Aug 29, 2007

အားတက်စရာ

အခုအချိန်မှာ လောင်စာဆီ် ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုကြီးဟာ အားတက်စရာ ကောင်းလောက်အောင် အသက်ဝင်ပြီး ဆက်တိုက် သွားနေတာတွေ့ရပါတယ်။ ၈၈ တုန်းက ထက်တောင် အပျံ့နှံ့ မြန်နေတယ်လို့ ဆိုနိုင် ပါတယ်။ တိုင်းပြည်မှာလည်း အခြေအနေတွေဟာ အဘက်ဘက်က ၈၈တုန်းကထက် အဆပေါင်းများစွာ ဆိုးဝါး ပျက်စီး နေပါပြီ။ ဒါကြောင့်ပဲ လူထု ပါလာတာကလည်း ပိုမြန်လာတာပါပဲ။ ၈၈တုန်းကဆိုရင် ၈၇ စက်တင်ဘာလ မှာ ငွေစက္ကူ သိမ်းပြီး တနှစ်နီးပါးကြာမှ၊ မတ်လ၁၃ရက်နေ့ ကိုဖုန်းမော်ကျဆုံးပြီး ၅လကြာ ၈၈၈၈ ကျမှ၊ ကျောင်းသားတွေနောက်မှာ လူထုကြီး အတိအလင်း ပါလာတာပါ။ အဲသလိုပဲ ဗမာနိုင်လုံးဆိုင်ရာ ကျောင်းသား များ သမဂ္ဂ(ဗကသ) ကိုလည်း အဲဒီ ၅လကျော် ကြာမှပဲ ၁၉၈၈ ခုနှစ် သြဂုတ် ၂၈ရက်နေ့မှာမှ ပြန် ဖွဲ့နိုင်ခဲ့တာပါပဲ။

ခုတော့ လူထုအင်အားလည်း တစ တစ ပိုပါလာပြီ။ သံဃာတွေ ပို ပို ပါလာပြီ။ အမြဲတမ်း ကိုယ်ကျိုး စွန့်တဲ့... ကျောင်းသား အစဉ်အလာရှိခဲ့တဲ့... ဗကသ ကိုလည်း မနေ့က (၂၈၊သြဂုတ်) မှာ ပြန်စုပြီး ဖွဲ့စည်းနိုင်ခဲ့ပြီ။ ကျမတို့မှာ ၈၈တုန်းကထက် ပိုအားသာတာက လူထုထဲမှာ ခေါင်းဆောင်မယ့်သူတွေ.. ခေါင်းဆောင်နိုင်တဲ့ သူတွေ.. အနစ်နာခံ ကိုယ်ကျိုးစွန့်နိုင်သူတွေ အများကြီးကို ခုလို အစပျိုးချိန်ကတည်းက တွေ့နေရပြီ။ ဒါ့ထက်ပို အားရစရာ ကောင်းတာကတော့ ခု နောက်ပိုင်းရက်တွေမှာတော့ အာဏာပိုင်တွေဘက်က ခိုင်းထားတဲ့ ကြံ့ဖွံ့ စွမ်းအားရှင် ဆိုတဲ့ သူ တချို့တောင် လူထုဘက်ကို ကိုယ်ချင်းစာလာတာပါပဲ။


(ဒီက ယူတာပါ)

လူထုကြီးကသာ ကိုယ် လိုတာကို အရယူဖို့ မဆုတ်မနစ် အင်တိုက်အားတိုက် ရှေ့ဆက်ပြီး တောင်းဆိုသွားမယ် ဆိုရင် အပြစ်ကျူးလွန်ထားတာတွေ အမှားတွေ အများကြီး ကျူးလွန်ထားပြီဖြစ်တဲ့ စစ်အစိုးရဟာ မဆလ အစိုးရ တုန်းကလိုပဲ ဆိုးဆိုးဝါးဝါးတွေ ကြုံပြီး ပြုတ်ကျရတော့မှာ ဖြစ်ပါတယ်။ ဒါကို ကျမတို့ သေသေချာချာ ယုံကြည် ထားဖို့လိုပါလိမ့်မယ်။


မေငြိမ်း
၂၉၊သြဂုတ်။

No comments: