Aug 30, 2007
Aug 29, 2007
အားတက်စရာ
ခုတော့ လူထုအင်အားလည်း တစ တစ ပိုပါလာပြီ။ သံဃာတွေ ပို ပို ပါလာပြီ။ အမြဲတမ်း ကိုယ်ကျိုး စွန့်တဲ့... ကျောင်းသား အစဉ်အလာရှိခဲ့တဲ့... ဗကသ ကိုလည်း မနေ့က (၂၈၊သြဂုတ်) မှာ ပြန်စုပြီး ဖွဲ့စည်းနိုင်ခဲ့ပြီ။ ကျမတို့မှာ ၈၈တုန်းကထက် ပိုအားသာတာက လူထုထဲမှာ ခေါင်းဆောင်မယ့်သူတွေ.. ခေါင်းဆောင်နိုင်တဲ့ သူတွေ.. အနစ်နာခံ ကိုယ်ကျိုးစွန့်နိုင်သူတွေ အများကြီးကို ခုလို အစပျိုးချိန်ကတည်းက တွေ့နေရပြီ။ ဒါ့ထက်ပို အားရစရာ ကောင်းတာကတော့ ခု နောက်ပိုင်းရက်တွေမှာတော့ အာဏာပိုင်တွေဘက်က ခိုင်းထားတဲ့ ကြံ့ဖွံ့ စွမ်းအားရှင် ဆိုတဲ့ သူ တချို့တောင် လူထုဘက်ကို ကိုယ်ချင်းစာလာတာပါပဲ။
လူထုကြီးကသာ ကိုယ် လိုတာကို အရယူဖို့ မဆုတ်မနစ် အင်တိုက်အားတိုက် ရှေ့ဆက်ပြီး တောင်းဆိုသွားမယ် ဆိုရင် အပြစ်ကျူးလွန်ထားတာတွေ အမှားတွေ အများကြီး ကျူးလွန်ထားပြီဖြစ်တဲ့ စစ်အစိုးရဟာ မဆလ အစိုးရ တုန်းကလိုပဲ ဆိုးဆိုးဝါးဝါးတွေ ကြုံပြီး ပြုတ်ကျရတော့မှာ ဖြစ်ပါတယ်။ ဒါကို ကျမတို့ သေသေချာချာ ယုံကြည် ထားဖို့လိုပါလိမ့်မယ်။
မေငြိမ်း
၂၉၊သြဂုတ်။
ခံစားရတာတွေ...
နောက်တော့ လောင်စာဆီဈေးနှုန်း အဆမတန် တက်သွားလို့ လူထု ရှေ့ကနေ ပြီးတော့ အာဏာပိုင်တွေကို တောင်းဆိုပေးတဲ့ ကိုထင်ကျော်ကို သိမ်ကြီးဈေးရှေ့မှာ ကိုယ့် ပြည်သူ လူထု အချင်းချင်းလို့ ပြောရမယ့် အရပ် ၀တ်တွေက ကြက်ကလေး ငှက်ကလေးဖမ်းသလို ချုပ်နှောင်ဖမ်းဆီးသွားတာကို နော်ဝေးရုပ်သံ (DVB–TV) မှာ တွေ့လိုက်ရတာမှာ.. ကျမ သိပ် ၀မ်းနည်းသွားတာပါ။ ပြီးတော့ ရှက်လည်း ရှက်နေမိပါတယ်။
ဝမ်းနည်းတာကတော့ လူထုရှေ့ကနေ မကြောက်မရွံ့ ရပ်တည်ပြီး လူထုကိုယ်စား ဆန္ဒပြပေးတဲ့ သူတယောက်.. သူဟာ အာဏာရရေးအတွက် လုပ်တာမဟုတ်။ သူ့အခွင့်အရေးအတွက် လုပ်တာမဟုတ်။ ဒီစစ်အစိုးရရဲ့ အဆုံးစွန် ယုတ်မာ ကောက်ကျစ်မှုကို.. ရက်စက် ကြမ်းကြုတ်မှုကို.. သိသိကြီးနဲ့ သူ့ဘ၀ကို ရင်းတဲ့ သူ။ အဲဒီလူကို လူအချင်းချင်းက လူအချင်းချင်းကြားထဲမှာ ဖမ်းခေါ်သွားတာ။ လူဆိုးသူခိုးကို ဖမ်းဆီးသလို သူတော်ကောင်းတွေ အစော်ကားခံကြရတာ။ ဒါမဲ့ အဲဒါကလည်း ကိုယ့်အချင်းချင်းတွေ ကြားမှာပါပဲ။ ကျမတို့ လူမျိုးဟာ ခါးပိုက်နှိုက်တို့ သူခိုးတို့ဆိုရင်တောင် ၀ိုင်းရိုက်တဲ့ လူမျိုးပါ။ ခုတော့ လူဆိုးက လူကောင်းကို ဖမ်းတာ။ လူကောင်းတွေ အများ ကြီး ကြားမှာ လူကောင်းတယောက်က လူဆိုး အင်အား ဆယ်ဂဏန်းလောက်ရဲ့ အဖမ်းဆီးကို ခံလိုက်ရတာ..။ အဲဒီမှာ ကြည့်နေရင်း ကျမ မျက်ရည်ကျပါတယ်။
ပြီးတော့ ရှက်မိတာ။ ကျမတို့ တိုင်းပြည်.. ဗုဒ္ဓဘာသာ ကြီးစိုးသတဲ့..။ ကျမတို့ တိုင်းပြည်က မတရား အစိုးရ လောက် ဘာသာရေး လုပ်ပြတာလည်း မရှိတော့။ အဲသလို တိုင်းပြည်မှာ မတရားသဖြင့် မကြားဝံ့ မနာသာ ဖြစ်ရပ်တွေ ဖြစ်ချင်တိုင်း ဖြစ်နေတာအတွက်လည်း အဲဒီတိုင်းပြည်က လူတယောက်အနေနဲ့ ကျမ ရှက်နေမိတာ ပါ။ ပိုဆိုးတာက အမျိုးသမီးတွေကို ယုတ်ယုတ်ညံ့ညံ့ ပြောထွက်.. ရိုက်နှက်ရက်တာဟာ ပြည်သူဆိုတဲ့သူတွေ အချင်းချင်း ဖြစ်နေလို့ပါပဲ။ (စစ်တပ်မှာတောင် စစ်သားတိုင်း ပြောမထွက်ပါဘူး.. တော်တော်ကို လူစိတ် မရှိမှဘဲ ပြောထွက် လုပ်ရက်တာမျိုးပါ) အဲဒိအခါ လူလူချင်း.. ဒုက္ခသည် အချင်းချင်း.. နှိပ်စက်ဝံ့သူတွေ ကိုယ်စားလည်း ရှက်မိပါတယ်။
အဲဒီလူတွေကို ကျမ မေးကြည့်ချင်ပါတယ်။ ကိုယ့်အချင်းချင်း နှိပ်စက်လို့ ရတဲ့ငွေဟာ တသက်စာ စားမကုန်ဘူး လား..။ ကိုယ့်တဆွေလုံး တမျိုးလုံးကို ဒီငွေနဲ့ ကယ်တင်နိုင် သလား။ ဒီလို လုပ်ရပ်တွေကြောင့် ဘ၀ တလျှောက် လုံး လူပုံအလယ် မျက်နှာမပြရဲ.. ခေါင်းမဖော်ရဲတဲ့ ဘ၀နဲ့ နေသွားဖို့ရော ပြင်ဆင်ပြီးပြီလား..။ ပြီးတော့ သူတို့ ရိုက်ဖို့ ပြင်ဆင်ထားတဲ့၊ ရိုက်နှက်ခဲ့တဲ့ လူတွေဟာ တကယ် အပြစ်ရှိတယ်လို့ ယုံသလား..။ ဘယ်လို စိတ်မျိုးနဲ့ ရိုက်နိုင်တာလဲ…။
တကယ်တော့ ပြည်သူအချင်းချင်း ရန်ဖြစ်ရင်တောင် ဥပဒေအရ ရဲတွေကသာ ၀င်ဖြေရှင်း ပေးရတာ၊ နောက် အခုလို ဘာတာဝန်မှ မရှိတဲ့၊ လုံခြုံရေးဝန်ထမ်း၊ တရားရေးဝန်ထမ်း မဟုတ်သူတွေက လူမြင်ကွင်းမှာ ရိုက်နှက် ဆွဲရမ်းပြီး ကားပေါ်တင် ခေါ်သွားတယ်ဆိုတာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြစ်နေတာ၊ နောက် မိန်းကလေး တွေကို ဆွဲလားရမ်းလား လုပ်တာဟာလည်း ကာအိနြေ္ဒကို ပျက်ပြားစေတဲ့ ကျူးလွန်မှုအဖြစ် သက်ရောက်နေ တာ၊ အဲဒီအချက်တွေကိုရော အဲဒီ ပြည်သူ့အရေခြုံတွေ သိပါရဲ့လား၊ ပြီးတော့ နိုင်ငံတကာ ဥပဒေအရ အရေးယူ ခံရမယ့် အချိန်မျိုး ရောက်သွားရင် သူတို့ဟာ အဓိက တရားခံအဖြစ် အစွဲဆို ခံရမယ် ဆိုတာကိုရော သိကြရဲ့လား..။ သူတို့ကို ခိုင်းသူများကတော့ ကိုယ်လွတ် လက်လွတ် ပြေးချင် ပြေးမှာ။ မပြေးခင် နှုတ်ပိတ်တဲ့အနေနဲ့ သူတို့ကို သတ်ချင် သတ်ခဲ့ဦးမှာ။ ဒါတွေကိုရော တွေးမိကြရဲ့လား..။
၈၈တုန်းက ဘီဘီစီ ရေဒီယိုကနေ ကူညီ တပ်လှန့် နှိုးဆော်ပေးခဲ့လို့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်နိုင်ခဲ့ပြီး မဆလ ပြုတ်ကျနိုင်ခဲ့တာပါ။ ခုချိန်ခါမှာတော့ ကျမတို့မှာ အဲသလို ဆက်သွယ်ရေး လက်နက်တွေ အများကြီး ရှိနေပါပြီ။ ကျမတို့ အင်တာနက်ကနေ ဖြန့်ဝေတဲ့ စာတွေကို ထပ်ဆင့် လျှို့ဝှက် ဖြန့်ဝေပြီး လူထုကို သတင်းပေး နေရပါမယ်။ စည်းရုံးနေရပါမယ်။ ဒါကြောင့် မြေပေါ် မြေအောက် အပြင် မိုးပေါ်တော်လှန်ရေးလို့ ခေါ်နိုင်တဲ့ အင်တာနက်ကနေတဆင့် လုပ်နိုင်သလောက် တော်လှန်ရေးလှုပ်ရှားမှုမျိုးကို သုံးပြီး ကျမတို့ တိုင်းပြည်ကို ဆင်းရဲ ဒုက္ခတွင်းကနေ ဆွဲထုတ် ကယ်တင်ဖို့အတွက် လူထုတိုက်ပွဲကြီး ဖြစ်လာအောင် ဖော်ဆောင်ရင်းနဲ့ စစ် အာဏာရှင်စနစ်ကို ဖြုတ်ချ ကြပါစို့..။
မေငြိမ်း
(၂၈၊၈။၀၇)
Aug 27, 2007
အကြမ်းမဖက် တိုက်ပွဲဝင်ဖို့
ဒီမှာ လေ့လာပါ။
ဒီမှာ ယူပါ။
ဒီမှာ လည်း ရှိပါတယ်။
Aug 26, 2007
သစ္စာဆိုပါသည်....
အရှင်ဘုရား... မြန်မာပြည် လူထုကြီးဟာ အမှန်တကယ် ဆင်းရဲဒုက္ခကြီးစွာ ရောက်နေကြပြီးတော့ ကိုမင်းကိုနိုင်အပါအ၀င် လူထုဆန္ဒ ဖော်ထုတ်ပေးနေသူများဟာ အများအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေ ဖြစ်ပါတယ်။ အဲဒီအပြင် စစ်အစိုးရဟာ သူတို့အပေါ် မကြည်ဖြူတဲ့ ..သူတို့ နှိပ်စက်သမျှ ခံနေရရှာတဲ့ လူထုကြီးကို အမျိုးမျိုး ဒုက္ခပေးနေပါတယ်ဘုရားး...
ဤ မှန်သော သစ္စာစကားကြောင့် မြန်မာပြည်လူထုအပေါင်း လိုလားတောင့်တနေတဲ့ ငြိမ်းချမ်း သာယာသော.. အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းသော.. လူမှုဘ၀ကို အလျင်အမြန် ရနိုင် ရောက်နိုင် ကြပါစေသား...။ လူထုရှေ့ဆောင်သူများလည်း ဘေးအန္တရာယ်အပေါင်း မှ ကင်းဝေး အေးချမ်း ပါစေသားးး။
ဒီသတင်းကို ဖတ်ပါ။
ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတဲ့ လူထုရှေ့ဆောင်များ အသက်အန္တရာယ် ကင်းပါစေ။
Aug 25, 2007
စင်္ကာပူသတင်း
အခက်အခဲကြားထဲကနေ လုပ်ကြရမှာမို့ဂုဏ်ပြု မှတ်တမ်းတင်ပါတယ်။
ဒါဟာ ရောက်ရာနေရာကနေ ကိုယ့်နိုင်ငံနဲ့ လူထုအပေါ် တာဝန်ကျေမှုပဲ ဖြစ်ပါတယ်။
Aug 24, 2007
တွေးမိတာတွေ
ရိုးရိုးလေး တွေးကြည့်ရင်ကို ကိုယ့်ပြဿနာကို တင်ပြဖို့ တာဝန်ရှိသူတွေဟာလည်း တကယ် ခံစားနေရတဲ့ အဲဒီ ပြည်သူလူထုကြီးပဲ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူလူထုရှေ့ကနေ ကိုယ်စားပြောပေးနေကြတဲ့ ၈၈မျိုးဆက် ဆိုသူတွေဟာ တကယ်တမ်းမှာ သူတို့ဘာသာ အေးအေးချမ်းချမ်း စားသောက်နေထိုင်နိုင်သူတွေချည်းပါပဲ။ ဒါပေမဲ့.. သူတို့တတွေက..
ပြည်သူ့အငတ်ကို သူတို့ အငတ်..
ပြည်သူ့ အနာကို သူတို့ အနာ..
ပြည်သူ့အရေးကို သူတို့ အရေး..လို ခံစားပြီးတော့
သူတို့ဘ၀တွေ အချိန်တွေ အနစ်မွန်းခံ အနစ်နာခံပြီး
ကိုယ့်ဘာသာ တာဝန်ယူ လုပ်ပေးနေကြတာပါ။
ဒါကို ပြည်သူလူထုကြီးက နားလည်ရပါမယ်။
စစ်အစိုးရဟာ လူထုကို နည်း အမျိုးမျိုးနဲ့ တတိတိ သတ်နေတာပါ။
ဒါကို ပြည်သူလူထုကြီးက သိရပါမယ်။
ပြည်သူလူထုဆိုတာထဲမှာ စွမ်းအားရှင်ဆိုသူတွေ ကြံ့ဖွံ့ဆိုသူတွေလည်း ပါပါတယ်။
တကယ်တော့ စစ်အစိုးရဟာ လူဆိုးဂိုဏ်းတွေနဲ့ အတူတူပါပဲ။
လိုအပ်တဲ့အချိန်မှာ မွေးထားပြီး မဟုတ်တာတွေ မကောင်းမှုတွေ လုပ်ခိုင်းမယ်။
ပြီးတော့ အဲဒီ ကျူးလွန်ရသူတွေရဲ့ အပြစ်တွေကို ကိုင်ပြီး တသက်လုံး ချုပ်ကိုင်သွားမယ်။
အသုံးမ၀င်တော့ဘူးဆိုရင် ဒုက္ခပေးပြီး လက်စတုံး ဖျောက်ဖျက်ပစ်မယ်။
ဒါဟာ လူမသိ သူမသိ အသုံးချ ခံရသူတွေကို မဆိုထားနဲ့ အကြီးကြီးတွေပါဆိုတဲ့
ဗိုတင်ဦး နဲ့ ဗိုခင်ညွန့် ခံလိုက်ရတာကိုပဲ ကြည့်တော့။
အဲလို သက်သေခံတွေ စစ်အာဏာရှင်သက်တမ်းတလျှောက်မှာ အများကြီးပါ။
ဒီလိုအစဉ်အလာတွေ ပျောက်ပျက်ဖို့ဆိုတာ ဒီလို ရက်စက်တဲ့ မတရားအစိုးရမျိုး မရှိမှပဲ ဖြစ်မှာပါ။
ဒါကြောင့် လူထုအားလုံး ညီညွတ်မှကို ဖြစ်တော့မှာပါ။
အခြေအနေကို သေချာ နားလည်မှကို အောင်မြင်တော့မှာပါ။
မဟုတ်ရင်တော့.. ၈၈ မျိုးဆက်တွေနဲ့ ကျောင်းသားလူငယ်တွေပဲ အမြဲ အနစ်မွန်းခံကြရ။
ဘာကြောင့်ပဲဖြစ်ဖြစ် လူထုပါမလာဘူးဆိုရင်တော့ စစ်အစိုးရကို အားပေးအားမြှောက် လုပ်ရာကျသွားမှာပါ။ စစ်အစိုးရအတွက် လုပ်ကွက် သာသွားစေတာလည်း အမှန်ပါပဲ။ ကျမကတော့ အနည်းဆုံး အစိုးရ ဘက်က ပြောကွက် မသာအောင်တော့ လုပ်နိုင်ရမယ်လို့ ထင်ပါတယ်။ ခု ပြင်ပ မီဒီယာတွေက လုပ်နေတာ လည်း အဲဒီအတွက်ပါပဲ။ စစ်အစိုးရရဲ့ အားနည်းချက်တွေ ဖော်ပြနိုင်လေလေ...ကိုယ့်ဘက်က တနည်းနည်းနဲ့ အားသာ ကွက် ရနိုင် လေလေဖြစ်အောင် လုပ်နေရတာပါပဲ။ ဒါကြောင့် ၂၂..၂၃..၂၄ စသဖြင့် ရက်သတ်ထားပေမဲ့လည်း ၈၈ တုန်းကလိုပဲ တောက်လျှောက် ဆက်သွားနေရမှာပါပဲ။
ဒီနှစ် စက်တင်ဘာမှာဆိုရင် ကျမတို့ လူထုကို တရားမ၀င် ငွေစက္ကူလို့ ကြေငြာပြီး ဒုက္ခ စပေးလာခဲ့တာလည်း နှစ်၂၀ပြည့်ပါပြီ။ လာမယ့် မတ်လ၂ရက်ဆိုရင် လူထုကို ရန်သူလို့ သတ်မှတ်ပြီး အသေသတ်လာတဲ့ စစ်အစိုးရ အုတ်မြစ်တွယ်လာတာလည်း ၄၆ နှစ် ပြည့်ပါပြီ။ လာမယ့် ၂၀၀၈ ဆိုရင် ၈လေးလုံးအရေးတော်ပုံကြီးတောင် နှစ်၂၀ပြည့်မှာပါ။ တကယ်လို့ အချိန်ကိုက်မှ ပြောင်းမှာ ဆိုရင်တော့ ဒီနှစ်၂၀ပြည့်ဟာ အကိုက်ပဲ ဖြစ်ပါစေတော့။
မေငြိမ်း
(၂၃သြဂုတ်၀၇)
Aug 23, 2007
၈၈ ကျောင်းသားများ၏ ကြေညာချက်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူများ၂၂ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ်
ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ သဘောထားကြေညာချက်
ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေးများ ထွန်းကားနိုင်ရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်သည်။ ထိုသို့ကြိုးပမ်းရာ၌ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အပေါ်တွင် အခြေခံ၍
၁။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရေး
၂။ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အပေါ်တွင် အခြေခံရေး၊
၃။ ဒီမိုကရေစီကို ဦးတည်သော ဖြေရှင်းမှုဖြစ်ရေး၊
ဟူသော အခြေခံမှု ၃ ရပ်ပေါ်တွင် ရပ်တည်ဆောင်ရွက်ခဲ့သည်။ ယခု ၂၁ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ် ညသန်းခေါင်၌ နအဖ စစ်အစိုးရမှ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဒီမိုကရေစီရေး ကြိုးပမ်း နေသူများအား မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေအိမ်များ၌ ၀င်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှုအပေါ်တွင် နိုင်ငံရေးအရ အကြမ်းဖက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းအား ကျွန်ုပ်တို့ ၈၈ မျိုးဆက် ကျောင်းသားများမှ အပြင်းအထန် ကန့်ကွက်ရှုံ့ချသည်။
ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဒီမိုကရေစီရေး ဆောင်ရွက်နေသူများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာ နိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော စီးပွားရေး၊ နိုင်ငံရေးအကြပ်အတည်းများကို အမြန်ဆုံး ဖြေရှင်း ပေးရန် နအဖ စစ်အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းနှင့် မျိုးဆက်ကျောင်းသားအပေါင်းကလည်း မြန်မာပြည် ဒီမိုကရေစီ ထွန်းကား ရေး ကြိုးပမ်းမှုအပေါ်တွင် ထက်သန် ညီညာစွာ ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ဆောင်ရွက် ကြ ဖို့ ပန်ကြားအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
Aug 22, 2007
သိသင့်တဲ့ သတင်းတွေ
အရေးကြီးတဲ့ သတင်းတွေပါ။
ပြည်သူလူထုအမည်ခံကာ ပြည်သူအား ပြန်နှိပ်စက်နေသည်ဟုဆို
ဗထူး။ သြဂုတ် ၂၁၊ ၂၀၀၇
ယနေ့ ရန်ကုန်မြို့နေရာများတွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြ မှုများအား ပြည်သူအမည်ခံသည့် အဖွဲ့များက အကြမ်းဖက် နှိမ်နင်း ခဲ့ခြင်းသည် ပြည်သူအမည်ခံများက ပြည်သူအား ပြန်လည်နှိပ်စက် နေခြင်းသာဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးက ပြောဆိုလိုက်သည်။
ယနေ့နံနက် (၁၀) နာရီခွဲခန့်တွင် ရုံးချုပ်သို့သွားရောက်မည့် (NLD) ပါတီဝင်အချို့အား တုတ်၊ ဓါး၊ လေးဂွများ ကိုင်ဆောင်ထားသည့် စွမ်းအာရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက နှောင့်ယှက်ခဲ့သည့်အပေါ် ကိုမင်းဇေယျာမှ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရန်ကုန်မြို့၊ တာမွေပလာဇာရှေ့ ကားမှတ်တိုင်တွင် ဘစ်ကားစီးရန်စောင့်နေသည့် ရန်ကင်း မြို့နယ်ဥက္ကဋ္ဌအပါအ၀င် (NLD) အဖွဲ့ဝင်ခြောက်ဦးကို တုတ်၊ ဓါးနှင့် လေးဂွများ ကိုင်ဆောင် ထားသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင် အင်အား (၅၀) ခန့်က နှောက်ယှက်ခဲ့သည်။
(NLD) ရန်ကင်းမြို့နယ် ဥက္ကဋ္ဌဖြစ်သူ ကိုမျိုးခင်တို့ကို ရွှေဂုံတိုင် အထူးကုဆေးရုံရှေ့ရောက်ပြီး (၁၅) မိနစ်အကြာတွင် အဆိုပါလူအုပ်စုမှ ရပ်ကွက်နေလူထုဟုဆိုကာ ရိုင်းစိုင်းစွာ ဆဲဆိုပြီး
ဘတ်(စ်)စကားတစီးအား တားကာ ကားပေါ်သို့ အတင်းဖမ်းဆွဲတင်ခဲ့သည်။
အဆိုပါအဖြစ်အပျက်အား ပြည်သူများမှ စောင့်ကြည့်ကာ အနီးသို့ရောက်လာစဉ်တွင် အဆိုပါ လူအုပ်က ရိုင်းစိုင်းစွာ ပြောဆိုမောင်းထုတ်ခဲ့သည်ဟု ဆိုသည်။
“ကျုပ်တို့က ရပ်ကွက်လူထု၊ ခင်ဗျားတို့ဒီမှာလာပြီး ရုတ်ရုတ်ဖြစ်ရင် ပြဿနာတက်မှာ၊ စိတ် မထိန်းနိုင်ခင် ခင်ဗျားတို့ထွက်သွား၊ ခင်ဗျားတို့ပါ ပါသွားချင်လား။ ရိုက်မယ်နှက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်ပြီး လာသမျှလူတွေ မောင်းထုတ်တယ်” ဟု ကိုမျိုးခင်က ဆိုသည်။
ယင်းနောက် ၎င်းတို့အား အမှတ် (၅၀) ဘတ်(စ်)စကားတစီးပေါ် အတင်းတွန်းတင်ခဲ့သဖြင့် ရှေ့မှတ်တိုင်ဖြစ်သော ခြောက်ထပ်ကြီးဘုရားမှတ်တိုင်တွင် ဆင်းကာ အခြား (NLD) ပါတီဝင် (၄၀)ခန့်အား အဖြစ်အပျက်ကို ရှင်းပြပြီး အားလုံးစုပေါင်းကာ ရုံးချုပ်သို့ အေးချမ်းစွာ လမ်းလျှောက်ခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
အာဏာပိုင်များက ကား၊ မော်တော်ဆိုင်ကယ်များဖြင့် လိုက်လာကာ ဓါတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ယူခဲ့ပြီး လမ်းဘေးမှ ပြည်သူများနှင့် ဘစ်စကားပေါ်မှ ပြည်သူများက လက်များဝှေ့ယမ်းကာ အားပေးခဲ့ပြီး ကျောင်းသားလူငယ်များ ပူးပေါင်းပါဝင်လာခဲ့သည်ဟု ဆိုသည်။
“ဒီကိစ္စ ရှင်းရှင်းပြောမယ်ဆိုရင် ပြည်သူနဲ့ ပြည်သူဆိုပြီး ပြည်သူအချင်းချင်းကို ရန်တိုက်ပေးတဲ့ ကိစ္စပဲဗျာ၊ တနည်းအားဖြင့် ပြည်သူတွေကြားထဲမှာ အကြမ်းဖက်မှုတွေ၊ ဆူပူမှုတွေ ပိုကြီးထွား လာအောင် တနည်းအားဖြင့် ဥပဒေဖောက်ဖျက်မှုတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိလာအောင် လုပ်နေတယ်ကိစ္စတွေဗျ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းဇေယျာက ပြောသည်။
ယနေ့နံနက်ပိုင်းနှင့် နေ့လည်ပိုင်းများတွင် အလားတူဆန္ဒပြမှုများသည် သိမ်ကြီးဈေး၊ အုတ်ကျင်း နှင့် မင်္ဂလာဒုံမြို့နယ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး လှိုင်သာယာစက်မှုဇုံ အလုပ်သမားတချို့က သဘာဝဓါတ်ငွေ့ဈေးနှုန်း တိုးမြှင့်မှုကို ဆန့်ကျင်သည့် ပိုစတာများ ကပ်ခဲ့သည်။
မြန်မာပြည်အတွင်း ယခုဖြစ်ပျက်နေသည့် ဆန္ဒပြမှုများနှင့်ပတ်သက်၍ စစ်အစိုးရတွင် လုံးဝ တာဝန်ရှိကြောင်း ကိုမင်းဇေယျာက “ အကြမ်းဖက်မှုတွေ၊ ဥပဒေချိုးဖောက်မှုတွေ များလာ မယ်ဆိုရင် ပြည်သူတွေကပဲ တခါတုန့်ပြန်အုံးမှာပဲ။ ဥသျှစ်သီးတလုံးကို ထုခွဲသလို၊ ကြက်ဥ တလုံးကို ထုခွဲသလို အကုန်လုံး ကြေမွသွားမှာပဲ၊ အဲ့ဒီတော့ ဒီအစိုးရက အဲ့ဒါကို လိုချင်သလား။ လိုချင်တယ်ဆိုရင်တော့ ကျနော် မတတ်နိုင်ဘူး၊ ကျနော်လည်း တားလို့ရတာမဟုတ်ဘူး။ လိုချင်ရင်တော့ ရမယ်” ဟု ဆိုသည်။
ယခုကိစ္စသည် အလွန်ပင် စိုးရိမ်စရာကောင်းပြီး ပြည်သူဟုအမည်ခံကာ ပြည်သူကို ပြန်နှိပ်စက်၊ အကြမ်းဖက်နေခြင်းဖြစ်ပြီး စစ်အစိုးရအနေဖြင့် အကြမ်းဖက်မှုကို ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ဖြေရှင်းပေးရန်လိုသည်ဟုဆိုသည်။
“ကျနော်တို့နိုင်ငံဟာ ဒီအတိုင်းသာ သွားမယ်ဆိုရင် အာဏာပိုင်တွေရဲ့ သွေးထိုးလှုပ်ဆော်မှု ကြောင့် အာဏာပိုင်တွေရဲ့ အကြမ်းဖက်လှုပ်ဆောင်မှုကြောင့် ကျနော်တို့ တတိုင်းတပြည်လုံး မီးလောက်တိုက်သွင်းတဲ့ ပုံစံမျိုး သွေးချောင်းစီးတဲ့ပုံစံ ဖြစ်လာရင် ဒါ အာဏာပိုင်တွေရဲ့ လုံးဝ တာဝန်ပဲလို့ ကျနော်ပြောပြီ” ဟု ကိုမင်းဇေယျာက ပြောဆိုသွားခဲ့သည်။
ဒီက သတင်းပါ။
ဘတ်စ်ကားခများ ဈေးကြီးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ လမ်းလျှောက်သွားသည့် အန်အယ်လ်ဒီ ပါတီဝင်အချို့သည် လူတစု၏ ခြိမ်းခြောက်နှောင့်ယှက်ခံ့ရသည်ဟု ကိုယ်တွေ့ကြုံသူ များက ပြောသည်။
ကားခဈေးကြီး၍ လမ်းလျှောက်သည့် အန်အယ်လ်ဒီပါတီဝင်များ နှိမ်နင်းခံရ
ပီတာအောင် / ၂၁ သြဂုတ် ၂၀၀၇
ယနေ့နံနက် (၁၀) နာရီခန့်က ရန်ကင်းမြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးမျိုးခင်၊ ဒု-ဥက္ကဋ္ဌ ဦးအေး မောင်တို့အပါအ၀င် ပါတီဝင်(၆) ဦးတို့သည် အဖွဲ့ချုပ်ရုံးသို့အသွား တာမွေမြို့နယ် ရွေဗဟိုအထူးကု ဆေးခန်း မှတ်တိုင်ရှေ့အရောက်တွင် ပြဿနာကြုံတွေ့ခြင်းဖြစ်သည်။
ဦးမျိုးခင်က “ပြည်သူအယောင်ဆောင်စွမ်းအားရှင်တွေပေါ့၊ ကျနော်တို့ကို မင်းမဲ့စရိုက်ဆန်ဆန် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပြီးတော့ ရိုက်နှက်ဖို့အထိ အစီအစဉ်ရှိတယ်ခင်ဗျ။ ကျနော်တို့ကို မင်းတို့ ဒီနေရာက ချက်ချင်းထွက်တဲ့၊ တို့ကရပ်ကွက်လူထုကွတဲ့၊ ဒေါသပေါက်ကွဲလာရင် အသေရိုက်သတ် ပစ်မယ်ဆိုပြီး ကျနော့်ကို လက်တွေဘာတွေကိုင်ပြီး ဟန်ရေးပြတယ်” ဟု ပြောသည်။
အဆိုပါလူတစုက အန်အယ်လ်ဒီပါတီဝင်များကို အမှတ် (၅၀) လိုင်းကားပေါ်သို့ လူအင်အားဖြင့် အတင်းတွန်းတင်ခဲ့ကြောင်း၊ အဖွဲ့ချုပ်ဝင်များမှာ ဘတ်စ်ကားနှင့်ပါသွားပြီး ခြောက်ထပ်ကြီး မှတ်တိုင်တွင် ဆင်းကာ ဗဟန်းရှိ အဖွဲ့ချုပ်ရုံးသို့ လမ်းလျှောက်လာခဲ့ရကြောင်း ၎င်းက ပြောသည်။
အလားတူ သင်္ကန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုအောင်ထွန်းနှင့် အန်အယ်လ်ဒီပါတီဝင်
(၅) ဦးတို့သည်လည်း တာမွေမြို့နယ် ဗလီထိပ် ကားမှတ်တိုင်၌ ခြိမ်းခြောက်ခံရကြောင်း သိရသည်။
ကိုအောင်ထွန်းက “လမ်းစရိတ်မရှိတဲ့လူတွေ ရုံးကို အတူတူ လမ်းလျှောက်သွားမယ်ဆိုပြီး ပြောနေတုန်း ကျနော်တို့ကို လာဝိုင်းပြီးတော့ မင်းတို့ ဒီနေရာကနေ ဖယ်ကြပါတဲ့။ ဒီနေရာကနေ သွားမလား မသွားဘူးလား ဒါပဲပြော၊ မင်းတို့ကိုရိုက်ဖို့ လူငှားထားပြီးပြီတဲ့။ ကျနော်တို့က လမ်းအေးအေးဆေးဆေး လျှောက်သွားပါရစေ လို့ပြောနေတုန်းမှာ ရိုက်ပစ်မယ်ကွာဆိုပြီး တယောက်က ကျနော့်ကို ဆောင့်တွန်းတယ်၊ ကဲရိုက်ကွာဆိုပြီး ကျနော်လည်း ခေါင်းထိုးပေးလိုက်တယ်” ဟု ပြောသည်။
ထိုသို့ အခြေအတင်ဖြစ်နေစဉ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်နှင့် အဖွဲ့ ရောက်လာပြီး အန်အယ်လ်ဒီလူငယ်များကို ဆွဲခေါ်ထုတ်သွားခဲ့ကြောင်း၊ ထို့နောက် အန်အယ်လ်ဒီရုံးချုပ်အထိ လမ်းလျှောက်လာခဲ့ကြကြောင်း ကိုအောင်ထွန်းက ပြောသည်။
ပြဿနာ၏အရင်းခံဖြစ်သည့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို မဖြေရှင်းဘဲ ဘတ်စ်ကား မစီးနိုင်၍ လမ်းလျှောက်သူများကို နှိမ်နင်းသည့်နည်းဖြင့် ဖြေရှင်းခြင်းသည် မှားယွင်းကြောင်း၊ အာဏာပိုင်များအနေဖြင့် အကြမ်းဖက်မှုကို နှိမ်နင်းရမည့်အစား အကြမ်းဖက်မှုများကို ပြုစု ပျိုးထောင်နေသည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သူ ဦးမြင့်သိန်းက ပြော ကြားသည်။
ယခုလ (၁၅ ) ရက်၌ နအဖစစ်အစိုးရက ဓာတ်ဆီဈေး တဂါလန် ကျပ် (၁၅၀၀) မှ (၂၅၀၀)၊ ဒီဇယ် တဂါလံ ကျပ် (၁၅၀၀) မှ (၃၀၀၀) သို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် တိုးမြှင့်လိုက်ပြီးသည့်နောက် နောက်တနေ့တွင် မြို့တွင်းဘတ်စ်ကားခများကိုလည်း တရားဝင် နှစ်ဆ မြှင့်တင်ခဲ့သည်။
လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံကုန်ဈေးနှုန်းများမြင့်တက်လာပြီး ပြည်သူ လူထုကို ဆင်းရဲတွင်း ပိုနက်စေကြောင်းနှင့် တိုင်းပြည်မငြိမ်မသက်ဖြစ်လာပါက စစ်အစိုးရ၏ တာဝန်သာဖြစ်ကြောင်း အန်အယ်လ်ဒီက ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။ ။
ဒီကပါ။
ဆုတောင်း
ပြည်သူအပေါင်းကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ခြင်းဖြင့် ပြည်သူလူထုနဲ့အတူ တသားတည်း ဆင်းရဲဒုက္ခခံပြီး ပြည်သူ့ဆန္ဒအရေး ဖော်ပြ တောင်းဆိုပေးနေကြသူများကို ရိုသေလေးစားစွာ ဂုဏ်ပြုပါတယ်။
မနက်ဖြန် ၂၂.၈.၀၇ နေ့မှာ လမ်းလျှောက်သူအပေါင်းနှင့်တကွ ပြည်သူလူထုအားလုံး ဘေးအန္တရာယ်ကင်းရေးကို ရည်စူးပြီး ကျမတို့ အဝေးရောက်နေသူများက ကိုယ် ကိုးကွယ်ရာ ဘာသာရေးအလိုက် ဆုတောင်းမေတ္တာ ပို့ပေးနေကြစေလိုပါတယ်။
ဖြန့်ဝေခြင်း(၂)
အငတ်ဘေး လွတ်မြောက်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု ကော်မတီ
ကြေညာချက်၊အမှတ်(၁)
၂၀၀၇ ခုနှစ် သြဂုတ်လ (၁၉)ရက်
၁၊ စစ်အာဏာရှင်အုပ်စုနှင့် ဆွေမျိုးအသိုင်းအ၀ိုင်းများ။ ၄င်းတို့၏ ခါးပိုက်ဆောင် ခေတ်ပျက် သူဌေးစာရင်းဝင် အခွင့်ထူးခံလုပ်ငန်းရှင်များ။ ကန်ထရိုက်တာများ။ ပါမစ်တောင်းစားနေသူများ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများမှအပ ရဟန်းရှင် လူပြည်သူတစ်ရပ်လုံးသည် ယနေ့ချိန်ခါတွင် အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုအပါအ၀င် စားဝတ်နေရေးဆိုင်ရာအထွေထွေ ဆင်းရဲမွဲတေမှုအပေါင်းနှင့် အငတ်ဘေးကို ရင်ဆိုင်နေကြရပါသည်၊
၂၊ ထို့ကြောင့် အငတ်ဘေး ရင်ဆိုင်နေကြရသော အခြေခံလူတန်းစားအလွှာမှ ရဟန်းရှင်လူ ပြည်သူများ။ ၀န်ထမ်းများ။ ကျောင်းသား လူငယ်များသည် မိမိတို့ ကြုံတွေ့ ခံစားနေကြရသော လူမှုဆင်းရဲဒုက္ခ အပေါင်းကို အကြမ်းမဖက်သော လူထုလှုပ်ရှားမှု အသွင်ဖြင့် ရသင့်ရထိုက်သော။ ခံစားသင့် ခံစားထိုက်သော အခွင့်အရေးများကို ငြိမ်းချမ်းစွာ တောင်းဆိုရန်အတွက် ၂၀၀၇ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့ နေ့လယ်(၁)နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုကြီးကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်၊
(က) နေ့လည် (၁)နာရီ တိတိတွင် လူထုလှုပ်ရှားမှုအခမ်းအနား စတင်ကြောင်း ကြေညာခြင်း၊
(ခ)နိုင်ငံတော်အလံအားအလေးပြုခြင်း၊
(ဂ)ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊
(ဃ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် အသက်ပေးသွားသူများကို (၁)မိနစ်ငြိမ်သက်ဦးညွှတ်ခြင်း၊
(င) ပြည်သူ့အချစ်တော် သရုပ်ဆောင် ဒါရိုက်တာ တစ်ဦးမှ လွမ်းရေးထက် ၀မ်းရေးခက်။ ၀မ်းရေးထက် ပြည်ထဲရေးခက် ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)
(စ) ၀ါရင့် သတင်းစာဆရာဟောင်းတစ်ဦး မှ မြန်မာနိုင်ငံ ဈေးကွက်စီးပွားရေး အရှုပ်တော် ပုံ ဇာတ်လမ်းစုံ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)
(ဆ) ရဟန်းတော်တစ်ပါးက အူမတောင့်ခြင်း နှင့် သီလစောင့်ခြင်း ခေါင်းစဉ်ဖြင့် ဟောကြားခြင်း၊(၁၀-မိနစ်)
(ဇ) အိမ်ရှင်မတစ်ဦး ကူးစက်မြန် ကုန်ဈေးနှုန်း တုပ်ကွေး ဗိုင်းရပ်စ်ပိုး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊(၁၀-မိနစ်)
(ဈ) ကျောင်းသားလူငယ်တစ်ဦး မှ မတူညီသော မုန့်ဖိုးများ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၀-မိနစ်)
(ည) တက်ရောက်လာသော ပြည်သူလူထုထဲမှ ရင်ဖွင့်လိုသူ(၃)ဦး. ဟောပြောချက်များ၊ (၁၀-မိနစ်စီ)
အထူးအစီအစဉ်--- အထူးဖိတ်ကြားထားသူ (၃)ဦး. ဟောပြာချက်များ၊( မိနစ်-၂၀ စီ)၊
အခမ်းအနားကို ကမ္ဘာမကြေ သီချင်း သံပြိုင်ဆို၍ ရုပ်သိမ်းမည်၊
၃၊ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုကြီးအနေဖြင့် အကျီင်္အဖြူရောင်များ ၀တ်ဆင်လာကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်၊
လေးစားရပါသော (၈၈)မျိုးဆက်ကျောင်းသား ရဲဘော်တို့ခင်ဗျား…..
ရဲဘော်တို့နောက်မှာ မားမားမတ်မတ် ရှိနေပါတယ်။
အဲဒီနေ့ကျရင် မပျက်မကွက် တက်ရောက်ပြီး လူထုကို ဟောပြောပေးဖို့ လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်ခင်ဗျာ…
အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု ကော်မတီ
Aug 21, 2007
အလင်းပန်းတပွင့်သို့ ချစ်ခြင်း
တဖျတ်ဖျတ် တောက်နေသော မျက်လုံးအစုံတွင် မျက်ရည်ကြည်တို့ ရစ်ဝိုင်းနေသည်။ မျက်ရည်ကျလိုက်လျှင် သူမ ပိုလှ သွားမည် ထင်သည်။ သိမ်မွေ့ နူးညံ့မှုနှင့် ပျော့ပျောင်းမှုများပါမှ မိန်းမတို့၏ အလှ၌ ပြည့်စုံသည်ဟု သူယူဆသည်။ သို့ပေမဲ့ ခုချိန်မှာတော့ သူမ၏ ပြည့်စုံသောအလှကို သူ တွေ့ရနိုင်မည် မဟုတ်ပါ။ “စိတ်ကို နည်းနည်းဖြစ်ဖြစ် လျှော့ လိုက် ပါလား မေရယ်” ဟုသာ သူ ရင်တွင်းမှ တတွတ်တွတ် ပြောနေမိသည်။ နှုတ်မှတော့ ဖွင့်ထုတ်နိုင်မည် မဟုတ် ပါ။ သူမ၏ စိတ်နှလုံးကို ညှိုးနွမ်းစေမည့် မည်သည့် အမူအယာကိုမှ သူ မပြုမူလိုပါ။ သူမ၏ မျက်ရည် ၀ိုင်းနေသည့် မျက်လုံး တစ်စုံက ပြုံးလာသည်။ နှုတ်ခမ်းပါးတွေက တဆတ်ဆတ် တုန်ယင်နေသည်။ ခုနေ သူ နှင့် သားတို့ ကို တစုံတရာ ပြောဆိုဖို့ သို့မဟုတ် နှုတ်ဆက်ဖို့ သူမ ကြိုးစားလျှင် သူမ ငိုကြွေးဖြစ်သွားမှာ စိုးရိမ်သည်။ ခုချိန်မှာတော့ သူမကို မပျော့ညံ့ စေချင်ပါ။
“သားတို့.. လိမ်လိမ်မာမာ နေနော်၊ မေမေဟာ သားတို့ကို သိပ်ချစ်တယ်၊ သားတို့ရဲ့ ဘ၀တစ်လျှောက်လုံး မေမေရဲ့ လမ်းကောင်းလျှောက်မှုတွေကြောင့် လုံခြုံမှု ရှိနေလိမ့်မယ်၊ ငါ့အမေဟာ သိပ်ချစ်ခင် ကြည်ညိုဖို့ ကောင်းတယ်လို့ ယုံကြည်ရမယ်” ဟု သူ သားတို့ကို ပြောပြတော့ သူမ၏ မျက်လုံးတို့က ပိုမို တောက်ပ လာကြကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်ရင်း သူ့လက်ဖ၀ါး တွေကို ဆုပ်ကိုင် ဖျစ်ညှစ်ကာ “ကျမ ပြောချင်တဲ့ စကားတွေကို မောင်ပြောပေးတာ ကျေးဇူးပဲနော်” ဟု လှိုက်လှိုက်လှဲလှဲ ဆိုရှာသည်။ အေးစက်စက် လက်ဖ၀ါးတို့ ၏ အတွေ့ကို နွေးထွေးအောင် ပြုစုဖို့ သူအားထုတ်စဉ်မှာပင် “မေမေ့သားတွေ ဟာ လိမ်မာမှာပဲလို့ မေမေ စိတ်ချ နေ ပါရစေ” ဟူသော တိုးဖွဖွ စကားသံ အဆုးံ၌ လှည့်ထွက်သွားသော သူမကို မတားလိုတော့ပေ။ သူ့ကို သူမ ထပ်မံ နှုတ်ဆက်မသွားခဲ့။ မကြာသေးခင်ဆီက နှုတ်ဆက်ညက ရင်တွင်းသို့ ရောက်လာသည်။
“မနက်ကျရင် မောင်နဲ့သားတို့က ကျမကို နှုတ်ဆက် ချန်ထားရစ်ပြီး သွားမှာကို ကျမ မခံစားနိုင်ဘူး။ ကျမ အရင် ပြန် မယ် နော်၊ မောင့်ကို ကျမ သိပ်ချစ်တယ်ဆိုတာကိုတော့ မောင် အမြဲ သတိတရ ရှိပါ။ ကျမဟာ မောင့်ကို ချစ်သလို ယုံကြည်ချက်နဲ့ လောက ဆိုတာ ကို ချစ်တဲ့အတွက် မောင့်ကို ချစ်ရတာ မောင့်ကို ခွဲထားခဲ့ရတာ မောင် အမြဲ နားလည်ပေး ပါနော်။ ကျမ ဘာမှ မပြောပါရစေနဲ့တော့ မောင်ရယ်၊ ကျမ ကို အမြဲ နားလည် လိုက်လျော ခဲ့တဲ့ မောင့်ကို ကျမ အတိုင်းမသိ ကျေးဇူးတင်တယ် ဆိုတာကိုပဲ ပြောချင်တော့တယ်” ပြီးတော့.. သူမ၏ ညင်သာ ယဉ်ကျေးသော အနမ်းနွေးများ၊ မျက်ရည်နွေးများ။
ကျောခိုင်းသွားသော သူမကို မြင်နေရဆဲ။ ဖြူဖြူဖျော့ဖျော့၊ ပိန်ပိန်လျလျ ထိုသူမမှာ ဘာကြောင့်များ အားအင်တွေ သည်လောက် ခိုင်မာ ပြင်းထန် နေရပါလိမ့်။ တကယ်တော့ အစကတည်းက သူ သိခဲ့သည်ပဲ။ သူမ၏ ထို ထက်မြက်မှု၊ မှန်ကန်မှုနှင့် ဗီဇစိတ်တို့၌ပင် နှစ်လိုကာ အတိုင်းအဆမရှိ ချစ်မိခဲ့တာပဲ မဟုတ်လား။ ပုံမှန်အနေအထား၌ နူးညံ့ သိမ်မွေ့မှု အမူအယာ တစွန်းတစ ရှာမရသည့် သူမသည် သူနှင့်တွေ့သည့် အချိန်၌ ပျော့ပြောင်းသော အပြုံးကို ဖန်တီးတတ်၏။ နူညံ့သောလေသံတိုးသက်နှင့် အဖမဲ့အမိဝေး ဘ၀ကို အားငယ်တတ်၏။ သူမကဲ့သို့ ထူးချွန်ပါလျှက်နှင့် အထီးကျန်နိုင်ရသူတို့၏ ဘ၀ကို မွမ်းမံပေးချင်ကြောင်း တမ်းတ၏။ မည်သူတစ်ဦးတစ်ယောက်၏ ရှေ့တွင်မှ ခေါင်းငုံ့ ငိုရှိုက် မနေလိုသော သူမသည် သူ၏ရှေ့မှောက် တွင်မူ အပြစ်ကင်းစင်စွာ မျက်ရည်ကျ၏။ ထိုမျှနှင့်ပင် သူမသည် သူ၏ဘ၀တွင် အရေးပါအရာရောက်ဆုံး အဖေါ် ဖြစ်လာခဲ့သည်။ သူမ၏ ဗီဇစိတ်ကို ကူညီပံ့ပိုးပေးလိုသောသူသည်လည်း သူမအနှစ်လိုဆုံးသော ချစ်သူ ဖြစ်နိုင်ခဲ့သည်။
ခုတော့ သူအတွက် ခိုင်မာမျိုးဆက်အဖြစ် သားတွေကို မွေးဖွားပေးကာ အကောင်းဆုံး ဇနီးဖြစ်ခဲ့ပြီးသော သူမက ခုတော့ သူမ၏လမ်းကို ရွေးချယ်ခဲ့ပြီ။ “ကျမမှာ ချင်ခြင်းတွေ ကျန်သေးတယ်၊ မောင်နဲ့ သားတွေကို ချစ်ချင်၊ ပြုစုချင်တဲ့ ချင်ခြင်းတွေအပြင် လောကအတွက်… ကျမရဲ့ မိဘတွေအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ကျမ ယုံကြည်တဲ့ ချင်ခြင်းတွေကိုလည်း ဖြည့်ဆည်းချင်သေးတယ်”ဟု အစချီကာ မိဘမဲ့ကလေးငယ်များကို လမ်းညွှန် ပျိုးထောင်ခြင်းအလုပ်ကို သူမ အချိန်ယူ လုပ်ကိုင်လိုကြောင်း တောင်းဆို လာသည်။ “မောင်ပြောသလို ကျမ မရှိလည်း သည်အလုပ်ကို လုပ်ကိုင်သူတွေ ရှိနေဦးမှာ မှန်ပါတယ်၊ ဒါပေမဲ့ ကျမ စိတ်ထဲမှာတော့ သူတို့အတွက် သူတို့လောကအတွက် ကျမ မရှိရင် မဖြစ်ဘူးလို့ပဲ တွေးထားတယ်၊ ဒါမှ ကျမ အဆုံးစွန်အထိ တာဝန်ကျေ နိုင်မယ်၊ ဒီတော့ ခွင့်လွှတ်ပေးပါ မောင်ရယ်” တဲ့။ သည်လိုနှင့်ပင် သူမ၏ တာဝန်ရှိရာ မြို့ဆီသို့ ပြောင်းရွှေ့ ထွက်ခွာသွားခဲ့ရပြီး သူကတော့ နေရစ်ခဲ့တော့သည်၊ “မောင့်ကို ကျမ ယုံကြည်လို့ သားတွေကို ထားခဲ့တာပါ” ဟုတော့ သူမ ကိုယ် သူမ ဖြေသိမ့် နေခဲ့ရှာသည်။
ထိုစဉ်က မြင်ကွင်းက သူမ ပျောက်သွားချိန်မှာပဲ သူ ဆုတောင်းမိသည်။ အစဉ်အမြဲ ခုလို ခိုင်မာသောစိတ်နှင့် ယုံကြည်ချက် သူမမှာ မြဲမြံနေပါစေ။
“ဒုက္ခ ပေါင်းစုံကတော့ ကြိုနေတာပေါ့မောင်၊ ကျမက မိန်းမတစ်ယောက်ဖြစ်နေတော့ တချို့က လက်မခံချင် ကြဘူး။ ကျမရဲ့ ပျိုးထောင်မှုစံနစ်က တင်းမာလွန်း ပြတ်သားလွန်းတယ် လို့ ဆိုကြတယ်၊ ဒါပေမဲ့ မောင်ရယ်၊ ‘ဒုက္ခကို ခုခံရင် အရည်အချင်း တိုးတက်တယ်’ ဆိုတာကို လက်ခံရမယ် မဟုတ်လား။ ကလေးတွေဟာ ကျမတို့ တုန်းကထက် အများကြီး တော်ကြတယ်၊ အဆင်းရဲခံပြီး ဘ၀မှာ ကြိုးစားကြတယ်၊ တချိန်မှာ အဲဒီ လူငယ်လေး တွေဟာ သိပ်ကို တော်လာကြရမယ်။ ကျမလေ မောတဲ့အခါ အဲသည်အတွေးနဲ့ အမောပြေရတယ်၊ ကြည်နူးတယ်၊ ကျေနပ်တယ်၊ မောင်လည်း ကျမ နဲ့ ထပ်တူ ခံစားပါ၊ ”
ခင်ပွန်းသည်တစ်ယောက်ထံ သူမရေးသော အလွမ်းပြေစာသည် အစီရင်ခံစာ တစ်စောင်လိုသာ ဖြစ်နေတတ် သည်။ သူကတော့ ကျေနပ်မြဲပါပဲ။ ရှည်သွယ်သွယ်၊ ခပ်သော့သော့ လက်ရေးပုံကိုက သူမ၏ ခိုင်မာသော၊ တုံ့ပြန်မှု မြန်သော သဘောကို ပြသည်ဟု သူ ထင်သည်။
“တခါတလေများ မောင့်ကို ကိုယ့်ယောက်ျားရယ်လို့ နွဲ့ပါဦးကွာ” ဟု သူက ဆိုလျှင် ရှက်ရယ် ရယ်ကာ မျက်နှာနီ လာတတ်သော သူမသည် သူနှင့် သားတို့ ရှေ့တွင် ကလေးငယ်သဖွယ်လည်း အပြစ်ကင်း၏။ စာရေးစာဖတ်ကို မပြတ် လုပ်နေတတ်သော သူမသည် ခင်ပွန်း နှင့် သားကို ထမင်းပွဲရှေ့ရောက် ပြုစုသူလည်း ဖြစ်သည်။ စာရေးစာဖတ် နေချိန်များတွင် သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်ခုံးကို ပင့်ချီလျက် ကမ္ဘာ လောကကြီးအပေါ် တာဝန်ကျေလိုသူ တစ်ယောက်၏ ဟန်ပန်မျိုး ရှိနေတတ်သကဲ့သို့ သူနှင့်သားတို့၏ ရှေ့တွင်မူ သားကိုသခင် လင်ကိုဘုရားဟု သတ်မှတ်တတ်သော အေးဆေး သိမ်မွေ့သည့် မိန်းမတစ်ယောက် သာ ဖြစ်နေတတ်ပြန်သည်။
ထို့ကြောင့်ပင် ဆန့်ကျင်ဘက် အားအင်များကို အောင်မြင်စွာ ထိန်းချုပ်နိုင်သော သူမသည် တစတစ ပို၍ ထက်မြက် လာသည် ဟု သူက အခိုင်အမာ ယူဆမိခြင်း ဖြစ်ပါသည်။
“ကျောင်းဆရာဆိုတာ ပန်းပုထုသူပဲ မောင်၊ ကိုယ်လိုရာ ပုံအမျိုးမျိုးကို ကိုယ့်အတတ် ပညာနဲ့ စေတနာ မေတ္တာအပေါ် မူတည်ပြီး ထုလုပ်နိုင်တာ၊ ကျမလေ သားတွေကိုလည်း ပန်းပုရုပ်လို ပုံဖော်ခဲ့တာပဲ။ ကျမ လိုချင်တဲ့ ပုံစံအတိုင်း သားတွေ ကြီးပြင်းလာတာကို သိပ်ပျော်ခဲ့တာ။ အဲသလိုသာ ပန်းပုရုပ်ကောင်းတွေ အများကြီး ပုံသွင်းနိုင်ရင်လို့ တွေးမိတော့ ကျမရဲ့ ယုံကြည်ရာ ရည်ရွယ်ချက်က ပို ပြင်းထန်လာတာ မောင်ရဲ့”
သူမ၏ စကားနှင့်အညီ သူမကတော့ တက်ကြွ ရှင်သန်စွာ လှုပ်ရှား သက်ဝင်နေသည်။ “မောင့်ကို လွမ်းတဲ့အခါ ကျမစာတွေ ရေးတယ်မောင်၊ သားကိုလွမ်းရင်တော့ ကလေးတွေကို စာသင်ရင်း၊ ပျိုးထောင်ရင်း အလွမ်းဖြေတယ်။ ဒီတော့ အလုပ်တွင်တာပေါ့ မောင်။ ကျမလည်း ခုလို အမြဲ လုပ်နိုင်မှာမှ မဟုတ်ဘဲ။ ကိုယ့်ခွန်အား ရှိတုန်းသာ၊ တကယ်တော့ မောင်ရေ့… လူငယ်လေးတွေဟာလေ ကျောက်ဆစ်ပန်းပုမှ မဟုတ်ဘဲ၊ ဖယောင်းတွေသာ ဖြစ်တယ်၊ သိပ် ပုံသွင်းလို့ လွယ်ရှာတယ်၊၊ မီးပြင်းတွေနဲ့ ဝေးဝေးတော့ ရှိရမှာပေါ့နော်၊ ကျမက မီးပြင်းတွေရဲ့ အန္တရာယ်ကို ပြောပြရင်လည်း သူတို့လေးတွေက နားထောင် လိုက်နာကြတယ်၊ သိပ်ကို စိတ်အင်အားပေးနိုင်တဲ့ ကလေးတွေပေါ့၊ စိတ်မချမ်းသာစရာကတော့ ဖျက်လိုဖျက်ဆီး လုပ်တတ်တဲ့ ပတ်ဝန်းကျင်ပေါ့ မောင်။ အဲသည်အခါမျိုးမှာတော့ ကျမ စိတ်ပင်ပန်းရတယ်။ ဒီ လူငယ်ကလေးတွေသာ ကျမရဲ့ အောင်မြင်တဲ့ ပန်းပုရုပ်ကလေးတွေ ဖြစ်သွားရင်တော့ နောင်ထုရမယ့် ပန်းပုရုပ်သစ်တွေအတွက် ကျမ မပင်ပန်းတော့ဘူးပေါ့နော်။ လောလောဆယ်တော့ ကျမရဲ့ စိတ်အမော၊ ကိုယ်အမောကို မောင်က စာပြန်ရေးပြီး အားပေးပါဦးနော်”။
သူမ၏ စာတွေထဲ လိုက်ပါမောပန်းရသမျှကို သူမ၏ မိန်းမမြတ်ပီသမှုက အမောဖြေ ပေးမြဲပါပဲ။ အောင်မြင်မှုမာန နှင့် ထက်ရှသော စိတ်ဓါတ်ပိုင်ရှင် ဖြစ်ပါလျှက် ခင်ပွန်းသည် ကို အားကိုးချင်သော မိန်းမသည် မိန်းမမြတ် ဖြစ်သည်ဟု သူ ယုံကြည်သည့်အတွက် သူမသည် သူ၏တန်ဖိုးမဖြတ်နိုင်သော ဇနီးကောင်း တစ်ယောက် အဖြစ် ခိုင်မာ သေချာတော့သည်။ ထိုအခါ သူမကို သူ တမ်းတ လွမ်းဆွတ်ရပြန်သည်။
မေတ္တာတရားကို တန်ဖိုးထားတတ်လွန်းသော သူမသည် သားတို့အတွက်လည်း အစားထိုး မရနိုင်သော မိခင် ဖြစ်နေပြန်သည်။ သားတို့ ဆိုး၍ ဆုံးမသည့်အခါ သူမက သူ့ထက်ပို၍ အစွမ်းထက်တတ်သည်။ သားတို့ကို လက်ဖျားနှင့်ပင် မတို့ဘဲ “မေမေဟာ သားတို့ကို အင်မတန် ချစ်တယ်၊ သားတို့အတွက် မေမေ့ အသက် ခန္ဓာ အားလုံးကို ပုံရဲတယ်၊ ဒါကြောင့် မေမေရဲ့ အဲဒီ မေတ္တာကြောင့် သားတို့ ရှေ့လျှောက် လိမ်မာလိမ့်မယ်လို့ မေမေ လုံးလုံး ယုံကြည်တယ်” ဟု အမေတယောက်၏ အချစ်ကို ပေါ်ပေါ်တင်တင် ပြတတ်၏။ သားတို့၏ မျက်တောင်ကော့များ မှေးစင်း ငြိမ်ဝပ်သွားအောင် သူမပင် တတ်နိုင်သည်။
သို့နှင့်ပင် သူ နှင့် သူမတို့၏ သားနှစ်ယောက်သည် လိမ်မာသော ကလေးများအဖြစ် ကြီးပြင်းလာခဲ့သည်။ သားတို့သည် သူတို့၏ မေမေအတွက် ကျေနပ် ဂုဏ်ယူကာ အလွမ်း ပြေရသည်။ အရာရာတိုင်းသည် သူမ၏ ယုံကြည်ချက်အတိုင်းပင် လိုက်နာ ရှင်သန် နေရသလိုပါပဲ။ သူ ယုံကြည်သည်။ သူ၏ ချစ်သော သူမသည် သူနှင့် အဝေးမှာ ရှိနေ သော်လည်း သူ၏ နှလုံးသည်းပွတ်မှ အစ ကိုယ်ခန္ဓာအလုံးစုံကို လွှမ်းခြုံ ထွေးပိုက်ထား သည်ဟု သူ အခိုင်အမာ ယုံကြည်သည်။
သားဦးကို မွေးစဉ်က သူမ မျက်ရည်ကျသည်ကို ခင်ပွန်းသည်တစ်ယောက်အနေဖြင့် ပထမဆုံး မြင်တွေ့ခဲ့ရသည်။ ထိုစဉ်က သူမ၏ မျက်လုံးနက်နက် စူးစူးရဲရဲတွေက တောက်ပ ကာ မျက်ရည်ကျ နေခဲ့သည်။ သို့ပေမဲ့ သူမ ငိုနေခြင်း မဟုတ်။ “သိပ် ၀မ်းသာစရာ ကောင်းတာပဲမောင်ရယ်” ဟူသော စကားတခွန်းကို တကိုယ်တည်း ငြီးတွားနေသလို ဖွဖွ ရွတ်နေသည်။
သူက “မောင်ကတော့ ပျော်ပြီးသားပါကွယ်” ဟုပြောတော့ တခါမှ မကြုံဖူးစွာ သူမက နှုတ်ခမ်းကို ခပ်စုစုဖြင့် စူသယောင်ပြုပြီး တကယ့် မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ “ဟင့်အင်း..သိပ် ပျော်ရမှာပဲ” ဟု နွဲ့လာသည်။ သူသည် သူမ၏ ထို ဟန်ပန်၌ ကြည်နူးသွားရကာ “ဟုတ်တာပေါ့ မိန်းမရာ၊ သားဦးရတာဟာ သိပ်ကို ပျော်စရာ ပေါ့” ဟု လိုက်လျော ပြောဖြစ်ခဲ့သည်။ ထိုအခါကျတော့မှ သူမသည် လှိုက်လှိုက်လှဲလှဲ သည်းသည်းထန်ထန် ရယ်မောကာ မျက်ရည်တွေ ကျလာပြန်သည်။ ထို့နောက် အရယ်ရပ်ကာ မျက်လုံးကြည့်များ ရုတ်တရက် မှိုင်းဝေလာပြီး “မေမေ နဲ့ ဖေဖေ့ကို သတိရလိုက်တာ မောင်ရယ်” ဟု တုန်တုန် ယင်ယင် ရေရွတ်သည်။
“တကယ်တော့ ကျမက သားလေးလိုချင်တာ ဖေဖေ့ကိုယ်စား အမွေအနှစ် အနေနဲ့ပါ မောင်ရယ်” ဟုလည်း ပြောသေးသည်။
သူကတော့ သူမ၏ ကြေကွဲနူးညံ့နေမှုကို နှစ်လို ငေးမောနေမိခဲ့သည်။ သူမသည် သူမ၏ မိဘနှင့် ပတ်သက် လာသည့်အခါတိုင်း နူးညံ့ သေ၀ပ်သွားတတ်သည် မဟုတ်လား။ (သူမသည် ငယ်ငယ်လေးနှင့် ဖတဆိုး ဖြစ်ခဲ့ရ ရှာသူ ဖြစ်၏။ အရွယ်ရောက်စဉ်မှ စ၍ မိခင်နှင့် ခွဲခွာနေခဲ့ရသူလည်း ဖြစ်သည်။)
“ဖေဖေကလေ..”ဟု အစချီကာ သူမပင် ကောင်းစွာ မမှတ်မိနိုင်ပါလျှက်နှင့် သူမ မိခင် ပြောပြတတ်သည့် သူမဖခင်၏ အရည်အသွေးများ၊ ခိုင်မာစိတ်ထားများတို့ကို သူမကိုယ်တိုင် မြင်သိ ကြားခဲ့သကဲ့သို့ ခံစားကာ သူ့ကို ပြန်ပြောပြတတ်သည်။ ထိုသို့ ပြောပြနေသော အချိန်များတွင် သူမသည် နှုတ်ခမ်းပါးနီထွေးတို့ တဆတ်ဆတ် တုန်ယင်လျှက် မျက်လုံးအစုံက ရီဝေရွှန်းလဲ့လျှက်နှင့် အဝေးတစ်နေရာကို မမြင်နိုင်ဘဲလျှက် မျှော်ငေး ကြည့်ယောင်ဖြင့် ကဗျာရှည်တစ်ပုဒ်ကို ရွတ်နေသလိုပါပဲ။ သူကိုယ်တိုင်လည်း သူမနှင့်အတူ သူမကဗျာ၏ အတက်အကျ အနိမ့်အမြင့်တွင် လိုက်ပါ စီးမျောရစမြဲ ဖြစ်သည်။ ထိုကဗျာသည် သူမဘ၀နှင့်အမျှ ရင်းထားရသော သိပ်လှပသည့် ဆွတ်ပျံ့ဖွယ် ကဗျာရှည်တစ်ပုဒ်လည်း ဖြစ်သည်။
ထိုစဉ်ကလည်း မွေးကင်းစ သားဦးကို ကြည့်ကာ သူမ၏ မျက်နှာရိပ်သည် မှိုင်းလာလိုက်၊ ကြည်လာလိုက်၊ ပြုံးလာလိုက်နှင့် သူမပိုင် ကဗျာရှည်တစ်ပုဒ်ကို ရင်တွင်း၌ ဖွဲ့သီနေပြန်သည် ထင်၏။ ကြည့်စမ်းပါ… ကြည်လင် သော အသားအရည်က ၀င်းပကာ ရွှန်းလဲ့မျက်ဝန်းများ စိုလက်လို့။ မိခင်ဖွဲ့မေတ္တာတေးကို အပီအသ သီကျူး နေသော မျက်နှာအမူအယာနှင့် ကျက်သရေရှင်မလေး။ ထိုပိန်လှပ်လှပ်ဖြင့် ညှို့ငင်မှုမရှိသော မိန်းမက သူ့ကို ဆွဲဆောင် သိမ်းပိုက်ထားနိုင်ခြင်း၌ သူ မအံ့သြဖြစ်တော့ပါ။ သူမ၏ နှလုံးသားမှ နက်ရှိုင်းစွဲထင်သည့် လှပ မွန်မြတ် မှုကို သူ ခံစားဖူးပြီလေ။
သူမ၏ ပေးစာများစွာ၌ သူမ၏ ကျေနပ်ပီတိများစွာကို တွေ့ရ၏။
“မနက်ခင်းမှာဆို ငှက်တွေနဲ့အတူ ကျမ လမ်းထလျှောက်ရော…မောင်။ အိမ်နောက်ဘက်ရေကန်ကို ဖြတ်တိုက်လာတဲ့ လေကလည်း အေးလို့။ ကလေးတွေကလည်း အိပ်ရေးဝ၊ အနားရတဲ့ မျက်နှာလေးတွေနဲ့။ ဘုရားရှိခိုးကြ၊ သီချင်းညည်းကြနဲ့ပေါ့။ သိပ်ကို ချမ်းမြေ့ကြည်နူးစရာပါပဲ မောင်”။
ထိုအခါက သူမ၏ အငွေ့အသက်များကလည်း အပျော်အရောင်များသာ ဖြစ်နေခဲ့သည်။ သူမ၏ စာတစ်စောင် တိုးလေ သူ့ထံ သူမ ပြန်အလာကို မျှော်လင့်ရခြင်းတို့ တစ်ဆင့် နောက်ဆုတ်လေ ဖြစ်ကြောင်း သူသိလာသည့် အခါ စိတ်ကိုသာ ကြိုးစား ဖြေသိမ့် ရ တော့သည်။
တခါတလေတော့ သူမသည် မိန်းမတန်မဲ့ ခင်ပွန်းသည်နှင့် သားတို့ကို ခွဲခွာနိုင်ရန်ကော။ အသည်းမာနိုင်ရန်ကောဟု သူ စိတ်ခုချင်တတ်သည်။ သို့သော် သူမရှိရာ အရပ်သို့ သူ ခဏ ရောက်သွားစဉ်တွင် စိတ်ငြိုငြင်စရာ တစ်ဆစ်တစ်ပိုင်းမျှလောက်ပင် ရှာမတွေ့နိုင်လောက်အောင် သူနှင့်သားတို့ကို သူမက ဂရုစိုက် သည့်အခါတွင်မတော့ သူမသည် သူ နှင့် သားတို့ အပါအ၀င် သူမ၏ လောကတစ်ခုလုံးကို စိတ်မငြိုငြင်အောင် ပြုစားနိုင်သူဟုပင် မှတ်ထင်ရတော့သည်။
“မောင်နဲ့အဝေးမှာ ထားထားရတာ စိတ်မချဘူး။ ကျန်းမာရေး၊ လူမှုရေး၊ အစစ အရာရာ မှာပေါ့။ ကိုယ့်မိန်းမက ခေါင်းမာတော့ ပိုဆိုးတယ်။ ကိုယ့်ကိုယ်ကိုထက် ဘာမှ အရေးမကြီးဘူး ဆိုတာကိုလည်း လက်မခံဘူး။” ဟု ခင်ပွန်းသည်တစ်ယောက်၏ စိတ်ဖြင့် သူပြောဖူးသော်လည်း သူမထံသို့ သူ ဧည့်သည်တစ်ယောက်လို ခေတ္တသွားနေစဉ်မှာပင် သူ၏ အဆိုအားလုံးကို ရုတ်သိမ်းရတော့သည်။
သူမ၏ ကလေးများစွာသည် သူမကို သူ နှင့် သားတို့က ချစ်သကဲ့ပင် ချစ်ခင်ကြပြီး ဂရုစိုက်ကြသည်ကို တွေ့ရသည်။ ထိုအကြောင်းကို သူမကို သူ ပြောပြတော့ “ကျမက ကောင်းတာ၊ မှန်တာကို လုပ်တာပဲ မောင်ရယ်၊ သူတို့ နားလည်ကြမှာပါ။” တဲ့။ ပင်ပန်း ရသမျှ၌ပင် သူမ၏ မျက်နှာသည် တနေ့ထက် တနေ့ သိသိသာသာ ကြည်စင် ၀င်းပ၍ လာသည်။ သူမ၏ အမူအရာကလည်း လန်းဆန်း သွက်လက်စွာ…။
သူမသည် သူမ၏ တောက်ပသော အပြုံးနှင့် အရာရာတိုင်းကို ဖန်ဆင်းယူနေဟန်ဖြင့် အမှုကိစ္စများစွာကို တရဲတ၀ံ့ ရင်ဆိုင်နေတတ်သည်။ ခေါင်းညိတ်ပြုံး၊ ခေါင်းမော့ပြုံး၊ ကြည်နူးပြုံး၊ ကြေကွဲပြုံး၊ ကျေနပ်ပြုံး၊ မာနပြုံးများစွာကို ဖန်တီးကာ သူမ၏ တာဝန်များ ကို ကျေပွန်နေပြန်သည်။ ထိုအခါ ထို ပါးလှပ်လှပ်၊ ပိန်ဖျော့ဖျော့ အမျိုးသမီးငယ်မျှသာ ဖြစ်သော သူမသည် အရှိန်အဟုန်ပြင်းသော အလင်းတိုင် တစ်ခုသဖွယ် သူမ၏ ဆန့်ကျင်ဘက်ရန်တို့ကို လွှမ်းမိုး ၀ါးမျိုတော့မည့်နှယ် သို့မဟုတ် သူမ ဖြစ်စေလိုသမျှကို မန်းမှုတ်၍ ဂါထာရွတ်ဆိုကာ သိမ်းပိုက်လိုက်နိုင်တော့မည့် ပညာရှင်သခင်မသဖွယ် သူနှင့် တကွသော သူမချစ်သော ပတ်ဝန်းကျင်တွင် ထွန်းလင်း တောက်ပနေတော့သည်။
တကယ်တော့… သူ၏ ရောင့်ရဲကျေနပ်နိုင်မှုသည်လည်း သူမကပင် ပေးခဲ့တာ ဖြစ်သည်။ သူမသည် သူနှင့် သားတို့ အတွက် ဘ၀အဆက်ဆက်တိုင် မေ့ပျောက်မရစွာ ဂုဏ်ယူ သတိရ နေစေဖို့ ရှင်သန်သူသာ ဖြစ်သည်။ ပြီးတော့ သူ့အတွက် ဆိုလျှင် သူမသည် အမြဲ မညှိုးနွမ်းနိုင်သော ပန်းတစ်ပွင့်ကဲ့သို့လည်း၊ နူးညံ့သိမ်မွေ့မှုကို ပေးကာ ဇနီးကောင်း ပီသသော အလှပွင့်ချပ်တို့ကို လွှာပွင့်စေသူလေ။ ထိုပန်းတစ်ပွင့်ကို သူ ပိုင်ဆိုင်သည်။ ပြည့်စုံပြီ။
သည်တော့ သူမကို သူ မျက်ရည် မကျစေလိုတော့ပါ။ မျက်ရည်ကျရန် မလိုဘဲ သူမအတွက် အလှနိုင်ဆုံး ဖြစ်သည့် ဗီဇစိတ်ကို သူမ၏ အခြား မည်သည့် ခန္ဓာ အစိတ် အပိုင်း အလှတို့ကမှ ယှဉ်ပြိုင် တုပနိုင်မည် မဟုတ် ကြောင်းကို သူမ၏ ချစ်သော ခင်ပွန်းသည် ဖြစ်သည့် သူက ကောင်းစွာ သိနေပြီပဲ မဟုတ်လား ။ ထို့ကြောင့်ပင် သူ့အတွက်တော့ သူတို့၏လောကကို အလင်းရောင်ပေးခြင်းဖြင့် လှပစေသော (ထူးဆန်းလှသည့်) ပန်းလေး တစ်ပွင့် မှာ သူမပဲ ဖြစ်တော့သည်မှာ ခိုင်မာလှသော သေချာမှုတစ်ခုပင် ဖြစ်သည်။
မေငြိမ်း
(ရွက်နုဝေ) ၁၉၉၆၊ဇန်န၀ါရီလ
Aug 19, 2007
ရှစ်လေးလုံး ဘယ်သူစ
ဒီတလော ရှစ်လေးလုံး အရေးတော်ပုံကြီးကို ငါကစတယ်..သူက မစဘူး ဆိုတာတွေ.. .. တော်တော် ကြားလာ ရ ပါတယ်။ အင်းးး.. ကျမကတော့ ထုံးစံအတိုင်း အဲဒီ ရှစ်လေးလုံးကို ဖြတ်လာခဲ့တဲ့ သာမန်ပြည်သူအနေနဲ့.. ပြီးတော့ ကျမရဲ့ ပုရွက်ဆိတ်လောက် ဦးနှောက် လေး နဲ့ စဉ်းစား ကြည့် မိပြန်ပါတယ်။
… ရှစ်လေးလုံးကို ဘယ်သူက စပါလိမ့်။ ကျမ တွေးမိသလောက်တော့ ဒီအဖြစ် အပျက်ကြီး ဖြစ်သွားအောင် စစေခဲ့တာက ဦးနေ၀င်း နဲ့ မဆလ..ပေါ့။ နောက် မတ်လ ၁၃ရက်နေ့က စလို့ စက်မှု တက္ကသိုလ် ကျောင်းသား တွေ…။ နောက်တော့ ရန်ကုန် တက္ကသိုလ်နဲ့ ကျောင်းပေါင်းစုံကနေ ၀န်ထမ်းတွေအထိ တောက်လျှောက် ပါလာ ကြတာ ၈ရက် ၈လ ၈၈ နေ့ ထိ။ အဲဒီအချိန်မှာတော့ လူထုတရပ်လုံး ပါလာပြီ။ ဘယ်လို တားတား.. ဘယ်လို ဆီးဆီး..။ လူပင်လယ်ကြီးက စီးဆင်းခဲ့တာပါ။
ကျမ မှတ်မိသလောက်တော့ အဲဒီ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကြီးကို ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့အထဲ ကျမ လည်း ပါသား။ အဲဒီနေ့ ဆုံရပ် ဆေးရုံကြီးရှေ့ကို ကြားကြားသမျှ သွားကြဖို့ ဖုန်းတွေဆက်.. တွေ့သမျှ လူတွေကို သတိပေး.. စာရွက်တွေတောင် ဝေခဲ့သေး။ အဲလိုဆို လမ်းထိပ်က ပဲပြုတ်သည် ဒေါ်ညိုလည်း ပါတာပဲ။ ဆိုက်ကားနင်းတဲ့ ဦးလေးသန်း လည်း ပါတာပဲ။ အိမ်ဘေးက ၉တန်းကျောင်းသူလေး ဥမ္မာလည်း ပါတာပဲ။ တအိမ်ကျော်က ၈တန်း ကျောင်းသားလေး အီစွတ်လည်း ပါတာပဲ။ သူတို့အားလုံး လက်ဆင့်ကမ်းလူစု သတိပေး ခဲ့ ကြတာပဲ။ သူတို့အားလုံးက နိုင်ငံရေးဆိုတာကို နားမလည်ပေမဲ့ သူတို့ ဆင်းရဲကျပ်တည်း ဒုက္ခရောက်နေရတာ ဒီအစိုးရကြောင့်လို့ သိတယ် တဲ့။ အီစွတ်ကတော့ အဖေကပြောတယ်.. ခုတောင်းနေကြတဲ့ ဒီမိုကရေစီဆိုတာ ရရင် ဒီထက် အများကြီး စိတ်ချမ်းသာမှာ.. တဲ့။ ဒါကြောင့် ဆန္ဒပြတဲ့ အထဲပါရမယ်တဲ့.. ဆိုပဲ။
အဲဒီ လူထုကြီးကြောင့် အာဏာပိုင်စိုးလိုသူတွေ အဆက်ဆက် (ဦးနေ၀င်းကစ ဒေါက်တာ မောင်မောင် အထိ)ကို ဒီ အရေးတော်ပုံကြီးကာလထဲ တဆစ်ချင်း ဖြုတ်ချနိုင်ခဲ့တာ။ တပါတီ စနစ် မရှုမလှ ပြုတ်ကျခဲ့ရတာ။ (ဒါပေမဲ့ တစ်ယောက်က ပြောတာတော့ စက်တင်ဘာ ၁၈ရက် တပ်မတော်က အာဏာသိမ်းခြင်းဆိုတာ တပါတီ စနစ်ကို မြေမြှုပ် သင်္ဂြိုလ် ပေးခဲ့တာ ဆိုပဲ)။ (တခါတလေတော့ လူထုအားလုံး နီးပါး ပါဝင်ခဲ့တဲ့ အရေးတော်ပုံကြီးကို တစ်ဦးတစ်ယောက်က ကောက်ချက်တွေ ချ.. အမျိုးအစား သတ်မှတ်တာတွေ လုပ်တာ.. ဆုံးဖြတ်ချက်တွေ ချပေးနေတာတွေဟာ အံ့သြစရာပါပဲ။ အထူးအဆန်းပါပဲ။)
အဲလိုနဲ့ ဒီကနေ့ထိ တိုင်ပါရော။ ဒီနေ့အထိ လူထုအရေး.. ဒီမိုကရေစီအရေး တောက်လျှောက် လုပ်နေခဲ့ သူတွေ မှာတော့ အသက်တွေ ပေးခဲ့ကြရတာ.. မနည်းမနော။ ဘ၀တွေ ပေးခဲ့ကြရတာ.. ဒုနဲ့ဒေး။ ခုထိလည်း ပေးနေ ကြရဆဲ..။ လက်နက် နဲ့ စိတ်ဓါတ်.. ယှဉ်တိုက်နေရတာ။ မတရားကွင်းမှန်း သိသိနဲ့ တိုက်ရတာ ဘယ်လောက် ကြီးတဲ့ အရင်းအနှီးလဲ..။ သူတို့က တော့ ခုထိ သူတို့မှာ လုပ်လိုက်ရတာ..လုပ်ခဲ့လိုက်ရတာ.. လုပ်နေရတာလို့.. တခါမှ မပြောဖူး..။ ခုထိ တိုက်ပွဲ ၀င်နေရတုန်း။ တိုက်ပွဲက မပြီးသေး..။ (သူတို့ကို ခုမှ နေရာဝင်ယူတယ် ပြောရ အောင်ကလည်း သူတို့ခမျာမှာ မနေ့တနေ့ကမှ စစ်အစိုးရရဲ့ ထောင်ကနေ ထွက်လာ ရတာ။ ထွက်လာတာနဲ့ နိုင်ငံအရေး လုပ်တော့တာ)။
တကယ်တော့ နယ်ချဲ့တော်လှန်ရေးကြီးနဲ့ လွတ်လပ်ရေးတိုက်ပွဲကို စခဲ့တာလည်း ဗိုလ်ချုပ်အောင်ဆန်း မဟုတ် ပါဘူး။ ဒါပေမဲ့ အဆုံး သတ် ပေးခဲ့တာကတော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တာပဲ။ ကျမကတော့ တွေးနေ မိတယ်။ ရှစ်လေးလုံးကို စခဲ့တယ် ဆိုသူများရော.. လူထုအတွက် ဘယ်လောက် လုပ်ပေးခဲ့ပြီလဲ။ လူထုရဲ့ အသိအမှတ်ပြုမှု ဘယ်လောက် ရပြီလဲ။ လူထုရဲ့ အသိအမှတ်ပြုမှုမရဘဲနဲ့တော့ လူထုခေါင်းဆောင်နေရာကို အော်ဟစ် ကြေငြာပြီး ယူလို့ မရ..။
အင်းး ကိုယ်က စခဲ့တာဆိုသူတွေအတွက် တကယ်ပဲ ဂုဏ်ယူပါတယ်။ လက်ရှိအစိုးရက တိုင်းပြည်ကို ကောင်းစေ ချင်လို့ လုပ်နေတာပါ.. ဆိုတဲ့စကားကို ပြောဖို့ကတော့ လွယ်ပါ တယ်။ သိပ် ပင်ပင်ပန်းပန်း စွန့်စားစရာ မလိုပါ။ မျက်နှာပြောင်တာ တခုတည်းနဲ့ ရပါပြီ။ (ကျမအနေနဲ့ဆိုရင်တော့ အဲဒီလို မျက်နှာပြောင်နိုင်ဖို့အရေးက သိပ် ပင်ပန်းတာပါ)။
အင်းး ဘာပဲဖြစ်ဖြစ်..
တကယ့် သာမန်ပြည်သူတယောက်အနေနဲ့ ကျမ စဉ်းစားနေတာကတော့ ရိုးရိုးလေးပါပဲ။
ရှစ်လေးလုံး ဘယ်သူစသလဲ ဆိုတာက ၁၉နှစ်ကြာခဲ့ပါပြီ။ ပြီးတော့ ဘယ်သူ စသလဲ ဆိုတာက အရေးလည်း မကြီးဘူး ထင်ပါတယ်။ အထူးသဖြင့် ခုချိန်မှာ တကယ် အရေးကြီးတာက ဒီပြဿနာကြီးကို ဘယ်သူက အဆုံးသတ်ပေးနိုင်မလဲ.. ဆိုတာနဲ့ လူထုလိုချင်တဲ့ တကယ့် တရားမျှတမှု နဲ့ လွတ်လပ်ရေး ကို ဘယ်သူက စဉ်ဆက်မပြတ် တိုက်ယူ ပေးနေသလဲ.. ဆိုတာပါပဲ။
မေငြိမ်း
(သြဂုတ် ၁၉)
Aug 18, 2007
ရင်ဖွင့်တဲ့စာ
ကျမ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး စာမရေးနိုင်တာ.. ပြည်တွင်းမှာ လောင်စာဈေးတွေ ထိုးတက် သွားတယ် ဆို ကတည်းကပေါ့။ တနေကုန် ကျမအတွေးထဲ ဒုက္ခပါပဲ.. ဘယ်လိုများ နေကြပါ့မလဲ ဆိုတာပဲ ဖိစီးနေတာ။ အံ့လည်း အံ့သြ နေမိတာ..။ ဒါနဲ့ဖြင့် ကျမတို့ တိုင်းပြည်က Gas တွေ အများကြီး ထွက်လို့ မထွက်ရှာတဲ့ နိုင်ငံတွေကိုတောင် ရောင်းမလို့ ဆို..။ အဲဒါ ဘာလို့ အဲဒီ ကိုယ့်နိုင်ငံထဲက ထွက်တဲ့ အလကားရတဲ့ Gas တွေကရော ဈေးတက် ရ တာ ပါလိမ့်..။ ဒါကတော့ Sanction နဲ့ လုံးလုံး မဆိုင်ဘူးနော်..။
ခု အသွား အပြန်ကားခ အနည်းဆုံး ၂၀၀ တဲ့။ ဘုရား..ဘုရား.. ကျမ တပည့်မလေး ၂ယောက်ဆိုရင်.. မိဘကို လုပ်ကျွေး နေတာ.. စတိုးဆိုင်မှာ အရောင်း ဈေးသည် လုပ်ကြရတာ။ တနေ့မှ ၅၀၀ ရတာ..။ ခု ဘယ့်နှယ့်လုပ်ပါ့။ ဆိုင်ရှင်တွေခမျာလည်း သိပ် တတ်နိုင်မှာမဟုတ်..။ သူတို့ ကိုယ်တိုင်လည်း ဒီဒဏ်ကို ခံကြရမှာလေ..။ အစိုးရ ၀န်ထမ်းတွေရော.. အခြေခံလစာကမှ ၃သောင်းခွဲ ရတာ။ ခရီးစရိတ်ကပဲ တလ ၅ထောင်ဆိုရင် စားစရိတ်နဲ့ ..။ အိမ် လခ နဲ့..။ တစ်ယောက်တည်းတောင် အနိုင်နိုင်ဆိုရင် မိသားစုကို ဘယ်လိုကျွေးမလဲ..။ ပြီးတော့ မြို့ထဲ ၀န်းကျင်တ၀ိုက်မှာ ပန်းရံလုပ် ကူလီသွားလုပ်ရတဲ့ မြို့စွန်က လူတွေ..။ ဒီ့အရင်ကတောင် ထမင်းရည် သောက်နေကြရတာ..။ အခု ဘယ်လိုလုပ်ကြမလဲ..။
ဒီလိုနဲ့ တမိသားစုလုံး ထွက်အလုပ်လုပ်နေခဲ့ကြရတာပဲ ကြာပြီ..။ နောက်ဆို နေရာအနှံ့မှာ ကလေးစားပွဲထိုး တွေ... ကလေးအရောင်းဈေးသည်တွေ... ကလေးအလုပ်သမားတွေ.. အများကြီး ပို တွေ့လာရတော့မှာ ထင်ပါ ရဲ့။ စာသင်ခန်းထဲ ရှိနေရမယ့် ကလေးလေးတွေ စာသင်ခန်းတွေရှိရာဆီကို ငေးကြည့်ရင်း စားပွဲထိုးနေ.. ဈေးရောင်း နေရတာတွေ.. ပိုတွေ့လာ ရတော့မယ်။ ကမ္ဘာကြီးကတော့ဖြင့် ပညာခေတ် တဲ့.. Education for all တဲ့ ။ Free Education တဲ့။ ..ကမ္ဘာကြီးမှာက..ဒီလောက် အစိုးရက ပံ့ပိုးပေးနေတဲ့ ကြားကမှ ကျောင်းနေရမယ့် အရွယ်ကလေး ကျောင်းမတက်ရတာမျိုး ရှိနေရင် အဲဒီကလေးရဲ့ မိဘကို အစိုးရတွေက တရားစွဲမတဲ့။ ဒါဖြင့်.. အခု.. ပညာရေးကို ကမ္ဘာ့အဆင့်မီ လုပ်နေတာဆိုတဲ့ မြန်မာနိုင်ငံမှာရော....။
အဲဒီ ညနေမှာ ကျမရဲ့ တပည့်လေးတယောက်နဲ့ စကားပြောရာက ကျမ စိတ်ထိခိုက်သွားခဲ့တာ။ အဲဒီ ကလေးက ခုမှ အသက် ၂၄နှစ်။ မိဘကို လုပ်ကျွေးနေတဲ့ ကလေး။ တလ ၀င်ငွေ တသိန်း လောက် ရှာနိုင်တဲ့ ကလေး။ သူက ပညာလည်း တော်ပြီး ကြိုးလည်း ကြိုးစားတဲ့ ကလေး။ တော်ရုံနဲ့ စိတ်ဓါတ် မကျတတ် သူ။ ခု..သူက ပြောတာ..။
ကျနော်တို့ ဘာကြောင့် ဒီလောက်တောင် ကံဆိုးရတာလဲ.. ကျနော်တို့ ဒီလောက် ကြိုးစား နေကြတာတောင် ကျနော်တို့မှာ နောက်ထပ် ရောက်စရာ ဒုက္ခတွေ ကျန်နေသေး တုန်းပဲ လား.. မကုန်နိုင်တော့ဘူးလား.. ကျနော်တို့ ဘာလုပ်ရတော့မလဲ...တဲ့။ ကျမ စိတ်ထဲ ထိခိုက်ရတာ.. အဲဒီအချိန်မှာ ပိုဆိုးသွားပါတယ်။ လူငယ်လေးတယောက်ရဲ့ အဲဒီ ကြေမွစိတ်ဟာ အဲဒီခေတ်ရဲ့ ပဲ့တင်သံပါပဲ..။ အဲဒီ ခေတ်ရဲ့ ကြေမွမှုပါပဲ..။ အဲဒါဟာ အနာဂတ် ရဲ့ အုတ်မြစ်တွေဆီက ကြေမွမှုလည်း ဖြစ်ပါတယ်။ ကလေးတွေ လူငယ်တွေက လုပ်လည်း မဖြစ်တော့ဘူး လို့ ထင်လာတာဟာ အန္တရာယ် ကြီးပါတယ်။ မတရားမှုတွေ သိပ် ကြီးစိုးလွန်းတာဟာ ကျမတို့ရဲ့ ပျိုးပင်လေးတွေဖြစ်တဲ့ ကလေးတွေ လူငယ်တွေအတွက်တော့ ပျိုးယူနေတဲ့ အချိန်မှာ.. ရှင်သန်ဖို့ အားယူနေတဲ့အချိန်မှာ... ရေနွေးပူနဲ့ နေ့တိုင်း အလောင်းခံ နေရသလိုပါပဲ..။ အညွန့်တုံး စေလှပါတယ်။ အဲဒီ အတွေးတွေနဲ့ ကျမ နှစ်ရက်လုံး စာမရေးနိုင် ခဲ့တာပါ။
မေငြိမ်း
(သြဂုတ်၊၁၇။)
Aug 15, 2007
ဆရာကြီး မင်းသုဝဏ် (၃)နှစ်ပြည့် အမှတ်တရ
အနည်းဆုံးတော့ ကြိုးစားအားထုတ်မှုတွေ..။ ဖြန့်ဖြူးဝေငှလိုတဲ့ စေတနာတွေ…။
အဲဒီလို ပုဂ္ဂိုလ်တွေဆိုတာကလည်း ရှားတောင့်ရှားပါး..။ ဒီကြားထဲမှာ …
တချို့ အချိန်မတိုင်မီ ပျောက်ပျက် ကြွေလွင့်ကြ..။
တချို့ အဖျောက်ဖျက် အချွေအလွှင့် ခံကြရ….။
၁၉၃၈ ၀န်းကျင်မှာ မြန်မာစာပေလောကထဲ တက္ကသိုလ်ကျောင်းသား လူငယ်တစုကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။ ခေတ်စမ်း…တဲ့။ ခေတ်ကို စမ်းသပ် ဖွဲ့ဆိုတဲ့ စာပေ..တဲ့။ ခေတ် ရဲ့ လိုအပ်ချက်ကို စမ်းသပ်တဲ့ စာပေ ပါပဲ။ တကယ့် အခန့်သုံး အနေနဲ့သာ စာရေးကြရတဲ့ မြန်မာစာပေ ရေယဉ်ကြောထဲမှာ ရေစီး သွက်သွက် ကလေး တွေ၊ ရေတံခွန်ပေါက်ကလေးတွေ နဲ့ မြစ်လက်တက်သွယ်လေး တွေ ဖျိုးဖျိုးဖျတ်ဖျတ် ပေါင်းစပ်လာ သလို… အဲဒီ ရေစီးကြောင်းက အားကောင်းလာတယ်။ ခေတ်စမ်းစာပေ..ပေါ့။ ဇော်ဂျီ မင်းသုဝဏ် သိပ္ပံမောင်ဝ ဒေါက်တာမောင်ဖြူး … စတဲ့ လူငယ်လေးတွေက ပြောင်းလဲ စီးဆင်းလိုက်တဲ့ ရေစီးကြောင်း။ သူတို့ ကိုယ်တိုင်ကို က ပင်မရေစီးပါ..။
ထုံးစံအတိုင်း.. လူကြီးတချို့က မြန်မာစာပေကို မခန့်လေးစား လုပ်ကြတယ် ဆိုပြီးတော့ မကြိုက်ကြ။ အခန့်တွေ အခက်တွေ အကွန့်တွေ အညွန့်တွေ အဖွဲ့တွေ အထုံးတွေပါမှ စာပေလို့ ခေါ်ရတော့မပေါ့…တဲ့။ စမ်းသပ် တီထွင်တဲ့ အဲဒီ ကျောင်းသားလေးတွေကတော့ မတွန့် မတုံ့ ခဲ့ပါဘူး။ ထီးကြိုက် နန်းကြိုက် ပုံတွေ စံတွေထဲက ရုန်းထွက်လို့ ပြည်သူတွေနဲ့ ရင်းနှီးယဉ်ပါးတဲ့ စကားလုံးလေးတွေ နိမိတ်ပုံလေးတွေ ဘ၀တွေ ရှုခင်း ရှုကွက် လေး တွေ ခံစားချက်လေးတွေ ပန်းပွင့်လေးတွေကို ရွေးဖွဲ့ခဲ့ကြတာ။ အဲဒီတော့ သူတို့ ကဗျာတွေ စာတွေက လူထုကြားထဲကို အလွယ်တကူ စီးဆင်းတိုးဝင်သွားခဲ့တာ……. ဒီကနေ့ထက်ထိ။ အဲဒီ ပင်မရေစီးကြောင်းကနေ အလက်အတက် တွေတောင် အမျိုးမျိုးပွားလို့.. မော်ဒန်တွေ ပို့စ်မော်ဒန်တွေ ထိ။
ဆရာမင်းသုဝဏ်ဟာ အဲဒီ ပင်မရေစီးကြီးထဲက ချောင်းကလေးတစင်းပါ။ ခေတ်စမ်း မတိုင်ခင်က မြန်မာစာပေ လောကထဲ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ပြည်သူလူထုကို ရည်ရွယ်ပြောပြတဲ့ စာကဗျာ တွေ .. ခေတ်စမ်း က ဖောက်ယူခဲ့ကြတာ။ အဲဒီထဲမှာ ဆရာမင်းသုဝဏ်က ဒေါက်တာမောင်ဖြူးနဲ့ တွဲဖက်.. ကလေးကဗျာတွေ ရေးခဲ့တာ။ ခေတ်အဆက်ဆက် မြန်မာပြည်မှာ တကယ် လိုအပ်ပြီး ကလေးတွေနဲ့ တကယ် လိုက်ဖက်တဲ့ ကလေးကဗျာဆိုတာ မရှိဖူးခဲ့တဲ့ ကွက်လပ်ကို ခေတ်စမ်း လူငယ်လေးတွေက ဖြည့်ခဲ့ကြတာ။
မိုးရေ တက်ရေ
တဖွေးဖွေး..
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာ တည်
ကြာနီတပွင့် ဖြူတပွင့်
တဲနဲ့ ပနံတင့်။
ဝါဆို ၀ါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်..
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ
ချို နဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လည်းလိုက်မယ်
ချန်မထားနဲ့..
အုန်းလက်နွားလေး ထားခဲ့ကွယ်။
လိုက်မယ် လိုက်မယ်။
ခေါင်းအုံးကြီး ခေါင်းအုံးကြီးအဲလို ကဗျာတွေ..။ ကလေးတွေကို သူတို့ ပတ်ဝန်းကျင်က မြင်ကွင်းလေးတွေနဲ့ မိတ်ဆက်ပေးတဲ့အပြင် မကြောက်တတ်အောင်.. ရဲရင့်အောင် အားမွေးပေးတဲ့ ကဗျာမျိုး လေးတွေ ဆရာကြီး ရေးခဲ့တာပါ။ ဒီနေ့ခေတ် ပညာရေးထဲမှာ ပြောနေတဲ့ Child Psychology ကို အခြေခံတာပါပဲ။ အစောပိုင်း မြန်မာသင်ပုန်းကြီး ဒေါင်းဖတ်စာထဲမှာ က-ကန်စွန်းပင် ရေမှာရွှင် … ခ-ခရမ်းသီး ဓါးနဲ့လှီး ကနေ စလို့ တော်တော်များများက ဆရာ မင်းသုဝဏ် နဲ့ ဒေါက်တာမောင်ဖြူး တို့ ရေးခဲ့တာတွေပါ။
မြင်းပျံလုပ်လို့စီး..
ခေါင်းအုံးကြီးက မိုးပေါ်ပျံ
မိုးက ခြင်ထောင်ခံ
ခြင်ထောင်ခံလို့ မြေမှာပြေး
ထိုက်တဲ့ ဇာနည်သွေး…..။
ဆရာကတော့ လူငယ်တွေရဲ့ ခံစားမှုကိုလည်း ဖွဲ့နိုင်ခဲ့တာပါပဲ။ ဆရာရေးခဲ့တဲ့ ပန်းဦးပန်သူ ကဗျာက အဲဒီ ခေတ် က အချစ်ဦးနဲ့ လွဲရတဲ့ လူငယ်တွေ တသသ ရွတ်ရတဲ့ ကဗျာပေါ့။
လယ်တောကအပြန်ဆရာရေးတာက လက်ရှိဘ၀ထဲက နှင်းဆီတွေ ခရေတွေ လယ်တောတွေနဲ့.. တကယ်ပဲ ကိုယ့်အနားမှာ ဖြစ်နေ သလို ခံစားရစေ တာလေ။
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး…။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး…။
အဲလိုနဲ့ပဲ မင်းသုဝဏ်က လူငယ်တွေအတွက်..
ယမင်းရုပ်ကလေးနဲ့ ဘကြီးအောင်ညာတယ်… ဆိုတဲ့ ကလေးကိုတောင် လိမ်တတ်တဲ့ ဘကြီးအောင်လို လူကြီး မျိုး ရှိတတ်တယ် ဆိုတာကို ပေးခဲ့။
"မှိုင်းညိုဥာဥ့်ရိပ် လူခြေတိတ်၌ ဂုတ်ကျားကျယ်လောင် ဆီးကြိုဟောင်သော် ဖိုးမောင်လာပြီ ဆိုကြသည်".. ဆိုတဲ့ ကိုယ်ရွာလုံခြုံရေးအတွက် အသက်စွန့်သွားတဲ့ သာမန်ရွာသားလေး ဖိုးမောင်ကို ပေးခဲ့။
"ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ ခဲ့ရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ".. ဆိုတဲ့ တော်လှန်ရေးသမား ပြောက်ကျားရဲဘော်လေး ကို ပေးခဲ့။
ဖုထစ်ရွတ်တွ ငှက်ဠင်းတသို့ဆိုတဲ့ အညံ့မခံစိတ်ကို ပြပေးခဲ့..။
ပျဉ်းမငုတ်တို သက်ကြားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။
ပျဉ်းမငုတ်တို သက်ကြားအိုသည်
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လည်း မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား..။
ဒီလောက်ကလေးနဲ့တောင် ဆရာမင်းသုဝဏ်ကို ဘယ်လောက်လွမ်းထိုက် မမေ့ထိုက်ကြောင်းက လုံလောက် ပါပြီ။ ဆရာဟာ ၈၈၈၈ အပြီး နိုင်ငံအရေးမှာ ဒီမိုကရေစီလမ်းဘက်ကို ပြတ်ပြတ်သားသား ရွေးချယ်ရပ်တည်ခဲ့လို့ စစ်အစိုးရရဲ့ အမျိုးမျိုးသော ဒုက္ခပေးတာကို ခံခဲ့ရပါတယ်။ ဆရာက လူထုဘက်မှာ မားမားမတ်မတ် ရပ်ခဲ့တာ ကွယ်လွန်ချိန်အထိ..။ အဲဒီ... ခေတ်ရဲ့ ရှေ့ဆောင် ကျမတို့ရဲ့ လမ်းပြကြယ်ကြီးတစ်ပွင့် ကြွေလွင့်ခဲ့တာ...
ဒီကနေ့ သုံးနှစ်ပြည့်ပါ။
ဖြစ်ချင်တော့ ကိုငှက်နဲ့ ဆရာ.. ရက်ကပ်လျက်.. ဂူချင်းလည်းကပ်လျှက်..။
ကျမတို့ နှစ်ရက်ဆက်တိုက် ရေဝေးကို သွားခဲ့ရတာပေါ့။
အဲဒီတုန်းက ကျမ စိတ်ဖြေ တွေးမိသေးတယ်..။
စကားပြောဖော်.. ကဗျာရွတ်ဖော်.. နိုင်ငံ့အရေးတွေ ဆွေးနွေးဖော်တော့ ရမှာလို့။
နှလုံးသား များများသုံးပြီး စာရေးတဲ့ စာရေးဆရာတွေကို မြတ်နိုးတဲ့ ကျမအတွက်တော့
အဲဒီ သြဂုတ် ၁၄ နဲ့ ၁၅ ဟာ တော်တော် နှလုံးနာရတဲ့ ရက်တွေပါ။
ခုတော့ သြဂုတ်ဟာ ချစ်သူတွေကို ဆုံးရှုံးရတဲ့ လ လို့ ပြောရတော့မယ့် လ
သေချာ ဖြစ်ခဲ့ပြီ။
မေငြိမ်း(သြဂုတ် ၁၅)
ဓါတ်ပုံ- ထိန်ဝင်း
Aug 14, 2007
ကိုငှက်ရေ....
ဂီတအတွက်သာ တစိုက်မတ်မတ် သက်ဝင် ရှင်သန်ခဲ့တဲ့ မှော်ဆရာ…
လာရာလမ်းကို ပြန်သွားခဲ့တယ်။
အဲဒီနေ့မှာ..
သူ့ နာမ ဂုဏ်ကျက်သရေက တောက်ပသလောက်
သူ့အိမ်လေးကတော့ဖြင့် ထူးထူးခြားခြား တောက်ပ ထည်ဝါတာမျိုး ရှိမနေပါ။
တကယ့် ပကာသနနဲ့ ဝေးစွာ..။
ဂီတနဲ့ ပတ်သက်သမျှတွေသာ ချမ်းသာလေတယ်။
အဲဒီနေ့က
သူ့အိမ်မှာ ရောက်နေကြတဲ့သူတွေ အားလုံး ငေးငေးငိုင်ငိုင်။
စိတ်ထဲမှာ သူ တကယ် ကွယ်လွန်ခဲ့ပြီဆိုတာကို
ဘယ်သူမှ အလွယ်တကူ လက်မခံနိုင်ကြသေးတဲ့အချိန်။
သွယ်သွယ့် ခမျာ ပိုဆိုးပေါ့..။ အိပ်မက်မက်နေသလိုပဲ…တဲ့။
မိထောလေးကိုတွေ့တော့မှ ပို စိတ်ထိခိုက်စရာကောင်းတာ။
သမီးလေးခမျာ ငယ်သေးတယ်..။ ပြီးတော့ သူနဲ့ သိပ်တူတာ။
သမီးလေးသာ သူနဲ့ ကြာကြာ နေခွင့်ရရင် ဂီတအမွေ ကောင်းကောင်း ရမှာ။
ဘာပဲဖြစ်ဖြစ် ..စောလွန်းလှပါသေးတယ်.. ကိုငှက်ရယ်…။
သူ့ ဈာပနနေ့ မှာတော့
အံ့သြတုန်လှုပ်စရာကောင်းလောက်အောင် များပြားတဲ့ လူအုပ်ကြီး။
သူသာရှိနေရင်လည်း အံ့သြမှာ ထင်ပါရဲ့။
ပြီး … ညစ်တစ်တစ်ပုံနဲ့ ရယ်ချင်ရယ်ဦးမှာ..။
ရုပ်ရှင်မင်းသားလည်း မဟုတ်။ ရှိုးလည်း မထုတ်။
စတိုင်ကလည်း မလှ။ အပြောကလည်း မချို…။
မသိရင် အင်မတန် အေးတိအေးစက်နိုင်တဲ့ လူ။
ပီယ၀ါစာ ဘာညာသာရကာလည်း မပြောတတ်။
(ကျမဆိုရင်..သူနဲ့ လေးလေးနက်နက် ခေါင်းစဉ်တွေ ပြောဖြစ်တဲ့အခါဆို
သူ့အတွေးအခေါ်တွေကြောင့် သူ့ရှေ့မှာ ကိုယ့်ကိုယ်ကို ဘာမှ နားမလည်တဲ့
သေးသေးလေးလို့ ခံစားရတာမျိုးတောင် ခဏခဏ ဖြစ်ဖူးတာ)
စိတ်မထင်ရင် မထင်သလို ပိုးစိုးပက်စက်က ပြောတတ်သေး..။
ဒီကြားထဲ သီချင်းအထွက်ကလည်း ကျဲသေး။
အင်တာဗျူးတွေလည်း များများစားစား လက်မခံ။
ခုန်ပေါက် မြူးတူး ပေါ့ပါး ကြွေးကြော်ရတဲ့ ဂီတပွဲမျိုးတွေလည်း မဆို။
ကြည့်ပါဦး…အဲလို အဆိုတော်မျိုး။ တော်ရုံ ဘယ်လို ချစ်မှာလဲ..ပရိသတ်က..။
ဒါပေမဲ့..
အဲဒီနေ့မှာ
သူ့ မိသားစုတွေနဲ့ သူငယ်ချင်းနည်းနည်းလေးက လွဲလို့
သူ့ ရုပ်ကလပ်ကို ဘယ်သူမှ မမြင်လိုက်ရတော့ပါ။
သေချာ စင်တင် ပြင်ဆင်လို့ မရလောက်အောင်ကိုပဲ များပြားလှတဲ့
ပရိသတ်ထုကို ရှင်းလင်းဖယ်ရှားလို့ မရခဲ့။
သူ့အချစ်ဆုံးသူငယ်ချင်းတချို့တောင်
သူ့ကို ကြည့်ခွင့် နှုတ်ဆက်ခွင့် မရလောက်အောင်
ပရိသတ်က တိုးမပေါက်ခဲ့။
အဲဒီနေ့က မိုးရွာရွာအောက်မှာ ...
လူမစည်ကားအပ်ဆိုတဲ့ နေရာမှာ လူတွေ ကျိတ်ကျိတ်တိုး..။
သူ့ကို နောက်ဆုံးအနေနဲ့ မြင်ချင်လို့ပါဆိုတဲ့.. ပရိသတ်တွေ။
သူ့ရဲ့ အထိမ်းအမှတ် ဂူနေရာထိအောင် လူတွေ ဖွေးနေခဲ့တာ။
အဲဒီနေ့မှာ
သူ့ကိုချစ်တဲ့ (သူတောင် သိချင်သိမယ့်)ပရိတ်သတ်ထဲက
ယောက်ျားလေးတွေ တရှုံ့ရှုံ့ငိုနေတာကို တွေ့ရတာက ပို စိတ်ထိခိုက်စရာ..။
မိသားစုတွေအပါအ၀င် ကျမတို့က.. သွေးသားရင်းချာ သူငယ်ချင်းဆိုတဲ့ စိတ်ခံစားချက်တွေနဲ့ ပူဆွေးတာ။ အဲဒီ လူငယ်လေးတွေကတော့ သူ့ဂီတ (သူ့ မေတ္တာ စေတနာ)တွေ အပေါ် တန်ဖိုးထားမှုနဲ့ နှမျော တ သ ကြတာ။ Hip Hop သီချင်းတွေ ဆိုတဲ့ လူငယ်လေး နှစ်ယောက်လည်း ငိုလို့။ တယောက်က တဖွဖွ ရွတ်နေတာ.. ဆို့ဆို့နစ်နစ်ကြီး.. သွားပြီ.. သွားပြီ.. တဲ့။ ကျမနားထဲ အဲဒီ ကြေကြေကွဲကွဲ ရေရွတ်နေသံကို ခုထိ ကြားနေ မိ တယ်။ တကယ့်ကို ယူကျူံးမရတဲ့ တ သ သံ။ အဲဒီ အဆိုတော်လူငယ်လေးရဲ့ မျက်ရည်စွန်းပေနေတဲ့ တီးတိုး ရေရွတ်သံထဲမှာ ထူးအိမ်သင်ရဲ့ တန်ဖိုးကို ကျမ တွေ့နေရပါတယ်။
ဂီတနဲ့ ပတ်သက်ရင် မာနကြီးသလောက် ဇော လည်း အင်မတန်ကြီးတဲ့ သူ။ လူငယ်တွေအပေါ် စေတနာ ကြီးတဲ့ သူ။ ဂီတနဲ့ ပတ်သက်ရင် ဘယ်သူ့ကိုမဆို အချိန်အခါ မရွေး ကူညီပေးတတ်တဲ့ သူ။ သူ့ကိုယ်သူ ဂုဏ်တင် ပြောတာမျိုး တခါမှ မလုပ်ဖူးတဲ့ သူ။ စာဖတ်နာသလောက် စာနှံ့လွန်းတဲ့ သူ။ ဂီတလောကမှာ တိတ်တိတ် ဆိတ်ဆိတ် နဲ့ပဲ လမ်းတွေ အစင်းစင်းဖောက်… မှတ်တိုင်တွေ အတိုင်တိုင် စိုက်ခဲ့သူ။
အဲဒီ တိတ်ဆိတ်တဲ့ အသံရဲ့ မြည်ဟီးပဲ့တင်မှုက သုံးနှစ်ကြာခဲ့ပြီဖြစ်တဲ့ ခုချိန်ထိ..
ပြင်းပြ ကျယ်လောင်ဆဲ….
သူဟာ ကဗျာမြေကြီးရဲ့ သီချင်းလေးတစ်ပုဒ်ပေါ့။
ဒီလို ရှင်သန်နေထိုင်ရင်းနဲ့ ပေးဆပ်ရင်း ပေးဆပ်ရင်းးးး..
အမေ... သူ့ကို ခွင့်လွှတ်တော့။
ကျမတို့ နောက်ထပ် မှော်ဆရာတစ်ယောက် တော်တော်နဲ့ ထပ် မရနိုင်တော့ပါ။
နှမျောလိုက်တာ……..ကိုငှက်ရေ…။
မေငြိမ်း (၁၄ သြဂုတ် ၀၇)
လိုသမျှအားလုံး ဒီက ယူထားတာပါ။
Aug 12, 2007
တစ်နေရာစာ
(၁)
ရာသီက ခုချိန်မှာ ပိုပူလာသလိုပင်။ နေ့ပူလို့ ညအေးမလားဟု မျှော်လင့်သော်လည်း အပူက မလျော့။ သူ့မိန်းမကတော့ “ရှင်က ပို ကို ပိုတယ်။ ဒီလောက်လည်း မဟုတ်ပါဘူး။” ဟု ထုံးစံအတိုင်း ခပ်ဆောင့်ဆောင့် ပြောလိုက်လေသည်။ ဟုတ်မည် ထင်၏။ ခုလည်း သူကသာ ရာသီဥတုကို အကြောင်းပြပြီး အိပ်မပျော် ဖြစ်နေတာ.. သူ့မိန်းမကတော့ နှစ်နှစ် ခြိုက်ခြိုက်ကို အိပ်လို့။ တကယ်တမ်းကျတော့ သူကလွဲလို့ တအိမ်သားလုံး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နေကြတာပဲ။
အသက်ရှူသံ မှန်မှန်တွေ… သွားကြိတ်သံတွေ… ဟောက်သံသဲ့သဲ့တွေက စည်းချက်ကို ညီလို့။ သူ့မှာသာ အိပ်ပျော်ဖို့ ခက်နေတာ။ ခုနကပဲ ကင်းတဲဆီမှ သံချောင်း ခေါက်သွားတာ နှစ်ချက်..။ မဖြစ်ဘူး၊ အိပ်မှ.. မနက် စောစော ထပြီး ဟင်းချက်ရဦးမှာ။ သူ… မျက်လုံးကို သာမက စိတ်အာရုံကိုပါ တင်းတင်း မှိတ်ဖို့ ကြိုးစားရသည်။ ခုနက သူ သံဗုဒ္ဓေ ဆိုနေတာ ပဲ။ ဘယ်လို ဘယ်လို သံဗုဒ္ဓေသံ ပျောက်ပြီး အတွေးတွေ ရောက်လာပါလိမ့်။
သြော်… သားကြီးရဲ့ ညနေတုန်းကစကား… ။ ထားပါ… မေ့ပစ်လိုက်စမ်းပါ.. သူက ကိုယ်မွေးထားတဲ့သားပဲ.. ကလေးမို့ မှားတာ… ခွင့်လွှတ်ရမယ်။ အင်း… ဒါပေမဲ့ ကလေး လို့သာ ပြောတာ၊ သားက အသက်ပဲ နှစ်ဆယ် ကျော်ပြီ။ ဒါဖြင့် အဲဒီ ကလေးက မှားတာ… ဘာ့ကြောင့်လဲ… ဘယ်သူ့ကြောင့်လဲ…။ အဓိက တရားခံက သူ့မိန်းမ။ ကလေးတို့ အမေ ဆွေဆွေ မဟုတ်ဘူးလား။ သူ အံကြိတ်မိပြန်သည်။ ဘာတဲ့… သားကြီးကပြောတာ… “အဖေ ဘာလုပ်ဦးမလို့လဲ… လက်ဖက်ရည် သောက်ဦးမလို့လား.. မနက်ကလဲ သောက် ပြီးပြီ မို့လား” တဲ့။ ဟော.. သူ မေ့လို့ မရပြန်ဘူး။ ပြန် သတိရ လာပြန်ပြီ.. သူ စိတ်ကို လျှော့ချလိုက်တော့ ညနေကမှ ဖြစ်ပျက်ခဲ့သော ပူပူနွေးနွေး မြင်ကွင်းကို သူ ပြန် မြင်ခဲ့ရပြန်သည်။
ညနေက ကိုကျော်လွင် အိမ်ကို လာလည်သည်။ ကိုကျော်လွင် နှင့် သူက အတော်ခင်သည်မို့ သူ စကားတွေ ပြောချင်နေသည်။ အိမ်မှာက သားက ဗွီဒီယိုကြည့်၊ သမီးနှစ်ယောက်က အခန်းထဲမှာ ကက်ဆက်ဖွင့်နှင့် ဆူညံလို့။ သားအမိ သားအဖ ငါးယောက်သာ ရှိသော် လည်း အိမ်ခန်းက ကျဉ်းတော့ တော်ရုံအသံဆို ဆူလှ သည်။ ကိုကျော်လွင်က “ဟေ့လူ.. ကိုစံဦး လာဗျာ.. လက်ဖက်ရည်ဆိုင် မထိုင်ရတာ ကြာပြီ” ဟု ခေါ်ခဲ့ တာ။
ဆွေဆွေကတော့ ထုံးစံအတိုင်း အိမ်ပြန် မရောက်နိုင်သေးပေ။ စာသင်ဝိုင်းတွေ တစ်ခုပြီး တစ်ခု ကူးနေ ပေလိမ့်မည်။ သူ အပေါ်အင်္ကျီ ကောက်စွပ်ပြီး ဗွီဒီယိုကြည့်နေသော သား အနားကို လျှောက်သွား လိုက်သည်။ ပြီးတော့ မကြာခဏ ကြုံရသော သိမ်ငယ်စိတ်ကို မြိုသိပ်ရင်း “သားရေ.. အဖေ့ကို ပိုက်ဆံတစ်ရာလောက် ခဏပေးစမ်းကွာ” ခပ်တိုးတိုး ပြောလိုက်သည်။ သားက မော့ကြည့်၏။ အရင်ကလိုပဲ မပြုံးမရယ်နှင့် စိတ်မသက်မသာ ဟန်ဖြင့် ပိုက်ဆံ လှမ်းပေးလိမ့်ဦးမည်။ သူ စဉ်းစားပြီး ရင်ထဲ နာလာဆဲ သားက မျက်မှောင် ကြုံ့လိုက်သည်။ “အဖေ ဘာလုပ်ဦးမလို့လဲ.. လက်ဖက်ရည် သောက်ဦးမလို့လား… မနက်ကလည်း သောက်ပြီး ပြီ မို့လား”တဲ့။
ရင်ထဲ လောင်မီးကျသည်ဆိုတာ အမှန်ပင် ရှိလေသည်။ သူ့ရင်ထဲ ပူပြင်းစွာ ချက်ချင်းပင် လည်ချောင်းဝမှာ ဝေဒနာတစ်ရပ်က အလုံးလိုက် လာဆို့သည်။ သူ ဘယ်လို တုံ့ပြန်ရမလဲ။ သား အသံက အတန်ငယ် ကျယ်၏။ သူ ရှက်တာလား၊ ၀မ်းနည်းတာလား မသိ။ ခံစားရစွာဖြင့် သားရှေ့က လှည့်ထွက်လိုက်သည်။ သူ ကျောခိုင်းဆဲ သားက “ကျွတ်”ကနဲ စုတ်တချက် သပ်၏။
“ဘာလဲ.. အဖေက မယူတော့ဘူးလား” သူ့မှာ ဖြေစရာ စကား မရှိတော့။ ကိုကျော်လွင်နှင့်သူ အတူလျှောက်ထွက်လာဆဲ ကိုကျော်လွင်က အားနာဟန်ဖြင့် ငြိမ်ဆိတ်လို့။ မှတ်မှတ်ရရ.. ထိုညနေ လက်ဖက်ရည်ဆိုင်မှာ သူတို့ ဖွယ်ဖွယ်ရာရာ မပြောဖြစ်ကြတော့ဘဲ တိတ်ဆိတ် နေခဲ့ကြသည်။
အပြန်ကျတော့မှ ကိုကျော်လွင်က .. “ဒီလိုပဲ.. ကိုစံဦး၊ ခင်ဗျားစိတ်ထဲ ကျနော့် ရှေ့မှာမို့ စိတ်မကောင်းပိုဖြစ်မှာပဲ၊ ဒါပေမဲ့ ခင်ဗျား စိတ်ဖြေသာအောင် ပြောတာမဟုတ်ဘဲ အဖေ ချင်းချင်း ပြောရရင်.. ကျနော့်မှာလည်း ခင်ဗျားထက် မလျော့တဲ့ ဝေဒနာပုံစံတူတွေ ရှိတယ် ဆိုတာပါပဲ။”ဟု ခပ်တိုးတိုးလေး ပြောလေသည်။ သည်တော့မှ သူအကြာကြီး မေ့လျော့ ထားခဲ့ဖူးသော လူသားတစ်ယောက်၏ မျက်ရည်ကို ခု အသက်ငါးဆယ် ကျမှ ပြန်ထိတွေ့ တော့တာ။ တကယ်ပဲ… သူ… ညနေကတည်းက မျက်ရည်ကျခဲ့ရတာ… ပြီးတော့ တကယ်ပဲ သူ သားကို အပြစ် မမြင်ချင်လှပါ။ အပြစ်မြင်ပြီဆိုလျှင်ပင် သူက သူ့မိန်းမ ဆွေဆွေကိုသာ အပြစ်တင်မည်ဟု တွေးမိသည်။ ဒါလည်း သူ.. မလွန် ဟု ထင်၏။ အဲသည်တုန်းကတော့ ထိုအဖြစ်အပျက်က သူ့ကို မီးလို လောင်မြိုက်ခဲ့လေသည်။
(၂)
ဆွေဆွေ နှင့် သူ လက်ထပ်ကြတော့ ဆွေဆွေ အင်မတန် ပျော်ခဲ့တာကို သူ သတိရသည်။ တက္ကသိုလ်မှာ မေဂျာ မတူပါဘဲနှင့် သူနှင့် ဆွေဆွေတို့ ချစ်သူတွေ ဖြစ်ခဲ့ကြ၏။ ဆွေဆွေက ဓါတုဗေဒကျောင်းသူ။ သူက ၀ိဇ္ဇာ ဂုဏ်ထူးတန်း တက်နေဆဲ။ ဆွေဆွေက သူတို့ ဘာသာရပ်ကို စိတ်ဝင်စားသတဲ့။ သူကတော့ မိန်းကလေးဖြစ်ပြီး သိပ္ပံပညာရပ်မှာ ထူးချွန်သော ဆွေဆွေ့ ထက်မြက်မှုကို သဘောကျတာ။
နောက်တော့ သူက အရင် ရန်ကုန်တက္ကသိုလ်မှာပဲ နည်းပြဆရာ အလုပ်ကို ရသည်။ အဲဒီတုန်းက လခ သုံးရာ့နှစ်ဆယ်ကို သူ နှင့် ဆွေဆွေ ပျော်ပျော် သုံးနိုင်ခဲ့ကြသည်။ ဒါနှင့်ပင် သတ္တိတွေ ရှိကာ ဆွေဆွေ ဂုဏ်ထူးတန်းတက်နေဆဲ.. မခွဲနိုင်မခွာရက် လက်ထပ်လိုက်ကြတာ။ အခက်အခဲတွေက အသေးအဖွဲ။ နောက်တော့ သူတို့ နှစ်ယောက်ဘ၀က ပိုလို့ စိုပြေဖို့ ဖြစ်လာသည်။ တက္ကသိုလ်ကျောင်းဆရာ နှင့် ဆရာမ၊ နှစ်ယောက်ပေါင်းလစာ.. ခြောက်ရာကျော်က ထိုစဉ်တုန်းကတော့ မပူမပင် စားသောက်နိုင်ကြ၏။ ခြောက်မိုင်ခွဲ စံပယ်ခြံထဲမှာ အိမ်ခန်ကလေး ငှားနေတာမှ စပေါ် သုံးထောင် နှင့် အိမ်လခ က နှစ်ရာ။ သူတို့ တကယ် ပျော်ခဲ့ကြဖူးပါသည်။ သို့နှင့်ပင်၊ ဘ၀ဆိုတာကို ရဲရဲရင်ဆိုင်လို့ သားကြီးကို မွေးဖို့ ပြင်ဆင်ခဲ့ကြတာ။ အဲဒီ အထိက… ဟုတ်လို့။
သားတစ်ယောက်၊ သမီးနှစ်ယောက်နှင့် ပြည့်စုံလာပြီ ဆိုရမည့် အချိန်တွေကျကာမှ၊ သူတို့ရဲ့ ခေတ်ဆိုတာက ပျက်တော့တာ။ ကြောက်စရာကောင်းလောက်အောင် ကုန်ဈေးနှုန်းတွေ ထိုးတက်၊ သူတို့ နှစ်ယောက်ပေါင်း လစာငွေ သုံးထောင်ကျော်ကာမှ အိမ်လခ တွေက အနည်းဆုံး တစ်သောင်း ဖြစ်လာတာ။ သူတို့ရဲ့ ပညာရေး လောကထဲမှာ “၀ိုင်း” ဆိုတဲ့ စကားလုံး ခေတ်စားလာသည်။
စာသင်ခြင်းအလုပ်ဖြင့် တစ်သက်လုံး ရောင့်ရဲ အနစ်နာခံ ခဲ့ကြသည့် ဓလေ့ရှိသည့် ဆရာ၊ ဆရာမ ပတ်ဝန်းကျင်ထဲမှာ စာသင်ခြင်း အလုပ်ဖြင့် ကားဝယ်စီး။ ကိုယ်ပိုင် တိုက်တာ ခြံမြေ တွေ ရှိသူတွေ ရှိလာပြီ။ ထို့အတူ ပိုမို ဆင်းရဲ ကျပ်တည်းသွားသူတွေလည်း ရှိလာပြီ။ အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် သူ နှင့် ဆွေဆွေ၏ အိမ်ထောင်ရေးဘ၀ထဲမှာ လိုငွေဇယားက မြင့်တက်လာသည်။ ဆွေဆွေ၏ အလိုမကျ မျက်ဝန်းတွေ၊ သူ့ရဲ့ ဖုန်တက်နေတဲ့ လက်ထောက်ကထိက တံဆိပ်ပြား။ သားသမီးတို့ရဲ့ ပူဆာသံတွေ၊ သူ့ ဘာသာရပ်က ကျူရှင်ပြစား၍ မရသော ဘာသာရပ်။
နောက်တော့ ကံကောင်းသလား… ကံဆိုးသလား… သူ မပြောတတ်။ ဆွေဆွေ စာသင်ဝိုင်း တစ်ဝိုင်း ရလာခဲ့သည်။ သူတို့အိမ်ရဲ့ မီးဖိုချောင်မှာ ဆီရောင် ဖြိုးဖျ မြင်လာရသည်။ အဖြစ်အပျက်တွေက အစဉ်တစိုက် ဆိုသလိုပင်။ သူ ၀န်ထမ်းအိမ်ရာမှာ အိမ်ခန်း တစ်ခန်း ရသည်။ အိမ်ငှားဖို့ ဖယ်ဖယ်ထားရသော ငွေကလေး ပို ထွက်လာပြီ။ သား နှင့် သမီးတွေက တီဗွီ တဲ့။ ကက်ဆက် တဲ့။ ဖြည့်ဆည်းပေးနိုင်ပြီ။ တဖြည်းဖြည်းနှင့် စာသင်ဝိုင်းတွေမှာ ဆွေဆွေ အောင်မြင်လာသည်။ သူ့ဘ၀ထဲမှာ လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ထားသည့် ရုပ်ဝတ္ထုပစ္စည်းများနှင့် ပြည့်စုံလာပြီ။ သူတို့ အိမ်ထောင်သက်ပင် ဆယ့်ငါးနှစ်ကျော်လာပြီ။
တကယ်ဆို ဘယ်လောက် ကျေနပ်ဂုဏ်ယူစရာ ကောင်းလိုက်တဲ့ ဘ၀လဲ။ သူကိုယ်တိုင် စိတ်အေးငြိမ်းပြီဟု ထင်မှတ်ဆဲ… ။ ဘုရားဟောသည့် လူ့ဘောင်ထဲမှ ကိစ္စ များမြောင် တွေ က သူထံပါးကို စိတ်ဒုက္ခများအဖြစ် ၀င်လာခဲ့ကြသည်။ ပြီးတော့ တကယ့်ကို ပြင်းပျစွာသော ဆင်းရဲလည်း ဖြစ်လေသည်။
သူ့ရဲ့ ညချမ်းတွေမှာ ဇနီး နှင့် သားသမီးတွေ နှင့်။ တီဗွီ အတူကြည့်။ သူ ကူညီနိုင်သော အင်္ဂလိပ်စာပိုင်း လောက် တော့ သားသမီးတွေ ကျောင်းစာကို ၀င်ကူမည်။ ပြီးတော့ ငွေနောက်ကို လိုက်ရင်း ပင်ပန်းရရှာသော ဇနီး အပါး မှာ ယုယ စောင့်ရှောက်မည်…..။ ဒါတွေက သူ့ရဲ့ စိတ်ကူးတွေပေါ့။
သို့ပေမဲ့ လက်တွေ့ကတော့ လွဲမှားလှချေသည်။
သားသမီးတွေရဲ့ ဆူညံသော အငြင်းအခုံတွေ ခေတ်အလိုက် ၀တ်စားဆင်ယင်မှုတွေက သူနှင့်ကွာဟ။ သူနှစ်သက်သော “ကြေးမုံရိပ်သွင်” “နှောင်းခေတ်တေးမွန်”တွေကို သားသမီးတွေက မကြိုက်။ သူတို့ ကြိုက် သော တရုတ်သိုင်းကားတွေ၊ ဆူဆူညံညံ သီချင်း သံတွေကိုလည်း သူက နားမခံသာ။ ဒါပေမဲ့ မိဘတို့ သဘာဝ သားသမီးတွေကို ဦးစားပေး ရမည်။ ထိုအခါ ညချမ်းတွေမှာ သူက အခန်းအောင်းရင်း စာအုပ် တစ်အုပ် ဖတ်ကာ အိမ်ပြန် နောက်ကျရ ရှာသော ဆွေဆွေ့ကို မျှော်မိတော့သည်။ ကိုယ့်မိန်းမသာ တီးတိုးဖော်.. အပန်းဖြေဖက်။
ဆွေဆွေပြန်လာလျှင်တော့ သူ သိသိသာပဲ စိတ်ချမ်းသာသည်။ “မောလိုက်တာ”ဟု ညည်းညူလျှက် မျက်နှာ မသာယာသော ဇနီးသည်ကို စိတ်မတိုမိဘဲ သနားနေမိသေးသည်။ တခါတလေများ ဖျော်ရည်ပင် ဖျော် တိုက် သေးသည်။ သူ့စိတ်ထဲ မယားကို အောက်ကျရသည်ဟု မထင်ပါ။ သူ ဆွေဆွေ့ကို ချစ်သည်။ ဆွေဆွေ ကတော့ အလွယ်တကူ အမောပြေတတ်သူ မဟုတ်ပေ။ ခုနောက်ပိုင်းများ ပိုတောင် ဆိုးလာသလိုပဲ။ ဆွေဆွေသည် အရာရာကို မကျေမနပ်ဖြစ်ကာ အငြူအစူလည်း လွယ်လာ၏။ သူကတော့ ဆွေဆွေ့ခမျာ ပင်ပန်းရှာလို့ပဲ ဟု ဖြေပါသည်။
သို့ပေမဲ့ သား နှင့် သမီးတွေ အပေါ်မှာဆိုလျှင် သူ့အပေါ်မှာထက် ပျော့ပြောင်းသည် ဟု တော့ သူ တိတ်တိတ်ကလေး ထင်မိနေ၏။ ဒါပေမဲ့ အရေးမကြီးပါ။ သူ့ မိန်းမကို ချစ်သည်။ ထိုအခါ အိမ်အပြင်ထွက် ငွေရှာရသော မိန်းမကို ကူညီရန် သူ အိမ်အလုပ်ကို လုပ်သည်။ သူ တခါတရံ တုန်လှုပ် သိမ်ငယ် ချင်သော်လည်း ဒါက ကိုယ်ချစ်တဲ့ မိသားစုအတွက်ပဲ ဟု ဖြေသိမ့် ရသည်။ သူ ဖြေသိမ့် မရတာကတော့ တစ်ခုတည်းသာ ဖြစ်သည်။ ဒါက သူ့အပေါ် ဆွေဆွေ မချစ်တော့ဘူး ဟု ယူဆ မိနေတာကိုသာ ဖြစ်သည်။ ပြီးတော့ သူ့ အယူအဆ က မှားလည်း မမှားလောက်ပြန်ပေ။
ကြည့်လေ.. ည ည တွေ… အနှစ်နှစ်ဆယ်ကြာ အိမ်ထောင်သည်ဘ၀၏ အိပ်ယာပေါ်မှာ ဇနီးမယားကို စောင့်မျှော်မိခြင်းသည် တဏှာ ရာဂသက်သက် မဟုတ်တော့တာ သူကတော့ ကိုယ်တိုင် ယုံကြည် သိသည်။ ပင်ပင်ပန်းပန်း အိပ်ပျော်နေသော ဇနီးကို သူ ငေး ငေး ကြည့်နေခဲ့သော အကြိမ်များစွာ… ဆွေဆွေကတော့ မသိပေ။ အိပ်ယာထဲကို အလွန် ပင်ပန်းဟန်ဖြင့် ၀င်လာလျှက် သူက ကြင်နာစွာ သိုင်းဖက်လျှင် မျက်မှောင်ကျုံ့ကာ သူ့လက်တွေကို ပုတ်ထုတ်ပြီး “ကဲ.. အေးအေး နေပါရစေနော်.. ပိုက်ဆံရှာလို့ ပင်ပန်းတာက တစ်မျိုး..” ဟု အဆုံး မသတ်သော ငြူစူစကားဖြင့် တုံ့ပြန်သော ဇနီးမယား ရှေ့မှာ သူ ရှက်ရွံ့ ကြေကွဲ ရတာ လည်း ဆွေဆွေ မသိ။ “ရှင်ကတော့ အေးချမ်းတာပဲ.. သိပ် ကံကောင်းတယ်။ ကျမမှာတော့ အမောဆို့မှာတောင် စိုးရတယ်” ဟု ဆွေဆွေပြောစဉ်.. သူ မြေမှုန်ကလေးလောက်တောင် သေးငယ်လျှက်.. ပထမဆုံးအကြိမ် အဖြစ် သူ့ရဲ့ ရှားပါး မြင့်မားလှသော မဟာဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကို မုန်းတီး သွားရတာလည်း ဆွေဆွေ သိဟန် မတူ။ သူမ၏ အချို့ သူငယ်ချင်းမများ၏ လင်ယောက်ျားများ စီးပွား အရှာကောင်းပုံကို အားပါးတရ ပြောပြီး စကားတွေ အဆုံးမှာ “ဲသူတို့များ ကျတော့ ကံကောင်းကြတယ်” ဟု မချိတင်ကဲဟန်ဖြင့် ပြောတတ်သော သူ့မိန်းမ ရှေ့မှာ သူ နာကျင် ကြေကွဲရတာကိုလည်း ဆွေဆွေက ဂရုမစိုက်တော့ပြီ။
တကယ်တမ်းကျတော့ သူ့မှာ ဘာအပြစ်ရှိပါလိမ့် ဟု သူ အဖြေမရခဲ့တာသာ အပြစ် ဖြစ်ပါ လိမ့်မည် ထင်သည်။ သူသည် သူတို့၏ အမှတ်ကောင်းမှ ရနိုင်သော အဓိက ပညာရပ်တွင် ထူးချွန်သော ကျောင်းဆရာ တစ်ယောက်။ သူသည် အရက်သေစာ မသောက်၊ ဖဲ မရိုက်၊ ဆေးလိပ် မသောက်၊ မိန်းမ မရှုပ်သော… ယောက်ျားကောင်း တစ်ယောက်။ မိသားစုဘ၀ ကို အတတ်နိုင်ဆုံး ထိန်းသိမ်း တည်ဆောက်ကာ သားသမီးအပေါ် ဂရုစိုက်သော ဖခင်ကောင်း တစ်ယောက်။ သူသည် လူမှုဝန်းကျင်တွင် စိတ်ကောင်း စေတနာကောင်း ထားသည်ဟု နာမည်ရကာ လူချစ် လူခင် ပေါသောသူ တစ်ယောက်။ ဒါဖြင့်… သူ့မှာ ဘာ ချွတ်ယွင်းသလဲ။ ငွေ ပေါ့… ငွေ မရှာ နိုင်တာ။
တကယ်တော့ သူသည် မိသားစုကို ကြွယ်ကြွယ် ၀ ၀ မထားနိုင်သော်လည်း ဂုဏ်သိက္ခာ ရှိရှိဖြင့် အသက်ရှင် ရပ်တည်နိုင်လောက်အောင်တော့ ပြုစုနိုင်သူ ဖြစ်ပါသေးသည်။ တစ်ခုပဲ… သူ့ မိသားစုကသာ ရောင့်ရဲနိုင်ဖို့ လိုတာ။ သူက ရုန်းကန် ကြိုးစားမှသာ ဘ၀အပေါ် အကောင်းဆုံး ရင်ဆိုင်တတ်ကြလိမ့်မည်ဟု ယုံကြည်ရာ.. သူ့မိသားစုက မဲ့ပြုံး ပြုံးခဲ့ကြလေသည်။
ထိုအခါ.. ထိုမိသားစုကို စွဲလန်း ချစ်မက်လှသော သူက ညနေ ကျောင်းအဆင်းမှာ လှည်းတန်းဈေးဝင်… ဟင်းလျာ နှင့် အိမ်အတွက် လိုအပ်သမျှ ၀ယ်ပြီး အိမ်ပြန်။ ညနေစာ ထမင်း ဟင်း ချက်၊ ညနေတိုင်း စာအုပ်ဖတ်၊ ပုတီးစိပ်၊ တရားထိုင်၊ အိပ်။ ဘာပဲဖြစ်ဖြစ်၊ သူ ကျေနပ်ခဲ့ပါ သည်။
(၃)
ယောက်ျား တစ်ယောက်၏ ခင်ပွန်းကောင်း ပီသမှုထဲမှာ သည်းခံနိုင်ခြင်းဟူသော အရည်အသွေးက အရေးပါဆုံး ဖြစ်သည် ဟု ထင်သည်။
သမီးတွေ အရွယ်ရောက်လာတော့ သမီးတို့က ဈေးဝယ်သည်။ ပြီးတော့ သားသမီးတွေက ကျောင်းစာတွေ၊ ကျူရှင်တွေ ဖျော်ဖြေရေးများနှင့် အနားယူခြင်းတွေဆီမှာ အချိန်ကုန်။ သူက ချက် ပြုတ်၊ ဆွေဆွေက သူ့လခကို အသိအမှတ်မပြုတော့တာ ကြာပြီ။ သူ လခ အပ်တော့ “ရတယ်.. အဖေကြီးပဲ လောက်အောင်သုံး… ထပ်မပေးရရင် တော်ပြီ” ဟု ပြန်ပြောသည့် ဆွေဆွေ့ရှေ့မှာ သူ လဲကျ သေဆုံးသွားခဲ့တာလည်း ဆွေဆွေက မမြင်တတ်ပြီ။ ဒါပေမဲ့ ဆွေဆွေ့ကိုလည်း အပြစ်တင် မရပြန်ပေ။ တကယ်လည်း သူ့လခက ကားခရယ်၊ လက်ဖက်ရည်ဖိုးရယ်၊ အိမ်လခနှင့် အထွေထွေ အသုံးစရိတ် အသေးတွေထဲမှာ ပွန်း ပွန်း ကုန်ကြ၏။ လက်ညှိုး ညွှန်ပြစရာ တစုံတရာ ကြီးကြီး မားမားလည်း မပိုင်ဆိုင်ရ မမြင်ရဘဲနှင့် သူ့လခက သူ့ အသေးသုံး စရိတ်နှင့် ကွက်တိကျ၏။
သားကို ဆွေဆွေက တစ်လ သုံးထောင်မုန့်ဖိုးပေးရသတဲ့။ သား ကျူရှင်လခက ငါးထောင် တဲ့။ သူ့ လခက ထောင့် ခြောက်ရာ။ သမီး တစ်ယောက်က “ဖေကြီးလစာသာ မျှော်စားရရင် ခက်မယ်” တဲ့။ ပြောပါစေ… သူတို့က ကလေးပဲ။ တန်ဖိုးအမှန်ကို မသိလို့ ပြောတာ။ သူ သည်းခံနိုင်ခဲ့၏။ သား လူပျိုပေါက်ကလည်း “သား… အဖေ့လို ကျောင်းဆရာ ဘယ်တော့မှ မလုပ်ဘူး” ဟု မဲ့မဲ့ရွဲ့ရွဲ့ ပြောတတ်၏။ သူ စာအုပ်သာ နာနာ ဖတ်ရ၏။ ထိုရက်အတွင်းမှာ မောင်သစ်ဆင်း၏ “ကျိန်စာ”ကိုပဲ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်ခဲ့သေးသည်။ ဆွေဆွေ အမိုက်မ က တော့ သားသမီးတွေအပြောမှာ ရယ်မောနေခဲ့သေးသည်။ တကယ်ဆို သူ့ တန်ဖိုး တွေကို ဆွေဆွေက ပြောပြ သင့်တာ။ ခုတော့ သူမကိုယ်တိုင် နှစ်လို အထင်ကြီးခဲ့သော လင်ယောက်ျား၏ အရည်အချင်းတွေကို သူမ ကိုယ်တိုင် မေ့ပစ်လိုက်ပြီ ထင်၏။ သူ့ရင်ထဲ တနုံ့နုံ့ အနာ စွဲစ ပြုခဲ့ပြီ။
သူရဲ့ နေ့ရက်တို့ကတော့ တစ်ရက် ထက် တစ်ရက် အေးစက်လာကြ၏။ ဆွေဆွေကလည်း သူ့ အနား မကပ်တော့။ သမီးနှစ်ယောက် နှင့် စကားတွေ တတွတ်တွတ်။ သားကိုလည်း ဆွေဆွေက သူ့ထက် ပို ရင်းနှီး၏။ သူ နှင့် ဆွေဆွေသည် သာရေး နာရေးပွဲတွေမှာသာ ယှဉ်တွဲ နီးကပ်ကြတော့သည်ဟုပင် သူ ထင်လာသည်။ တခါက ဆွေမျိုးတွေ ဆုံရာမှာ “ခုခေတ်ထဲ ကိုစံဦးသာ အားကိုးနေရရင် ဘယ်လွယ်မလဲ။ ကျမပဲ ဦးဆောင်ရတာ။ ပိုက်ဆံရှာရတာဆိုတော့ ကျမပဲ စိတ်ပင်ပန်းရတာပေါ့။ သူကတော့ အေးချမ်းလို့” ဟု ဆွေဆွေက လင် ယောက်ျားကို အပင်ပန်းမခံစေသော ဇနီးမယားတစ်ယောက်၏ စေတနာသံမျိုးဖြင့် ပြောလေသည်။ သူ့အတွက် တော့ ရင်ထဲမှာ မုန်တိုင်းတွေ အဆင့်ဆင့် ပေါက်ကွဲ။ “ကိုယ်အေးချမ်းနေတယ်လို့ ဆွေဆွေထင်သလား.. ကိုယ့်အနာကို ဆွေဆွေ တကယ်ပဲ မမြင်ဘူးလား.. ဟိုးတုန်းကလို ရှိသမျှ ဝေစားပြီး မိသားစုတွေ ၀ိုင်းဖွဲ့ ပျော်ဖို့ ကိုယ် ဘာနဲ့ လဲရ လဲရ… ” “ ခုဆို.. ဆွေ့သနပ်ခါးနံ့ကိုတောင်မှ မရခဲ့တာ ဘယ်လောက် ကြာပြီလဲ။ အဲဒီတော့ ဒါဟာ တဏှာ မဟုတ်ဘူး… မေတ္တာသာ ဖြစ်တယ် ဆိုတာကိုရော ဆွေ့ကို ကိုယ် ပြောပြခွင့်မရ..” “ သားသမီး တွေက ကိုယ့်ကို အထင်မကြီးကြတဲ့အတွက် ကိုယ်က သူတို့ကို ဆူရ ဆဲရမှာလား…။ ကိုယ် ဘယ်လောက် တော် ကြောင်း လျှောက် ပြောပြရဦးမှာလား။ စဉ်းစားပါဦး… မိန်းမရယ်။ အဖေတစ်ယောက်ကို သားသမီးက လေးစားဖို့ အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ… မင်း တကယ်မသိဘူးလား မိန်းမရယ် ” “ရှင် ပိုက်ဆံလိုရင် ကလေးတွေ ဆီက တောင်းသုံးထား။ ပြီးရင်ကျမ ပြန်ပေးလိုက်မယ်” လို့ မင်းပြောတဲ့အတွက် အဖေတစ်ယောက်မှာ ဘယ်လောက် သေးသိမ်မလဲလို့ မင်း ဘာ့ကြောင့် မစဉ်းစားသလဲဟင်…။ ထို မုန်တိုင်းတွေကို သူ မျို မျို ချနေခဲ့ရ တာ ကြာပြီ။ နောက်တော့ အဲဒီ မုန်တိုင်းတွေက ရင်ဝမှာ ဆီးခံကာ သူ အိပ်မပျော် စားမ၀င် ဖြစ်ခဲ့ရတာလည်း ကြာပြီ။ နောက်ဆုံးတော့ မကြာခဏ ကျိတ် မြုံ ပေါက်ကွဲ ရသော မုန်တိုင်းတို့က ငြိမ်သက်ခြင်းဖြင့်သာ သေဆုံး ရသည်ဟု သူ မြင်နေသည်။
(၄)
ခုချိန်မှာတော့ သူ ရူးနေပြီ ဖြစ်သည်။ (ကိုယ်တိုင် ရူးပစ်လိုက်တာလည်း ဖြစ်မည်။ ) သို့ပေမဲ့ ပညာတတ်မို့ ယဉ်ယဉ်လေးသာ ရူးတာပါ။ (ဒါဟာ ဖြေသိမ့်စရာ တစ်ခု..) သူ ဆွေဆွေ့ ရဲ့ ငယ်နုသော အပြုံးတွေကို မြင်ယောင် သည်။ သူချီပိုးခဲ့သော သားကြီးရဲ့ သူ့အပေါ် အားကိုးခဲ့သော မျက်လုံးတွေကို မြင်ယောင်သည်။ သူ့ သားသမီး တွေရဲ့ သူ့ ကျောင်းဆရာဘ၀အပေါ် ဂုဏ်ယူခဲ့ဖူးသော မျက်လုံးတွေကို မြင်ယောင်သည်။ ကိုယ်တိုင်.. ကိုယ့် ထူးချွန်မှု အတွက် ဂုဏ်ယူခဲ့ရသော နှလုံးသားကို မြင်ယောင်သည်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မစဉ်းစားတော့။
နေ့စဉ် အိပ်ယာမှ စောစောထ.. ထမင်းအိုးတည်၊ ဟင်းနွှေး၊ ထမင်းဗူး ငါးဗူးပြင်၊ ပြီးတော့ ကျောင်းရောက်ဖို့ အိမ်မှ စောနိုင် သမျှ စောထွက်။ ကျောင်းမှာ အလုပ်တွေ ဖိလုပ်။ စာတွေ ဖိဖတ်။ အားလျှင် ကင်တင်းထိုင်… အိမ်ပြန်၊ ၀ယ်ထားပြီး အသင့်ဟင်းလျာတွေကို ချက်ဖို့ စီမံ..။ ပြီးတော့ အိမ်ဝင်းကြီး တစ်ပတ် လမ်းလျှောက် (အဲ.. လမ်းလျှောက်စဉ်မှာ ကိုယ့်စိတ်ကြိုက် အတွေးတချို့ကို ကောက်နှုတ် ပြန်တွေး..) ညတိုင်း အိပ်ယာထဲမှာ ပုတီး စိပ်၊ တရားထိုင်.. ဘာကိုမျှ မပြောချင်တော့။ စကားမပြောဘဲ မျောလွင့်နေရခြင်းမှာ စိတ်သက်သာရာကို တွေး၏။ ပြီးတော့ တခါတရံမှာ အလစ်ချောင်းပြီး ၀င်လာတတ်သော စိတ်အနာကလေးတွေကိုတော့ ခုခံ တိုက်ခိုက်ရ သည်ပေါ့။ သို့ပေမဲ့ သူ အတန်အသင့်တော့ အေးချမ်းရာ ရှာတတ်ခဲ့ပြီ။
ကြည့်လေ.. သူ့မှာသာ ထိခိုက် နာကျင်သမျှ….ဆွေဆွေနှင့်တကွ သားသမီးတို့ကတော့ စိုးစဉ်းမျှပင် နားလည် ဟန် မပြတာ။ ဒါနှင့်ပင် သူ့မှာ အပူတွေ အဆင့်ဆင့် ကဲလို့။
ခုချိန်မှာတော့ဖြင့် သူ ရူးနေလိုက်တော့ပြီ။ မရနိုင်တော့သော အတိတ်မှာ… မဖြစ်နိုင်သော ဘ၀မှာ… စိတ်ကူးယဉ် မွေ့လျော်နေသူဟာ အရူးတစ်မျိုးပဲဟု သူ သိသည်။
ထိုအခါ…
ဘယ်သူမှ အပြစ် မရှိတော့ပြီ။
(၅)
“သူရူးတို့သည် အပူ အအေး..၊ အချို အခါး..၊ အချစ် အမုန်း နှင့် အစော်ကားခံရခြင်းတို့ကို မသိဟု သူထင်၏”
မေငြိမ်း
ရွှေပုဇွန်မဂ္ဂဇင်း၊ ၁၉၉၈၊ ဇွန်
-
ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်… ပြီးတော့ တော်ရုံဆို ၀င်မပြောချင်.. လို့ ထားထားလိုက်တာ။ ခုတော့ နည်းနည်းလည်း အားပြီ။ ပြီးတော့ ပြောချင် စိတ် လည်...
-
ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံး သတိရတာ.. ခင်ဗျားပါပဲ ဂျွန်.. Elvis လို သေခြင်းကို ကိုယ့်ဘာသာ မရွေးချယ်ခဲ့ပေ...
-
ဆောင်းတွင်းကို ဖြတ်သန်းချိန်မှာ ရာသီဥတုက ချမ်း .. လေတွေများ တိုက်လိုက်လို့ တုန်ခိုက် သွားပြီဆိုရင် အမြဲတမ်း ပထမဆုံး သတိရတာက...