသည်ကတည်းကပင် စိမ်း နှင့် ကျမ တို့က တူညီခဲ့ကြတာ ဖြစ်သည်။ တကယ်လို့ များ ကျမ၏ အခန်းဖေါ်က ကျမထက် ပြည့်စုံကြွယ်ဝခဲ့လျှင် ကျမ အနည်းအကျဉ်းပင်ဖြစ်စေ စိတ် ဆင်းရဲရ နိုင်သည် မဟုတ်လား။

ဘယ်လောက်ပဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးဆိုသော်လည်း အခြေအနေ ကွာခြားမှုကို အနီးကပ် ခံစားရလျှင် တော့ဖြင့် ကျမ တာရှည် စိတ်ခိုင်မာနိုင်ဖို့ မလွယ်ပါ။ ကျမ ကြည့်နေဆဲ စိမ်းက ကျမကို ပြုံးပြလိုက်သည့် အခါမှာတော့ ကျမက စိမ်းကို ညီအစ်မအရင်းလို ချစ်ခင်မိ သွားတော့သည်။

+++++

ကျမက စာရေးစားပွဲရှေ့က နံရံမှာ စာရွက်တစ်ရွက် ကပ်လိုက်ပါသည်။
ဆန် -၁၃၀ိ
စားအုန်းဆီ - ၂၀ိ
အဆောင်လခ -၄၀၀ိ
အထွေထွေသုံး -၂၅၀ိ
(ကိုယ်တိုက်ဆပ်ပြာ၊ အုန်းဆီ၊ သနပ်ခါးတုံး၊ ထီး၊ ဖိနပ်၊ ကားခ
စသည်…)တစ်လ ပျမ်းမျှ - ၈၀၀ိ
အသားတင် လစာ -၁၃၀၀ိ
မဖြစ်မနေ အသုံးစရိတ် - ၈၀၀ိ
ဟင်းလျာဝယ်ရန် - ၅၀၀ိ

စိမ်းက ဖတ်ရင်း ရယ်ပြန်ပါသည်။ ပြီးမှ ထုံးစံအတိုင်း သူ့အသံ တိုးတိုးကလေးဖြင့် “အဲဒီ ငါးရာလုံးကို အငုံက ဟင်းချက်စားမယ်ပေါ့၊ ဟုတ်လား” ဟု ရယ်သံတ၀က်ဖြင့် ပြော၏။ သည်တော့ ကျမပင် ရှက်သွားမိသေးသည်။ “အမယ်… စိမ်းကလဲ၊ ခုဆို ဆပ်ပြာတို့ ဖယောင်းတိုင်တို့ကလည်း ဂျီအီးစီက ရနေတာပဲဟာ”ဟု ရှက်ရမ်းသော အသံဖြင့် ပြန်ပြောမိ၏။ စိမ်းကတော့ ရယ်ဟန်မဖျောက်ဘဲ “သာရေး၊ နာရေးကိုကျတော့ အငုံ မထည့်တော့ ဘူးတဲ့လား”ဟု ဆက်ပြောသည်။

ကျမကတော့ အဲဒီအချိန်လေးမှာ “စိမ်းကတော့ စိတ်ညစ်ရတာတွေထဲ မလွတ်နိုင်ဘဲ နစ်သထက် နစ်လာတာ များလွန်းလို့ မငိုချင်တော့ဘူး၊ ရယ်ပဲ ရယ်ချင်တော့တယ်။ ဒါပေမယ့် အငုံရယ် ရယ်ရတာကိုက ရင်ထဲမှာ နာလိုက်တာ..” ဟု ပြောဖူးသော စိမ်းရဲ့ အသံကလေးကိုပဲ ပြန်ကြားယောင်နေမိသေးသည်။

ခဏကြာတော့ စိမ်းက ငြိမ်သက်သွားပြန်ကာ “အဲဒီ ပိုက်ဆံနဲ့ အငုံက ဘာဟင်းတွေများ ချက်စားမှာလဲကွယ်” ဟု လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ချစ်စနိုး ကျီစယ်သော အသံဖြင့် ပြောပြန်သည်။ သည်တော့ လည်း ကျမကပင် အလေးအနက်ဖြင့် “အဲဒီ ၅၀၀ိ မှာ ၂၀၀ိ ကို မုန့်ဖိုးဖယ်လိုက်ကွာ၊ ကျန်တဲ့ ၃၀၀ိ ကို ငုံ နဲ့ စိမ်း နှစ်ယောက်ပေါင်း ၆၀၀ိ နဲ့ဆို မဆိုးပါဘူး စိမ်းရဲ့။ ဘဲဥဆို နှစ်လုံး ချက်မယ်လေကွာ။ လေးခြမ်း၊ မနက်တစ်ခြမ်း၊ ညတစ်ခြမ်း၊ ဘဲဥနှစ်လုံးက ၁၅ ကျပ်၊ ကြက်သွန်နှစ်ဥက ၃ ကျပ်၊ အချိုမှုန့် နဲ့ ဆိုမှ ဟင်းတစ်အိုးကို နှစ်ဆယ်၊ အစိတ် လောက်ပဲ ကျမှာ။ အဲဒါဆို တစ်ရက် အစိတ်နဲ့ဆို အကိုက်လောက် ကျမှာပဲ” ဟု စိမ်းကို ဖြေရင်း ပြောပြ၏။ စိမ်းက ကလေး တစ်ယောက်ဟန်ဖြင့် နှုတ်ခမ်းကို စူလိုက်ပြီး “တခါတလေများ ကြက်သားလေး၊ ငါးလေး မစားရဘူးလား အစ်မရယ် ”ဟု နောက်၏။

“ကြက်” ကျမ ရေရွတ်တော့ စိမ်းက ရယ်လိုက်ပြန်သည်။ “ကြက် ဆိုရင်တော့ အစိတ်သားမှ ဈေးသည်က ရောင်းမှာအေ့၊ အဲဒါဆို ကြက်သားဖိုးကချည်း ကိုးဆယ်နား နီးနေပြီ၊ မေ့ပစ်လိုက်အချစ်ရေ… မေ့ပစ်လိုက်တော့ အချစ်ကလေးရေ…” ဟု ကျမက တွက်ရင်း သီချင်းအော်ဆိုတော့ စိမ်းက မျက်ရည်ပင် လည်လာခဲ့သေးသည်။ ထိုအခါ ကျမက သူ စိတ်ထိခိုက်တာကို ပေါ့ပါးသွားစေ လိုလာပြန်သည်။

“ဟေ့ စိမ်းရဲ့.. ကြက်နဲ့ ကုလားပဲက အင်အားဖြစ်စေတဲ့နေရာမှာ သိပ်မကွာပါဘူးကွ” ဟု ဆိုလိုက်တော့ စိမ်းက မျက်ရည် တလည်လည်နှင့်ပင် ခေါင်းတဆတ်ဆတ် ညိတ်ပြတတ်၏။ “ကုလားပဲ နဲ့ အာလူးကို ကုလားဟင်းလို မဆလာနိုင်နိုင်နဲ့ ချက်ရင် ကြက်သားဟင်းနံ့ ထွက်တယ်” ထိုသို့ ကျမက ဆက်ပြောသည့်အခါမှာတော့ စိမ်းက နှစ်နှစ်ခြိုက်ခြိုက် ပြုံးကာ ကျမပါးကို လှမ်းဖျစ်တော့သည်။

+++++

တကယ်တမ်းကျတော့ ကျမတို့၏ ဘ၀ဆိုတာကိုက စနစ်ဇယား ချမရသော ဘ၀သာ ဖြစ်ခဲ့ပါသည်။ ကျမတို့၏ မုန့်ဖိုး ၂၀၀ကျပ် သည် တစ်ပတ်ပင် မသုံးရဘဲ ကုန်သွားတတ် ပါသည်။ စာသင်ပြီး မောသည့်အခါ သောက်ရ သည့် သံပုရာရည်ကိုက တစ်ဆယ် မဟုတ်လား။ ပြီးတော့ ဂျူတီကျသည့် နေ့တွေဆို မနက်ခင်းမှာ မုန့်ဟင်းခါး လောက်တော့ စားချင်သေးတာ။ မုန့်ဟင်းခါးတစ်ပွဲကလည်း ရှစ်ကျပ်ပဲ။ အဲဒီနေ့ဆို မုန့်ဖိုးကိုက နှစ်ဆယ် ဖြစ်နေ ပြီ။ ပြီးတော့ သာရေး၊ နာရေးတွေ…. ။

နှစ်ယောက်ပိုင်ဈေးဖိုးကလည်း ဘယ်နေရာတွေမှာ ကုန်မှန်းမသိ။ နှစ်ဆယ်ရက်နေ့ဆို မရှိချင်တော့၊ စာရင်းလုပ် လိုက်တော့လည်း အံကိုက်ပင်။ ငါးမူး၊ တစ်ကျပ်ပင် စာရင်း မပျောက်။ ငါးပိတစ်ဆယ်သား တစ်ဆယ်ကျပ်ကိုပင် ကျမတို့နှစ်ယောက်ကလည်း တစ်ပတ်သာ စားရသည်ကိုး။ တို့စရာက အနည်းဆုံး သုံးကျပ်ဖိုးမှ ရသည်။ ငါးပိ၊ တို့စရာ မှ မကူရင်လည်း ကျမတို့အတွက် ဟင်းက မလောက်နိုင်တော့ပါ။

အဲဒီ နောက်မှာတော့၊ တစ်ဆယ်သား ခြောက်ကျပ်ပေးရသော ထန်းလျက်က ကျမတို့ အတွက်တော့ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုသော ဟင်းလျာ ဖြစ်လာတော့သည်။ ဒါပေမဲ့ စိမ်းရော ကျမပါ ဘ၀ထဲ မှာ စိတ်ညစ်ခဲ့ကြရပေမဲ့ ဘ၀ကို စိတ်မပျက်ခဲ့ကြသေးပါ။ တကယ်တမ်းကျတော့ ကျမတို့က ဘ၀၌ စိတ်ပျက်လာ ကြတာ မဟုတ်ဘဲ တုန်လှုပ် ၀မ်းနည်းလာကြတာသာ ဖြစ်သည်။

တကယ်တော့ ကျမတို့နှစ်ယောက်က ငယ်ရွယ်သော မိန်းကလေးများသာ ဖြစ်ကြသည်ပဲ။ လောကဓံမှာ တုန်လှုပ်တာ… ပြစ်တင် ကဲ့ရဲ့စရာတော့ မဟုတ်ပါ။ အထူးသဖြင့်တော့ စိမ်းထက်စာလျှင် သတ္တိနည်းသော ကျမ၏ တုန်လှုပ်မှုက ပိုများခဲ့ပါသည်။

+++++

အသက် နှစ်ဆယ့်ငါးနှစ်မှာ မိသားစုကို နယ်မှာ ခွဲထားခဲ့ရပြီး ရန်ကုန်လို မြို့ကြီးမှာ လခ ကျပ်ထောင့်သုံးရာမျှဖြင့် ရက်များကို ဖြတ်ကျော်နေသော ကျမတို့ကတော့ ကိုယ့်ကိုယ်ကို သူရဲကောင်းဘွဲ့ပင် ပေးချင်သေးသည်။

စိမ်းကတော့ မိသားစုကို မေ့ထားချင်သည်ဟု ပြောဖူးသည်။ ဘာကြောင့်လဲလို့မေးတော့ စိမ်းက အဝေးကြီးကို ငေးသော မျက်လုံးများဖြင့် “ရှက်လို့” ဟု မပွင့်တပွင့်ဖြေသည်။ ကျမက နားမလည်နိုင်ဘဲ စိုက်ကြည့်နေတော့မှ “စဉ်းစားကြည့်ပေါ့ အငုံရယ်… မိသားစုက အပင်ပန်းခံပြီး တို့တတွေကို ကျောင်းထားပေးခဲ့ရတယ်။ တို့က ကံဆိုးစွာ စာတော်တော့ သူတို့ခမျာ တို့ကို ဘွဲ့လွန် ဂုဏ်ထူးတန်းထိ ကျောင်းထားဖို့ ဆယ့်ခြောက်နှစ်တောင် ရုန်းကန်ကြရရော။ တို့က ကံကောင်းပြီး တက္ကသိုလ်ကြီးက ဆရာမ ဖြစ်ရော။ ဒါပေမဲ့၊ ကိုယ့်စားဝတ်နေရေး တစ်ကိုယ်စာကိုတောင် မနည်း ဖြေရှင်းနေရတော့ အိမ်ကို ပြန်မကြည့်နိုင်တဲ့အပြင် တခါတခါ အိမ်ကနေတောင် အကြော်အလှော် ပို့ရတာနဲ့ အ၀တ်အစား ၀ယ်ပေးရတာနဲ့….။ ကိုယ့်မိသားစုကလည်း ကိုယ့်လို ရရစားစား ၀န်ထမ်းပဲ။ ဒီတော့ စိမ်း စိတ်မကောင်းဘူး၊ ရှက်တယ်”ဟု ပြောသည်။ ကျမ သည်တစ်ကြိမ်မှာတော့ စိမ်းကို ဆန့်ကျင်ခဲ့သည်။

“ဒါ ရှက်စရာမဟုတ်ပါဘူး စိမ်းရဲ့၊ ရိုးသားမှုပါ”။ ထိုအခါ စိမ်းက ကျမကို တောက်ပ လွန်းသော မျက်လုံးများဖြင့် စူးစူးကြည့်ကာ “ဘာရိုးသားမှုလဲ အငုံ၊ အငုံက ကျူရှင်မပြလို့ အပိုဝင်ငွေမရှိတာကို ရိုးသားမှုလို့ ဆိုလိုတာလား။ ဒါဆိုရင်တော့ အငုံမှားပြီ။ ကျူရှင်ပြတယ်ဆိုတာ ကိုယ့်ဝမ်းစာ ပညာနဲ့ ရိုးရိုးသားသားပဲ လုပ်စားရတာ၊ ပြီးတော့ ဘယ်လောက် ပင်ပန်းသလဲ။ တို့တွေ ကျူရှင်မပြတာ အဲဒီ အလုပ်ကို ခိုးလုပ်ရမှာမို့၊ သမ္မာအာဇီဝအလုပ်ကို ခိုးလုပ်တယ်လို့ အသတ်မှတ်ခံရမှာဆိုတော့ တို့မလုပ်ဘူး။ အဲဒါပါ အငုံရဲ့”ဟု အတန်မာသော လေသံဖြင့် ပြောခဲ့သည်။ ကျမကတော့ ထုံးစံအတိုင်း စိမ်းကို အမီမလိုက်နိုင်၊ နားမလည်နိုင်ခဲ့။

“ဒီမှာ အငုံ ကျူရှင်ပြချင်လို့ အတန်းမှာ လျှော့သင်ရင်သာ အဲဒီ ဆရာ၊ ဆရာမက မရိုးသားတာ။ ပြီးတော့ အဲလို ဆရာမမျိုးကိုကော ဘယ်သူက ကျူရှင် သင်ခိုင်းမှာလဲ အငုံရယ်။ ခုခေတ်ကလေးတွေက တို့တွေထက် ထက်မြက်ပါတယ်။ တကယ် စေတနာရှိတဲ့ ဆရာ၊ ဆရာမကို သူတို့ ရွေးချယ်တတ်ပါတယ်” ကျမကတော့ စိမ်းကို ဘာတစ်ခုမှ မတုံ့ပြန်ဖြစ်ခဲ့ပါ။

စိမ်းကတော့ သူ့ရဲ့ ငါးထည်သော ပင်နီအင်္ကျီနှင့်၊ ဈေးချိုသည့် ငါးထည်သော တိုင်းရင်းဖြစ် ယက်ထည် လုံချည် မျှဖြင့် နှုတ်ခမ်းပါးပါးတို့ကို တင်းတင်းစေ့ကာ ပိန်လှပ်သော ခန္ဓာကိုယ် နှင့် မလိုက်ဖက်သော မျက်ဝန်း တောက်တောက် တို့ဖြင့် သွက်လက်စွာ စာသင်ဆဲ။ အဲဒီ မိန်းကလေးဟာ သူချစ်သော အငုံ့ရှေ့မှာတော့ မကြာခဏ မျက်ရည်ဝေတတ်သူဟု ဘယ်သူက ယုံမလဲ။

စာမေးပွဲနီးသည့်အခါ ကျူရှင်လာအပ်သော ကလေးတို့ကို ပိုက်ဆံတစ်ပြားမှ မယူဘဲ စာသင်ဆဲ။ “ငါ့မှာ အတိတ် ကံ မကောင်းလို့ ဒီဘ၀ ဆင်းရဲရတာ၊ ဒါပေမဲ့ ပညာတတ် ဖြစ်ရတာကြောင့်တော့ ကျေနပ်ပါတယ်။ ဒါကြောင့်၊ နောင်ဘ၀ ချမ်းသာဖို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ လှူစရာ မရှိတဲ့ အတူတူ ပညာတတ်ကလေးတော့ ဆက်ဖြစ်ရအောင် ပညာဒါန လုပ်ရတာ” ဟုလည်း ပြောတတ်သည်။ ကျမကိုလည်း သူ့လိုပဲ ပညာလှူဖို့ တိုက်တွန်း သေးသည်။

ဒါပေမဲ့၊ တခါတခါ အ၀တ်အစား အဆင်အပြင် ထည်ဝါမှုကိုသာ တန်ဖိုးထားသည့် ကျောင်းသား ကျောင်းသူ တွေနှင့် တွေ့ရလျှင်တော့ဖြင့် စိမ်းက စိတ်ထိခိုက် နေတတ်ပြန် ပါသည်။ သို့သော်၊ စိမ်း၏ ထို ထိခိုက်မှုကို ဘယ်သူ မှ မသိ မမြင်ခဲ့ရပါ။ ကျမတောင် စိမ်း ရဲ့ မျက်လုံးတွေကို ဖတ်တတ်လွန်းလို့။ စိမ်းက ကျိတ်မှိတ် မျိုသိပ် ခံစားတတ်သူ ဖြစ်သည်။

+++++

ကျမကတော့ အဲဒီအချိန်တွေမှာ အကြိမ်များစွာ တုန်လှုပ်နေခဲ့ပြီ။ “ဆရာမ ကျူရှင်အတွက် Fees ဘယ်လောက် ပေးရမလဲ” ဟု ဈေးဝယ်နေသည့် မျက်နှာပေးဖြင့် မေးတတ်သော ကျောင်းသား ကျောင်းသူတွေ ရှေ့မှာ တုန်လှုပ်..။ နှစ်ရာတန်အုပ်လိုက်ကို ဖြုတ်သုံးနိုင်သော ကျောင်းသား ကျောင်းသူတို့ ရှေ့မှာ ခြောက်သွေ့ ထမင်းဗူးကို ဖွင့်စားဖို့ တုန်လှုပ်…။ ဒါပေမဲ့၊ အဲဒီ ကျမက ကျောင်းသား ကျောင်းသူတို့ ပေးသော ကျူရှင်ဖိုး ယူဖို့ကိုလည်း တုန်လှုပ်ပြန်သည်။

အဲဒီအခါမှာတော့ ကျမက စိမ်းရဲ့ရှေ့မှာ “စိမ်းရယ်… ငါတို့ဘ၀က အောက်တန်းကျလိုက် တာ” ဟု မကြာခဏ ညည်းတွားဖြစ်လေသည်။ စိမ်းကတော့ ငိုင်တွေတွေ နားထောင်လျက် ဘယ်လိုမှတ်ချက်မျိုးမှလည်း မပေးခဲ့။

တခါတခါတော့ ကျမက စိမ်းထံမှာ ၀န်ခံရတာ များ၍ပင် ကိုယ့်ဘာသာကိုယ် ရှက်လာမိကာ “စိမ်းရယ်… ငါနင့်လို အားလုံးကို လျစ်လျူရှု နေနိုင်ရင် သိပ်ကောင်းမှာပဲ” ဟုပင် ပြောမိသေးသည်။ စိမ်းကတော့ အဲလို ကျမ ပြောလျှင် ပြုံးလိုက်ကာ ထိုအပြုံးကလည်း မဲ့သလို ဖြစ်နေပြန်သည်။

ဒါပေမဲ့၊ စိမ်း သိသိသာသာ စိတ်ထိခိုက်ရသည့် တစ်ချိန်ကတော့ ရောက်လာခဲ့ပါသည်။ ပြီးတော့ ထိုသို့ စိတ် ထိခိုက်ရသည်ကလည်း ကျမအတွက်ပဲ ဖြစ်ခဲ့ပြန်သည်။

(ပထမပိုင်း---ပြီး)

+++++



ကိုယ်ကျင့်တရား….(၃)

ကိုယ်ကျင့်တရားပိုင်းကို တော်ပြီလို့ တွေးထားပေမယ့် ထပ်ရေးချင်တာတွေ တွေ့လာတာနဲ့ ရေးဖြစ်ပြန်ပါပြီ။ ကျမက ကိုယ်ကျင့်တရားဆိုတာ ကိုယ့်ဘာသာ ကျင့်ကြံတဲ့ စည်းကမ်းလို့ ယူဆတာပါ။ စည်းကမ်း ဆိုတာက လည်း ကိုယ့်ဝန်းကျင်က လူ့ဘောင်ကို မထိခိုက်အောင် နေထိုင်တဲ့ ကိစ္စပါပဲ။ ဒီနေရာမှာ မြန်မာတွေ ပြောလေ့ ရှိတဲ့ ဟီရိ သြတ္တပ္ပတရား ဆိုတာက လည်း ကိုယ်ကျင့်တရားနဲ့ ဆက်နွယ်နေတာပါပဲ။ ကျမရဲ့ စာသင်ချိန်တွေမှာ အဲဒီ ဟီရိ သြတ္တပ္ပတရား ကိစ္စကို ကျောင်းသားတွေနဲ့အတူ ခဏခဏ ဆွေးနွေးဖြစ်ပါတယ်။ ပါဠိလို ခက်ခက်ခဲခဲ ပြောနေကြတဲ့ အဲဒီ စကားလုံးက တကယ်တော့ အဓိပ္ပါယ်က လွယ်လွယ် လေးပါပဲ။ မကောင်းမှုပြုဖို့အတွက် ရှက်ခြင်း နဲ့ ကြောက်ခြင်း ပါပဲ။

လူ နဲ့ တိရစ္ဆာန်ကို ပိုင်းခြားထားတာမှာ ကိုယ်ကျင့်တရားလည်း အပါအ၀င်ဆိုတာကို လူတိုင်း လက်ခံထား ပြီးသားပါ။ ဒါကြောင့်ပဲ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး.. အရှက်နဲ့ လူလုပ်တာ ဆိုတာမျိုး ပြောလေ့ရှိကြတာပါ။ အဲဒီ စကားလေးက သိပ်ကောင်းပါတယ်။ လူတယောက်ရဲ့ တန်ဖိုးကို တကယ် ပြဌာန်းနေတဲ့ စကားသုံးပါ။ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့ ဆိုတဲ့ ဆုံးမစကားကလည်း တယောက်ချင်းကောင်းဖို့ကို လမ်းညွှန်နေတာ ပါပဲ။ ဒါပေမဲ့ တကယ်ကတော့ တရားပျက်နေသူတွေကို ကူညီ ပဲ့ပြင်ဖို့၊ ပြောပြ ပြုပြင်ဖို့ ဆိုတာတွေလည်း လုပ်ရမှာပါ.. ဒါမှ တက်ညီ လက်ညီ ဖြစ်မှာပါ။

ကျမတို့ နိုင်ငံမှာ ဟီရိ သြတ္တပ္ပ ကိုယ်ကျင့်တရားတွေ သိသိသာသာ ပျက်လာတာ ၁၉၆၂ မတ်လ၂ရက်နေ့မှာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း မဆလ လက်ထက်မှာ အတိအလင်းဖြစ်လာတာပါပဲ။ အစိုးရက ဦးဆောင်ပြီး လူထုကို လိမ်ညာတာ.. မတရားသဖြင့် ညှင်းပမ်း နှိပ်စက် ဖိနှိပ်အုပ်ချုပ်တာ.. လူထု အကျိုးစီးပွားကို ကိုယ်ကျိုးအတွက် အသုံးချတာတွေ.. သူများ သားသမီးကို ဒုက္ခပေး စော်ကားရဲတာတွေ.. အိမ်ထောင်ရေး ကျင့်ဝတ် ဖောက်ဖျက်တာတွေ.. ကျန်းမာရေး ပညာရေးကို လျစ်လျူရှု ထားတာတွေ.. စီးပွားရေးကို လက်ဝါးကြီး အုပ်တာတွေ လုပ်ခဲ့တာ အားလုံးအသိပါ။ ဒါကြောင့်ပဲ ရှစ်လေးလုံးအရေးတော်ပုံကြီး နဲ့ မဆလအစိုးရကို ဖြုတ်ချတဲ့ အထိ ဖြစ်ခဲ့တာပဲ မဟုတ်လား။

အဲဒီကစပြီး လက်နက်ကလွဲလို့ ဘာကိုမှ မသုံးတတ်တဲ့ စစ်အစိုးရက ပြည်သူ့အာဏာကို လူယူ.. ပြည်သူ့ ဘဏ္ဍာ ကို ခိုးဝှက် .. ကိုယ့်ပြည်သူရဲ့ သမီးပျိုတွေကို စော်ကား.. ကိုယ့်ပြည်သူရဲ့ သားတွေကို မူးယစ်ဆေးဝါး နဲ့ ဖျက်ဆီး…။ အမှန်တရားအတွက် ကြိုးစားနေတဲ့ ပြည်သူ့ဘက်သားတွေကို ဖမ်းဆီး နှိပ်စက်..။ ဒီနေရာမှာ တချို့ ကိစ္စတွေဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ရုန့်ရင်းကြမ်းတမ်းတာတွေ ရက်စက် ယုတ်ညံ့တာတွေ အများကြီးပါ။ အဆိုးဆုံးကတော့ လူထုရှေ့ဆောင်ဆိုတဲ့ အစိုးရအမည် ခံချင်သူများအနေနဲ့ .. (ရှိသင့်တဲ့) အရှက်တရား အကြောက်တရားတွေ မရှိတဲ့ ကိစ္စပါပဲ။ အဲဒါက အဆိုးဆုံး ပြဿနာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ မကောင်းမှုပြုရမှာကို မရှက်တဲ့ မကြောက်တဲ့ အတွက် သူတို့ကို လူလို ပြောဆို ဆွေးနွေးဖို့ ခက်သွား တာပါပဲ။ အဲဒါဟာ ဖြေရှင်းရ အခက်ဆုံး ပြဿနာပါပဲ။

ကျမတို့ တိုင်းပြည်မှာ မတရားလှတဲ့ စစ်အစိုးရ တာရှည်နေခြင်းဟာ အဲဒီ ဟီရိသြတ္တပ္ပတရား ကင်းတာက အဓိက ပါပဲ။ သူတို့မှာ အားကိုးစရာကလည်း လက်နက်တခုသာ ရှိတာကိုး။ မရိုသေ့စကားပြောရရင်.. ကျမတို့တွေမှာက ခွေးရူးရန်နဲ့ ရင်ဆိုင်နေရသလို ဖြစ်နေတာပါ။ လူစကားလည်း ပြောလို့မရ။ အစားအသောက်နဲ့လည်း ချော့လို့ မရ။ သူက မည်းမည်း မြင်ရာ ဆွဲချင်နေတာကိုး။ အန္တရာယ်ကြီးလှပါတယ်။

ဒါကြောင့်ပဲ ခုထိ ဒုက္ခသည်အဖြစ် ပြေးနေရတဲ့ သူတွေ..။ လူ့အခွင့်အရေး အကြောင်း ပြောလို့ အရိုက်ခံရ အဖမ်းခံရတဲ့ သူတွေ..။ လူမှုရေးတွေ နာရေးတွေ ကူညီလို့ အဖမ်းခံရတဲ့ သူတွေ..။ နောက်ဆုံး ဘုရားတက်လို့ အတားခံ အခြိမ်းခြောက်ခံရတဲ့ သူတွေ..။ အစော်ကားအကျူးလွန်ခံနေရတဲ့ အမျိုးကောင်းသမီးတွေ..။ ကျမတို့ တိုင်းပြည် မှာ ..ဗုဒ္ဓဘာသာ ထွန်းကားပါတယ်ဆိုတဲ့ တိုင်းပြည်မှာ.. နေ့စဉ် တွေ့နေရတာပါ။

တကယ်တော့ အစိုးရက ကျင့်ကြံရမယ့် မင်းကျင့်တရား ဆိုတဲ့၊ အုပ်ချုပ်သူ မင်းတို့မှာ ရှိရမယ့် ကိုယ်ကျင့်တရား မရှိတဲ့အတွက် ဖြစ်ရတာတွေပါပဲ။ ရှက်သင့်ရှက်ထိုက်တာကို မရှက်တတ်တဲ့အတွက် ကြောက်သင့် ကြောက်ထိုက်တာကို မကြောက်တဲ့အတွက် ဖြစ်နေတာတွေပါပဲ။ အဲလို ဦးဆောင်သူတွေရဲ့ နောက်မှာလည်း မတရားမှုလုပ်ဖို့ မရှက်တတ်တဲ့သူတွေ မကြောက်တတ်တဲ့သူတွေကတော့ အချင်းချင်း လက်ခုပ်လက်ဝါး တီးပြီး လိုက်ပါလာကြတာပါပဲ။ ဒါ့ထက်မက သူတို့ သားသမီး မြေးမြစ်နဲ့ တကွ အတုယူ လွယ်တတ်တဲ့ အရွယ်လေး တွေကိုပါ လွယ်လွယ်လေးနဲ့ ပျက်စီးအောင်ထိ လုပ်လာတာပါပဲ။ များသောအားဖြင့်တော့ လူတွေဆိုတာက မကောင်းမှုမှာ ပိုပြီး မွေ့လျော်တတ်ကြတယ် ဆိုတာကလည်း ဗုဒ္ဓရဲ့ ဓမ္မပဒ မှာကို ပါပြီးသားပါ။။

ဒါနဲ့ပဲ ခုဆိုရင် မြန်မာပြည်မှာ သူတို့ မွေးထားတဲ့ မျိုးဆက်တွေက ကိုယ်ကျင့်တရား ဆိုတာကို ဟာသ လုပ်လာ ကြပြီ။ ငွေကြေးက ပညာထက် အရေးကြီးတယ်ဆိုတာကို ခေါင်းစဉ်တင်လာကြပြီ။ ၀မ်းနည်းစရာ ကောင်းတာက ပညာရှင်ဆိုသူတချို့ကပါ အဲဒီ မှိုင်း မိနေတာပါပဲ။ တချိန်ထဲမှာပဲ ကျေနပ်စရာကောင်းတာကလည်း အဲဒီ လူဦးရေက အနည်းစုလေးသာ ရှိလို့ပါပဲ။ စစ်မှုထမ်း အချို့ ..ပညာတတ်ဆိုသူ အချို့.. အနုပညာသမား အချို့.. စီးပွားရေးသမား အချို့..ဒါလောက်ပါပဲ။ အများစုဖြစ်တဲ့ လူထုကြီးကတော့ အဲလို သာယာချင်စရာ ကောင်းတာ တွေကို ကြည့်ငေးရုံသာပါ။ ဒါပေမဲ့ အမှိုက်ကစ ပြဿာဒ် မီးလောင် ဆိုသလိုပဲ.. ဒီအချိန်မှာ လူထုက ငေးနေရတဲ့ သူတွေရဲ့ ဖောက်ပြန်ပျက်စီးမှုဟာ အမှားကြာ အမှန်ဖြစ် ဆိုတာလို.. အများညီ ဤ ကျွဲ ဖတ် ဆိုတာလို… အနည်း နဲ့ အများ တော့ လူထုကြီးဆီ ရိုက်ခတ်နိုင်တာလည်း အမှန်ပါပဲ။

ဒါကြောင့်ပဲ တချိန်မှာ ကျမတို့ရဲ့ နိုင်ငံကို ဦးဆောင် တည်ထောင်ရမှာဖြစ်တဲ့ မျိုးဆက်သစ် လူငယ်ထုအတွက် ကိုယ်ကျင့်တရား ဆိုတဲ့ ခေါင်းစဉ်က အရေးကြီးတယ်လို့ ဆွေးနွေးနေရတာပဲ ဖြစ်ပါတယ်။

မေငြိမ်း(ဇူလိုင်၂၈)



Jul 28, 2007

ကိုယ်ကျင့်တရား….(၂)

ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေကို ပြည့်စုံပြီထင်တာ။ ကိုမိုးစွေကိုလည်း ပြန်ဆွေးနွေးပြီးပြီပေါ့။ ဒီကြားထဲမှာ ကိုယ်တွေ့တဲ့ ကိုယ်ကျင့်တရားကဗျာလေးလည်း တင်ပေးလိုက်သေးတာ။ ဒါပေမဲ့ ဒီနေ့ပဲ ကိုယ်ကျင့်တရား (ကဗျာ) ပို့စ် ရဲ့ Comment မှာ ကိုလေးဝင်းက ကျမရဲ့ အဲဒီ ပို့စ်ကို အားမရဘူးလို့ ဆွေးနွေးလာပါတယ်။ ကျမကတော့ ထပ်ရေးဖို့ မလိုတော့ဘူး ထင်တာနဲ့... အိပ်မက်အိမ်မှာပဲ တင်ခဲ့ပြီး ကျမ ဆီ မှာ မတင်ဖြစ်ခဲ့တဲ့ ကိုယ်ကျင့်တရား(၂)ကို ခုမှပဲ ပြန်တင်ပေးလိုက်ရပါတယ်။

တကယ်တော့ ကိုမိုးစွေက ဇူလိုင် ၂၁ရက်နေ့ကတည်းက ကျမရဲ့ ကိုယ်ကျင့်တရား ပို့စ် ကို အိပ်မက်အိမ် မှာ ဆွေးနွေးထားတာပါ။ ကျမ ပြန်ဆွေးနွေးဖို့ဟာ အလုပ်ပိသွားတာနဲ့ အဘိုးမှိုင်း အမှတ်တရရက် နဲ့လည်း တိုက် သွားတာကြောင့် ခုမှပဲ ပြန်ရေးဖြစ်ပါတယ်။ တကယ်တော့ ပြန်ဆွေးနွေးပါ့မယ်လို့ ပြောထားမိလို့သာ ပြန်ရေးရ တာပါ။ ဒီရက်ပိုင်းတွေထဲ ကိုယ်ကျင့်တရား နဲ့ ပတ်သက်ပြီး ခင်မင်းဇော်၊ ကိုထိုက် ကိုမြင့်ဇေ နဲ့ ကိုမိုးစွေ ကိုယ်တိုင် နောက်ဆက်တွဲ ပြန်ရေးထားတာတွေကကို တော်တော်ပြည့်စုံနေပြီမို့ ကျမ ပြန်ရေးစရာတောင် မကျန်တော့သလောက်ပါပဲ။ (နာမည်တွေကို Click ပြီးဖတ်နိုင်ပါတယ်)

တကယ်တော့ ကျမ ပြောခဲ့သမျှ ကိုယ်ကျင့်တရားအမြင်မှာလည်း ဖြန့်ထွက် ဖြည့်တွေး လိုက်ရင် တော်တော် လေး ပြည့်စုံပြီးသားလို့ ထင်ပါတယ်။ ကိုမိုးစွေက ပထမတပုဒ်မှာ ကိုယ်ကျင့်တရားကို ငါးပါးသီလနဲ့ ယှဉ်ပြောပါ တယ်။ ဒါလည်း တနည်းတဖုံတော့ ဆက်စပ်နေတာပါပဲ။ ငါးပါးသီလ ဟာ ကိုယ်ဆောက်တည်ရမယ့် အကျင့်ပဲ မဟုတ်လား။ ပြီးတော့ သူတပါး မထိခိုက် မနစ်နာအောင် ထိန်းတဲ့ တရားလည်း ဖြစ်တာကိုး။ ဒါပေမဲ့ ငါးပါးသီလ လို့ ခေါင်းစဉ် တပ်လိုက်တော့ ဒါက ဗုဒ္ဓဘာသာဝင်တွေနဲ့သာ သက်ဆိုင်သလို ဖြစ်သွားစေပါတယ်။ တကယ်က တော့ ကိုယ်ကျင့်တရားကို ထိန်းဖြစ်စေတဲ့ နေထိုင်နည်း ဆိုရင် ဒီမိုကရေစီစနစ်လည်း ပါတာပါပဲ။ ပညတ်တော် ၁၀ပါး လည်း ပါတာပါပဲ။ ဓမ္မပဒ လည်း ပါတာပါပဲ။ ကုရ်အာမ်ကျမ်း ထဲမှာလည်း ပါတာပါပဲ။

ဆိုတော့ တကယ်တော့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားဆိုတာ ရိုးရိုးရှင်းရှင်းလေးပါပဲ… ကိုယ့် လူ့ဘောင် အဖွဲ့အစည်းထဲက အများနှစ်သက်တဲ့ အနေအထိုင် အကျင့်အကြံ စည်းကမ်းပါပဲ။ အများပြစ်တင် ရှုတ်ချနိုင်တဲ့ နေထိုင်မှုမျိုးမဟုတ်ရဘူးပေါ့။ ဒီနေရာမှာ လူထု ပရိသတ်ရှေ့မှောက်မှာ ရှိနေတဲ့ Public Figure တွေက အထူးသဖြင့် ဆင်ခြင်ရမယ်.. တာဝန်ရှိတယ် ဆိုတာမျိုး ကျမ ပြောခဲ့ပါတယ်။ အခု အဲဒီ အယူအဆလေးကို ကိုမိုးစွေ ရဲ့ ဘယ်လိုဖြေရှင်းကြမှာလဲ ဆိုတဲ့ ပို့စ်မှာ တွေ့ပါတယ်။

ဟုတ်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာက အဲလို ရှေ့ဆောင်သူတွေကို အတုယူတဲ့ အကျင့်စွဲပြီးသားပါ။ အထူးသဖြင့် ကလေးတွေ လူငယ်တွေ အများစုဟာ ရုပ်ရှင်ထဲက ဇာတ်လိုက်တွေကို.. ၀တ္ထုထဲက ဇာတ်ကောင်တွေကို… ကိုယ့် ဆရာ ဆရာမ တွေကို… ကိုယ့်မိဘ မောင်နှမတွေကို … အင်မတန် အတုယူတာ အတုခိုးတာပါ (ကိုမိုးစွေပြောထားသလိုပါပဲ)။ ဒီတော့လည်း လူကြီးတွေကတော့ အဲလို လူထု ရှေ့ဆောင် တွေကို စံပြတွေ ဖြစ်စေချင်ကြတာပါပဲ။ ဒီနေရာမှာ တချို့က Public Figure တွေဆိုတာကလည်း လူတွေပဲ အမှားရှိမှာပေါ့ လို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ သာမန်လူတွေ ထက်တော့ (သိပ်မမှားသင့်တဲ့)တာဝန် ပိုရှိသွားတာလည်း အမှန်ပါပဲ။ ကော်မင့်တခုမှာ နိုင်(အိမ်) က ဝေမျှထားဖူးတဲ့ တာဝန် ဆိုတာ သစ္စာပဲ ဆိုတဲ့ စကားလေးကို ကျမ သိပ် သဘောကျ တာပါပဲ။ ထပ်ဖြည့်ရရင်တော့ တာဝန် ဆိုတာဟာ စေတနာလည်း ဖြစ်ပါတယ်။

ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ကျမရဲ့ စာသင်ခန်းတွေထဲမှာလည်း တပည့်တွေနဲ့ မကြာခဏ အပြန်အလှန် ဆွေးနွေးဖူးပါတယ်။ အရက်သောက် မူးယစ်ဆေးသုံးတာ ကိုယ်ကျင့်တရားနဲ့ ဆိုင်မဆိုင်က အစ.. အိမ်ထောင်ရေး ဖောက်ပြန်မှု လိင်ပိုင်းဆိုင်ရာ တွေအထိ...ရောက်အောင် ဆွေးနွေးကြဖူးပါတယ်။ တကယ်တော့ ကိုယ်ကျင့်တရား ကိစ္စဟာ ရိုးရှင်းသလောက် ကျယ်ပြောလှပါတယ်။ အထူးသဖြင့် မြန်မာ့ လူ့ဘောင်လောက ထဲ မှာပေါ့။ ကျမ ကိုယ်တိုင် စာရေးဆရာ ကျောင်းဆရာမအနေနဲ့ ရင်ဆိုင်ရတဲ့ ပြဿနာတွေ ရှိခဲ့တာပါ။ ကိုယ့် ဘာသာ အကောင်းဆုံးဖြစ်အောင် တာဝန်ယူ ရင်ဆိုင်နိုင်ဖို့တော့ လိုပါတယ်။

ကျောင်းဆရာမ စာရေးဆရာမ တစ်ယောက်အနေနဲ့ အိမ်ထောင်ကွဲသင့် မကွဲသင့်၊ နောက် အိမ်ထောင်သစ် ထူထောင်ဖို့ သင့် မသင့်၊ ကလေးကို အိမ်ထောင်ကွဲ သားသမီး အဖြစ် ခံသင့် မခံသင့်၊ ဆရာ ဆရာမ အနေနဲ့ ကျောင်းသား ကျောင်းသူ နဲ့ အိမ်ထောင်မပြုသင့်တာတွေ…. အထိ ။ နောက်ဆုံး စာရေးဆရာတစ်ယောက် အနေနဲ့ ကိုယ့်လူ့ဘောင်နဲ့ မလျော်ညီတာကို ရေးသင့် မရေးသင့်ဆိုတာတွေဟာ ကိုယ်ကျင့်တရား စည်းဘောင် တွေပါပဲ။ မြန်မာစာပေလောကမှာဆိုရင် အငြင်းအခုန်တွေ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါတွေဟာ အများက သတ်မှတ်လိုက်တဲ့ စံတွေလည်း ဖြစ်ပါတယ်။ (ဒီနေရာမှာ တခြား လူ့ဘောင်က ယဉ်ကျေးမှုစံတွေနဲ့တော့ နှိုင်းယှဉ် စဉ်းစားလို့ မရပါဘူး။)

တနေ့က ကျမရဲ့ မောင်လေးတွေလိုဖြစ်နေတဲ့ လူငယ်တွေနဲ့ စကားဝိုင်းဖွဲ့ဖြစ်တော့ ဒီ ကိုယ်ကျင့်တရားကိစ္စကို ပြောပြ ဆွေးနွေးဖြစ်တယ်။ ယောက်ျားလေးတွေကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ လိင်ကိစ္စကို ကိုယ်ကျင့် တရားနဲ့ သိပ်မပတ်သက်ဘူးလို့ ယူဆသတဲ့။ ဒီနေရာမှာ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိတာကို ဦးတည်ပြီး ပြောကြပါတယ်။ ပြီးတော့ အနုပညာသမား (ရုပ်ရှင် ဂီတ ဇာတ်သဘင်လောက)တွေဟာ လိင်မှုကိစ္စ ပြဿနာတွေ ဖြစ်ရိုးဖြစ်စဉ်မို့ အဲဒီလူတန်းစားရဲ့ အပြုအမူက လူငယ်တွေ အတွက် မထူးတော့ပါဘူး လို့လည်း ဆွေးနွေးပါတယ်။ တချို့ကလည်း ဘသူတွေ ဘာလုပ်လုပ် သူ့အလုပ်အပေါ် တာဝန်ကျေရင် ပြီးတာပါပဲ…တဲ့။ ကျမကတော့ ဒါဖြင့် ဘေးထွက်ဆိုးကျိုး ကိစ္စတွေကို ဘာပြောမလဲ.. ဘယ်လိုဖြေရှင်းမလဲ..ဆိုတာတွေ တွေးနေ မိပါတယ်။

ကျမကတော့ လူငယ်တွေရဲ့ ပတ်ဝန်းကျင်က သူတို့အပေါ် အများကြီး လွှမ်းမိုးတယ် ဆိုတာကို..၊ အထူးသဖြင့် နိုင်ငံ ခေါင်းဆောင်တွေ.. အနုပညာရှင်တွေ.. အသိပညာရှင် အတတ်ပညာရှင်တွေက လူငယ်တွေရဲ့ ကိုယ် နှုတ် နှလုံးကို အများကြီး လွှမ်းမိုး ဖန်တီးနိုင်တယ်ဆိုတာကို.. ယုံပါတယ်။ ဒါကြောင့် အဲဒီလူတွေရဲ့ ကိုယ်ကျင့်တရားရှိမှု၊ ဆင်ခြင်ထိန်းသိမ်းနိုင်မှုဟာ အရေးကြီးတယ်လို့ ယုံပါတယ်။

မေငြိမ်း(ဇူလိုင်၂၅)

Jul 27, 2007

မြို့သူ

၁၉၉၉ ကတည်းက မြို့ပြကနေ ထွက်ပြေးချင်စိတ်နဲ့ တတိယမြို့တော်လို့ သတ်မှတ်ခံရပေမဲ့ မှေးမှိန် မှောင်မိုက် နေရရှာတဲ့ တောမြို့ကလေးမှာ ခိုအောင်းနေခဲ့တာ… ၅နှစ် ကြာလာတော့ ကြီးကောင်ဝင်လာတဲ့ သားကြီးက နည်းပညာတွေ ငတ်တယ် တဲ့။ သူ့ခမျာ တိုးတက်ချင်လို့မှ တိုးတက်ခွင့် မရှိ။ ကျမကတော့ မြို့ပြရဲ့ မွန်းကျပ်မှုမျိုး ကို မကြိုက်တဲ့ အပြင် နယ်မြို့က ကျောင်းသား ကျောင်းသူတွေရဲ့ ဖြူစင်မှုကို ပိုချစ်တာမို့ အဲဒီ တောမြို့ တက္ကသိုလ်လေးမှာပဲ ဆက်နေချင်တာ။ ဒါပေမဲ့ … တောမြို့လေးထဲ မျက်စေ့တွေ နားတွေ ပိတ်နေရတာ သိပ်ဆိုး လာတော့..။ ကျမ စဉ်းစားလာရပြီ။ မျက်စေ့ပိတ် နားပိတ် ကြီးပြင်းရမယ့် မျိုးဆက်အသစ်က ဘယ်လို ခေတ်မျိုး.. ဘယ်လို တိုင်းပြည်မျိုးကို ထူထောင်နိုင်မှာလဲ…။

ဒီလိုနဲ့ ကျမရဲ့ ဇာတိ ရန်ကုန်ကို ပြန်လာ။ တကယ်တမ်းကျတော့ မြို့ပြရဲ့ အနှစ်မဲ့မှု၊ အချစ်မဲ့မှုတွေအောက်မှာ.. အဲဒီ မြို့သူဘ၀ကလည်း ခါးသည်းလှတာ။ ဒါနဲ့ပဲ ဘ၀ထဲ အံဝင်ခွင်ကျ မဖြစ်နိုင်မှုတွေနဲ့ ကျမ ၀တ္ထုတပုဒ် ရေး ဖြစ် ခဲ့တာပါပဲ။

မြို့သူ

စမ်းရေစီးသံကို နားထောင်မှ …
ပန်းရနံ့တွေကို ရှူရှိုက်မှ…
ငှက်ကလေးတွေ မြူးတူးနေတာကို တွေ့ရမှ…
တိတ်တဆိတ် တွေးနေရမှ…
ကျန်းမာရေးကောင်းတတ်တဲ့ ခပ်ဖျော့ဖျော့ မိန်းမတစ်ယောက်ဟာ..
မြို့ကြီး ကို ဘယ်လို ရင်ဆိုင်မလဲ။
တကယ်ဆို အဲဒီ မြို့ကြီးမှုာပဲ.. သူ့အဖေကို ပြာချခဲ့တာ..
အဲဒီ မြို့ကြီးမှာပဲ သူ့ကို မွေးခဲ့တာ….
အဲဒီ မြို့ကြီးမှာပဲ သူ့ဘ၀ ဖြစ်ခဲ့… ပျက်ခဲ့ဖူးတာ…
အဲဒီ မြို့ကြီးမှာပဲ သူ့ကို အင်မတန် စောင့်ရှောက်တဲ့ အမေ ရှိနေတာ…
အဲဒီ မြို့ကြီးမှာပဲ သူ့ရဲ့ သွေးသားတော်စပ်တဲ့ သူစိမ်းတွေလည်း ရှိနေကြတာ…။
ဒါဖြင့်.. ဘာကြောင့်များ အဲဒီ မိန်းမက မြို့ကြီးကို စိမ်းသက်နေရတာလဲ။
ဒါနဲ့ပဲ အဲဒီ မိန်းမက သူ့ရဲ့ အဝေးရောက် ချစ်သူဆီ စာရေးတဲ့အခါ…
မြို့ကြီး နဲ့ သူ့ရဲ့ ပတ်သက်မှု အများကြီးကို ရေးပြရင် စာတစ်ကြောင်းပဲ ရလေတယ်။
“မပျော်ဘူး” တဲ့ လေ။

+++++

နှစ်ပေါင်းများစွာ သူ ထိတွေ့ခဲ့တဲ့ လူသံဆူညံ လမ်းမကြီးပေါ်မှာ တိုးဝှေ့ တွန်းတိုက် လျှောက်နေသည့်ကြားမှပင် အဲဒီ လူရေစီးထဲမှာ သူ အလိုက်သင့် ပျော်ဝင် မျောပါ မသွားနိုင်ခဲ့။ ပြုံးနေတဲ့သူတွေရဲ့ မျက်နှာတွေကို သူ ရဲရဲ မကြည့်ဝံ့။ မျက်လုံးထဲမှာ အက်ကြောင်းတွေကိုပဲ မြင် မြင် နေသည်။ နာကျင်မှုများနှင့် တဖျစ်ဖျစ် မြည်နေသော အက်ကြောင်းများ၊ သူ့လိုပဲ ချစ်သူ နှင့် ခွဲရသော အလွမ်းကြောင့် ထင်သည့် အက်ကြောင်း တွေလား…။ ဒါမှမဟုတ် ပင်ပန်း ချွေးစီးကြောင်းတွေ တိုက်စားခံရသော အက်ကြောင်းတွေလား။ ထို မိန်းမကတော့ အဲဒီ လူတွေရဲ့ နှလုံးခုန်သံတွေကို အကြားမှာ အာဖရိက တောတွင်းက အရိုင်း ဗုံသံတွေလား ဟု ထင်မှတ် မှားမိ ခဲ့ သေးသည်။ ထို ဗုံသံမှာ စည်းချက် အလိုက် က နိုင်ပြီ ဆိုလျှင်တော့ မြို့သူ ဘ၀ မှာ သူ အောင်မြင်တော့မည် ထင်သည်။

မိဘ ဆိုတဲ့ အမည်နာမအပေါ် တာဝန်ကျေဖို့အတွက် သူတို့မိသားစုက စိမ်းစို လန်းဆန်းသော တောင်ကုန်း လွင်ပြင်ကို ကျောခိုင်းခဲ့ ကြရသည်။ သူ အမုန်းဆုံး.. အာတီဖစ်ရှယ်တွေကို လက်ဆွဲ နှုတ်ဆက်ဖို့။ တကယ်ဆို သူက ဟန်ဆောင် ပန်ဆောင်တွေ အပေါ်မှာ အော်ဂလီဆန် တတ်သူ။ သို့ပေမဲ့ ခုတော့လည်း ဟုတ်လို့.. ပြုံးလို့။ အပြုံးရာ အက် ကြောင်းတွေ ကြားမှာတော့ ထားခဲ့ရသော လွင်ပြင်တောင်ကုန်း ဒေသဆီကို လွမ်းသော မျက်ရည်တို့က စီးလို့။


အဲဒီတုန်းက… လွင်ပြင်မှာ သူတို့ ပျော်ရွှင် လန်းဆန်း ခဲ့ကြတာ။ တပ်ငြိစရာ များများ ရှိ မနေသော ပတ်ဝန်းကျင် က ရိုးစင်း ရှင်းလင်း လွန်းလှသည်။ သူတို့ နှစ်ခြိုက် ပျော်ဝင်လျက် တကယ့် အချစ် ဆိုတာကို သူတို့ မိသားစု ယုံကြည် ခံစားခွင့် ရခဲ့ကြပါသည်။

ထိုအခါ… သား နှင့် သမီး ထံမှာ ယုံကြည်ချက်တွေနှင့်၊ ရောင့်ရဲ နှစ်သိမ့်ခြင်းတွေနှင့်၊ လုံလောက်သော စိတ် သက်သာရာရမှုတွေ နှင့်၊ လူကောင်းလေးတွေ ဖြစ်လာဖို့ မျှော်လင့်ချက်များ နှင့်။ သားသမီးက အဆင့်တစ် ဖြစ် ရန် မလို။ ဆင်ခြင်တုံတရား ရှိဖို့သာ လိုအပ်သည်ဟု သူ တွေးဆဲ… အရွယ်ရောက်လာသည့် သားက၊ ခေတ်မီ တိုးတက် ဖို့… တဲ့။ အမြင်ကျယ် ဖို့… တဲ့။ နည်းပညာသစ်တွေ အတွက်… တဲ့။ လူငယ်တို့ရဲ့ နေရာ… တဲ့။

သို့နှင့်ပင် သွေးသား မတော်စပ်ခဲ့၊ ချက် မမြှုပ်ခဲ့ရပါဘဲနှင့် ချစ်မက်ရပါသော တောမြို့လေးကို ကျောခိုင်းရချိန် ရောက်လာသည်။ သူ လွမ်းဆွတ် ကြေကွဲစွာ မျက်ရည်ကျလျှက်… သူတို့၏ မြို့လေးကို ချန်ထားရစ်ခဲ့ရပါသည်။ သား နှင့် သမီး တို့ကတော့ ပျော်လို့။ ခုမှ ကိုယ့်မြေကို ပြန် နင်းရသတဲ့ လေ။ သူကတော့ စိမ်းသက်သော ရနံ့ ကိုသာ ရှူရှိုက် ရလေသည်။

+++++

စိမ်းသက်သောရနံ့က တောရိုင်းလည်း ဆန်သည် ထင်၏။ သူ့ အမြင်ထဲမှာ ခုန်ပေါက် ပြေးလွှား မြူးတူးသည့် သမင်ပျိုမ အရိုင်းတွေ၊ မာန်ဖီနေသော ကျားသစ်ပေါက်တွေ၊ ဟန်ထည်သလောက် ရက်စက်မည့် ခြင်္သေ့တွေ၊ နှိမ့်ချ ကြောက်ရွံ့သော ယုန်ကလေးတွေ၊ အလစ် တွယ်တတ်သော ခွေးအ တွေ၊ အပေါ်စီး မှ ခြေကုပ်ယူမည့် သိမ်းစွန်ရဲတွေ….။ အဲလို တောတွင်းဆန်သည့် အငွေ့ အသက်၊ အရောင်၊ အနံ့တွေ…. သူ ညှီလာသည်။ တောင်ကုန်း လွင်ပြင်ဆီမှ ရိုးသား ကြိုးစားသော နွားလေး တွေ၊ လေဟုန်စီးသော ပျံလွှား တွေ၊ လူးလာခပ်သော လိပ်ပြာတွေ နှင့် ပန်းစုံတောကို ပြန် လွမ်းမိသည့်အခါမှာတော့ “ကြည်အေး” ရဲ့ “နောင်တ နောက်ကျ ရပြန်သည်” ဆိုတာလေးက ရင်ထဲ ရောက်လာသည်။ “နောင်တ”ဟာ အရှုံး ဆိုပဲ။ ဒါဖြင့်… ထပ်မရှုံးချင်သူ အတွက်တော့ နောင်တ ကို မေ့ပစ်လိုက်ရလိမ့်မည်။ အဲဒီ နောင်တကို မြှုပ်ပစ်ဖို့ တွင်းနက်နက် တူးစရာ မြေကွက်လပ်ကရော သူ့ရဲ့ မြို့ကြီးမှာ ရှိနေပါ့မလား…. ။ သူမသိပါ… ။

+++++

သား နှင့် သမီး၏ အပြုံးတွေကတော့ လတ်ဆတ် တောက်ပ လာကြလေသည်။ အဲဒီအတွက် မိဘနှစ်ပါးကတော့ နွမ်းရိ…။ သားသမီးတွေကို ရင်အုပ်မကွာ ထားရမှာလား။ လိုအပ်လှသော ငွေကြေးကိုပဲ အချိန်ပေး ရှာဖွေ ပေးရမလား…။ အဖြေပင် မသဲကွဲခင် ဦးစီး နတ်ကြီးခမျာ မိုင်များစွာ ဝေးကွာသော နေရာကို သွားခဲ့ရပြီ။ သား နဲ့ သမီး အတွက်… တဲ့။ အဲဒီ ဆုံးဖြတ်ချက်က မှန်သလား… မှားသလား… သူတို့ နှစ်ယောက် ဝေခွဲခွင့် မရခဲ့ပါ။ သား ဆိုတာ… အဖေကို စံပြ ထားတာတဲ့။ ဒါဖြင့်… စံပြဖြစ်တဲ့ အဖေက အဝေးမှာ ဆိုရင် ဘယ်လိုလုပ်မလဲ…။ သား လူပျိုပေါက်ကို အဖေ နဲ့ အမေက ရင်ကြားစေ့ ထိန်းသင့်သတဲ့။ ဒါဖြင့်… သားအတွက် ရုပ်ဝတ္ထု လိုအပ်ချက်များကို ဘာနဲ့ ဖြည့်ဆည်းမှာလဲ။ သူကတော့ ကံကိုသာ အပြစ်တင်တတ်တော့သည်။ သို့နှင့်ပင်… သား နှင့် သမီးတို့ အပြုံးတွေ တောက်ပလေလေ… အဖေ နှင့် အမေ ခမျာ နွမ်းရိလေလေ…။ အဲဒီကြားမှာပင် တစ်ယောက်ကို တစ်ယောက် အားပေးလို့ ခိုင်မာစေရတာ။ သူတို့နှစ်ယောက် ဘ၀အတွက် တရားခံ ရှာမရပါ။


ဘာပဲဖြစ်ဖြစ်… သားသမီးအတွက်တော့ အဖေ နှင့် အမေဟာ လှေခါးထစ်တွေပါပဲ။ ဟိုး အပေါ်အထိ ပင့်တင် ပေး ရမှာလေ…။ အဲဒီအတွက် အနင်းခံရခြင်း၌ တရားခံ မရှိပါ။ စေတနာသာ ရှိပါသည်။

+++++

မြို့ကြီးဆီမှာတော့ တိုက်တာ အဆောက်အဦးတွေက အစ အမြင့်နိုင်ဆုံး မြင့်ကြတာ။ အမြင့်ဆုံး အထိ တက်နိုင် မှပဲ အပေါ်စီးကနေ ကြည့်ခွင့်ရကြမှာ… လွတ်လပ်တဲ့ လေကို ရှူခွင့် ရမှာ… ကံကောင်းလျှင် မိုးကုတ်စက်ဝိုင်း ဆီ ထိ လျှောက်သွားနိုင်မယ့် သက်တံ တံတား နှင့်ပင် မျက်နှာချင်း ဆိုင်နိုင်ဦးမှာ…။ ပြီးတော့ အရာရာ တော်တော် များများကို ကိုယ့်ထက် အနိမ့်မှာ ထားခဲ့ရမှာ။ အဓိက ကတော့ သား နှင့် သမီးကို လွတ်လပ် မျောလွင့် ခွင့် ရစေ ချင်တာပါ။

တောမြို့လေးဆီမှာတုန်းကတော့… ကိုယ်က တောင်ကမူသာသာလောက် အမြင့်မှာရှိလျှင်ပင် တော်တော် ဟုတ်ပြီ။ ကိုယ့်ထက် မြင့်စရာ သစ်ပင် တချို့သာ ရှိ၏။ ကမူကလေးပေါ်မှာ ပက်လက်လှန်ပြီး ကောင်းကင်ကို မော့ကြည့်တော့ အုပ်မိုးနေသော ကောင်းကင်အောက်မှာ လုံခြုံ လှသည်။ ဗျိုင်းဖြူအုပ်တွေကတောင် သူ့ ပိုင်နက် ကို စွန့်ခွာ ပြန်ပြေး သွားကြရတာ။ ဟောဒီ လောကမှာ သူရယ်.. သူ့မိသားစုရယ်.. သူတို့ဘ၀ရယ်.. သူတို့ အဖြစ် အပျက်တွေရယ်.. သူတို့ ပျော်ရွှင်မှုတွေရယ်… အဲဒါတွေက လွဲလို့… ဘာမှမရှိ၊ ဘာကမှ အရေးမကြီး။


ဒါပေမယ့် သားတို့အဖေက ဟိုး ခပ်ဝေးဝေးက မြင့်မားလှတဲ့ တိုက်ကြီးတွေဆီ မျှော်ကြည့်ခဲ့လေသည်။ ဘ၀ထဲမှာ မိုးကောင်းကင်ရယ်၊ မြက်ခင်းစိမ်းစိမ်းတွေရယ်၊ လိပ်ပြာတွေ ဗျိုင်းဖြူတွေရယ် ထက်မကသော မြင်ကွင်းကျယ် ကြီးတွေ ရှိသေးကြောင်း သားသမီးတွေကို ပြရမတဲ့။ ပြီးတော့ အဲဒါကမှ သူတို့ ဇာတိတဲ့ လေ။ သို့နှင့်ပင် လှေခါးထစ်တွေ အနာခံပြီးဆင့်။ မြင့်သထက် မြင့်ဖို့ တဲ့။ မြို့ကြီးက လှတော့ လှပါပေသည်။

+++++


ဘာပဲဖြစ်ဖြစ်၊ ခုမှတော့ အသက်၀၀ ရှူပြီး အမြင့်ဆီ ဆက်တက်ရတော့မည်။ ခြေသလုံး ကြွက်သားတွေကတော့ ခိုင်မာ တောင့်တင်းရဲ့လား။ သူ တွဲခေါ်တက်ရမည့် လက်တွေက သုံးစုံ။ အဲဒီ သုံးစုံလုံး ကိုယ်နဲ့မကွာပါလာဖို့ရာ သူ့ လက်တွေက အားပြည့်မှ ဖြစ်ဦးမှာ။ ရှေ့ဆုံးမှ လက်ဖ၀ါးကြီးမှာတော့ ပင်ပန်းချွေးတို့ ရွှဲနစ် စေးထန်း။ ဒါပေမယ့် ဟန်လုပ် ပြုံးတတ်နေခဲ့တာ ကြာပြီ။ သားသမီးတို့ ရှေ့မှာဆို မမောဟန်လည်း ဆောင် တတ်ခဲ့ပြီ။ ဒါ့ထက် ပိုကောင်းသော ရလဒ်ကတော့ အရာရာကို သည်းခံနိုင်စွမ်းတွေ ပို မြင့်လာခြင်း ပါပဲ။

ခုတော့.. မြို့သူဘ၀မှာ အတော် နေသားကျပြီ။ အသက်ကြီးကြီး၊ ရာထူးကြီးကြီး ဆရာမတစ်ယောက်ဖြစ်သော ကိုယ့်ကို သားသမီးအရွယ် တပည့်ကလေးက ပခုံးချင်းတိုက်ပြီး ရင်ကော့သွားတဲ့အပေါ်မှာလည်း ပြုံးနိုင်ပြီ။ လိုင်းကားပေါ်က ယာဉ်မောင်းရဲ့ ပျစ်ပျစ်နှစ်နှစ် ဆဲရေးသံကြားမှာလည်း မေတ္တာသုတ် အရွတ်မပျက် နေတတ်ပြီ။ စပယ်ယာက “တုန်ချည့် တုန်ချည့် လုပ်မနေနဲ့” လို့ ငေါက်တာကိုလည်း နာခံတတ်ပြီ။ ညနေတိုင်း ဥပုသ်စောင့် ရင်း ကုသိုလ်လည်း ရ သားသမီးဝမ်းလည်း ၀ ဆိုတဲ့ ဆိုရိုးတောင် ထွင်တတ်နေပြီ။ နောက်ဆုံး အနှစ် နှစ်ဆယ် ကျော် ရင်းနှီးပေးဆပ်ခဲ့ရတဲ့ ပညာတွေကိုတောင် ဘီရိုထဲ သော့ခတ်သိမ်းပစ်ဖို့ ၀န်မလေးတော့ပြီ ထင်၏။

သား လူပျိုပေါက်ကတော့ သံစဉ်များနှင့်အတူ ပေါက်ပေါက်ကွဲကွဲ ရင်ဖွင့်ခွင့် ရလေသည်။ ဟစ်ဟော့ ပဲ ဖြစ်ဖြစ်… ရက်ပ် ပဲ ဖြစ်ဖြစ်… အောလ်တာနေးတစ် ပဲ ဖြစ်ဖြစ်… သေချာတာကတော့ ရင်ထဲ ပေါ့သွားစေတာ အမှန်ပဲ… တဲ့.. သားက။ ငါးနှစ်အရွယ် သမီးကလေးကလည်း ကက်ဝေါ့(Catwalk) လျှောက်တယ်တဲ့... သူ့မျက်နှာလေး ပြုံးပြုံး ပြုံးပြုံးနဲ့… ဟုတ်လို့။ သူ့ အဖေကတော့ သမီးကလေးရဲ့ အမူအယာမှာ စိတ်ပူချင်သတဲ့။ တော်ပြီ… သူ့အဖေကို ခေတ်ထဲ သိပ်မခေါ်ဘဲ ချန်ထားမှ ဖြစ်မည်။ နေပေ့စေ.. သူ့အလုပ်တွေနှင့် သူ ဖိစီး နေပါစေ။ ပြီးတော့ သူ့အဖေ ကို အစစ ပြည့်စုံသောဘ၀လည်း မရစေချင်သေးဘူးလေ။

အစစပြည့်စုံတဲ့အခါ လူ့စိတ်တွေ ဖေါက်ပြန်တယ်ဆိုတဲ့ အယူအဆကို ယုံသည်။ ဒေါ်ကြည်အေး ပြောသလို အလွှာ ကွာသွားတဲ့ သူငယ်ချင်းတွေကြားမှာ “အရင်ကလို”ဆိုတဲ့ စကား မရှိနိုင်တော့ဘူး ဆိုလား…။ အဲဒီ စကား ကိုလည်း ယုံသည်။ လူတွေက ပိုက်ဆံကို ၀တ်ပြီး ပိုက်ဆံကို စားကာ ပိုက်ဆံကိုပဲ ပေါင်းသင်းနေကြတာကိုလည်း ယုံသည်။ ပြီးတော့ လူတွေက ဈေးနှုန်း နှင့် တန်ဖိုးကိုပင် ခွဲခြား မသိတော့လောက်အောင် ညံ့ ညံ့ လာတာကို လည်း ယုံသည်။ “အပြုံး”ဆိုသော ဝေါဟာရကပင် တွန့်လိမ်လာတယ် ဟု ယုံသည်။

အဲဒီ ကာလမှာပဲ … ကဗျာဆရာ သစ်ကောင်းအိမ် က ရေးတယ်။

ကမ်းခြေတိုင်းဟာ အပန်းဖြေစခန်း ဖြစ်လာ …
ဘစ်ကားပေါ်က ထိုင်ခုံ တစ်နေရာ ဇိမ်ခံပစ္စည်း ဖြစ်လာ…
နည်းပညာက အိပ်ယာထဲထိ ရောက်လာတယ်…
တတိယလှိုင်းဟာ တတိယကမ္ဘာကို ရောက်လာတယ်…
လိင်စိတ်ဟာ ဆန်းလာတယ်…
စစ်ပွဲဟာ ဆန်းလာတယ်…
သေခြင်းတရားတွေကလည်း အဆန်းတကြယ်…
သမိုင်းဟာ နိဂုံးချုပ်ခဲ့ပြီ။
လူတွေကရော နိဂုံးချုပ်ဖို့လား…
သြော်…
လပေါ် လုတက်ရာက မေတ္တာတော်နဲ့ ဝေးခဲ့ကြ၊
ကမ္ဘာကြီးက ရွာဖြစ်ခဲ့ပြီ…. ။

“ကြောင်စုန်း” ဆိုတဲ့ အဲဒီ ကဗျာကို ဖတ်ပြီး မြို့သူ ဟာ အားရပါးရ ပြုံးတယ်။ ခဏကြာတော့ မျက်ရည်ကျတယ်။ ပြီးတော့ သူ့ရဲ့ ရေးလက်စ စာမူကို ဆုတ်ဖြဲပြီး အောက်ခြေမှာ ပြီးပြီလို့ ရေးပြီး လက်မှတ်ထိုးတယ်။ သူ့မှာ ဆက်ရေးစရာ မရှိတော့ဘူး။

+++++

မောင် ပြန်လာရင်တော့ အရွယ်ရောက်လာမယ့် သမီး ကို တောင်ပံတွေ အောက်မှာ လုံလုံ သိမ်းဝှက်နိုင်မယ့် တောင်ကုန်းလွင်ပြင်ဆီ ပျံပြေးကြဖို့ စိတ်ကူးမိသည်။ မောင်က သဘောတူမှာလား…။ အရင်ကလိုပဲလေ… တောအုပ် နဲ့ မနီး မဝေး၊ ပင်လယ် နဲ့ မလှမ်း မကမ်း၊ ရေချိုမြစ် နဲ့ အနီး အပါး၊ ပန်းခင်းတွေလည်း သန်စွမ်းရာ….။ ခပ်ဝေးဝေး တစ်နေရာကိုလေ…


မြို့လူ အချို့ကတော့ ခပ်ဖွဖွ ဟားလိမ့်မည် ထင်သည်။ သူ့ကို ဘယ်လို “ခရေစီ” လို့ နာမည်တပ်ကြဦးမလဲ မသိ။ သူကတော့ ခပ်ဖွဖွ ပြုံးပါမည်။ ကိစ္စ မရှိပါ…။ သူ့အတွက်ကတော့ ဘ၀မှာ အရေးကြီးဆုံးက သူတို့ရဲ့ ကမ္ဘာကလေး ပျော်ရွှင် သာယာရေးသာ ဖြစ်ပါသည်။ ပြီးတော့ အေးချမ်း ရောင့်ရဲစွာ သဘာ၀၀န်းကျင်ထဲ တိုးဝင် ခိုလှုံဖို့၊ လတ်ဆတ် သန့်ရှင်းတဲ့ လေပြေကို လွတ်လွတ်လပ်လပ် ရှူရှိုက်ဖို့၊ ပြီးတော့ ဟင်းသီး ဟင်းရွက် စိမ်းစိမ်း စိုစိုတွေ ၀၀ စားသုံးဖို့၊ ပြီးတော့ ဇနီးမောင်နှံ နှစ်ယောက် ပွင့်လင်း ရိုးသားစွာ စွဲလန်း ချစ်ခင်နိုင်ဖို့ ဆိုတာတွေကတော့ ပူးတွဲ လိုအပ်ချက်တွေ ဖြစ်မည်။


သူ လောဘများကြီးမိ လေသလား၊ မဟုတ်ပါ။ သူတို့ နေခဲ့ဖူးရာ တောမြေ လွင်ပြင် ဆီမှာတော့ ထိုအရာတို့ကို လွယ်လင့်တကူ ရနိုင်သည်…။ တစ်ခုတော့ ရှိသည်။ ထို တောမြေ အရပ်ကလေးက “မြို့” ဖြစ်မသွားသေးဘူး… ဆိုရင်ပေါ့လေ။

လောလောဆယ်မှာတော့ ဒီ မြို့သူမ က မျက်နှာမှာ အကောင်းစား ကရင်မ်တွေ လိမ်း၊ နှုတ်ခမ်းနီ ပါးနီ အထပ်ထပ် ဆိုး..။ ရေမွှေး အဖိုးတန်တွေ နာနာဆွတ်လို့ ။ အလှဆုံး ပြုံးရင်း နေ့တိုင်း နေ့တိုင်း ကြောင်စုန်းတွေနဲ့ လက်ဆွဲ နှုတ်ဆက်ကာ ချစ်သူ ပြန်အလာကို စောင့်မျှော် နေလေသည်။

မေငြိမ်း

၂၀၀၄ ၊ မေလ
မဟေသီမဂ္ဂဇင်း။



Jul 25, 2007

ကိုယ်ကျင့်တရား….(ကဗျာ)

ကျမရဲ့ ကိုယ်ကျင့်တရား စာစုလေးက ဘာမှ အထူးတလည် မဟုတ်ပါဘူး။ ဒီနေ့ခေတ်အတွက် အရေးကြီးလာတဲ့ ကိုယ်ကျင့်တရား ဆိုင်ရာကိစ္စတွေကို တသီတတန်းကြီး တွေးမိသွားစေချင်တဲ့ စိတ်နဲ့ ရေးလိုက် တာပါပဲ။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင် အမျိုးမျိုး ယူဆကြမှာပါ။ ကိုယ် ယုံကြည်ယူဆ တဲ့ အချက်ကို ယေဘုယျအနေနဲ့ လူအများစုကြီးက လက်ခံဖို့တော့ လိုတယ်ထင်ပါတယ်။ ။

ကျမကြိုက်တဲ့ ကဗျာဆရာ မောင်ပြည့်မင်းကတော့ သူခံယူထားတဲ့ ကိုယ်ကျင့်တရားကို ကဗျာဖွဲ့ထားပါတယ်။ ဖတ်ကြည့်ပါဦး။

ကိုယ်ကျင့်တရား

ဝိုက်လက်သီးတွေကို
ငုံ့ရှောင်ပေးလိုက်ဖို့
မေ့သွားခဲ့တာလား။
စိတ်ကြီးဝင်စရာ တခုခု
မျက်နှာသာပေးခံရသူ၊
ဒါမှမဟုတ် ရ ထားပြီးသူ၊
အဲဒီလို စဉ်းစားခဲ့တယ်မဟုတ်လား။
တစ်စင်း
နောက်တစ်စင်း
စက္ကူလေယာဉ်ပျံတွေသာ ၀ဲ၊
ဘယ်ခရီးအထိ နီးခဲ့ပါပြီလဲ။
လောကကြီးမှာ ဘယ်လို၊
ကမ္ဘာပေါ်မှာ ဘာ၊
မျက်စိပျက်၊ မျက်နှာပျက်
ဒီလောက်တောင် ခက်ခဲခဲ့ရ
ထွက်မပြေးခဲ့ဘူးလား။

သြော်…ဒီမေးခွန်းတွေကြား
သူ့မျက်ဝန်းညိုညိုတွေကိုသာ
သတိရနေမိပါတယ်။

မောင်ပြည့်မင်း
ဧပြီ၊၂၀၀၂။



Jul 24, 2007

အဘိုးမှိုင်း အမှတ်တရ

ဒီကနေ့ ဇူလိုင်၂၃ရက်နေ့ဟာ....
"မသေခင်တော့ ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်" ဆိုတဲ့..
အာဏာရှင်တွေဆီမှာ ဘယ်တုန်းကမှ ဒူးမထောက်ခဲ့တဲ့..
မတရားသူတွေနဲ့ ဘယ်လိုနည်းနဲ့မှ မပူးပေါင်းခဲ့တဲ့…
မတရားသူတွေကို ကလောင်လက်နက်နဲ့ကွယ်လွန်ချိန်ထိ အံတုခဲ့တဲ့..
ငြိမ်းချမ်းရေးဗိသုကာဆရာကြီး အဘိုး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့နေ့ပါ။
ဒီနှစ်ဟာ ၄၃နှစ်မြောက် ဖြစ်ပါတယ်။
အဘိုးရဲ့ စာတပုဒ်လောက် တင်မယ်လို့ စဉ်းစားတော့ လက်တစ်ကမ်းမှာ မရှိ။
ပြန်စဉ်းစားတော့လည်း သေသေချာချာ အလွတ်မရတော့ ..။
စိတ်ထဲ စွဲနေတာက
“ကောင်းကျိုးအထွေထွေနဲ့ … ချွန်စေမြစေစော..
ဒေါင်းအိုးဝေရယ်လေ…တွန်စေ ကစေသောဝ်…”
ဒါပဲ စွဲနေတော့တယ်။
ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကျမသိပ်ကြိုက်တဲ့ ကဗျာဆရာရဲ့
ကဗျာတပုဒ်ကို ဖတ်လိုက်ရတဲ့အခါမှာတော့ ကြက်သီး ဖြန်းဖြန်းထလို့…
အဘိုးမှိုင်းနဲ့တကွ လက်ရှိ ကျမတို့ နိုင်ငံရဲ့ အနေအထားကို
သတိရစရာ ဖြစ်သွားရပါတယ်။
အဲဒီကဗျာလေး အားလုံးခံစားနိုင်ဖို့ မျှဝေလိုက်ပါတယ်။

ဂန္ဓီဂျီး

ဘုရားသခင် လုံးဝမသိသော နှလုံးသား၏ ဖြစ်စဉ်
တောင့်တသလိုပင် တောင့်တရန်လည်း အကြောင်းရှိပါ၏
လူသည် စကြ်ာဝဠာနှင့် တခုတည်းဖြစ်ကြောင်း
.... ၏ အမှတ်အသားဖြစ်သော
လိင်အားဖြင့် ကြည့်ခြင်းရပ်စဲသောအခါမှ
တစ်ခုနှင့်တစ်ခု ဖြည့်စွက်ဖက်အဖြစ် ဖန်ဆင်းတယ်
“ချုပ်တည်းမှု”
ဘ၀က သုဿန်ပေါ် အမြဲထိုင်နေ
အချစ် နှင့် အပြစ်ဒဏ်ကို သီးခြားစီ လိုက်ရှာနေဖို့ မလို
(ရှေ့စည်းမျဉ်းမှာ ဘယ်သူ့ဆီကလာတဲ့ ဘယ်အရာကိုမဆို
ဆင်ခြင်တုံနဲ့ အတွေ့အကြုံ မှတ်ကျောက်မှာ တင်ဖို့)
နှလုံးသားနိုး ၀ိဥာဉ်နိုး ဆင်ခြင်တုံနိုး
ဒီနေ့ အဖို့ အပြုအမူများအားလုံး စနစ်တကျ ငြိမ်းအေး တည်ငြိမ်ရန်
မျှော်လင့်ခြင်းသာ တခုတည်း နည်းလမ်းပါ။
လုံလောက်သောခံစားမှုနဲ့ မျှော်လင့်ခြင်းဟာ နှလုံးသားရဲ့ ဥစ္စာပဲ
အစာငတ်ခံ အပေါင်း ဆုတောင်း ညီမျှခြင်း အနစ်နာခံ အပေါင်း ဆုတောင်း
အကြီးဆုံးလက်နက်မှာ ခပ်မဆိတ် မျှော်လင့်ခြင်းတည်း။ ။

လူဆန်း (၂၀၀၇ ၊ ဇွန်)
(ပန်းအလင်္ကာ မဂ္ဂဇင်း)






Jul 21, 2007

ကိုယ်ကျင့်တရား….

ကျမတို့ မြန်မာစကားထဲက လူချွန် လူကောင်း၊ လူကောင်း လူတော် ဆိုတဲ့ ဝေါဟာရလေးကို ကျမ တော်တော် နှစ်သက်ပါတယ်။ အင်မတန်ကို တန်ဖိုးရှိပြီး ကြုံရဖို့ တွေ့ရဖို့ ခဲယဉ်းတဲ့ ရတနာတပါးပဲ ဖြစ်ပါတယ်။ ကျမတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံထဲက ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေကို လူချွန် လူကောင်းဖြစ်အောင် သွန်သင်တဲ့ ယဉ်ကျေးမှုကို ပေါ်လွင်စေတဲ့ ဝေါဟာရပါပဲ။ လူချွန်ဆိုတာကတော့ ထူးချွန်တဲ့လူ.. ဥာဏ်ရည် (Intelligent) နဲ့ သက်ဆိုင်ပါတယ်။ လူကောင်းကတော့ ကိုယ်ကျင့်တရား (Moral) နဲ့ သက်ဆိုင်ပါတယ်။ လူတော်ဆိုတာကတော့ ထူးချွန်တဲ့.. ဖြောင့်မတ်တဲ့ အဓိပ္ပါယ်တွေပါ ပါနေသလိုပါပဲ။

တကယ်တော့ ဘယ်နိုင်ငံက ဘာလူမျိုးပဲဖြစ်ဖြစ် လူအများစုဟာ လူချွန် လူကောင်းကိုပဲ သဘောကျကြတာပါ။ ဘာပဲဖြစ်ဖြစ် အဲလို လူချွန် လူကောင်းကို သဘောကျတာ၊ သဘောကျရကောင်းမှန်း သိတာတွေက လူဆိုး လူညံ့တွေကို သဘောကျတာထက် စာရင် ကောင်းပါတယ်။ ဒါကြောင့်ပဲ ဂေါတမဗုဒ္ဓကို ယေရှုခရစ်တော်ကို ကြိုက်ကြပြီး ဒေ၀ဒတ် ကို ယုဒ ကိုတော့ မကြိုက်ကြတာပေါ့။ ဒါကြောင့်ပဲ ဗိုလ်ချုပ်အောင်ဆန်းကို ကြိုက်ပြီး ဂဠုန်ဦးစော နဲ့ ဦးနေ၀င်း ကို မကြိုက်တာပေါ့။
တချို့ကတော့ ပြောပါတယ်... လူတွေက ဘယ်သူမှ မပြည့်စုံနိုင်ဘူး (Nobody is perfect)… တဲ့။ ဟုတ်တာပေါ့.. ဒါကြောင့်လဲ လူချွန်လူကောင်း ဆိုတာက ရှားပါးဝေါဟာရ ဖြစ်နေတာပေါ့နော် ။ ဒါကြောင့်ပဲ ဘုရား ဆိုတာကို နှစ်ပေါင်းများစွာကြာမှ တခါ တွေ့ခွင့် ရတာ ပေါ့နော်..။ (စကားချပ် - ကျမရဲ့ တပည့်တချို့ကတော့ ဆွေးနွေးဖူးပါတယ်။ ဗုဒ္ဓတောင် လွဲခဲ့ မှားခဲ့တာပဲတဲ့.. ဒုက္ကရစရိယာကာလ ကို ပြောတာပါ.. ဒါပေမဲ့ ဒါဟာ လမ်းအမှန်ကို ရှာရင်း မတွေ့သေးခိုက်မှာ လွဲတာသာ ဖြစ်ပါတယ်။ သူတပါးကို ထိခိုက်စေတာမျိုး မဟုတ်တဲ့အတွက် အမှား မဟုတ်ပါ၊ အပြစ် မဟုတ်ပါ။)

ကျမတို့ နိုင်ငံမှာတောင် ထူးတဲ့ ချွန်တဲ့ တော်တဲ့ ကောင်းတဲ့လူ တော်တော်များများ ရှိခဲ့တာတောင်မှပဲ အသိအမှတ်ပြု ခံရလောက်အောင် ထိုးထွက်လာသူက နှစ်ငါးဆယ်အတွင်း လက်ချိုးရေလို့ ရလောက်အောင် နည်းတာပါ။ ဒီနေရာမှာ အပြစ် ချို့ယွင်းချက် ဆိုတဲ့ သတ်မှတ်ချက်ကိုလည်း ကျမတို့ ထည့်ပြောရပါမယ်။ ကျမကတော့ လူတစ်ယောက်ရဲ့ အပြစ်ဆိုတာဟာ အဲဒီလူရဲ့ အပြုအမူကြောင့် သူ့နဘေးနားက တခြားသူ တယောက်ရဲ့ ကိုယ် စိတ် နှလုံး သုံးပါးကို ထိခိုက်စေမှုလို့ သတ်မှတ်ချင်တာပါပဲ။ တရားဥပဒေတွေကလည်း အဲဒီ အပေါ် အခြေခံပြီး ဆုံးဖြတ်တာပါပဲ။ အမှား အမှန်ဆိုတာကလည်း အဲဒါပါပဲ။ တကယ်တော့ မှားတာကလည်း အပြစ် မဟုတ်သေးပါ။ ကျမလည်း မှားခဲ့တာတွေ ရှိတာပါပဲ။ အမှားကို သိသိနဲ့ ဆက်မှားတာကမှ အပြစ်လို့ ထင်ပါတယ်။

ကျမ သိပ်ကြိုက်တဲ့ သီချင်းလေးတပုဒ် ရှိပါတယ်။ စောဘွဲ့မှူး ရေးခဲ့တာ.. မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်း..။ သွအောင်၊ မျိုးကျော့မြိုင် အပါအ၀င် ဆိုကြထားတာ လူတိုင်းသိပါတယ်။

ဒီလိုနဲ့ ဆန့်ကျင်ဘက်အမြင်တွေကို သုံးသပ်ရင်း လူတွေအပေါ်
ဘယ်သူက မှားပြီး မှန်တယ်လို့ ဆုံးဖြတ်ရခက်နေတော့
အဆိုးနဲ့ အကောင်း တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
ဒီအတွက် အကျိုးအမြတ်က အများတကာ မေ့ငေါ့ကာ
အမြင်ကပ်လို့ မုန်းစရာ ဖြစ်ကာ
အရိုင်းအစိုင်း အဖြစ် မြင်လာ….

အဲဒီ သီချင်းလေးက အဖြေတခုပါပဲ။ အမှား နဲ့ အမှန် ဆိုတာက အသိသာကြီး.. အကွဲပြားကြီးပါပဲ။

ကျမ ကတော့ လူချွန်လူကောင်း ဖြစ်ဖို့ဆိုတာမှာ လူတွေရဲ့ရှေ့က နေရတဲ့ သူတွေ.. Public figure တွေကတော့ မဖြစ်မနေ လိုအပ်တယ်လို့ မြင်ပါတယ်။ အထူးသဖြင့် လူငယ်တွေကို ရှေ့ဆောင်ရှေ့ရွက် ပြုရမယ့်သူတွေ။ နိုင်ငံ့ ခေါင်းဆောင်ကနေ စလို့ အနုပညာသမား ၊ စာရေး ဆရာ၊ ကျောင်းဆရာ ဆရာမ… အထိ။ အများက မေးငေါ့ စရာ မဖြစ်ဖို့ လိုလှပါ တယ်။

၁၉၆၂ နောက်ပိုင်း စစ်အစိုးရ ကြီးစိုးခဲ့တဲ့ ကျမတို့ တိုင်းပြည်မှာ လူချွန်လူကောင်းဆိုတာ ရှားပါးပစ္စည်း တခုလို ဖြစ်သွားခဲ့တာပါပဲ။ ဒါတောင် ကိုယ့်နိုင်ငံရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ တွေကို ထိန်းချင်တဲ့ လူကြီးသူမ ဦးဆောင်သူတွေ လက်ကျန်ရှိသေးတာမို့ ၁၉၇၀ လောက်ထိတော့ စံပြ ကိုယ်ကျင့်တရား ဆိုတာကို လူချွန် လူကောင်းဆိုတာကို တော်တော် များများကြီးကို တွေ့နေရသေးတာပါ။ ဒါပေမဲ့ ၁၉၇၀ နောက်ပိုင်း နှစ်တွေမှာပဲ အုပ်ချုပ်သူ ဦးနေ၀င်းက စပြီး ကျမတို့ ယဉ်ကျေးမှုထဲက တလင်တမယားစနစ် ဆိုတဲ့ စည်းကမ်းကောင်းလေးကို ချိုးဖောက်ပြီး လက်ရှိ တရားဝင်ဇနီး ဒေါ်နီနီမြင့် အပြင် ရတနာနတ်မယ်ကို မယားပြိုင်အနေနဲ့ အကျအန မင်္ဂလာဆောင် ယူလိုက်ပါတယ်။

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားညီသိုက် ဖြောင့်ဖြောင့်လိုက်၏.. ဆိုတဲ့အတိုင်းပါပဲ။ အရည်အချင်းကောင်း စာရိတ္တကောင်း စိတ်ထားကောင်းမရှိရတဲ့အထဲ စည်းကမ်းကောင်းပါ မရှိတဲ့အကြောင်း ခေါင်းဆောင်ဆိုသူက စပြီး လုပ်ပြလိုက်ပါတယ်။ ကျမ စိတ်ထင်တော့ အဲဒီ နောက်ပိုင်းမှာပဲ ကျမတို့ တိုင်းပြည် မှာ လိမ်လည်တာတွေ၊ သူတပါးအပေါ် မတရားလုပ်တာတွေ၊ အိမ်ထောင်ရေး သစ္စာဖောက်တာတွေ၊ မကောင်းမှုကို ပြောင်ကျကျ လုပ်ရဲတာတွေ များလာတယ်လို့ ထင်ပါတယ်။ တကယ်က ကျမတို့နိုင်ငံရဲ့ ယဉ်ကျေးမှုထဲမှာလည်း တချို့နေရာတွေမှာတော့ မလိုအပ်ဘဲ သိပ် တင်းကျပ်တာတွေ ရှိနေတာပါပဲ။ (ဥပမာ- တခုလပ် မုဆိုးမဆိုတဲ့ အသုံးအနှုန်းတွေနဲ့ အဲဒီသူတွေ နောက်ထပ် အိမ်ယာသစ် ထူထောင်တာကို အလွယ်တကူ လက်မခံဘဲ ကဲ့ရဲ့ ရှုတ်ချ ပစ်ပယ်တာမျိုးတွေ)

အုပ်ချုပ်ရေးပိုင်းက ခေါင်းဆောင်တွေက အစ.. ရုပ်ရှင်နယ်ပယ်.. ဂီတလောကတွေကနေ စာရေးဆရာ လောကလို ကိုယ်ကျင့်တရားကို အထွတ်အမြတ် ထားရတဲ့ နယ်ပယ်တွေထိပါ ကိုယ်ကျင့်တရား မထိန်းတာတွေ သစ္စာမစောင့်တာတွေ ရောက်လာတာကတော့ သိပ် ၀မ်းနည်းစရာကောင်းတဲ့ ပျက်စီးယိုယွင်းမှုပါပဲ။ ဒီလိုနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ စားဝတ်နေရေး အကျပ်အတည်းတွေ ကြားထဲ၊ စာရိတ္တ အလျော့အလျဲတွေနဲ့ အတူ လူမှုရေးပြဿနာတွေအထိ နောက်နွားညီသိုက်တွေ ကောက်ကွေ့လာခဲ့တာ ခုဆို ပြန်ဖြောင့်ဖို့တောင် အစရှာရ ခက်နေပါပြီ။

ပိုဆိုးတာကတော့ အများညီ .. ဤ ကျွဲဖတ် ဆိုတာကို လက်ခံလာတာက ဆိုးတာပါ။ သူက ခေါင်းဆောင်ပဲ၊ သူက သူဌေးပဲ ၊ သူက အဆိုတော်ပဲ ၊ သူက မင်းသားမင်းသမီးပဲ၊ သူက ရုပ်ချောတာပဲ၊ သူက စာရေးဆရာပဲ ဒါလောက်တော့ ရှိမှာပေါ့ ဆိုတာတွေဟာ မှားခွင့် လိုင်စင်တွေလား…။ အဲသလို မှားကျင့်ရှိနေတဲ့ သူတွေရဲ့ ဖြန့်ဝေမှုထဲမှာရော အဲဒီမှားကျင့်တွေက လွှမ်းမိုးမလာဘူး.. အဆိပ်အတောက် မပါဘူး.. လို့ သေချာပါသလား..။ သူတို့ဟာ Role model တွေ မဟုတ်ဘူးလား….။ သူတို့ဆီက ဘယ်လို အတုယူစရာမျိုးကို ကိုယ့် နောက် မျိုးဆက်ကို ပေးမှာပါလဲ။ သူ့ အလုပ်အကိုင်နဲ့ သူ့ စရိုက် အပြုအမူက သပ်သပ်စီပဲလို့ တကယ် လက်ခံ ကြရ မှာလား…။ ခုနောက်ပိုင်း ကျမတို့ရဲ့ လူငယ်တွေ အများကြီးကို စိတ်ဓါတ်ပိုင်း စာရိတ္တပိုင်းတွေမှာ အများကြီး ဆုံးရှုံး နေကြရတာ အဲလို ရှေ့ဆောင်သူတွေမှာ တာဝန် မရှိဘူးလို့ တကယ် သေချာ ပါသလား…။

ကျမ ကတော့ တိုင်းပြည်တခု ပျက်စီးခြင်းရဲ့ အစဟာ လူတွေရဲ့ ကိုယ်ကျင့်တရား ပျက်စီးတာက စတာပဲလို့ သေသေချာချာကို ယုံပါတယ်။ ကျမမှာ နောက်ဆက်တွဲ ရေးချင်တာတွေ အများကြီး ရှိနေပါသေးတယ်။ တကယ်လို့ ကျမရဲ့ ဒီအယူအဆနဲ့ ပတ်သက်ပြီး မကျေလည်တာတွေ ရှိတယ်ဆိုရင်လည်း အပြန်အလှန် အရေးတယူ ဆွေးနွေးတာတွေ လိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကျမတို့ရဲ့ နောက် မျိုးဆက်တွေ အတွက် သိပ်အရေးကြီးတဲ့ ခံယူချက် ပြဌာန်းချက်တွေ ဖြစ်လို့ပါပဲ။

မေငြိမ်း (ဇူလိုင်၂၀)




Jul 19, 2007

အာဇာနည်ဆိုတာ



အာဇာနည်နေ့က ဘာလို့ အရေးကြီးရသလဲဆိုတဲ့ မေးခွန်းမျိုးကို ကျမခဏခဏ ကြုံရဖူးပါတယ်။ ကျမကတော့ အဲဒီမေးခွန်းကို အမြဲ အလွယ်တကူပဲ ဖြေဖြစ်ပါတယ်။ အာဇာနည်ဆိုတာက အရေးကြီးတဲ့အတွက် အာဇာနည်နေ့က အရေးကြီးရတာပါပဲ။

အာဇာနည်ဆိုတာက သူ့ဘ၀ကို အများအတွက် မြှုပ်နှံ အစတေးခံရဲသူ။ အသက်စွန့်ဝံ့သူ။ ကိုယ်ကျင့်တရား အမွန်အမြတ်ရှိသူ။ ကိုယ့်ဖြစ်တည်မှုကို မေ့ထားပြီး လူအများအတွက်သာ စဉ်းစားပြီး ဆောင်ရွက်လုပ်ကိုင်သူ။ လူအများကို စိတ်ခွန်အားဖြစ်စေသူ.. လူအများ လိုလားသောလမ်းကို ဖန်တီးပေးသူ။

ကျမတို့နိုင်ငံက အာဇာနည်နေ့ဟာ အဲဒီလို အာဇာနည်တွေကို မသမာသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နေ့ပါ။ ကျမတို့ နိုင်ငံရဲ့ အာဇာနည်ကြီးတွေကို ဆုံးရှုံးလိုက်ရတဲ့ နေ့ပါ။ အာဇာနည်ဆိုတာ ခေတ်တခေတ်မှာ အလွန် ပေါ်ပေါက်ခဲတဲ့ ရတနာတွေပါပဲ။ အခု ကျဆုံးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ နေရာအသီးသီးမှာ သူ့နေရာနဲ့သူ ထူးချွန် ထက်မြက်ကြပြီးတော့ နိုင်ငံအတွက် တကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းနေကြသူ တွေချည်းပါပဲ။ နောက်တခုက အဲဒီပုဂ္ဂိုလ်ကြီးတွေဟာ နိုင်ငံခေါင်းဆောင် ပီသစွာပဲ ကိုယ်ကျင့်တရားအရာမှာ စံပြ လို့ ဆိုနိုင်တဲ့သူတွေပါပဲ။ တကယ့် အာဇာနည် အင်္ဂါရပ်နဲ့ ပြည့်စုံကြသူတွေပါ။

အဲဒီလို အာဇာနည်တွေရဲ့အကြောင်းတွေကို ကျမတို့က နောက်မျိုးဆက်တွေ သိအောင် သေသေချာချာ လက်ဆင့်ကမ်းရမှာပါ။ ဒါမှပဲ အာဇာနည်ဆိုတာ ဒီလိုပါလား.. အာဇာနည် အဖြစ် ရပ်တည်မှ တန်ဖိုးရှိတာပါလား… လူဖြစ်ရကျိုး နပ်မှာပါလား… ဂုဏ်ယူစရာ ကောင်းတာပါလား…လို့ တွေးမိကြမှာပါ။

ပိုဆိုးတာကတော့ ခုချိန်မှာက ကျမတို့နိုင်ငံမှာ ခေါင်ကမှ မိုးမလုံတော့ တတိုင်းပြည်လုံး ကံဆိုးမိုးတွေ တုတ်တုတ် ရွှဲ နေရ။ ကလေးတွေ လူငယ်တွေရဲ့ မျက်စေ့ရှေ့မှာ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အာဏာပိုင်ဆိုသူတွေ… လူထုကို နှိပ်စက်ညှင်းပမ်းတဲ့ အစိုးရ ဆိုသူတွေ.. အဂတိလိုက်စားတဲ့ အုပ်ချုပ်သူတွေ… ကိုယ်ကျင့်တရား ပျက် တဲ့ ဦးဆောင်သူတွေ.. အရှက်အကြောက်နည်းပါးတဲ့ အောင်မြင်ကျော်ကြားသူတွေကိုသာ အတွေ့များနေတာမို့.. အတုယူတတ်တဲ့အရွယ်တွေအတွက် အတုခိုးမှားမှာ သိပ်စိုးရိမ်စရာ ကောင်းပါတယ်။

ဒါကြောင့် ဘယ်လောက်မှ မဝေးကွာသေးတဲ့.. လွန်ခဲ့တဲ့ နှစ်၆၀ရဲ့ ဟိုဘက်မှာတင် စံပြုစရာ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံပြီး လူထုအတွက် ကိုယ်ကျိုးစွန့်ဖို့ ၀န်မလေးတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိခဲ့တာကို ကျမတို့ တလေးတစား ဖော်ထုတ်ရပါမယ်။ သတိတရ ချီးကျူးရပါမယ်။ မျိုးဆက်သစ်အဆက်ဆက်ဆီ လက်ဆင့်ကမ်း ရပါမယ်။ ဒါမှပဲ အဲဒီသူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ရာကျပါလိမ့်မယ်။ အဲဒီတော့မှပဲ နောက်က မျိုးဆက်တွေအပေါ်လည်း တာဝန်ကျေရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်ပဲ အာဇာနည်နေ့ဟာ.. အာဇာနည် တွေဟာ သမိုင်းကြောင်းတခုအဖြစ်ဖော်ထုတ်ဖို့ အရေးကြီးရတာပဲ ဖြစ်ပါတယ်…။ အာဇာနည်မြတ်.. မမေ့အပ်။

မေငြိမ်း(ဇူလိုင်၁၈)

နက်ဖြန် ၁၉ဇူလိုင်မှာ ဘလော့ဂါမောင်နှမများနဲ့အတူ ဘလော့မှာ စာမတင်ဘဲ ဘာမှ မလှုပ်ရှားဘဲ အာဇာနည်ကြီးတွေကို တိတ်ဆိတ်စွာ အလေးပြုပါမယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းအား အလေးပြု ။




Jul 17, 2007

အာဇာနည်နေ့အလွမ်း

၁၉၈၈ မတိုင်ခင်က…
ကျောင်းပိတ်ရက်ဆိုရင် နေမြင့်တဲ့အထိ တအိမ်လုံး အိပ်နေကျ။
အဖေက ရုံးသမား... အမေက ကျောင်းဆရာမ..
ကျမတို့တတွေက ကျောင်းသမားတွေမို့ ပိတ်ရက်တွေက
တကယ် အနားယူတဲ့ နေ့တွေပါပဲ။
ဒါပေမဲ့ အာဇာနည်နေ့ပိတ်ရက်မှာတော့ …
နှစ်လနာရီ… အခါရာသီ ရွေ့ပေမဲ့ ..
အာဇာနည်နေ့ကိုဖြင့်.. မမေ့သင့်ပါသလေ…
ဆိုတဲ့ အဆိုတော် ဒေါ်မေလှမြိုင်ရဲ့သီချင်းနဲ့ မနက် ၇နာရီမှာ နိုးရပြီ။
အဖေက ညကတည်းက ပြောပြထားပြီးသားလေ။
အာဇာနည်နေ့မှာ မနက်စောကြီး ထ ရမယ်။
လုပ်စရာရှိတာတွေ စောစောလုပ်ထားရမယ်…တဲ့ ။
မနက် ၁၀နာရီခွဲဆိုရင်တော့ ကျမတို့ မိသားစု အိမ်ရှေ့ဝရံတာမှာ ရောက်နေပြီ။

ကျမတို့က ရွှေဘုံသာလမ်း(မဂိုလမ်း)အောက်လမ်းမှာ နေတာပါ။ ကျမတို့တိုက်က ရွှေဘုံသာလမ်းရဲ့အဆုံးမှာ ရှိပြီးတော့ ကမ်းနားလမ်းမကြီးဘက်ကို မျက်နှာလှည့်ထားတာ။ ကျမတို့အိမ်က လေးထပ်တိုက်ရဲ့ အပေါ်ဆုံး ထပ်။ ကျမတို့အိမ် ၀ရံတာက လှမ်းကြည့်ရင် ရန်ကုန်မြစ်ကြီးနဲ့ တဘက်ကမ်းက ဒလမြို့နယ်လေးကို လှမ်းမြင်နေရပါတယ်။ ပြီးတော့ အိမ်ရှေ့ ကမ်းနားလမ်းမကြီးဘေးမှာတော့ ဆိပ်ကမ်းက ကုန်တင်ရထားတွဲတွေ သွားတဲ့ ရထားလမ်းကလေး ရှိပါတယ်။

အာဇာနည်နေ့မှာတော့ မနက်၁၀နာရီခွဲဆိုရင် ကျမတို့ တတိုက်လုံးက လူတွေအားလုံး ကိုယ့်အိမ်ရှေ့ ၀ရံတာ လေးတွေမှာ အသီးသီးနေရာယူထားပါပြီ။ အဲဒီနေ့မှာ.. မေမေက အိမ်ရှေ့မျက်နှာစာ ၀ရံတာဘေးဘက် ဘောင်ပေါ်မှာ ပန်းအိုးထိုးထားပါတယ်။ တခြား အခန်းတွေကတော့ အလံလေးတွေ ကိုယ်စီ တိုင်ဝက် လွှင့်လို့။
ကျမတို့ အိမ်ကတော့ အဖေက မဆလ အလံကို အသိအမှတ်မပြုဘူးဆိုလို့ အလံ မရှိပါ။

၁၀နာရီ၃၇မိနစ်ဆိုရင်တော့ ရန်ကုန်မြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေက ဥသြ စဆွဲပါတော့တယ်။
တချိန်ထဲမှာပဲ လမ်းပေါ်မှာသွားနေတဲ့ မော်တော်ကားတွေက ရပ်လိုက်ပြီး ကားဟွန်းတွေ အရှည်ကြီး တီးပါတယ်။ (အစအဆုံး တစ်မိနစ်လောက်ကြာမယ် ထင်ပါတယ်) လမ်းလျှောက်လက်စ လူတွေက ရောက်တဲ့ နေရာမှာ ရပ်ပါတယ်။ တချို့က အလေးပါ ပြုပါသေးတယ်။ ကျမတို့ တမိသားစုလုံးလဲ ငြိမ်ပြီး အလေးပြုရပါတယ်။ ကျမတို့ တတိုက်လုံး.. ပြီးတော့ တလမ်းလုံး … မျက်စေ့တဆုံး.. အားလုံးငြိမ်… လို့။ ကျမအဖွား အသက်၇၀ ကတော့ နှစ်စဉ် ၀တ္တရားမပျက် အဲဒီအချိန်ဆို.. သူ့ပခုံးပေါ်က မျက်နှာသုတ်ပုဝါနဲ့
မျက်ရည်တွေ တို့သုတ်မြဲ။ ကျမ ကိုယ်တိုင်လည်း တော်တော် ငယ်ငယ်ကလေးတည်းက အဲဒီအချိန်လေးမှာ ကြက်သီးထ တတ်ခဲ့တာ။ ပြီးတော့ ငိုချင်နေခဲ့တာ။ အဖွားနဲ့ အဖေ ပြောပြထားလို့ ကောင်းကောင်း သိထားတဲ့ အာဇာနည်ကြီးတွေကို သတိရ လွမ်းတ နှမျောစိတ် နဲ့ ငိုချင်နေတတ်ခဲ့တာ။

ဥသြသံတွေ ရပ်သွားတာတောင် ကျမတို့ရဲ့ ငိုင်တွေ ငြိမ်သက်နေမှုက ပြန်လည် အသက်မ၀င်နိုင်သေးဘဲ ရှိနေ တတ်မြဲ။ ပြီးလျှင်တော့ အဖေက ဦးဆောင်ပြီး ကျမတို့ မိသားစု အာဇာနည်ကုန်းကို သွားတာပါပဲ။ အဲဒီတုန်းက လူတွေ သိပ်များတာပဲ။ အနယ်နယ် အရပ်ရပ်က လာကြတာပါ။ ကျမတို့တွေ စနစ်တကျ တန်းစီကြပါတယ်။ ကိုယ့်အလှည့်ရောက်ရင်တော့ ဗိုလ်ချုပ်တို့ရဲ့ အုတ်ဂူတွေရှေ့မှာ စနစ်တကျ တန်းစီပြီး ပန်းစည်းကလေးတွေ ချပြီး ကျမတို့ အလေးပြုကြပါတယ်။ အလေးပြုပြီးရင်တော့ တာဝါလိန်းလမ်း (ခု-ဗိုလ်ချုပ် ပြတိုက်လမ်း)က ဗိုလ်ချုပ်အိမ်ကို သွားကြပါတယ်။ တခါတလေ အဲဒီမှာ လူများလွန်း တန်းစီရလွန်းလို့ ဖေဖေက ရွှေတိဂုံ ဘုရား ဘက်ပဲ ဦးတည်ပါတယ်။

အိမ်ကို ညနေစောင်းပြန်ရောက်ရင်တော့ အိမ်ရှေ့ ၀ရံတာမှာ လေတဖြူးဖြူးနဲ့ ထိုင်ရင်း အဖွားပြောပြတဲ့ ဗိုလ်ချုပ်အကြောင်းတွေ နားထောင်ရပါတယ်။ ကျမ အဖွားက သူတို့ ပုသိမ် ကျောင်းကုန်းကို ဗိုလ်ချုပ် ရောက်တုန်းက အကြောင်းတွေ ၊ ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က အကြောင်းတွေ.. အဖွားတို့ အော်ငိုကြရတာတွေကို ကျမတို့ မောင်နှမတွေ ၀ိုင်းဖွဲ့ နားထောင်ကြရတာ.. ခဏခဏ။

ည.. ၈နာရီ သတင်းအပြီးဆိုရင်တော့ ရေဒီယိုက ဗိုလ်ချုပ် မိန့်ခွန်းတွေ လွှင့်ပေးတာကို တအိမ်လုံး ငြိမ်ပြီး နားထောင်ကြပါတယ်။ သိပ်မသဲကွဲလို့ နားမရှင်းရင် အဖေက ပြန်ရှင်းပြပေးပါတယ်။ ရေဒီယိုက လွှင့်ပြီးသွားပေမဲ့
ကျမတို့ မောင်နှမတစုရဲ့ အမေးတွေ ကတော့ မပြီးနိုင်သေး။ အဖေ့မှာ ဆက်ပြီး ဖြေနေရတတ်ပါတယ်။

အဲဒီတုန်းကတည်းက အဖေက ဗိုလ်ချုပ်အကြောင်းကို ပြောရင်း ဦးနေ၀င်းရဲ့ အတ္တကြီးတာတွေ၊ မသမာမှုတွေ၊ တိုင်းပြည်အပေါ် စေတနာနည်းပါးမှုတွေနဲ့ တွဲပြောပြနေကျ။ ဒါကြောင့်ပဲ ဗိုလ်ချုပ်ဟာ ကျမတို့ နှလုံးသားထဲမှာ အမြင့်မြတ်ဆုံး ခေါင်းဆောင်အဖြစ် နေရာယူခဲ့တာပါ။ အဲလိုပဲ အာဇာနည်ကြီးတွေရဲ့ တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံမှုတွေ၊ သတ္တိ ဗျတ္တိတွေ၊ တိုင်းပြည်ချစ်စိတ်တွေကို မြတ်နိုးရကောင်းမှန်း လေးစား အားကျ ရ ကောင်းမှန်း သိခဲ့တာပါ။ မွန်မြတ်တဲ့ မြင့်မြတ် တဲ့ ခေါင်းဆောင်ကောင်းဆိုတာ ဒီလိုရှိရမှာပါလားလို့ သိတတ် မြင်တတ်ခဲ့တာပါ။

ခုတော့.. ကျမတို့ နိုင်ငံမှာ ဗိုလ်ချုပ်နဲ့တကွ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသူတွေရဲ့ သမိုင်းကို တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် လုပ်ကြံတာကို ခံနေရပြန်ပါပြီ။ ကျမတို့ မြန်မာနိုင်ငံသမိုင်းမှာ အရေးပါ လှတဲ့သူတွေကို စစ်အစိုးရက ပျောက်ပျက်အောင်
သေသေချာချာကို လုပ်နေတာပါပဲ။

ဗိုလ်ချုပ်ပုံတွေကို ပိုက်ဆံတွေပေါ်ကနေ ဖျောက်ဖျက်ပစ်တာက စလို့ ကျောင်းတွေမှာ ဗိုလ်ချုပ်အကြောင်း မသင်ရ။ ဗိုလ်ချုပ်အကြောင်း မပြောရ။ စာနယ်ဇင်းတွေမှာ ဗိုလ်ချုပ်အကြောင်းမရေးရ.. ဆိုတာတွေ လုပ်လာ ပါတယ်။ အဲဒီအပြင် ဗိုလ်ချုပ်အောင်ဆန်းမိသားစုအကြောင်း ရေးပြီး စာအုပ်ထုတ်တဲ့ စာရေးဆရာ သန်းဝင်းလှိုင် ဟာ
၂၀၀၀ခုနှစ် ဇွန်လမှာ ထောင်ဒဏ် ၇နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ အဲလိုပဲ ၂၀၀၅ခုနှစ် ကုန်ပိုင်းလောက်မှာ လည်း တွံတေးမြို့က ဆရာဦးအောင်ဖေဟာ ကျူရှင်မှာ ကျောင်းသားတွေကို ဗိုလ်ချုပ်အကြောင်း ပြောပြပြီး ဗိုလ်ချုပ်ပုံကို အလေးပြုတာကြောင့် ခုထိ ထောင်ကျခံနေရတာပါ။ ဒါတွေဟာ စစ်အစိုးရရဲ့ သိပ်ကို ပက်စက်တဲ့ ရုပ်ဆိုးတဲ့ အဖြစ်အပျက်တွေပါပဲ။

သူတို့ဟာ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ရဲ့ အထင်ကရ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာပါ။ လွန်ခဲ့တဲ့ နှစ်၆၀တုန်းက ဂဠုန်ဦးစောက ရာထူးအာဏာအတွက် နိုင်ငံ့ခေါင်းဆောင် မီးရှူးတန်ဆောင်ကို လုပ်ကြံခဲ့တဲ့ အတွက် သမိုင်းမှာ သားစဉ်မြေးဆက် ရုပ်ဆိုးခဲ့ပါပြီ။ သားသမီး မြေးမြစ်ထိအောင် သိမ်ငယ်ခဲ့ရပါပြီ။ ဗိုလ်ချုပ်က တော့ လူသာ ကျဆုံးသွားခဲ့ပေမဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကတော့ ပိုတောင် တောက်ပလာခဲ့ပါတယ်။ အခု စစ်အစိုးရရဲ့ ခေါင်းဆောင်များကလည်း ဖခင်ဗိုလ်ချုပ်ရဲ့ကျေးဇူးကို လုပ်ကြံဖို့ ကြိုးစားနေပါပြီ။ သူတို့သမိုင်း ကတော့ဖြင့် ခု မသေခင်မှာတောင် အတော်ပုပ်ပွနေပါပြီ။

သူတို့ ဗိုလ်ချုပ်ကို ဘာကြောင့် ဖျောက်ဖျက်ချင်ရသလဲ..။
ကျမတွေးကြည့်တာတော့ ....
ဗိုလ်ချုပ်ဟာ သေသည့်ထိ ဂုဏ်သိက္ခာတန်ဖိုး အလွန်မြင့်မားခဲ့သူ။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာလည်း ဂုဏ်သရေ တန်ဖိုး ကြီးမြင့်သူ။
ဗိုလ်ချုပ်ရဲ့ တဦးတည်းသောသမီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်သာ
ခုထိ အသက်ထင်ရှား ရှိသေး ရင် လက်ခမောင်း တဖြောင်းဖြောင်းခတ်ပြီး ဂုဏ်ပြုရမယ့် သမီး..။

အင်းး သူတို့မှာကတော့……………………။

ကျမတို့ကတော့ သူတို့က ဗိုလ်ချုပ်တို့ရဲ့ အခန်းကဏ္ဍကို ဖျောက်ဖို့ ကြိုးစားလေလေ…
ဗိုလ်ချုပ်ရဲ့ တန်ဖိုးကို ပို သတိရလေလေ..။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို သူတို့ ဖျောက်ဖို့ မှေးမှိန်အောင်လုပ်ဖို့ ကြိုးစားလေလေ..
အန်တီစုရဲ့ အရောင်အ၀ါ ဂုဏ်ကျက်သရေက ပိုပြီး တောက်ပ-လာလေလေ…။
အမှောင်ထုနဲ့ ယှဉ်လို့ ပိုလင်းတဲ့ လမင်းလို.. ကြယ်စင်လို…။

မေငြိမ်း (ဇူလိုင်၁၇)


Jul 14, 2007

တောသူ

အခုအချိန်မှာ... ကျမတို့ နိုင်ငံထဲမှာ စားဝတ်နေရေးက အစ အသိပညာ ဗဟုသုတ အဆုံး ငတ်မွတ် နေရတာ တွေ ပို ပို ကြားလာ ရတော့ ကျမကိုယ်တိုင် ငတ်မွတ်ခဲ့ဖူးတုန်းက ခံစားရဖူးတဲ့ စိတ်ကျအနာကို ပြန် ပြန် သတိရပါတယ်။ အဲသည်တုန်းက ၉၆ ကျောင်းသားလှုပ်ရှားမှုကြောင့် ကျောင်းတွေ ပိတ်ထားတာ ပြန်အဖွင့်.. ၁၉၉၉ မှာ လွဲမှား တင်းကျပ်တဲ့ ကျောင်းစည်းကမ်းတွေ၊ စာမေးပွဲမှာ ကျောင်းသားတွေ ခိုးချဖြေတာကို အရေးမယူရဘူး လို့ ဆရာတွေကို အမိန့်ပေးတာတွေ၊ မင်းကျင့်တရားဆယ်ပါးကို အကျယ်မသင်ရ.. ဗိုလ်ချုပ်အောင်ဆန်း အကြောင်း မပြောရ.. နိုင်ငံတကာ ပညာရေးအကြောင်း မချီးမွမ်းရ.. ကျောင်းစာက လွဲလို့ အပြင်ဗဟုသုတ မပြောရ.. ဆိုတာတွေထဲမှာ ကျမ အသက်ရှူ ကျပ် ကျပ်လာတာ။ လွတ်လပ်မှုကို ငတ် ငတ် လာတာ...။

ကိုယ်က စာတွေဖတ်တော့ ကိုယ့်နိုင်ငံပြင်ပက လူငယ်တွေရဲ့ လွတ်လပ်မှု.. လင်းပွင့်ခွင့်ရမှုတွေကို ကြည့်ပြီး နှလုံးသားတွေ နာကျင်။ ကိုယ့်ဆီက ကျောင်းသားတွေခမျာမှာတော့ အဘက်ဘက်က ပိတ်ဆို့။ အခွင့်အလမ်း ဆိုတာ စာထဲမှာသာ တွေ့ရတဲ့ စကားလုံးမျှသာ။ အထူးသဖြင့် ရန်ကုန်မှာ။ လူငယ်တွေခမျာ လူတန်းစား ကွာဟမှုကို တော်တော် မြင်သာထင်သာ ခံစားရရှာတာ။ ဒါတွေကို ကျမ မကြည့်ရက်နိုင်တော့။ နိမ့်ပါးရှာတဲ့ လူငယ်တွေကိုယ်စား မခံစားနိုင်တော့။

အဲဒီမှာ ကျမ ဆုံးဖြတ်လိုက်ပါတယ်။ လူတန်းစား ကွာခြားမှု ဘယ်လောက်မှ မရှိနိုင်တဲ့.. ငတ်ခြင်းကိုတောင်မှ ကောင်းကောင်း မခံစားတတ်တဲ့ နယ်မြို့လေးတွေဆီမှာဆိုရင်တော့ တကယ့် လက်တွေ့ဘ၀ကို မမြင်ချင်ယောင် ဆောင်နေနိုင်မယ်လို့ ကျမ ထင်ခဲ့ပါတယ်။ ဒါနဲ့ပဲ .. ကျမနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့၊ တောင်တွေ တောတွေ လျှိုတွေ စိမ့်စမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့၊ ကျမချစ်တဲ့ မော်လမြိုင်တက္ကသိုလ်ဆီကို ထွက်ပြေးခဲ့ပြီး..... ခု ဒီ ၀တ္ထုလေးကို ၂၀၀၀နှစ်ဦးမှာ ရေးဖြစ်ခဲ့ပါတယ်။ စိစစ်ရေးက အတန်တန် စိစစ်၊ ဖြတ်တောက်၊ ပြင်ဆင်ခိုင်းတာတွေကို ကျော်ဖြတ်ခဲ့ရပြီး ၂၀၀၀ခုနှစ် နိုဝင်ဘာ ကျကာမှပဲ ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခွင့်ရပါတော့တယ်။ နောက်တော့ ၂၀၀၁ မှာ ဥတ္တရလမင်း စာအုပ်တိုက်က ထုတ်တဲ့ ခံစားသူအကြိုက် ၀တ္ထုတိုပေါင်းချုပ်ထဲမှာပါ ဖော်ပြခံရပါတယ်။ အခု အဲဒီ ၀တ္ထုလေး တင်ပေးလိုက်ပါတယ်။



တောသူ

ခုတလော ကြည့်မှန်မှာ အသားညိုညို မျက်နှာပြဲပြဲနှင့် ကိုယ့်ကိုယ်ကို ကြည့်ကာ “တောသူ” ဟု အံကြိတ်ပြီး ခဏခဏ ပြောမိလေသည်။ ကြည့်လေ... လတ်ဆတ်သော လေကိုရှူ၊ လတ်ဆတ်သော အသီးအရွက်တို့ကို စား၊ လတ်ဆတ်သော မြင်ကွင်းတို့ကို ကြည့်၊ နေရောင်နှင့် မိုးစက်တို့သည်ပင် ကျမထံပါးမှာ ထူးထူးကဲကဲ လတ်လတ်ဆတ်ဆတ် ခံစားရလေတော့ ထိုလတ်ဆတ်မှုများကို စားသုံးခွင့်ရသော ကျမက အသားတွေက ညို၊ ခန္ဓာကိုယ်ကပင် ၀ဖြိုး တုတ်ခိုင်လျှက်၊ တကယ့်ကို ကိုယ့်ကိုယ်ကို “ကင်ပွန်းတပ်” ထားသလို၊ ကျမက တောသူမကြီးလို လန်းဆန်း စိုပြေနေသည်ဟုပင် ထင်၏။ ပြီးတော့ စိတ်နှလုံးတို့မှာလည်း လန်းဆန်း ကြည်လင်လျှက်၊ ဘယ်လို လောဘမှလည်း ရှိမနေတော့ပြီဟု ယုံချင်သည်။

အဲဒါဟာ အမှန်ပဲလား…။ ပြီးတော့… အဲဒါဟာ အဆိုးလား၊ အကောင်းလား။ ကိုယ်တိုင်လည်း ဝေခွဲမရပါ။ ဒါပေမဲ့ သေချာတာကတော့ အဲဒီလို “တောသူ
ဘ၀မှာ ကျမ ဘာကိုမဆို မေ့ချင်ဟန် ဆောင်နေလို့ ရတာတော့ အမှန်ပင် ဖြစ်ပါသည်။

ကျမရဲ့ ရှေ့မှာ ပင်ကူအိမ်တွေ ဖုံးလွှမ်းနေသော မြင်ကွင်းတို့ ရှိသည်။ ထိုအခါ ရှေ့ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရ။ ဟိုဘက်ဆီကလည်း ကျမကို မြင်နိုင်မှာမဟုတ်ဟု ထင်ချင်သည်။ ချောင်းကြည့်တော့လည်း ၀ိုးတ၀ါး သာ။ တကယ်ဆို တိုးထွက် ဖေါက်ဝင်သွားဖို့လည်း အလွယ်ကလေးပဲ။ သို့ပေမဲ့ ခုအတိုင်းပဲ နေချင်သည်။ အနည်းဆုံးတော့ မပတ်သက်သလို ဟန်ဆောင် ကျောခိုင်းထား၍ ရသည်။ ပြီးတော့ တိတ်တဆိတ် ကြိတ် ငို နိုင်သည်။ ဟိုတဘက်က မြင်ကွင်းတွေကို မြင်ရရက်နှင့် တိတ်တခိုး ပုန်းခိုရတာ စိတ်လှုပ်ရှားစရာလည်း ကောင်း သည်။ တခါတခါ ကျမ ခင်ပွန်းက ကျမကို တောခိုနေတာဟုပင် စွပ်စွဲ တတ်သေးသည်။


ကျမရဲ့ အိမ်ခန်းကလေးရှေ့မှာ ခင်ပွန်းဖြစ်သူ စိုက်ပျိုးထားသည့် အပင်ကျိုးကျဲလေးတွေ ပြည့်နေသည့် မြေကွက်လပ်လေး ရှိသည်။ ဒန့်သလွန်ပင်ပျိုလေးတွေက အရွက်ဖားဖား ဝေမယ်မှ မကြံခင် အပွင့်တွေ ဝေ၏။ ပြီးတော့ သူ့အလိုလို ပေါ်လာသော လေးကျွန်းကြာခိုင် နှင့် နှင်းပန်းရုံတွေ၊ တောနှင်းဆီ၊ တောစံပယ်တွေ။ အရင် အဆက်ဆက်လူတွေ စိုက်ပျိုးခဲ့သော မျိုးစေ့ အကြွင်းအကျန်များ ဖြစ်လိမ့်မည်။ အဟောင်း..အကြွင်းအကျန်ပေမဲ့ ပေါင်းသင် ရေလောင်း မွမ်းမံလိုက်တော့လည်း အသစ်တွေ လန်းပွင့် လာတာပဲ။ အိမ်အတက်အဆင်း လှေခါးနံဘေးမှာတော့ Morning Glory ပန်းတွေက ဖွေးလှုပ်လို့။ ကျမစိတ်ထဲ ပန်းတွေကို ကြည့်ရတာ အသက်ရှူ ၀ သည်။ ရင်အေးသည်။ ဒါနဲ့ပဲ မောင်က ကျမကို အိမ်ရှေ့မှာ ပန်းတောအုပ်ကလေး ဖြစ်အောင်ကို ဖန်တီးပေးဦးမှာ တဲ့။ ဒါဆို ကျမ ပျော်ရပြီလား။

ကျမကတော့ သစ်ပင် ပန်းပင်တွေရဲ့ အရိပ်အောက်မှာ ဘာကိုမှ မမြင်ရအောင် ပုန်းခိုလို့ ရရင် တော်ပြီ။ အနည်းဆုံးကတော့ စိတ်ထဲ အေးမြ လုံခြုံ၏။ တခါတခါ မောင့်ပန်းတောအုပ်ကလေးနှင့်ပင် မလုံလောက် တော့ဘူးလို့ ခံစားရလျှင်တော့ အိမ်ဝင်းနှင့် မဝေးလှသော နေရာမှာ ကိုယ့်ကို အုပ်မိုး ငုံ့ကြည့်နေသလို ရှိသော တောင်ဝိုင်းဆီက တောအုပ်ပျပျတွေဆီကိုပဲ အားကိုးတကြီး ကြည့်ရပြန်သည်။


တကယ်တမ်းကျတော့ ခဏခဏပင် ကျမက အဲဒီ တောင်ညို တောင်ဝိုင်းဆီ လှမ်းမျှော်ရင်း “မုန်းတယ်” ဆိုတာကို တီးတိုး တိုင်တည် ရင်ဖွင့်ရတာပါပဲ။
မုန်းတယ်။
အချစ်ဝတ္ထုတွေကို မုန်းတယ်။
အပြုံးတွေကို မုန်းတယ်။
ကဖေးဆိုင် ယဉ်ကျေးမှုကို မုန်းတယ်။
ခေတ်ရေစီးကြောင်းကို မုန်းတယ်။
အမျိုးအမည် သတ်မှတ်ထားတဲ့ အနုပညာ ဆိုတာတွေကို မုန်းတယ်။
မျက်လုံးတွေ တော်တော်များများကို မုန်းတယ်။
ဘ၀ ဆိုတာကြီးကိုလဲ မုန်းတယ်။
(ဒါဖြင့် ကျမက စိတ်ချမ်းမြေ့နေတာ မဟုတ်ဘူးတဲ့လား) တကယ်က ကိုယ်တိုင်လည်း ဒေါသသင့်နေသူ။ ပေါက်ကွဲ ဒေါသရော၊ မြိုသိပ် ဆုတ်နစ် ဒေါသရော။ ကိုယ်ထဲမှာ ပီတိဆိုတာပင် ရှိတတ်သေးရဲ့လား မသိ။
တဖြည်းဖြည်းနှင့်ပင် နှလုံးတို့ ကျုံ့ဝင်ကာ …..
ကာလတစ်ခုမှာတော့ ကျမက အိမ်ရှေ့ဆီက ခရေပင်လေးရဲ့ အခေါင်းပေါက် သေးသေးလေးထဲမှာ ခဲရာခဲဆစ် ပုန်းခိုတွယ်ကပ် နေသော မှိုပွင့်ကလေး ဖြစ်သွားတတ်ပြန်သည်။

မှိုပွင့်ကလေးဆိုတော့လည်း ထိလွယ် ရှလွယ် ကြေမွလွယ်ပြန်သည်။ အကာအကွယ်ယူဖို့ အားမွေးတော့ ၀န်းကျင် မှာ ကလေးတွေကိုပဲ အားကိုးတကြီး ရှာတွေ့သည်။ သူတို့ကို သင်ကြားပေးဖို့ ပြုစုပျိုးထောင်ဖို့ဆိုတာ ကျမ အတွက်တော့ စိတ်သက်သာရာ ရစရာ သက်မွေးဝမ်းကြောင်းလည်း ဖြစ်သည်လေ။

ကလေးတွေကိုသင်ဖို့ ၀တ္ထုရှည်သင်ရိုးအတွက် စာအုပ်တွေရှာ၊ နာနာဖတ်။ “ဂန္တ၀င်စာပေစာတမ်းများ၊ အတ္ထုပတ္တိစာပေစာတမ်း၊ ရသစာပေအဖွင့် နှင့် နိဒါန်း၊ ဓါး သံလျက် နှင့် ပန်းပွင့်၊ ကြာပန်းရေစင်၊ ကျွန်တော် ဆက်၍ ရေးချင်သောဝတ္ထုများ၊ Modern Literary Theory များ၊ စာပေရေးရာ ဆောင်းပါးများ” ဒါပဲလား။ ဒါနဲ့ပဲ လုံလောက်ပြီလား။ ကျမ ဘ၀ တစ်လျှောက်လုံး သုံးဆယ့်ငါးနှစ်ထိတိုင် စာဖတ်ခဲ့သမျှသော အတွေ့အကြုံများ။ အများကြီးဖြန့်ဝေနိုင်မည်..။သေချာတာကတော့ ကလေးများအတွက် အဆိပ်တော့ မသင့်စေရပါ။

သူတို့တတွေကို အများကြီး ပေးချင်သည်။ ယူကြမှာလား။ တံခါးတို့ကတော့ ပိတ်ထားကြ၏။ “တကယ်တော့ ၀တ္ထုဆိုတာ ဖန်တီးသူရဲ့ အသည်းနှလုံးကို ဦးနှောက်နဲ့ စီခြယ် မွမ်းမံ ပြထားတာပါ”။ “ဆရာမတို့က သူတို့ အသည်း နှလုံးရဲ့ အရောင်၊ အနံ့၊ အရသာကို မြင်အောင်ကြည့်ကြမှာ၊ ပြီးမှ ကိုယ်သိဖူးတဲ့ ကိုယ် လေ့လာထားတဲ့ ပေတံတွေနဲ့ သူ့ဆီက နည်းပညာ ဆိုတာကို ရှာရမှာ။ ဆရာမကတော့ သူ့နှလုံးသားကို ရှာဖို့ပဲ ပို စိတ်ဝင်စားတယ်။ နည်းပညာကိုတော့ သိပ်စိတ်မပါဘူး။ ဒါပေမဲ့လည်း သီအိုရီအရ....
” ။ ကျမရဲ့ Lecture တွေက အဲဒီ နည်းပညာပိုင်းရောက်လျှင် နည်းနည်းတော့ ပျင်းစရာ ကောင်းသွားတတ်သည်ဟု ထင်သည်။

ပိတ်ထားသော တံခါးရွက်တို့က ဖွင့်ရခက်၏။
ကျမ သိသမျှ ချပြသမျှထဲက ကလေးတွေက လိုသလို ကောက်ယူတတ်လျှင် ကောင်းမည်။ တခါတလေတော့ ပုံသေကားချ နည်းစနစ်တွေကို မသိချင်ဟန် ဆောင်ချင်သည်။ အသက်ရှူ မ၀ ဖြစ်ရပြန်သည်။ ထိုအခါ ကျမက တောအုပ်ကလေးတွေဆီ ပြန်ပြေးရ၏။ ပြီးမှ ခပ်တိုးတိုး ရင်ဖွင့်ရသည်။ မုန်းလိုက်တာ………။

ပင့်ကူမျှင် အထပ်ထပ်တွေရဲ့ တဘက်မှာ တံခါးရွက်တို့ အလုံးစုံပွင့်နေသော ကမ္ဘာတခြမ်းကို လှမ်းတွေ့ရ သည်။ အဲဒီမှာ နေရောင်တွေ လင်းပွင့် ပြိုးပြက် ၊ ပန်းတွေ စုံညီပွင့်၊ ပြုံးရယ်ရွှင်ပျ လွတ်လပ်ခိုင်မာ မျက်နှာတွေနှင့် ။


တန်ဖိုးမရှိသော ငြင်းခုန်သံများလည်း မရှိ။ စာမျက်နှာ ဖြုန်းတီးမှုတွေ မရှိ။ တီထွင်ကြံဆခွင့်များသာ ရှိလေသည်။ သို့နှင့်ပင် ကျမရဲ့ ကြိတ်မှိတ် တို့သုတ်ရသော မျက်ရည်များတို့ကဖြင့် ပူလောင်ကြလေသည်။
ကျမ ဘာကို လိုချင်နေတာလဲဟင်….။

လိုချင်တာတွေကတော့ဖြင့် အများကြီးပါပဲ။ လွတ်လပ်သော မြို့ပြတစ်ခု၊ ပြီးတော့ အေးချမ်း ဆိတ်ငြိမ် ရဦးမည်။ မနာလို ၀န်တိုခြင်းတွေလည်း မရှိရ။ လှေခါးထစ်တွေကိုတော့ လိုချင်သည်။ ဟိုး…. မိုးအမြင့်ထိ မြင့်ပစေ။ လောလောဆယ်တော့.... ကျမရဲ့ ချိုင့်ဝှမ်းထဲမှာ တောအုပ်တို့သာ အထပ်ထပ် ရှိလေသည်။


------

တကယ်ကျတော့ဖြင့် မောင့်ရဲ့ ကျေးလက်တောအုပ်ကလေးထဲမှာလည်း ကျမ မပျော်နိုင်ပါ။ ကိုယ့် ကိုယ်ကိုလည်း တောသူလို့ ညာယူလို့ မရ။ ကျမ မျက်လုံးများကို ဖုံးကွယ်ထားလို့မှ မရဘဲ။ ကျမက လတ်ဆတ်သော လေကို၊ တသွင်သွင် စီးသော ချောင်းရေကို၊ ဝေဆာသော ပန်းတွေကို၊ သာယာစွာသော ကျေးငှက်သံတို့ကိုသာ ချစ်ခဲ့ တာပါပဲ။ ရိုးအ သော်လည်း မရိုးသားကြသော၊ လောဘနည်းပြီး ပျင်းရိသော၊ ကိုယ့်ကိုယ်ကို ထက် သူတစ်ပါးကိစ္စကို ပိုစိတ်ဝင်စားကာ အဆိုးမြင် လွယ်သော၊ ရွှံ့နွံရနံ့ ထူပြောလျက်မှ ဟန်များလှသော နယ်မြို့ကလေးကို တကယ်မှာတော့ ကျမ မချစ်နိုင်ခဲ့ပါ။ ဒါဖြင့် အေးချမ်း ရိုးသားခြင်းနှင့် ဖွံ့ဖြိုး တိုးတက်ခြင်းကို ကျမ အတူတွဲ မရနိုင်တော့ပြီ ထင်သည်။

ထိုအခါ… ကွန်ပျူတာရဲ့ ကြွက်ကလေးကို ကိုင်ရင်း ဖျောက်ချင်ရာရာ အစိတ်အပိုင်းတွေကို ခဏခဏ Auto- hide လုပ်ရင်း ကိုယ့်ကိုယ်ကိုလည်း အဲလို ခဏခဏ ပုန်းပစ်လို့ ရရင် သိပ်ကောင်းမှာပဲဟု စိတ်ဖြေဖြစ်ပြန် သည်။

ကဲ… ကျမ ကိုယ်တိုင်ကရော မညံ့ပါလား…။ ရင်ဆိုင်ခြင်းထက် ရှောင်ပြေး ပုန်းခိုခြင်းကိုပဲ ရွေး ရွေး နေရတာ။ ပြီးတော့ တလောကလုံးက ကိုယ့်ကို နားလည် လက်ခံ စေချင်ကြတာတဲ့။ ကိုယ်တိုင်ကျတော့ဖြင့် ဘယ်သူ့ကိုမှ နားမလည်သူ။


-------

တခါက ကျမ မြတ်နိုးသည့် အနုပညာရှင်ကြီးတစ်ယောက်က အသုဘပွဲတစ်ခုကို ချည်စောင်ကြားကြီး တစ်ထည် ခြုံကာ တက်ရောက်ခဲ့ဖူးသည်။ သူက စွယ်စုံရ အနုပညာရှင်။ နေပူပူ၊ လူထူထူထဲ သူ့ကို ကြည့် ကာ လူတချို့က တီးတိုး ဆို၏။ ကြိတ် ရယ်ကြ၏။ နှာခေါင်း ရှုံ့၏။ ကျမကတော့ မရယ်မိ။ ဒါ သူ့ လွတ်လပ်ခွင့်။ ပြီးတော့ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှလည်း မထိခိုက်စေပါ။ သူ့ရဲ့လွတ်လပ်သော ဖန်တီးမှု၊ လွတ်လပ်စွာ ဖန်တီးခွင့်။

တချိန်ထဲမှာ ကျမ တွေးနေသည်။ တကယ်လို့များ သူသာ အနောက်တိုင်း တနေရာဆီက ဖြစ်ခဲ့လျှင်တော့ အခု ရယ်ကြ၊ နှာခေါင်းရှုံ့ကြသူတွေကပဲ ‘ဒါဟာ.. ပါဖေါမင့် အနုပညာ (Performance Art) ’ ဟု အမည်တပ် ကြဦးမည် ထင်သည်။ ခု…. ကိုယ့် အချင်းချင်းကျတော့ ကျိတ်ရယ်ကြလေသည်။ မုန်းလိုက်တာ………။

ဒါကြောင့်ပဲ ကျမက မျက်လုံးတွေကို မုန်းတော့တာ။ အနုပညာဖန်တီးသူအတွက် အမည် ပညတ် သတ်မှတ်ချက် မလို။ ဆိုင်းဘုတ် မလို ဟု ကျမ ယုံသည်။ လွတ်လပ်စွာ ယုံကြည်၊ လုပ်ပိုင်ခွင့် ရှိသည် ဟုလည်း ယုံသည်။

ထိုအခါ ကျမ၏ အသည်းနှလုံးဆီမှာ ဂန္ထ၀င်(Classics) မရှိ၊ မော်ဒန် အနုပညာ(Modern Art) မရှိ။ ဘာ သတ်မှတ်ချက်၊ ဘာ ပုံစံ၊ ဘာ Ism မှ မရှိ။ မလိုအပ်။ တစ်ခုပဲ လိုသည်။ ရင်ထဲ၊ ဦးနှောက်ထဲဆီက တားမနိုင် ဆီးမရ၊ ပွင့်ထွက်လာသော ဖန်တီးလိုမှု စစ်စစ်သာ လိုသည်ဟု ကျမ ရင်ဖွင့်ချင်ပါသည်။


-----------

ထိုနေ့ နေ့လယ်ခင်းမှာ ပန်းတွေ ပွင့်လှ၏။ လေ ငြိမ်ပြီး နေက လင်းလွန်းသည်။ ကျမရဲ့ အိမ်ခန်းကျဉ်းထဲမှာတော့ အေးမြသား။ သမီးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ ကျမကတော့ သီချင်းတစ်ပုဒ် နားထောင် နေသည်။ အသည်းကွဲတေးတစ်ပုဒ်ပေမဲ့ စကားလုံးတို့က ဆန်းသစ် လေးနက်၏။ အဆိုတော် လူငယ်လေး၏ ခံစားမှုအားကိုလည်း သီချင်းအသံထဲမှာ ကြားရသည်။ ညည်းတွားလိုက်၊ ကြေကွဲလိုက်၊ နာနာ ကျည်းကျည်း အော်ဟစ်လိုက်။ သံစဉ်တွေက မညီညာ။ အတက်အကျ ပြင်းပြင်း၊ ဘေ့စ်သံ ရိုက်ချက် ကလည်း ပြင်းပြင်း။ ကျမ နှလုံးတို့ပင် အညီအညွတ် လိုက်ခုန်သည် ထင်၏။ ခုန်ပေါက် စီးဆင်းသော တေးသွားထဲမှာ သီဆိုသူ ရဲ့ ရင်ခုန်သံ ကိုပါ ကြားရသည်။ သမီးလေးက မနိုး။ ကြားနေကျ ငြိမ့်ညောင်းသံစဉ် မဟုတ်ပါဘဲနှင့် သမီးက ငြိမ့်ငြိမ့် အိပ်၏။ သမီးလေးကရော အဲဒါကို ဂီတလို့ လက်ခံတယ်လား ဟင်။
ခင်ပွန်းက ကျမကို ပြောသည်။
“မင်း ဒီသီချင်းကို နားထောင်လို့ ရသေးတယ်။ တောသူ မဖြစ်သေးဘူး” တဲ့။
ကျမ လက်ခံ ပြုံးလိုက်ပါသည်။
“ဟုတ်တယ်။ ဒီ သီချင်းမျိုးကို ကြိုက်တယ်” ။
သူက ခေါင်းညိတ်ပြပြီး
“အဲဒါကို Alternative လို့ ပြောကြတာပဲ”တဲ့။
(သွားပြီ။ စိတ်ပျက်လိုက်တာ ကွယ်။ ကျမ ခံစားနေတာ ရင်ခုန်သံ တစ်ခုကိုပါ။ ပစ္စည်းတစ်ခုကို မဟုတ်ပါဘူး။ အမျိုးအမည် တစ်ခုခုလည်း မဟုတ်ပါဘူး။) ကျမ Stop ခလုတ်ကို နှိပ်လိုက်မိတော့သည်။ ခင်ပွန်းက နားမလည် နိုင်သော အကြည့်ဖြင့် ကြည့်၏။ ကျမ သက်ပြင်းသာ ရှိုက်လိုက်သည်။ သူ့ကိုလည်း မဆွေးနွေးချင်တော့ပါ။ ကျမ နှင့် အတူရှိနေသူကို ကျမနှင့် တသားတည်းကျသော နှလုံးသား ရှိရမည်ဟု သတ်မှတ်ရန် မလွယ်ပါ။ ဒါကိုတော့ ကျမ နားလည် လက်ခံ ရပါလိမ့်မည်။

ကျမက ကိုယ်တိုင် ဖန်တီးသော အနုပညာကို ကိုယ့်ဘာသာ နာမည်တပ်ခြင်းမျိုး။ ဒါမှမဟုတ် နာမည်တပ် ပြီး သား အနုပညာ ပုံစံတစ်ရပ်၏ နောက်က လိုက်ခြင်းမျိုးကို မကြိုက်။ သည်တော့ ကျမ တတ်နိုင်သမျှကို ကျောခိုင်း။ အဲဒီ နေ့လယ်ပူပူမှာ ပန်းပင်တွေကိုပဲ ပေါင်းသင် မြေဆွ ရတော့သည်။ ပန်းပင်တွေ မြင့်မားကာ ကျမ မြင်ကွင်းတွေကို ပိန်းပိတ် ကာကွယ် သွားမည်ဆိုလျှင် ဘယ်လောက် ကောင်းလိုက်မလဲ။ ပန်းပင်တွေ ပွင့်ဝေနိုင်ဖို့လောက်တော့ဖြင့် ကျမ ဖန်တီးနိုင်မည် ထင်ပါသည်။


-----------

မနေ့တနေ့ပင် ဒေါက်တာသန်းထွန်းရေးသော စာထဲက “နိုင်ချင်လို့ အရှုံးခံတယ်” ဆိုတာလေးကို ဖတ်ပြီး အရှုံးခံ ခဲ့တာ များပြီး အနိုင်မရနိုင်လွန်းတဲ့ ဘ၀ကို ကြေကွဲမိသေးသည်။ ပြီးတော့ တိတ်တိတ်လေး ရှက်နေမိပြန်၏။ ခုထိ လွမ်းစရာမရှိဘဲ နာစရာများသော ကိုယ့်သမိုင်းကို Auto-hide လုပ်ချင်သည်။ (အရှုံးပေးလွန်းရာ ကျမှာကို လည်း စိုးသေး၏)။ ထိုအခါ…. ပိတ်ထားသည့် တံခါးရွက်တွေကို နာတတ်သော အနာက ထပ်နာ ပြန်သည်။

မဂျူး ရဲ့ “ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ” ကိုလည်း ဖတ်မိပြန်သည်။ သည်တော့လည်း နှလုံးတို့ ဆတ်ဆတ် တုန်ခါကာ ပင့်ကူမျှင်တွေကို ယောင်ယမ်း ဆွဲဖယ်မိတော့မလို ဖြစ်မိသေး၏။ မဖြစ်နိုင်ပါ။ ကျမ၏ လက်တို့က တောအုပ်ထဲ၌ နေသားကျကာ ရေညှိအထပ်ထပ်ဖြင့် လေးလံ စွဲမြဲနေခဲ့ပြီ။ မဂျူးပြောတဲ့ ပန်းချီကားတွေကို မြင်ယောင်တော့ မျက်ရည်ပင် လည်ချင်သည်။ သို့ပေမဲ့ အမည်သတ်မှတ်ချက်တွေ နည်းပညာ ရှင်းလင်းချက် တွေကိုတော့ ကျော်လွှား သွားမိသည်။ နှလုံးသားတွေကိုပဲ တွေးယောင်ကာ လွမ်းနေရတာ ကျေနပ်လှသည်။

ထိုအခါကျမှပဲ အိပ်မက်မှ လန့်နိုးသူလို ယောင်ယမ်း ထကြည့်မိတော့ ပင့်ကူမျှင် အထပ်ထပ်တွေရဲ့ နောက်မှာ ရိနွမ်းနေသည့် မှိုပွင့်ငယ်ငယ်လေးကို သနားစဖွယ် တွေ့ရလေသည်။

တောအုပ်တွေ နောက်ကွယ်က စပါးပင်တွေအကြားမှာ ကျမက သမီးလေးနှင့်အတူ စိတ်နှစ်ပြုံးရယ်တော့ မောင်က ကြည်နူးစွာ ပြုံးရင်း မျက်ရည်လည်သည်။ သူကတော့ စိတ်ချမ်းသာရှာသည်။ သူ့ကို ကြည့်ပြီး ကျမ မျက်ရည်ကျတော့ ငယ်ငယ်ကတည်းက စပါးပင်တွေကြားထဲမှာသာ ကြီးပြင်းခဲ့ရသော သူက ကျမ မျက်ရည် များကို နားမလည်ရှာ။ (ကျမကပဲ လူတော်ကို မလိုချင်ဘဲ၊ လူကောင်းကိုသာ ရွေးချယ်ခဲ့တာလေ။ ဒါကို ကျမ ကျေနပ် နိုင်ရမည်။)

ထိုအခါ သမီးလေးကို ခပ်တင်းတင်း ပွေ့ဖက်ရင်း အံခဲကာ ဟိုးအဝေးကြီးက မိုးကုတ်စက်ဝိုင်းဆီ မျှော်ကြည့် တော့ မျက်ရည်တို့ဖြင့်ေ၀၀ါးကာ လက်လှမ်း မမီနိုင်လောက်အောင်ပင် ဝေးလံလှသည်ကို မြင်ရလေသည်။

ကျမ ကျောခိုင်းထားတဲ့ နောက်ဘက်ဆီမှာတော့ ကိုယ်တိုင်ပင် စိုက်ပျိုးယူခဲ့သော တောအုပ်တို့က ရေညှိပင် တွေ၊ ပင့်ကူအိမ်တွေ၊ အထပ်ထပ်နှင့် ကျမကို ဖုံးကွယ်ထားသလို နီးနီးကပ်ကပ် ရှိနေကြသည်။ ထို တောအုပ် များကကျတော့ မျက်ရည်များကြားမှာပင် ထင်ရှား ပြတ်သားလို့။ ပြီးတော့ ကျမ နှင့် သူတို့ အကြားမှာ ဖြတ်တောက်ဖို့ မလွယ်သော အမြစ်တို့က တောထ လို့…….။



၂၀၀၀ ၊ မေလ ၂၂
(ရွှေအမြုတေ၊ နိုဝင်ဘာ၊ ၂၀၀၀)