Aug 29, 2007

ခံစားရတာတွေ...

ဒီတလောမှာ ကျမစိတ်ထဲ ထိထိခိုက်ခိုက်ဖြစ်နေရတာနဲ့ ဘာဆိုဘာမှ မရေးချင်ဘဲ သူများ တကာ ရေးတာတွေကိုပဲ ထိုင်ဖတ်နေမိပါတယ်။ ပြီးတော့ ကြိုက်တဲ့စာတွေ တွေ့ရင် သိမ်း..။ တကယ်ကတော့ ကျမ ၀မ်းနည်းနေတာပါ။ ဘာမဟုတ်တဲ့ လမ်းလျှောက်တာလေးကို အမှုဆင်ပြီး ကိုမင်းကိုနိုင်တို့ ၈၈မျိုးဆက်တွေကို ဖမ်းသွားကတည်းက ကျမ စိတ်ထိခိုက်နေခဲ့တာ..။

နောက်တော့ လောင်စာဆီဈေးနှုန်း အဆမတန် တက်သွားလို့ လူထု ရှေ့ကနေ ပြီးတော့ အာဏာပိုင်တွေကို တောင်းဆိုပေးတဲ့ ကိုထင်ကျော်ကို သိမ်ကြီးဈေးရှေ့မှာ ကိုယ့် ပြည်သူ လူထု အချင်းချင်းလို့ ပြောရမယ့် အရပ် ၀တ်တွေက ကြက်ကလေး ငှက်ကလေးဖမ်းသလို ချုပ်နှောင်ဖမ်းဆီးသွားတာကို နော်ဝေးရုပ်သံ (DVB–TV) မှာ တွေ့လိုက်ရတာမှာ.. ကျမ သိပ် ၀မ်းနည်းသွားတာပါ။ ပြီးတော့ ရှက်လည်း ရှက်နေမိပါတယ်။

ဝမ်းနည်းတာကတော့ လူထုရှေ့ကနေ မကြောက်မရွံ့ ရပ်တည်ပြီး လူထုကိုယ်စား ဆန္ဒပြပေးတဲ့ သူတယောက်.. သူဟာ အာဏာရရေးအတွက် လုပ်တာမဟုတ်။ သူ့အခွင့်အရေးအတွက် လုပ်တာမဟုတ်။ ဒီစစ်အစိုးရရဲ့ အဆုံးစွန် ယုတ်မာ ကောက်ကျစ်မှုကို.. ရက်စက် ကြမ်းကြုတ်မှုကို.. သိသိကြီးနဲ့ သူ့ဘ၀ကို ရင်းတဲ့ သူ။ အဲဒီလူကို လူအချင်းချင်းက လူအချင်းချင်းကြားထဲမှာ ဖမ်းခေါ်သွားတာ။ လူဆိုးသူခိုးကို ဖမ်းဆီးသလို သူတော်ကောင်းတွေ အစော်ကားခံကြရတာ။ ဒါမဲ့ အဲဒါကလည်း ကိုယ့်အချင်းချင်းတွေ ကြားမှာပါပဲ။ ကျမတို့ လူမျိုးဟာ ခါးပိုက်နှိုက်တို့ သူခိုးတို့ဆိုရင်တောင် ၀ိုင်းရိုက်တဲ့ လူမျိုးပါ။ ခုတော့ လူဆိုးက လူကောင်းကို ဖမ်းတာ။ လူကောင်းတွေ အများ ကြီး ကြားမှာ လူကောင်းတယောက်က
လူဆိုး အင်အား ဆယ်ဂဏန်းလောက်ရဲ့ အဖမ်းဆီးကို ခံလိုက်ရတာ..။ အဲဒီမှာ ကြည့်နေရင်း ကျမ မျက်ရည်ကျပါတယ်။

ပြီးတော့ ရှက်မိတာ။ ကျမတို့ တိုင်းပြည်.. ဗုဒ္ဓဘာသာ ကြီးစိုးသတဲ့..။ ကျမတို့ တိုင်းပြည်က မတရား အစိုးရ လောက် ဘာသာရေး လုပ်ပြတာလည်း မရှိတော့။ အဲသလို တိုင်းပြည်မှာ မတရားသဖြင့် မကြားဝံ့ မနာသာ ဖြစ်ရပ်တွေ ဖြစ်ချင်တိုင်း ဖြစ်နေတာအတွက်လည်း အဲဒီတိုင်းပြည်က လူတယောက်အနေနဲ့ ကျမ ရှက်နေမိတာ ပါ။ ပိုဆိုးတာက အမျိုးသမီးတွေကို ယုတ်ယုတ်ညံ့ညံ့ ပြောထွက်.. ရိုက်နှက်ရက်တာဟာ ပြည်သူဆိုတဲ့သူတွေ အချင်းချင်း ဖြစ်နေလို့ပါပဲ။ (စစ်တပ်မှာတောင် စစ်သားတိုင်း ပြောမထွက်ပါဘူး.. တော်တော်ကို လူစိတ် မရှိမှဘဲ ပြောထွက် လုပ်ရက်တာမျိုးပါ) အဲဒိအခါ လူလူချင်း.. ဒုက္ခသည် အချင်းချင်း.. နှိပ်စက်ဝံ့သူတွေ ကိုယ်စားလည်း ရှက်မိပါတယ်။

အဲဒီလူတွေကို ကျမ မေးကြည့်ချင်ပါတယ်။ ကိုယ့်အချင်းချင်း နှိပ်စက်လို့ ရတဲ့ငွေဟာ တသက်စာ စားမကုန်ဘူး လား..။ ကိုယ့်တဆွေလုံး တမျိုးလုံးကို ဒီငွေနဲ့ ကယ်တင်နိုင် သလား။ ဒီလို လုပ်ရပ်တွေကြောင့် ဘ၀ တလျှောက် လုံး လူပုံအလယ် မျက်နှာမပြရဲ.. ခေါင်းမဖော်ရဲတဲ့ ဘ၀နဲ့ နေသွားဖို့ရော ပြင်ဆင်ပြီးပြီလား..။ ပြီးတော့ သူတို့ ရိုက်ဖို့ ပြင်ဆင်ထားတဲ့၊ ရိုက်နှက်ခဲ့တဲ့ လူတွေဟာ တကယ် အပြစ်ရှိတယ်လို့ ယုံသလား..။ ဘယ်လို စိတ်မျိုးနဲ့ ရိုက်နိုင်တာလဲ…။

တကယ်တော့ ပြည်သူအချင်းချင်း ရန်ဖြစ်ရင်တောင် ဥပဒေအရ ရဲတွေကသာ ၀င်ဖြေရှင်း ပေးရတာ၊ နောက် အခုလို ဘာတာဝန်မှ မရှိတဲ့၊ လုံခြုံရေးဝန်ထမ်း၊ တရားရေးဝန်ထမ်း မဟုတ်သူတွေက လူမြင်ကွင်းမှာ ရိုက်နှက် ဆွဲရမ်းပြီး ကားပေါ်တင် ခေါ်သွားတယ်ဆိုတာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြစ်နေတာ၊ နောက် မိန်းကလေး တွေကို ဆွဲလားရမ်းလား လုပ်တာဟာလည်း ကာအိနြေ္ဒကို ပျက်ပြားစေတဲ့ ကျူးလွန်မှုအဖြစ် သက်ရောက်နေ တာ၊ အဲဒီအချက်တွေကိုရော အဲဒီ ပြည်သူ့အရေခြုံတွေ သိပါရဲ့လား၊ ပြီးတော့ နိုင်ငံတကာ ဥပဒေအရ အရေးယူ ခံရမယ့် အချိန်မျိုး ရောက်သွားရင် သူတို့ဟာ အဓိက တရားခံအဖြစ် အစွဲဆို ခံရမယ် ဆိုတာကိုရော သိကြရဲ့လား..။ သူတို့ကို ခိုင်းသူများကတော့ ကိုယ်လွတ် လက်လွတ် ပြေးချင် ပြေးမှာ။ မပြေးခင် နှုတ်ပိတ်တဲ့အနေနဲ့ သူတို့ကို သတ်ချင် သတ်ခဲ့ဦးမှာ။ ဒါတွေကိုရော တွေးမိကြရဲ့လား..။

၈၈တုန်းက ဘီဘီစီ ရေဒီယိုကနေ ကူညီ တပ်လှန့် နှိုးဆော်ပေးခဲ့လို့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်နိုင်ခဲ့ပြီး မဆလ ပြုတ်ကျနိုင်ခဲ့တာပါ။ ခုချိန်ခါမှာတော့ ကျမတို့မှာ အဲသလို ဆက်သွယ်ရေး လက်နက်တွေ အများကြီး ရှိနေပါပြီ။ ကျမတို့ အင်တာနက်ကနေ ဖြန့်ဝေတဲ့ စာတွေကို ထပ်ဆင့် လျှို့ဝှက် ဖြန့်ဝေပြီး လူထုကို သတင်းပေး နေရပါမယ်။ စည်းရုံးနေရပါမယ်။ ဒါကြောင့် မြေပေါ် မြေအောက် အပြင် မိုးပေါ်တော်လှန်ရေးလို့ ခေါ်နိုင်တဲ့ အင်တာနက်ကနေတဆင့် လုပ်နိုင်သလောက် တော်လှန်ရေးလှုပ်ရှားမှုမျိုးကို သုံးပြီး ကျမတို့ တိုင်းပြည်ကို ဆင်းရဲ ဒုက္ခတွင်းကနေ ဆွဲထုတ် ကယ်တင်ဖို့အတွက် လူထုတိုက်ပွဲကြီး ဖြစ်လာအောင် ဖော်ဆောင်ရင်းနဲ့ စစ် အာဏာရှင်စနစ်ကို ဖြုတ်ချ ကြပါစို့..။

မေငြိမ်း
(၂၈၊၈။၀၇)

10 comments:

YeKyawAungMDY said...

၈၈ မျိုးဆက်ကို သူတို့ စိတ်ထင်သလို ၈၈ ဖမ်းတုန်းကလို သူတို့ ရက်ရက်စက်စက်လုပ် လို့မရနိုင်ပါ။ ၈၈ မျိုးဆက် figure ဟာ နိုင်ငံတစ်ကာမှာ တစ်အားကို ကြီးနေပါပြီ။ သူတို့ နအဖ စိတ်ထင်သလို လုပ်လို့မရနိုင်ပါ။ နအဖ သူတို့ကို ပြန်လွတ်ကိုပေးရမှာပါ။ မကြာပါလို့လည်း ကျနော်ယုံကြည်နေပါတယ်။ အမ။
ဒါပေမယ့် ကိုထင်ကျော်ကိုတော့ ၀မ်းနည်းပူဆွေးစွာနဲ့ စိတ်ပူမိပါသည်။

ကြောက်စိတ်ကြောင့်သွေးအေးနေခဲ့ကြတဲ့ပြည်သူတွေ သွေးပူလာကြပါလိမ့်မယ်လို့တော့ ကျနော်ယုံကြည် နေပါတယ်။ အမ။ ကျနော်တို့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဌေးကြွယ်ပြောခဲ့သလို လှိုင်းလို တစ်ရိပ်ရိပ် နဲ့တက်လာပါလိမ့်မယ် အမ။ ကျနော်ယုံနေတယ်။ အမှားတွေ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ နအဖ မကြာခင်ကျဆုံးတော့မှာပါ။ အမှန်တရားအတွက် ကျနော်တို့ မကြာခင်အောင်ပွဲခံရတော့မှာပါ။ ကျနော် လုံးဝကို ယုံကြည်နေပါတယ်။ ပြည်သူတွေ လမ်းပေါ်ကို ထွက်လာကြတော့မှာပါ၊ ဘုရားသားတော်တွေနဲ့အတူပါ၊

* In Search of Truth * said...

ဆရာမခင်ဗျား
ဆရာမ ကျနောရေးသားချက်ကို ဖျက်လိုက ဖျက်ပြစ်ပါ။ ကျနော် စိတ်မဆိုးပါဘူး။ ဒါပေမယ့် ကျနောအခုရေးသားတဲ့ တောင်းဆိုချက်လေးကိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအားလုံးရဲ့ ဂုဏ်သိပ်ခါအတွက် လိုက်လျောဖို့ မေတ္တာရပ်ခံပါတယ်။

ဆရာမရေးသားတဲ့ “ကျမတို့ တိုင်းပြည်.. ဗုဒ္ဓဘာသာ ကြီးစိုးသတဲ့..” ကိုဖြုတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ဆရာမရေးသားချက်ဟာ တခုတည်းသော လူလူချင်း မေတ္တာထားဖို့ သင်ကြားပေးတဲ့ ဗုဒ္ဓဘာသာကို နည်းနည်းစော်ကားသလိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံသားတွေ အားလုံးကိုလည်း စော်ကားသလို ဖြစ်နေတယ်လို့လဲ ခံစားရပါတယ်။ ဆရာမရယ် အမေရိကန်၊ ဗြိတိန်မှာ ဖြစ်ခဲ့တဲ့ 9/11 နဲ့ 7/7 လူသတ်မှုမျိုး ကျနော်တို့ဆီမှာ မရှိခဲ့ပါဘူး။ သမိုင်းမှာလည်း မရှိခဲ့ပါဘူးခင်ဗျာ။ ၈၈၈၈ အရေးအခင်းမှာ ကျောင်းသားတွေဟာ အသတ်ခံရမယ်ဆိုတာ သိရက်နဲ့ လမ်းပေါ်ဆန္ဒပြခဲ့လို့ သေပွဲဝင်ခဲ့ကြရတာပါ။ ဒါ့ကြောင့်လဲ အာဇာနည်တွေလို့ သတ်မှတ်ခံထားရတာပါ။ သတ်တဲ့ စစ်တပ်ကလဲ အထက်အမိန့်အရ လုပ်ရတာပါ။ တာဝန်ရှိတာ ထိပ်ဆုံးက အဏာရှုးတဲ့ ဗိုလ်ချုပ်ရှုမောင် (နေ၀င်း) ပါ။ ဒါလဲ သူ့ထိုင်ခိုင်တည်မြဲရေးလုပ်တာ နားလည်ပေးလို့ရပါတယ်။ လူတိုင်း အဏာရူးတွေပဲ မဟုတ်လားဗျာ။

ဒါပေမယ့် 9/11 နဲ့ 7/7 မှာ ရုံးသွား ရုံးလာတွေအသတ်ခံခဲ့ရတာပါ။ ဒါဟာ ဒီမိုကရေစီနိုင်ငံမှ အရင်းရှင်ကြီးများ ငွေကြေးအမြတ်အတွက် သတ်ဖြတ်ချင်းဖြစ်ပါတယ်။ ဆရာမ ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ အခုလို ငွေကြေးအကျိုးအမြတ်အတွက် လူတွေ အတုံးလိုက် သတ်ဖြတ်တာမျိုးမရှိပါဘူး။ ဒါဟာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ရချင်းရဲ့ အကျိုးကျေးဇူးပါ။ အမေရိကန် ဗြိတိန်ထက် အများကြီးသာပါတယ်။

ဒါ့ကြောင့် ဆရာမရဲ့ ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲစေတဲ့ အရေးအသားကို ဖျက်ပေးပါ လို့ တောင်းဆိုပါတယ်။

M.Y. said...

In search of truth ခင်ဗျား..
ဗုဒ္ဓဘာသာကြီးစိုးသတဲ့..လို့ ရေးထားတဲ့အဓိပ္ပါယ်က..ဗုဒ္ဓါဘာသာနိုင်ငံမြန်မာပြည်မှာ ဗုဒ္ဓဘာသာရဲ့ ဆုံးမမှုအတိုင်းမဟုတ်တော့ပဲနဲ့ လူတစ်ဦးနဲ့ တစ်ဦးအကြမ်းဖက် သတ်ဖြတ်အောင်ယနေ့ အာဏာရှင်အစိုးရက ကြေးစားလူမိုက်များကို အခွင့်အရေးပေးပြီး ရိုက်ခိုင်းသတ်ခိုင်းနေတာကို ထောက်ပြရေးဖွဲ့ ထားတဲ့စကားလုံးပါ။
မှန်ပါတယ်..လူလူချင်းမေတ္တာထားဖို့ သင်ကြားပေးတဲ့ ဗုဒ္ဓဘာသာနဲ့ ဆန့် ကျင်ပြီးဘာလို့ ညိမ်းချမ်းစွာလမ်းလျှောက်ပြီးဆန္ဒထုတ်ဖော်သူတွေကို ရိုက်နှက်၊မိန်းမသားတွေကိုထိုးကြိတ်သတ်ဖြတ်နေပါသလဲ။နိုင်ငံတော်လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ ကဘာလို့ လက်နက်ကိုင်အကြမ်းဖက်သူတွေကိုဥပဒေအရ အရေးမယူတာပါလဲ။
၈၈၈၈ မှာ လက်နက်မဲ့ကျောင်းသားတွေကိုပစ်သတ်ရဲ တဲ့သတ္တိပြောင်မြောက်တဲ့ စစ်သားဆိုတာလာ ဗြိတိန်၊အမေရိကမှာမရှိပါ။ကမ္ဘာမှာ မြန်မာစစ်တပ်တစ်တပ်ပဲရှိပါတယ်။
၉-၁၁၊ ၇-၇ ဆိုတာက လူမျိုးခြားတွေက အမေရိကန် နဲ့ ဗြိတိန် နိုင်ငံသားတွေကို တိုက်ခိုက်တာပါ။ သတင်းများ၊ အယ်(လ)ကီးဒါး လင့်(ခ)များ၊ဘင်လာဒင် စတဲ့ နောက်ကြောင်းတွေသေချာလေ့လာစေချင်ပါတယ်။ ကိုယ့်လူမျိုးကိုပြန်သတ်တဲ့ဖြစ်ရပ်မဟုတ်ပါ။

၈၈ နဲ့ အခုဖြစ်နေတာတွေက ကိုယ့်မြန်မာလူမျိုးကကိုယ့်လူမျိုးကိုပြန်သတ်တာပါ။ဒါဟာ ဗုဒ္ဓဘာသာဆုံးမမှုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့် ကျင်နေတဲ့အပြင် ၊ ဟင်္သာရှစ်သောင်း ဇာတ်တူသားစားတဲ့ ၀ါဒပါ။

ဆရာမရေးထားတဲ့ အဖွဲ့ ကရှင်းလွန်းလို့  လူတိုင်းနားလည်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဆိုပြီး တီဗွီထဲမှာ ဘုရားဆောက်လှုဒါန်းပြနေတဲ့ လက်ရှိအုပ်ချုပ်သူတွေကလမ်းပေါ်က ပြည်သူတွေဒုက်ခကို နားမထောင်၊ဖြေရှင်းမပေးပဲ ၊လူမိုက်ငှားဖြေရှင်းရိုက်ခိုင်းတာလဲဗုဒ္ဓဘုရားရဲ့ တရားဟောနဲ့ ရော၊မင်းကျင့်တရား၁၀ပါးနဲ့ ရော၊ ဗိုလ်ချုပ်သူရရွှေမန်း ဟစ်ကြွေးခဲ့တဲ့ ဥပဒေအထက်တွင်မည်သူမှမရှိစေရဆိုတဲ့စကားနဲ့ ရော ဆန့် ကျင်ပါတယ်။

In search of truth ရဲ့ မှတ်ချက်က ဘာသာရေးစကားလုံးပါလာလို့ ဘာသာရေးဖက်ကနေ ပြီး အကွက်ရတုန်းဝင်ထောက်လိုက်မဟဲ့ လို့ စာဖတ်သူက ထင်မြင်မိပါတယ်။ဘာပဲပြောပြောဒီလို ဆွေးနွေးဝေဖန်တာကို ကျွန်တော်တလေးတစားဖတ်ပါတယ်။ ပြန်ဆွေးနွေးခွင့်တော့ပြုပါ။

In search of truth ရဲ့ ဆွေးနွေးချက်ဟာဒီကနေ့ ပြည်သူတွေခံစားနေရတဲ့ဆင်းရဲဒုက်ခနဲ့ နအဖ ရဲ့ အာဏာတည်တံ့ခိုင်မြဲရေးကြိုးပမ်းမှုတွေကိုထည့်ဆွေးနွေးမထားပါဘူး..
မောင်ရင်

မေငြိမ်း said...
This comment has been removed by the author.
မေငြိမ်း said...

in search of truth,
ကိုမောင်ရင်ပြောသလိုပါပဲ။ ကျမရေးတာဟာ ဗုဒ္ဓဘာသာကိုရော.. ကိုယ့်နိုင်ငံကိုပါ စော်ကားရာမရောက်ဘူးလို့ ကျမ အခိုင်အမာ ယုံပါတယ်။ ရေးထားတာ အရှင်းကြီးပါ.. အဲဒီစာသားနောက်မှာကို စစ်အစိုးရရဲ့ ဘုရားဘုရား အော်မှုကို ကျမ ထည့်ပြောပြီးသားပါ
ကျမပြောချင်တာနဲ့ ကိုမောင်ရင်ပြောသွားတာဟာ တသဘောတည်း ထပ်တူထပ်မျှမို့ ထပ်မရှင်းချင်တော့ပါ။တခုပဲ ပြောချင်ပါတယ်။
ခု ကျမတို့ နိုင်ငံမှာ Genocide လို့ပြောရင်တောင် ရနိုင်လောက်အောင် လူတွေ တငွေ့ငွေ့နဲ့ အသတ်ခံနေရတာကို မြင်အောင်ကြည့်ပါ။ အဲဒါဟာ စစ်အစိုးရရဲ့ ငွေကြေးနဲ့ အာဏာ မက်မောမှုကြောင့်မဟုတ်ရင် ဘာကြောင့်ပါလဲ..။ပြီးတော့ လူတိုင်း အာဏာရူးဆိုတဲ့ စကားမျိုးနဲ့ လုံးမချစေချင်ပါ။
အထူးသဖြင့်တော့ ကျမရေးထားတဲ့စာကြောင်းဟာ ဗုဒ္ဓဘာသာအကြောင်းရေးနေတာမဟုတ်တာကြောင့် ဖျက်ပေးစရာ မလိုပါ။(ဘာသာရေးနဲ့ တင်တိုက်တာမျိုးကို ကျမ တုံ့ပြန်မှာ မဟုတ်ပါ)

Unknown said...

Feeling the same way with you Ma May Nyein.

* In Search of Truth * said...

ကိုမောင်ရင်
ပထမဆုံးကျနော် ပြောချင်တာကတော့ အခုလို ဗုဒ္ဓဘာသာကို အသုံးပြုပြီး မိမိနိုင်ငံရေး ခံယူချက် လူတွေယုံကြည်လာအောင် လုပ်တဲ့ အချိန်တိုင်း။ကျနော် အမြဲကန့်ကွက်ခဲ့ပါတယ်။ အစ်ကိုဝေလုပ်တဲ့ http://kowainewspaper.blogspot.com အချိန်မှာ ကျနော် ကန့်ကွက်ခဲ့ပါတယ်။ မြန်မာတီးရှော့မှာလည်း အစ်ကိုညောင်ရမ်း အခုလိုပြောဆိုခဲ့တာကိုလည်း ကန့်ကွက်ခဲ့ပါတယ်။ အခုဆရာမ ပြောဆိုလာတဲ့အတွက် ကန့်ကွက်ပါတယ်။ နောင်လဲ ထပ်ကန့်ကွက်မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ဗုဒ္ဓဘာသာရဲ့ အကျိုး ကျနော်တို့ မြန်မာပြည်ခံစားနေရတာ လက်တွေ့ သိရှိထားတဲ့အတွက်ပါ

ဘယ်လိုပဲဖြစ်ဖြစ် အမြင်မတူတာကို အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ အခုအချိန်အထိ ဆက်ဆံလာတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေဟာ ပါးစပ်က လွတ်လပ်စွာ ဆွေးနွေးပြောဆိုခွင့် လူတိုင်းရှိရမယ်လို့ အော်နေပေမယ့် ကျနော်တို့ရဲ့ လွတ်လပ်တဲ့ အမြင်ကို နည်းလမ်းပေါင်းစုံနဲ့ ချုပ်ချုယ်ဖို့ကြိုးစားခဲ့တာ လက်တွေ့ ရင်ဆိုင်နေရပါတယ်။ ပြောဆိုတဲ့ အကြောင်းအရာပေါ်မှာ မဆွေးနွေးပဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်ကျပါတယ်။ ကျနော့ကို နအဖလူလို့ စွပ်စွဲပြီး ဘယ်နေရာမှာမှ အမှားကို မထောက်ပြပါဘူး။ မဆွေးနွေးကျပါဘူး။ ကျနော်မှားရင် မှားတဲ့နေရာထောက်ရပါမယ်။ အမြင်မတူလို့ နအဖလူလို့ စွပ်စွဲတာ သဘာဝ မကျပါဘူး။

အစ်ကိုမောင်ရင်ကို ကျနော် စော်ကားတာတော့ မဟုတ်ပါဘူး။ အစ်ကိုပြောဆိုပုံကို သုံးသပ်ကြည့်တဲ့အခါမှာ BBC, CNN တို့လို ကမ္ဘာသတင်းဌာနကြီးတွေ လွတ်လပ်မှုရှိတယ်လို့ တရားသေ မှတ်ထားပုံရပါတယ်။ 9/11, 7/7 သတ်ဖြတ်မှုမှာ ဒီမိုကရေစီ အမေရိကန်နဲ့ အင်္ဂလန်အစိုးရတွေက မွတ်ဆလင် အကြမ်းဖက်သမားတွေ တိုက်ခိုက်တယ်လို့ ပြောခဲ့တာကိုလည်း လုံးဝ ယုံကြည်နေတဲ့ပုံ ရှိပါတယ်။ အစ်ကိုမောင်ရင် ကျနော်ရဲ့ Blog ကို အချိန်ရရင် တချက်လောက် အလည်လာခဲ့ပါ။ သက်သေ ဗီဒီယိုနဲ့တွေပူးတွဲပြီး ရှင်းပြထားပါတယ်။ လိက်စာကတော့ http://lightofmyanmar.blogspot.com ပါ။ ဒီမိုကရေစီ အစိုးရတွေ ဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်အစိုးရတွေ ကိုယ်တိုင် သူတို့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာပါ။ BBC, CNN သတင်းဌာကြီးတွေဟာ ဒီမိုကရေစီ အစိုးရတွေ သတ်ဖြတ်တာကို နောက်ကွယ်ကနေ သတင်းတွေ စီးဝါးရိုက်ပြီး ကာကွယ်ပေးခဲ့ကျပါတယ်။ အစ်ကိုမောင်ရင် မွေးတုံးက သိထားတဲ့ BBC သတင်းမှန်တယ်ဆိုတာ တကယ်မဟုတ်တော့ဘူးဆိုတဲ့အကြောင်း သိဖို့အချိန်ရောက်ပြီ ထင်ပါတယ်။

အစ်ကိုဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရင် ဗုဒ္ဓတရားတော်ကို သိမယ်လို့ယုံကြည်ပါတယ်။ လောကီလူသားတွေဟာ လောဘ၊ ဒေါသ၊ မောဟ ဘယ်သူမဆိုရှိကျပါတယ်။ ဗုဒ္ဓဘာသာဝင်လို့ အမည်ခံယုံနဲ့ အရိယာ သူတော်စင်ကြီးတွေ ဖြစ်သွားတာ မဟုတ်ပါဘူး။

ဦးသန်းရွှေနဲ့ နအဖ အဖွဲ့ဝင်တွေ သူတို့ ရာထူးမက်မောတာ ဓမ္မတာပါ။ ဆန္ဒပြတဲ့သူတွေဟာ သူတို့ ထိုင်ခုံကို လာလုတယ်လို့ ယူဆကျမှာပါ။ အဲဒါကို ကြံ့ဖွတ်တွေနဲ့ ရိုက်ခိုင်းတာ မှန်ကန်တယ်လို့ ကျနော်ယူဆပါတယ်။ ဘယ်နိုင်ငံမှာများ ဆန္ဒပြသူတွေကို ဒီအတိုင်းထားလို့လဲ။ အစ်ကိုရယ် ဆန္ဒပြတဲ့သူတွေအဲလောက် အနာမခံရဲရင် သတ္တိုမရှိရင် မလုပ်နဲ့ပေါ့။ ကျနော်ပြောတာ ရှင်းပါတယ်။ ကြောက်တတ်ရင် မလုပ်နဲ့။ သူ့များစားကွက် သွားလုရင် ဟိုက ပြန်ကိုက်မှာပဲ။ ဒါလောက နိယာမ။

အစ်ကိုပြောတဲ့ ၈၈ လူသတ်မှုကို မှားလား မှန်လား မမေးခင် 9/11 , 7/7 လူသတ်ပုံနဲ့ နှိုင်းယှဉ်ကြည့်ပြီးမှ ဆက်လက်ဆွေးနွေးပါ။ အစ်ကိုကိုယ်တိုင် 9/11, 7/7 ကြောင်း တလုံးသပါဒမှ သိထားပုံ မရှိတဲ့အတွက် 9/11 7/7 လူသတ်မှုတွေ အရင်လေ့လာပြီး ဆက်ဆွေးနွေးချင်ပါတယ်

ကျေးဇူးတင်ပါတယ်
ဇော်မျိုး

* In Search of Truth * said...

ဆရာမ
ကျနော် ဆွေးနွေးလာခဲ့တဲ့ ဒီမိုကရေစီသမားတွေ ဘယ်တုံးကမှ အဖြေရရတဲ့ အထိ ဆွေးနွေးရဲတဲ့ သတ္တိုနဲ့ ရိုးသားတဲ့ စိတ်ထားမရှိကျပါဘူး။ ဆရာမကျနော် တခုလောက်တော့ ဥပမာလေးနဲ့ ပြောချင်ပါတယ်။ ရေတွင်းထဲက ဖားလေးဟာ ရေတွင်းကို အကြီးကြီးလို့ ယူဆတဲ့ ဆိုရိုးစကားလေးကြားဖူးမယ်ထင်ပါတယ်။ အဲဒီဖားလေးဟာ ရေတွင်းထဲမှာနေပြီး အပြင်မှာ ရှိနေတဲ့ ရေကန်တွေနဲ့ နှိုင်းယှဉ် မကြည့်ခဲ့တဲ့အတွက် အမှန်ကို မဆုံးဖြတ်နိုင်တဲ့ အဖြစ်ပါ။ ဆရာမကျနော် ဥပမာ အပေးမှားရင် ခွင့်လွတ်ပေးပါ။ ကျနော် စာအရေးသား ညံ့ဖျင်းပါတယ်။ ဆရာမတို့ ဒီမိုကရေစီ သမားတွေပြောဆို သုံးသပ်ချက်တွေဟာ ဖားတကောင်ရဲ့ အတွေးအခေါ်နဲ့ သိပ်မကွာလှဘူးလို့ ကျနော် ရိုးသားစွာ ပြောချင်ပါတယ်။ ဆရာမ Genocide မြန်မာ အစိုးရ လုပ်တယ်ဆိုတာ ဆရာမသတင်းတွေမှာ ဖတ်ပြီးအတည်ပြုထားတာမဟုတ်လား။ ကျနော် သတင်းတိုင်းကို မလေ့လာမိတာတော့ အမှန်ပါ။ ဒါပေမယ့် မြန်မာစစ်တပ် ဓါတ်တုဗေဒ လက်နက်သုံးတယ်လို့ ရေးထားတဲ့ abc သတင်းကို ကျနော်ကြည့်ပြီး သတင်းအတုကြီးမှန်းချက်ချင်း သိလိုက်ပါတယ်။ ရေးသားထားပုံမှာ ဘာမှ ခိုင်လုံသာ မရှိပါဘူး။ ဆရာမတို့ အဖွဲ့တွေရေးတဲ့ License to rape မှာ ၅ နှစ်သမီးလေးကို မုဒိန်းကျင့်တယ်ဆိုတဲ့ အကြောင်း အစ်ကိုမောင်ဆန် တီးရှော့မှာ ဆွေးနွေးတုံးက ဆရာမတို့ အဖွဲ့တွေ ပြန်တောင် မဆွေးနွေးရဲဘူး မဟုတ်လားဗျာ။

အခုဆရာမ စာအေ၇းအသားမှာ ဘုရား၊ ပုထိုးလိုက်တည်နေတဲ့ သူတွေပေါ်မှာ ဗုဒ္ဓတရားတော် နည်းနည်းလေးမှ အကျိုးသက်ရောက်ပုံ မရှိတဲ့ အနေထားမျိုးရေးထားတယ်လို့ ကျနော်ယူဆပါတယ်။ တနည်း ဗုဒ္ဓတရားတော် လက်တွေ့ဘ၀မှာ အကျိုးမပြုဘူးဆိုတဲ့ သဘော သက်ရောက်နေပါတယ်။ ဒါကိုဆရာမ လက်ခံရပါမယ်။

ဆရာမ ဗုဒ္ဓတရားတော် နအဖအပေါ်မှာ တကယ်သက်ရောက်လား ဆိုတာ မြန်မာတနိုင်ငံထဲ ကြည့်မပြောသင့်ပါ။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်မပြောသမျှ ရေးတွင်းထဲက ဖားတစ်ကောင်ရဲ့ အတွေးအခေါ်မျိုးလို့ လူတွေက ကောက်ချက်ချကျမှာပါ။

ဒီမိုကရေစီနိုင်ငံတွေမှာ ငွေကြေးအမြတ်ရဖို့ အစိုးရ သူတို့ ပြည်သူတွေကို ဘယ်လို ဒုက္ခပေးလဲ ဆရာမ လေ့လာမိလား။ အမေရိကန်မှာ လူကြိုက်များဆုံး သမ္မတကလင်တန်ဟာ ဘိန်းမာဖီးယား တစ်ယောက်ဆိုတာ ဆရာမသိပါသလားခင်ဗျာ။ မုဒိန်းသမားကြီး တယောက်ဆိုတာရော ကြားမိပါသလား။ BBC, CNN မပြောလို့ သိမယ်တော့ မယူဆမိပါ။ ကျနော်ကို ဆက်ဆွေးနွေးရဲမယ်လို့ မမျှော်လင့်တဲ့ အတွက် ဒီမှာပဲ ကျနော် စာကို ရပ်နားလိုက်ပါမယ်။ ဗုဒ္ဓဘာသာဆိုတာ ဒီမိုကရေစီ အဖွဲ့တွေပဲ ပိုင်ဆိုင်တဲ့ အရာဝထ္ထူမဟုတ်ပါဘူး။ လူသားအားလုံး ပိုင်ဆိုင်ပါတယ်။ ဆရာမ အနေနဲ့ မိမိလိုလားတဲ့ နိုင်ငံရေးဝါဒကို လက်ခံလာအောင် ဗုဒ္ဓဘာသာကို ပစ္စည်း တခု အဖြစ် အသုံးမပြုသင့်ပါလို့ ပြောချင်ပါတယ်။ ဆရာမတစ်ယောက် စိတ်နှလုံးချမ်းမြေ့ပါစေ

ဇော်မျိုး

Hteink Min said...

တီ ဘာမှမပြောတော့ဘူးလား.. ခက်တာက ဒီကမ္ဘာကြီးထဲမှာ ဒီလိုလူတွေလည်း ရှိတယ်တီရ... ဟက်ဟက်.. ဘာပြောရမှန်းတောင် မသိတော့ ဘူး.. ဒီလိုလူတွေမြင်မိတာ

Anonymous said...

zaw myo is one of the small husband of than shwe's daughter. may be he is small husband of all of daugher.
just i see this post thus why now i write comment.