ကျမတို့ မြန်မာစကားထဲက လူချွန် လူကောင်း၊ လူကောင်း လူတော် ဆိုတဲ့ ဝေါဟာရလေးကို ကျမ တော်တော် နှစ်သက်ပါတယ်။ အင်မတန်ကို တန်ဖိုးရှိပြီး ကြုံရဖို့ တွေ့ရဖို့ ခဲယဉ်းတဲ့ ရတနာတပါးပဲ ဖြစ်ပါတယ်။ ကျမတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံထဲက ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေကို လူချွန် လူကောင်းဖြစ်အောင် သွန်သင်တဲ့ ယဉ်ကျေးမှုကို ပေါ်လွင်စေတဲ့ ဝေါဟာရပါပဲ။ လူချွန်ဆိုတာကတော့ ထူးချွန်တဲ့လူ.. ဥာဏ်ရည် (Intelligent) နဲ့ သက်ဆိုင်ပါတယ်။ လူကောင်းကတော့ ကိုယ်ကျင့်တရား (Moral) နဲ့ သက်ဆိုင်ပါတယ်။ လူတော်ဆိုတာကတော့ ထူးချွန်တဲ့.. ဖြောင့်မတ်တဲ့ အဓိပ္ပါယ်တွေပါ ပါနေသလိုပါပဲ။
တကယ်တော့ ဘယ်နိုင်ငံက ဘာလူမျိုးပဲဖြစ်ဖြစ် လူအများစုဟာ လူချွန် လူကောင်းကိုပဲ သဘောကျကြတာပါ။ ဘာပဲဖြစ်ဖြစ် အဲလို လူချွန် လူကောင်းကို သဘောကျတာ၊ သဘောကျရကောင်းမှန်း သိတာတွေက လူဆိုး လူညံ့တွေကို သဘောကျတာထက် စာရင် ကောင်းပါတယ်။ ဒါကြောင့်ပဲ ဂေါတမဗုဒ္ဓကို ယေရှုခရစ်တော်ကို ကြိုက်ကြပြီး ဒေ၀ဒတ် ကို ယုဒ ကိုတော့ မကြိုက်ကြတာပေါ့။ ဒါကြောင့်ပဲ ဗိုလ်ချုပ်အောင်ဆန်းကို ကြိုက်ပြီး ဂဠုန်ဦးစော နဲ့ ဦးနေ၀င်း ကို မကြိုက်တာပေါ့။ တချို့ကတော့ ပြောပါတယ်... လူတွေက ဘယ်သူမှ မပြည့်စုံနိုင်ဘူး (Nobody is perfect)… တဲ့။ ဟုတ်တာပေါ့.. ဒါကြောင့်လဲ လူချွန်လူကောင်း ဆိုတာက ရှားပါးဝေါဟာရ ဖြစ်နေတာပေါ့နော် ။ ဒါကြောင့်ပဲ ဘုရား ဆိုတာကို နှစ်ပေါင်းများစွာကြာမှ တခါ တွေ့ခွင့် ရတာ ပေါ့နော်..။ (စကားချပ် - ကျမရဲ့ တပည့်တချို့ကတော့ ဆွေးနွေးဖူးပါတယ်။ ဗုဒ္ဓတောင် လွဲခဲ့ မှားခဲ့တာပဲတဲ့.. ဒုက္ကရစရိယာကာလ ကို ပြောတာပါ.. ဒါပေမဲ့ ဒါဟာ လမ်းအမှန်ကို ရှာရင်း မတွေ့သေးခိုက်မှာ လွဲတာသာ ဖြစ်ပါတယ်။ သူတပါးကို ထိခိုက်စေတာမျိုး မဟုတ်တဲ့အတွက် အမှား မဟုတ်ပါ၊ အပြစ် မဟုတ်ပါ။)
ကျမ သိပ်ကြိုက်တဲ့ သီချင်းလေးတပုဒ် ရှိပါတယ်။ စောဘွဲ့မှူး ရေးခဲ့တာ.. မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်း..။ သွအောင်၊ မျိုးကျော့မြိုင် အပါအ၀င် ဆိုကြထားတာ လူတိုင်းသိပါတယ်။
ဒီလိုနဲ့ ဆန့်ကျင်ဘက်အမြင်တွေကို သုံးသပ်ရင်း လူတွေအပေါ်
ဘယ်သူက မှားပြီး မှန်တယ်လို့ ဆုံးဖြတ်ရခက်နေတော့
အဆိုးနဲ့ အကောင်း တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
ဒီအတွက် အကျိုးအမြတ်က အများတကာ မေ့ငေါ့ကာ
အမြင်ကပ်လို့ မုန်းစရာ ဖြစ်ကာ
အရိုင်းအစိုင်း အဖြစ် မြင်လာ….
အဲဒီ သီချင်းလေးက အဖြေတခုပါပဲ။ အမှား နဲ့ အမှန် ဆိုတာက အသိသာကြီး.. အကွဲပြားကြီးပါပဲ။
ကျမ ကတော့ လူချွန်လူကောင်း ဖြစ်ဖို့ဆိုတာမှာ လူတွေရဲ့ရှေ့က နေရတဲ့ သူတွေ.. Public figure တွေကတော့ မဖြစ်မနေ လိုအပ်တယ်လို့ မြင်ပါတယ်။ အထူးသဖြင့် လူငယ်တွေကို ရှေ့ဆောင်ရှေ့ရွက် ပြုရမယ့်သူတွေ။ နိုင်ငံ့ ခေါင်းဆောင်ကနေ စလို့ အနုပညာသမား ၊ စာရေး ဆရာ၊ ကျောင်းဆရာ ဆရာမ… အထိ။ အများက မေးငေါ့ စရာ မဖြစ်ဖို့ လိုလှပါ တယ်။
၁၉၆၂ နောက်ပိုင်း စစ်အစိုးရ ကြီးစိုးခဲ့တဲ့ ကျမတို့ တိုင်းပြည်မှာ လူချွန်လူကောင်းဆိုတာ ရှားပါးပစ္စည်း တခုလို ဖြစ်သွားခဲ့တာပါပဲ။ ဒါတောင် ကိုယ့်နိုင်ငံရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ တွေကို ထိန်းချင်တဲ့ လူကြီးသူမ ဦးဆောင်သူတွေ လက်ကျန်ရှိသေးတာမို့ ၁၉၇၀ လောက်ထိတော့ စံပြ ကိုယ်ကျင့်တရား ဆိုတာကို လူချွန် လူကောင်းဆိုတာကို တော်တော် များများကြီးကို တွေ့နေရသေးတာပါ။ ဒါပေမဲ့ ၁၉၇၀ နောက်ပိုင်း နှစ်တွေမှာပဲ အုပ်ချုပ်သူ ဦးနေ၀င်းက စပြီး ကျမတို့ ယဉ်ကျေးမှုထဲက တလင်တမယားစနစ် ဆိုတဲ့ စည်းကမ်းကောင်းလေးကို ချိုးဖောက်ပြီး လက်ရှိ တရားဝင်ဇနီး ဒေါ်နီနီမြင့် အပြင် ရတနာနတ်မယ်ကို မယားပြိုင်အနေနဲ့ အကျအန မင်္ဂလာဆောင် ယူလိုက်ပါတယ်။
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားညီသိုက် ဖြောင့်ဖြောင့်လိုက်၏.. ဆိုတဲ့အတိုင်းပါပဲ။ အရည်အချင်းကောင်း စာရိတ္တကောင်း စိတ်ထားကောင်းမရှိရတဲ့အထဲ စည်းကမ်းကောင်းပါ မရှိတဲ့အကြောင်း ခေါင်းဆောင်ဆိုသူက စပြီး လုပ်ပြလိုက်ပါတယ်။ ကျမ စိတ်ထင်တော့ အဲဒီ နောက်ပိုင်းမှာပဲ ကျမတို့ တိုင်းပြည် မှာ လိမ်လည်တာတွေ၊ သူတပါးအပေါ် မတရားလုပ်တာတွေ၊ အိမ်ထောင်ရေး သစ္စာဖောက်တာတွေ၊ မကောင်းမှုကို ပြောင်ကျကျ လုပ်ရဲတာတွေ များလာတယ်လို့ ထင်ပါတယ်။ တကယ်က ကျမတို့နိုင်ငံရဲ့ ယဉ်ကျေးမှုထဲမှာလည်း တချို့နေရာတွေမှာတော့ မလိုအပ်ဘဲ သိပ် တင်းကျပ်တာတွေ ရှိနေတာပါပဲ။ (ဥပမာ- တခုလပ် မုဆိုးမဆိုတဲ့ အသုံးအနှုန်းတွေနဲ့ အဲဒီသူတွေ နောက်ထပ် အိမ်ယာသစ် ထူထောင်တာကို အလွယ်တကူ လက်မခံဘဲ ကဲ့ရဲ့ ရှုတ်ချ ပစ်ပယ်တာမျိုးတွေ)
အုပ်ချုပ်ရေးပိုင်းက ခေါင်းဆောင်တွေက အစ.. ရုပ်ရှင်နယ်ပယ်.. ဂီတလောကတွေကနေ စာရေးဆရာ လောကလို ကိုယ်ကျင့်တရားကို အထွတ်အမြတ် ထားရတဲ့ နယ်ပယ်တွေထိပါ ကိုယ်ကျင့်တရား မထိန်းတာတွေ သစ္စာမစောင့်တာတွေ ရောက်လာတာကတော့ သိပ် ၀မ်းနည်းစရာကောင်းတဲ့ ပျက်စီးယိုယွင်းမှုပါပဲ။ ဒီလိုနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ စားဝတ်နေရေး အကျပ်အတည်းတွေ ကြားထဲ၊ စာရိတ္တ အလျော့အလျဲတွေနဲ့ အတူ လူမှုရေးပြဿနာတွေအထိ နောက်နွားညီသိုက်တွေ ကောက်ကွေ့လာခဲ့တာ ခုဆို ပြန်ဖြောင့်ဖို့တောင် အစရှာရ ခက်နေပါပြီ။
ပိုဆိုးတာကတော့ အများညီ .. ဤ ကျွဲဖတ် ဆိုတာကို လက်ခံလာတာက ဆိုးတာပါ။ သူက ခေါင်းဆောင်ပဲ၊ သူက သူဌေးပဲ ၊ သူက အဆိုတော်ပဲ ၊ သူက မင်းသားမင်းသမီးပဲ၊ သူက ရုပ်ချောတာပဲ၊ သူက စာရေးဆရာပဲ ဒါလောက်တော့ ရှိမှာပေါ့ ဆိုတာတွေဟာ မှားခွင့် လိုင်စင်တွေလား…။ အဲသလို မှားကျင့်ရှိနေတဲ့ သူတွေရဲ့ ဖြန့်ဝေမှုထဲမှာရော အဲဒီမှားကျင့်တွေက လွှမ်းမိုးမလာဘူး.. အဆိပ်အတောက် မပါဘူး.. လို့ သေချာပါသလား..။ သူတို့ဟာ Role model တွေ မဟုတ်ဘူးလား….။ သူတို့ဆီက ဘယ်လို အတုယူစရာမျိုးကို ကိုယ့် နောက် မျိုးဆက်ကို ပေးမှာပါလဲ။ သူ့ အလုပ်အကိုင်နဲ့ သူ့ စရိုက် အပြုအမူက သပ်သပ်စီပဲလို့ တကယ် လက်ခံ ကြရ မှာလား…။ ခုနောက်ပိုင်း ကျမတို့ရဲ့ လူငယ်တွေ အများကြီးကို စိတ်ဓါတ်ပိုင်း စာရိတ္တပိုင်းတွေမှာ အများကြီး ဆုံးရှုံး နေကြရတာ အဲလို ရှေ့ဆောင်သူတွေမှာ တာဝန် မရှိဘူးလို့ တကယ် သေချာ ပါသလား…။
ကျမ ကတော့ တိုင်းပြည်တခု ပျက်စီးခြင်းရဲ့ အစဟာ လူတွေရဲ့ ကိုယ်ကျင့်တရား ပျက်စီးတာက စတာပဲလို့ သေသေချာချာကို ယုံပါတယ်။ ကျမမှာ နောက်ဆက်တွဲ ရေးချင်တာတွေ အများကြီး ရှိနေပါသေးတယ်။ တကယ်လို့ ကျမရဲ့ ဒီအယူအဆနဲ့ ပတ်သက်ပြီး မကျေလည်တာတွေ ရှိတယ်ဆိုရင်လည်း အပြန်အလှန် အရေးတယူ ဆွေးနွေးတာတွေ လိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကျမတို့ရဲ့ နောက် မျိုးဆက်တွေ အတွက် သိပ်အရေးကြီးတဲ့ ခံယူချက် ပြဌာန်းချက်တွေ ဖြစ်လို့ပါပဲ။
မေငြိမ်း (ဇူလိုင်၂၀)

9 comments:
ကိုယ်ကျင့်တရားဆိုတာ အလေးထားရမှာပါ။ ချိုကိုလည်း ထောက်ခံပါတယ်။ လူတိုင်းကကိုယ်ကျင့်တရားကောင်းနေရင် အတိုင်းအထက်အလွန်ပေါ့နော်... ချိုကိုဆိုလိုတာက အဲဒါကအရေးမကြီးဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ အဲလိုလူတွေကို မပစ်ပယ်ဖို့၊ လူ့ဘောင်ထဲကနေ မထိုက်တန်ဘူးဟဲ့ ထွက်သွားလို့ပြောမယ့်အစား ကောင်းမွန်လာအောင် ၀ိုင်းပြီးမတည့်မတ်ပေးသင့်ဘူးလားလို့ပါ။
လူတိုင်းဟာ ငယ်ငယ်တုန်းက ဖြူစင်ပါတယ်။ ဒါကိုကြည့်ရင် လူရဲ့ပင်ကိုယ်က အဖြူဆိုတာ မှန်းဆနိုင်ပါတယ်။ အဲဒီတော့ပြုပြင်ချင်စိတ်ရှိရင်၊ နောင်တများရခဲ့ရင် အခွင့်အရေးပေးသင့်သလားလို့ပါ။ လူတယောက်ကို သူ့ရဲ့မကောင်းတာတွေပဲ ပြောနေမယ့်အစား သူတော်တာလေးတွေ ကောင်းတာလေးတွေကို ဂရုစိုက်ပေးရင် ချီးမွှန်းပေးရင် သူကိုယ်တိုင်လဲ ကောင်းတဲ့ဖက်ကို စိတ်ကပိုတိမ်းညွှတ်လာမယ်ထင်မိလို့ပါ။ ၃၊၄နှစ်ကလေးတွေကို ထိမ်းသလိုများဖြစ်နေလား မသိဘူးနော်... ချိုကိုတွေးမိသလောက်ပါ ဆရာမရေ... ထပ်စဉ်းစားရင်ထပ်ထွက်လာဦးမှာ။ ဖြစ်နိုင်ရင် ပို့စ်အသစ်တစ်ခုတင်လိုက်ပါ့မယ်။
မမ အမေကတော့ ခဏခဏ ပြောဖူးတယ်...
အမှားကျူးလွန်တဲ့လူကို တကြိမ်ထက်ပိုပြီး ပြုပြင်ဖို့ အခွင့်အရေးမပေးသင့်ဘူးလို့ဆိုပါတယ်။
ဒါကတော့ လူ့သက်တမ်း ၅၀ ရှိလာတဲ့ မမအမေရဲ့ အမြင်ပေါ့လေ...
သူ့မှာ ထပ်ခါထပ်ခါ လုပ်ဖို့ ဥာဉ် ပါလာပြီးသားဖြစ်လေတော့ ပြုပြင်ပေးလို့ မရတော့ပါဘူးတဲ့...
အဲဒီတော့ မကောင်းတဲ့လူကို အခွင့်အရေး ထပ်မပေးသင့်တော့ဘူးလို့ ဆိုပါတယ်...
အခု မမတို့ အဖြေရှာကြည့်ရအောင်...
ဒီလူဟာ အမှား တကြိမ်ပဲ ကျုးလွန်ခဲ့လေသလား...ထပ်ခါထပ်ခါ ကျူးလွန်ခဲ့လေသလား...
နောက်ပြီး သူ့အမှားကို နောင်တရခဲ့ ပါရဲ့လား...
ကဲ...မမ ဖြေပါမယ်...
သူဟာ တကြိမ်သာ မှားခဲ့တာ မဟုတ်ပါဘူး...
ခုချိန်ထိ သူ့အမှားကို နောင်တမရသေးကြောင်း၊ ရှက်ရကောင်းမှန်းမသိသေးကြောင်း
သူ့အပြုအမူ၊ အပြောအဆိုတွေကနေတဆင့် သိနိုင်ပါတယ်...
ဒီလိုလူမျိုးကို အခွင့်အရေး နောက်တကြိမ် ပေးသင့်ပါသေးသလား...လို့ မမတော့ ပြန်မေးခွန်း ထုတ်မိပါတယ်...
အန်တီငြိမ်း အပြင်သွားနေလို့ သူပြန်လာမှ အန်တီ့ရဲ့ ပြန်လည်ဆွေးနွေးချက်ကို ကြည့်ကြရအောင်လေ...
မမရေ... ချိုကိုက လူတဦးတယောက်ကိုပဲ ရည်ရွယ်ပြောတာ မဟုတ်ပါဘူး။ မမတမျိုးထင်နေမှာဆိုးလို့ပါ။ ဒါလေးပြောချင်လို့ပါ။ :)
ညီမလေးရေ...
မမဘလော့ဂ်မှာ ဒီနေ့တင်တဲ့ မမပို့စ်နဲ့ ရီပလိုင်းတွေက တစ်ဦးတစ်ယောက်ထဲကို မရည်ရွယ်ကြောင်း ထင်ရှားပါတယ်...
ဒါပေမဲ့ ခုနက ကွန်မန့်ကတော့ တစ်ဦးတစ်ယောက်ထဲသာ ရည်ရွယ်သလို ဖြစ်ကောင်းဖြစ်သွားမှာပါ...
ညီမလေးက လူတစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်ပြီး ပြောတယ်ယူဆမိခဲ့တာ အမှန်ပါပဲ...
မမရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်...
အမှားကျူးလွန်သူကို သူ့အနေအထားကိုကြည့်ပြီး တကြိမ်သာ အခွင့်အရေး ပေးဖို့ စဉ်းစားမိမှာပါ...
နောက်တကြိမ်၊ နောက်တကြိမ်တွေ ဆိုတာကတော့ ကိုယ်တွေ ညံ့လွန်းရာကျပါတယ်...
အမရေ..ပြန်လှန်ဆွေးနွေးပါဆိုပေမဲ့..အမှန်တွေချည်းမို့..ဘာမှတောင်ပြောစရာမလိုတော့ပါဘူး..ကိုယ်မှားတာကို..မှားမှန်းသိဖို့..မောဟကင်းဖို့နဲ့..၀န်ခံတောင်းပန်.တတ်ဖို့လည်းလိုတယ်နော်.
ချိုကိုလေး...
သမီးပြောတာလဲ တစိတ်တပိုင်းမှန်ပါတယ်။
ဒါမဲ့ အဲဒီလူက ဘယ်နှကြိမ် မှားထားသလဲ ဆိုတာတော့ သေချာသိဖို့ အမှန်သိဖို့လိုပါတယ်။ နအဖလိုကောင်းကွက်တကွက်တောင်မရှိတဲ့သူ တွေကိုရော ဘလိုဖြေရှင်းမလဲသမီး.. အင်းး၂ခါ၃ခါမှားပြီဆိုရင်တော့ ဘုရားကကို ဟောတာပါ..လူမိုက်ဆိုရင်ရှောင်သွေလွှဲလို့ မမှီဝှဲနဲ့ ကင်းအောင်နေတဲ့လေ။
ဆရာမမေငြိမ်း ခင်ဗျာ ...
ဆရာမ ရဲ့ ကိုယ်ကျင့်တရားဆိုတဲ့ ပိုစ့် လေးကို အစမှအဆုံး ၃ ခေါက်တိတိ ဖတ်ပြီး ကျွန်တော့်ရဲ့ မိမိကိုယ်ကိုယ် ပြန်လည် ဝေဖန်ထားသော အမြင်လေးနှင့် ပြန်လည်ဆွေးနွေး လိုပါတယ် ခင်ဗျာ ။ ကျွန်တော့်ရဲ့ အရေး မတတ်မှုကြောင့် ရိုင်းစိုင်း သလိုမျိုး ရှိခဲ့ရင်လည်း ရင်ထဲမှ ပါဝင်ခဲ့ခြင်းများ မဟုတ်ကြောင်း ကြိုတင်တောင်းပန်ပါရစေ ... ။ မနေနိုင်လွန်းလို့ ဆွေးနွေးလိုက်တာပါ ။ တတ်လို့ရယ် မဟုတ်ပါဘူး ။ လိုတာရှိလည်း အားမနာတမ်း သွန်သင်ပေးပါ ။ ကျွန်တော်ရဲ့ အမြင်လေးကို "အိပ်မက်အိမ် " မှာ " ဆရာမမေငြိမ်း ရေးသားခဲ့သော ကိုယ်ကျင့်တရား အပေါ် ကျွန်တော့်ရဲ့ အမြင် " ဆိုတဲ့ အမည်လေးနဲ့ ရေးသားထားပါတယ် ။comment မှာ တိုက်ရိုက်ရေးသားချင်ပါတယ် ။ comment မှာရေးရင် များလွန်းနေမှာစို့လို့ ပိုစ့် တစ်ခု အနေနဲ့ ဆွေးနွေးတာကို ခွင့်လွှတ်စေချင်ပါတယ် ။
လေးစားစွာဖြင့်
မိုးစွေ ( အိပ်မက်အိမ် )
ကိုမိုးစွေရေ...နည်းနည်းလောက်တော့ ၀င်ပြောပါရစေနော်...ဘယ်လိုမှတော့ သဘောမထားပါနဲ့...အန်တီဆိုလိုချင်တဲ့ ကိုယ်ကျင့်တရားနဲ့ အကိုရေးထားတဲ့ပို့စ် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မလုံခြုံတာနဲ့ မတူဘူးလာလို့ပါ...
ဆရာမ ဟုတ်ပါတယ်။ လူတစ်ယောက်ဟာ တစ်ကြိမ်တော့ မှားတဲ့အရာကို ခွင့်လွှတ်ပေးသင့်ပါတယ်။ သို့ပေမဲ့ ခွင့်လွှတ်ပေးထားတာကို အသုံးချပြီး ထက်မန် ကြူးလွန်လာတာတော့ လက်မခံနိုင်စရာ ပြု ကျင့်ဝတ်ပါ .. သို့ပေမဲ့ ခုလောလောဆယ်တော့ ဘယ်ဟာမှန်မှန်း ဆုံးဖြတ်လို့ မရသေးဘူး။ ဘာပြုလို့ဆိုတော့ ထို လူဟာ တစ်ကြိမ် ခွင့်လွှတ်ပြီးပြီလား . သို့မဟုတ် နှစ်ကြိမ်တောင် တိုင်သွားပြီလား ဆို တာ ကိုယ် သေချာ မသိလို့ပါပဲ
Post a Comment