Jun 7, 2007

အချစ်ကိစ္စ

မနေ့ကတင်တဲ့စာကို ချစ်စိတ်လို့နာမည်ပေးဖြစ်တော့ ချစ်စိတ်ဆိုတဲ့စကားလုံးကို ဒီနေ့ဆက်တွေးနေမိပါတယ်။ တကယ်တော့၊ချစ်စိတ်ဆိုတာကိုက အင်မတန်သာယာနာပျော်ဖွယ်ရှိတဲ့ စကားလုံးလေးပါ။ တချိန်ထဲမှာပဲအချစ်၊ ချစ်ခြင်းမေတ္တာဆိုတာတွေ ဒီဘက်ခေတ်ထဲမှာရှားပါးလာနေပြီလားဆိုတာကိုပါ ဆက်တွေးမိသွားရင်းနဲ့ပဲ အချစ် ဆိုတာကို ကျမ သတိရသွားပါတယ်။

ပြည်တွင်းမှာတုန်းကကျမလုံးချင်းဝတ္ထုတွေ၊ကဗျာတွေရေးတဲ့အခါ အများစုကအချစ်ဝတ္ထုတွေဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်စွဲစွဲလန်းလန်းကြိုက်လေ့ရှိတာကလဲ အချစ်ဝတ္ထု၊အချစ်ကဗျာ၊အချစ်သီချင်းတွေပါပဲ။ ဒါနဲ့ပဲ ကျမ သူငယ်ချင်း မင်းထက်မောင်နဲ့အတူ စီစဉ်ပြီး ကဗျာဆရာ၉၈ယောက်ရဲ့ အချစ်ကဗျာ ၉၈ပုဒ်ကို ၁၉၉၈မှာ ထုတ်ခဲ့ပါတယ်။


အဲဒီတုန်းက တိုင်းပြည်ထဲမှာ လူတွေအနာဂတ်ပျောက်နေတာမျိုး စကြုံလာနေကြရပြီ။ အထူးသဖြင့် လူငယ်တွေ ကြားထဲမှာ ငွေကြေးကသာအရေးကြီးဆုံးဆိုတာမျိုး ဖြစ်လာနေပြီးတော့ ကိုယ်ကျင့်တရား..မေတ္တာတရား.. အနုပညာ နဲ့ အချစ်ဆိုတာတွေ မှေးမှိန်စပြုလာနေတာကို တွေ့နေရပါတယ်။အထူးသဖြင့်.. ၉၆ ကျောင်းသား လှုပ်ရှားမှုကြောင့် တက္ကသိုလ်တွေ ရက်ရှည်ပိတ်ထားပြန်တဲ့ အချိန်မို့ လူငယ်တွေကြားမှာ စိတ်လေလွင့်မှုလှိုင်းတွေ ရိုက်ခတ် အားကောင်းနေတဲ့အချိန်။ပြီးတော့ လူလတ်ပိုင်းအရွယ်တွေကြားမှာ စီးပွားရေးပြဿနာ၊ အလုပ်လက်မဲ့ပြဿနာတွေများလာတဲ့အချိန်။

အဲဒီ ၁၉၉၆နောက်ပိုင်းကာလတ၀ိုက်တုန်းက ကျမပတ်ဝန်းကျင်မှာ ဘိန်းဖြူစွဲတဲ့လူငယ်တွေ၊ ရာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးတမျိုးစွဲနေတဲ့ လူငယ်တွေများလာတယ်။စစ်အစိုးရရဲ့ စနစ်တကျဖျက်ဆီးမှုအောက်မှာ မူးယစ်ဆေးဝါးနဲ့အရက်သေစာဟာ အင်မတန်ပေါတဲ့ဖျော်ဖြေရေးပစ္စည်းတွေလို ဖြစ်လာနေတယ်။အဲဒီအချိန်.. မိန်းကလေးတွေဟာ သူတို့ရဲ့ချစ်သူတွေ ၊ အိမ်ထောင်ဘက်တွေကို အဲဒီ မူးယစ်ဆေးတွေ၊ အရက်သေစာတွေနဲ့ ယှဉ်ပြိုင်ပြီး ချစ်နေကြရတယ်။အဲလိုပဲ မိဘတွေ၊ညီအကိုမောင်နှမတွေဟာလဲ သူတို့သားချင်းတွေကိုမူးယစ်ဆေး တွေ အရက်သေစာတွေဆီကနေ ပြန်လုယူနေကြရတယ်။

အရင်ခေတ်တွေနဲ့ယှဉ်ရင် အဲဒီကာလအပိုင်းအခြားမှာ လူငယ်အတော်များများဟာ ချစ်ခြင်းမေတ္တာတွေကို မူးယစ်ဆေးတွေနဲ့ လဲနေကြတဲ့အချိန်ဖြစ်ပါတယ်။ မိသားစုဘ၀တွေ၊ ချစ်သူဘ၀တွေဟာ မူးယစ်ဆေးကြောင့် ယိုယွင်းလာနေတယ်။ (ကျမကိုယ်တိုင်ရဲ့ လက်တွေ့ဘ၀ အပါအ၀င်…)။ စိတ်ကျတယ်ဆိုတဲ့စကားလုံးကို အသုံးများလာကြတယ်။

အဲဒီအခါ…အချစ်တွေဟာပေါ့ပျက်ပျက်ဖြစ်လာတယ်၊ပျက်စီးလာနေတယ်။သေချာတာကတော့.. ချစ်ခြင်းမေတ္တာ ရဲ့ မွန်မြတ်လှတဲ့ တန်ဖိုးတွေ ကျဆင်းလာတာပါပဲ။ ဒါဟာ အနာဂတ်ကာလရဲ့ ငြိမ်းချမ်းရေးအတွက် စိတ်ပူစရာ လို့ ကျမ ခံစားရပါတယ်။

ရှောလမုန်သီချင်း အခန်းကြီး၈အခန်းငယ်၆(ရှောလမုန်၈း၆)
ကျမကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ်ခတ်တော်မူပါ။
လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော်မူပါ။
အကြောင်းမူကား..
မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။

ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။
သူ၏အရှိန်သည် မီးအရှိန်၊လျှပ်စစ်အရှိန်ဖြစ်ပါ၏။

ဒါနဲ့ပဲ ကျမ.. အချစ်ကဗျာစာအုပ် ထုတ်ဖြစ်ခဲ့တာပါပဲ။ အဲဒီတုန်းက..ကျမရေးခဲ့တဲ့ ကဗျာ..

အရောင်ဆွံ့

ရင်ထဲ တင်းတင်းကျပ်ကျပ်နာကျင်
ကြေကွဲတမ်းတ နေ့များ ညများ
တရွတ်တိုက် မျောပါ ရွေ့လျား
ပြေးလွှားလာကြသမျှ ဓါးသွားလှံချက်တွေ
ငိုကြွေးတိုင်တည်ရာ ကောင်းကင်ပြင်မြင့်မား
အဝေးကြီးကသူ့ဆီ
နှလုံးသားကို ခိုစီးလို့ လိုက်ပါသွား
မြင်ရဲ့လားအချစ်ရေ..
မင်းအနားက အရိပ်တစ်ခုကို
အဲဒါ ..ရူးသွပ်နေတဲ့ ၀ိဥာဉ်
မင်းစွန့်ပစ်ထားတဲ့ ဆံတစ်ပင်..
မင်းလက်ခံမယူရဲတဲ့ သစ်တစ်ပင်..
မင်း ဖြတ်တောက်ခုတ်ထစ်ရမယ့် နွယ်တစ်ပင်။

ကျမစိတ်ထင်တော့ အဲဒီအချိန်ဟာ မြန်မာပြည်က လူငယ်တွေရဲ့အနာဂတ်တွေ အထိပါးအခံရဆုံး အဖျက်ဆီးအခံရဆုံးအချိန်တွေပါပဲ။ အဲဒီကာလမှာ ဇနီးမယားတွေ၊ ချစ်သူတွေ၊ မိဘသားချင်းတွေဘက်က အဆုံးအရှုံး များခဲ့ပါတယ်။

မေငြိမ်း(၆ဇွန်)

3 comments:

မေဓာဝီ said...

အမစာထဲက ရှောလမုန်သီချင်းကိုဖတ်ပြီး
“မေတ္တာသည် …
စိတ်ရှည်တတ်၏၊
ကျေးဇူးပြုတတ်၏ …” ဆိုတဲ့စာသားလေးကို သတိရမိတယ်။
ရှောလမုန်သီချင်းထဲကလား ဆာလံကျမ်းထဲကလားတော့ မမှတ်မိတော့ပါဘူး။
ဟိုးအရင် ဆရာငြိမ်းကျော် လုံးချင်းဝတ္ထုတွေထဲမှာ ဖတ်ဖူးခဲ့တာ။
အမပြောတာ ဟုတ်တယ် …
မေတ္တာတရား ကင်းမဲ့တဲ့အခါ ငြိမ်းချမ်းခြင်း မရှိဘူးပေါ့ … နော်။
ကိုယ်တိုင်လည်း ငြိမ်းချမ်းချင် …
တပါးသူတွေကိုလည်း ငြိမ်းချမ်းစေချင်ပေမဲ့ …
တခါတခါတော့လည်း မေတ္တာတရား ကင်းမဲ့တဲ့ လူတွေကြားမှာ
ငြိမ်းချမ်းခြင်းက ပျောက်နေတတ်တယ် အမရယ်။

မေငြိမ်း said...

ဟုတ်တာပေါ့..မေရေ
ဘသူပြောတယ်လို့ သေချာမမှတ်မိလို့ ထည့်မရေးဖြစ်တဲ့
အမသဘောတူတဲ့ အယူအဆလေးရှိသေးတယ်။
အနုပညာလွှမ်းမိုးရင် ကမ္ဘာငြိမ်းချမ်းတယ်ဆိုတာ။
တကယ်တော့ အနုပညာဆိုတာဟာလဲ
မေတ္တာဓါတ်ခံရှိမှ ကောင်းတဲ့အရည်အသွေးရှိတာမို့လား။
အဲဒါလဲ ဆရာ့ဆရာကြီးတွေကိုယ်တိုင်လက်ခံတဲ့ အယူအဆပါပဲ။
အမကတော့ ယုံတယ် ဘယ်နေရာမှာမဆို မေတ္တာတရားမပါတဲ့ အလုပ်တိုင်းဟာ ကမ္ဘာတည်အောင် အဓွန့်မရှည်နိုင်ဘူးလို့။

Anonymous said...

SayarMa,
It never came across my mind that you'd read Solomon's Songs.