Aug 1, 2007

သြဂုတ်

သြဂုတ်လ..။
မြန်မာပြည်က သွေးဆာစစ်အရိုင်းတွေရဲ့ သမိုင်းကို
ကမ္ဘာတတိုင်းလုံး ကျော်စေခဲ့တဲ့လ။
မိုးရေစက်တွေထဲ
မျက်ရည်စက်တွေ သွေးစက်တွေ ရွှဲရွှဲစိုခဲ့တဲ့လ..။
ရက်စက်မှုအပေါင်း သရဖူဆောင်းသမျှလည်း အဲဒီလက စခဲ့တယ်။

ကိုမွန်းအောင်ကတော့
သွေးမုန်တိုင်း တိုက်ခတ်ပြီလေ..တဲ့။



လွန်ခဲ့တဲ့ ၁၉နှစ်က သြဂုတ်လဟာ
တရားဟောသံတွေ..လူထုစုဝေးသံတွေ..ကြွေးကြော်သံတွေ..မေတ္တာတရားသံတွေ..
ပြီးတော့ အမိန့်တွေ.. သေနတ်သံတွေ..အော်ဟစ် ငိုကြွေးသံတွေ..
ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားရတဲ့ အသံတွေ နဲ့ လွှမ်းနေခဲ့တဲ့ လ ပေါ့။

အဲဒီ သြဂုတ်မှာပဲ..
နောက်ဆုံးအချိန်ထိ အာဏာရှင်ကို ဒူးမထောက်ခဲ့တဲ့..
လူထုနဲ့ အမှန်တရားဘက်ကသာ ရပ်တည်ခဲ့တဲ့..
ကိုယ့်အနုပညာအပေါ် တာဝန်ကျေခဲ့တဲ့..
ကိုယ့်တာဝန်အပေါ် သစ္စာစောင့်သိခဲ့တဲ့..
ကဗျာ့တပ်ဦး စာဆိုကြီး မင်းသုဝဏ် (သြဂုတ်၁၅ရက်) နဲ့
ပါရမီရှင် ဂီတစာဆို အဆိုတော် ထူးအိမ်သင် (သြဂုတ်၁၄ရက်) တို့လည်း
ကွယ်လွန်ခဲ့ကြတယ်။

အဲဒီအခါ.. သြဂုတ်လဟာ..
အမှတ်တရ သမိုင်းတို့ရဲ့ မုခ်ဦးတစ်ခု ပါပဲ..။



သြဂုတ်နဲ့ မဆိုင်ပေမဲ့
ဖတ်မိတိုင်း သြဂုတ်သမိုင်းကို မြင်ယောင်မိတဲ့ ကဗျာတစ်ပုဒ်
အမှတ်တရ သြဂုတ်လ ရဲ့ ပထမရက်မှာ တင်ပေးချင်ပါတယ်။

မုတ်သုံ



ပင်လယ်ဆီက
လုယူခဲ့တဲ့ နှင်းဆီနက်တွေပါ…
အသိရခက်လိုက်ပုံများ
တမ်းတရတော့လည်း ဒီရနံ့
ကြေကွဲရတော့လည်း ဒီရနံ့
မက်မောရတော့လည်း ဒီရနံ့
ခရီးတွေဆန့်
နေရာနှံ့အောင် ကျဲဖြန့်ပြီးကာမှ
တသသ လွမ်းနေရပြန်တော့
မုန်တိုင်းဟန်ဆောင်ပြီး
ပင်လယ်ကိုပဲ လှိုင်းထန်အောင်
ပြန် ပြန် ရန်စမိလေတယ်။ ။

စန်းဦး (မိုးရာသီဆက်တင် ကဗျာစာအုပ်မှ)

မေငြိမ်း (သြဂုတ် ၁ရက်)

No comments: