Jun 26, 2007

စွန်နှစ်ကောင်(အပိုင်း နှစ်)


မြို့ပြကို ခွဲချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရခြင်းအတွက် မောင်ကတော့ အနည်းငယ် တုန်လှုပ် ခဲ့လေသည်။ လတ်က တော့ တုန်လှုပ် ဆင်းရဲခဲ့ရတာတွေ များပြီမို့ ခုချိန်ကျတော့ သွေးအေး နေခဲ့ပြီ။ လတ် ဘယ်လောက် ပင်ပင် ပန်းပန်း ရုန်းကန်ခဲ့သလဲ၊ ပြန်ပင် တွေးမကြည့်ချင် တော့။ မောင် နှင့် ချစ်သူသက်တမ်း ငါးနှစ်။ ၀ိဇ္ဇာဂုဏ်ထူးတန်း တက်ရောက်ခွင့် အဆင့်မီ။ နောက်တော့ မဟာဝိဇ္ဇာတန်း၊ တစတစနှင့် စိတ်ကူးယဉ် အိပ်မက်တွေ ပီပြင် လှပလာပြီဟု ယုံကြည်လာကြ။ ထမင်းတစ်နပ်ငတ်သော ရက်တွေကိုပင် ခပ်သာသာ ကျော်နိုင်လိမ့်မည် ဟု ထင်ခဲ့ကြသည်။

ကြည့်လေ၊ ဂုဏ်ထူးတန်း ကျောင်းသား ကျောင်းသူ ဘ၀ကတည်းက မောင် နှင့် လတ် တို့ ရုန်းကန် ခဲ့ကြရတာ ပဲ။ ဘွဲ့လွန် ဂုဏ်ထူးတန်း ကျောင်းသား ကျောင်းသူတွေအနေဖြင့် သူတို့ အတွင်း ကျောင်းဆောင် နေခွင့် မရ ခဲ့ကြပေ။ အပြင်ဆောင်တွေက တစ်ယောက် ကျောတခင်းစာ နေရာလေးကို တစ်ထောင်တဲ့။ ကျောင်းစရိတ်၊ စားစရိတ်၊ အဆောင်စရိတ်နှင့် အိမ်က ပံ့ပိုးနိုင်သော ငွေပမာဏမှာ ပြောင်းပြန် အချိုးကျ၏။

နောက်တော့ ကျောင်းက ဆရာမတစ်ယောက်၏ အကူအညီဖြင့် လတ်က ကလေးတွေကို အိမ်လိုက် စာသင် ပေးရသော အလုပ်တစ်ခုကို ရခဲ့သည်။ ဆရာမ၏ လက်ထောက်တဲ့။ တစ်လ သုံးထောင်လောက် ရသော ထိုဝင်ငွေက လတ်ကို အတော် အသက်ရှူ ချောင်စေခဲ့သည်။ မောင့်မှာလည်း အချိန်ပိုင်း ကွန်ပျူတာစာစီနှင့် ပရုဖ်(Proof)ဖတ်သော အလုပ်ဝင်လုပ်ရ၏။ လတ် ထက် ၀င်ငွေပိုသကဲ့သို့ ပိုလည်း ပင်ပန်းပြီး အချိန်လည်း ပိုပေး ရ သောအခါ မောင့်ခမျာ စာကြည့်ချိန်များပင် များများ မပေးနိုင်ဘဲ ရှိခဲ့သည်။

သို့ပေမဲ့ လတ်တို့ နှစ်ယောက် ကြိုးစားခဲ့ကြပါသည်။ နယ်မြို့ကလေးတွေမှာ ကျန်နေခဲ့သော မိဘများကို အတတ်နိုင်ဆုံး ၀န်ပေါ့စေဖို့၊ ပြီးတော့ လတ်တို့ နှစ်ယောက်ရဲ့ အနာဂတ် ဘ၀လေးအတွက်။ တချိန်မှာတော့ တက္ကသိုလ်က ဆရာ ဆရာမတွေဘ၀မှာ အိနြေ္ဒရရ၊ ဂုဏ်သိက္ခာရှိရှိဖြင့် လက်တွဲနိုင်ကြမှာ။ မိဘကျေးဇူးကို ဆပ်ရင်း လတ်တို့ရဲ့ မျိုးဆက်တွေကိုလည်း ခေတ်မီတိုးတက်သော မြို့ပြမှာ ဖွံ့ဖြိုးအောင် မွေးမြူကြဦးမှာ။

လောဘနည်းသူတွေမို့ ထိုမျှလောက် ပြည့်စုံလျှင်ပင် မောင်နှင့်လတ်တို့က ကျေနပ်ပြီ။ လတ်တို့ရဲ့ သားသမီးဟာ နယ်မြိုလေးတစ်မြိုက ဘွဲ့ရပညာတတ် ကျောင်းဆရာသားနှင့် ပညာတတ် ရုံးဝန်ထမ်း၏ သမီးမျှသာဖြစ်သော မောင် နှင့် လတ် တို့၏ ငယ်ဘ၀ထက်စာလျှင် လူမှုဝန်းကျင် သာမည်။ ဗဟုသုတ သာမည်။ အကောင်းအဆိုး သာမည်။ မောင်နှင့် လတ် တို့၏ ဗီဇသွေးတွေမို့ သားသမီးတွေက သိပ်တော့ ဆိုးကြမည် မဟုတ်ပါ။ ပြီးတော့ ကြိုးစား တိုးထွက်နိုင်သူတွေလည်း ဖြစ်လိမ့်မည်။ ထိုအိပ်မက်တို့ဖြင့် လတ်နှင့် မောင်တို့ မောသမျှ ပြေခဲ့ကြ ရတာပါ။

ထိုစဉ်က ချစ်သူတွေဘ၀မှာ ညနေဘက်ပင် မှန်မှန် မတွေ့နိုင်ခဲ့။ နေ့လယ် အတန်းတက်ချိန်တွေမှာသာ တွေ့ကြရသည်။ စနေ၊ တနင်္ဂနွေမှာတော့ လတ်ကို အလုပ် အသွားအပြန် ကြိုပို့ရင်း လက်ဖက်ရည်ဆိုင် ထိုင်ရုံလောက် တွေ့ကြရသည်။ သည်လိုနှင့်ပင် လတ်တို့ နှစ်ယောက်မှာ ရောင့်ရဲတတ်မှုတွေ၊ ချင့်ချိန်နိုင်မှုတွေ တိုးလာသည်ဟု ထင်သည်။ သည်လိုနှင့် ချစ်သူသက်ကြာ၊ မဟာဝိဇ္ဇာကျမ်းပြု၊ လှေခါးထစ်တွေ တစ်ထစ်ပြီး တစ်ထစ်၊ ပင်ပန်းချွေးတို့ကိုပင် မသုတ်အားခဲ့။ ထိုစဉ် လတ်တို့ နှစ်ယောက်စလုံး တက္ကသိုလ် နည်းပြဆရာ အလုပ် စာမေးပွဲကို မဟာဝိဇ္ဇာကျမ်းပြု ကာလမှာပင် အောင်မြင်ခဲ့ကြတာ၊ သိပ်လှတဲ့ အနာဂတ် နီးလာပြီပေါ့။ ဘယ်လောက် ပျော်ခဲ့ကြသလဲ။ အဲဒီ မြင်ကွင်းက မမှုန်ဝါးခဲ့တာလည်း သေချာပါသည်။

ထိုနောက်ပိုင်းရက်တွေမှာ မောင့်အိပ်မက်တွေက ပိုလို့ အရောင်စုံလာသည်။ ထင်းပြက်လာသည်။ ဘ၀တစ်ခု ထူထောင်လို့ ရပြီ လို့ မောင်က ယုံသတဲ့လေ။

တို့နှစ်ယောက်ပေါင်း လစာက အသားတင် နှစ်ထောင်ထား မောင်ရယ်၊ အပြင်အလုပ်က ရှစ်ထောင်လောက် ရအောင် ရှာနိုင်ရင် တစ်လတစ်သောင်း၊ အိမ်တွေကို နှစ်ထောင်စီလောက် ထောက်ချင်တယ်နော် မောင် အဲဒါဆိုရင် ပိုမယ့် ခြောက်ထောင်၊ မောင်နဲ့လတ် လောက်အောင် သုံးကြတာပေါ့။ ဒါပေမဲ့ အိမ်က ငှားရဦးမှာ၊ စပေါ်နှစ်သိန်းလောက်နဲ့ တစ်လ သုံးထောင်လောက် ပေးရရင်

ပြောရင်းနှင့်ပင် သူမ၏ အသံက ပါးလျပြတ်တောက်သွားရ၏။ မောင်က သူမ၏ လက်ချောင်းတွေကို ဆုပ်ဖျစ်လိုက်ပြီး သက်ပြင်းကို နာနာ ရှိုက်လေသည်။

အိမ်ကိုလည်း လျှော့မပေးချင်ဘူးကွယ်။ လတ်တို့ မိဘတွေခမျာ ပြေလည်တာမှ မဟုတ်ဘဲ

တကယ်တော့ မောင်ညံ့တာပါ လတ်ရယ်၊ လတ် ခုလို တွက်ချက်ပူပင် လာရတာ ဘယ်လောက် ကြာခဲ့ပြီလဲ။ ခုဆို ချစ်သူသက်ပဲ ငါးနှစ်ကျော်လာပြီ၊ ကြိုးစားခဲ့ စုဆောင်း ခဲ့ရတာလည်း ကြာပြီ၊ ခုထိ

မောင်ကလဲ ကွယ်၊ အဲဒီ ညံ့တယ်ဆိုတဲ့စကား မပြောစမ်းပါနဲ့၊ ယောက်ျားတစ်ယောက်ဟာ ဒါထက်ပဲ တော်ရဦး မလား၊ စာမေးပွဲမှာ အမြဲဂုဏ်ထူးတွေနဲ့ အောင်ခဲ့တယ်။ အလုပ်တွေလဲ အများကြီး လုပ်နိုင်ခဲ့တယ်။ ကျောင်း ဆရာအနေနဲ့လည်း တော်တယ်၊ ရိုးသား ဖြူစင်တယ်။ ကြိုးစားတယ်၊ အဲဒီ ယောက်ျားကမှ ညံ့သေးရင် ဘယ်လို ယောက်ျားက တော်သလဲကွယ်

လတ်အသံက ဆူဝေလာသည်။

ဒါပေမဲ့ လတ်ကို မောင် မပူမပင် ထားနိုင်သင့်ပြီလေ

လတ်သည် ခေါင်းကို ခါယမ်းငြင်းဆန်ဆဲ၊ မျက်ရည်က လည်ချင်လာပြန်သည်။

မောင်ရယ်၊ ကံဆိုတာ မိမိလုပ်တယ်ဆိုပေမယ့် လုပ်တိုင်းလည်း မရတဲ့ ကံကြမ္မာဆိုတာ ရှိသေးတယ်လို့ ယုံစမ်းပါကွယ်

အဓိပ္ပါယ်တော့ မရှိဘူး၊ လတ်ရယ်၊ လုပ်ရင် ဖြစ်ရမှာပေါ့

အားမာန်ပြည့်ဖြင့် ပြောနေသော မောင်၊ ခုဆို တဖြည်းဖြည်း ပိန်ဖျော့လာတာ။

မမြင်နိုင်တဲ့ ကံဆိုတဲ့ အရာကြောင့် မောင်တို့နှစ်ယောက်က ဝေးနေကြရဦးမှာလား၊ ဟုတ်လား

ဒါပေမဲ့ မောင်၊ တို့နှစ်ယောက် အားကုန် ကြိုးစားခဲ့ကြပြီးပြီလေ။ ဒါ့ထက်ပို ကြိုးစားစရာကို မရှိတော့လောက် အောင်။
မောင်ရယ် အချစ်ရဲ့ ပန်းတိုင်ဟာ အတူနေဖို့ တစ်ခုတည်း အတွက်တော့လည်း မဟုတ်ပါဘူးကွယ်

မောင်က သူမကို မျက်နှာချင်းဆိုင် ကြည့်လေသည်။ မောင့်မျက်လုံးတွေကပင် နာကျင်နေ သလိုလို။

ဒါပေမယ့် တို့နှစ်ယောက်က သိပ်တော်တဲ့၊ သိပ်တိုးတက်မယ့် သားသမီးတွေ လိုချင်သေးတယ်လေ လတ် ရယ်
ထိုအခါမှာတော့ လတ်ကိုယ်တိုင်လည်း မောင့်ကို ဘယ်လိုစကားမှ တုံ့ပြန် မဆိုနိုင်တော့ပေ။

+++++

တက္ကသိုလ် ဆရာ ဆရာမတွေအတွက် နေစရာအိမ် ပေးမယ်ဆိုရင်တော့ တော်တော် အဆင်ပြေမှာ မောင်ရ၊ နော်
ဟု လတ်က စိတ်ကူးယဉ်တော့ မောင်က လှောင်ပြုံးပြုံးကာ သူမ၏ ဦးခေါင်းကို ခပ်ဖွဖွ ပုတ်လေသည်။

ဟုတ်တယ်လေ မောင်ရဲ့၊ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ပညာရေးစနစ်မှာ အလုပ်အကြွေး ပြုနေကြတဲ့သူတွေပဲ ဟာ
နာသုံးနာထဲမှာ အနစ်နာဆိုတာ ပါတယ်လေ ..ကလေးမရဲ့

မောင့်တုံ့ပြန်စကားကို သဘောမတူလှသော်လည်း မချေပ လိုတော့။

သည်လိုနှင့် လတ်၏ ပြင်ပ စာသင်အလုပ်ကလေးမှ အသားတင်ဝင်ငွေ ငါးထောင် ရလာချိန်မှာတော့ အိပ်မက် တို့က ပြန်လည် ဦးမော့လာကြပြန်သည်။ ဒီတခါတော့ နီးပါပြီဟု အပြန်အလှန် အားပေးဆဲ။ န်းစားနိုင်စွာ မြင့်တက်လာသော အသုံးစရိတ်တွေက သူမတို့ နှစ်ယောက်ကို တိုက်ခိုက်လာကြသည်။ တကယ့်ကို ရန်သူသဖွယ်။ သည်းကြီး မည်းကြီး။ စပေါ်တင်၍ အိမ်ငှားသောစနစ်ကိုပင် ရှာမတွေ့တော့။ ကားဂိုဒေါင်လောက် အိမ်ခန်းကျဉ်း လေးကိုတောင် တစ်လ ငါးထောင်၊ နှစ်ချုပ်တဲ့။

မောင် နှင့် လတ် တို့ အရောင်အ၀ါတွေ မှိန်ဖျော့။ အိပ်မက်တွေ မှိန်ဖျော့။ အရည်အသွေးတွေ မှိန်ဖျော့။ ခံနိုင်ရည်တို့ပင် မှိတ်တုတ် မှိတ်တုတ် ဖြစ်လာပြီ။ ထိုအချိန်မှာတော့ နှစ်ယောက်အကြားရှိ အချစ်တို့ပါ မှိန်ဖျော့သွားကြမှာကိုပင် စိုးရိမ်လာမိကြသည်။

မဟာဝိဇ္ဇာဘွဲ့ရ တက္ကသိုလ်က ဆရာ ဆရာမနှစ်ယောက်ရဲ့ အိမ်ထောင်ရေးဘ၀တစ်ခုကို ဘယ်လို ထူထောင် ကြရသလဲ။ ညနေခင်းများစွာမှာ စိတ်ညစ်ညူးကြ။ အဖြေရှာ မတွေ့ကြ၊ မစွန့်လွှတ်ရဲကြ၊ အိပ်မက်တွေ မက်ကြ၊ ကြေကွဲနာကျင်ကြ။

တချိုနယ်ကောလိပ်တွေ၊ တက္ကသိုလ်တွေမှာတော့ အိမ်ထောင်သည် ဆရာ ဆရာမတွေ အတွက် နေစရာ အိမ်ခန်း ပေးတယ်တဲ့ မောင်ရဲ့၊ ပြီးတော့ နယ်မှာဆိုတော့ ခရီးစရိတ် သက်သာမယ်၊ အိမ်နဲ့ ကျောင်းနဲ့ နီးတော့ မုန့်ဖိုး၊ အ၀တ်အစားဖိုး သက်သာမယ်၊ ကုန်ဈေးနှုန်းလည်း သက်သာနိုင်မယ်၊ အနည်းဆုံး ဟင်းသီးဟင်းရွက် တော့ ပေါမှာပဲ မောင်

မောင်က သတ္တိတော့ နည်းနေခဲ့သေးသည်။

မောင်တို့ ကလေးတွေကို ကျောင်းကောင်းကောင်းမှာ ထားချင်တာလေ လတ်ရယ်

ဟုတ်တော့လည်း ဟုတ်ပါသည်။ မောင်ရော လတ်ပါ ပင်ကိုယ်ဥာဏ်ကောင်းပြီး စာကြိုးစားကြ၍ ခုလို အောင်မြင်ခဲ့ကြသော်လည်း နှစ်ယောက်စလုံးပင် ပညာရေးမှာ အခြေခံ မကောင်းခဲ့ကြတာ သတိရသည်။ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲမှာ တော်ရုံ ကြိုးစားမှုဖြင့် ပြိုင်ဖက် နည်းနည်းလေးကို ကျော်ဖြတ်နိုင်ခဲ့ကြတာ၊ တကယ့် မြို့ကြီး ၀န်းကျင်မှာကျတော့ လတ်တို့နှစ်ယောက် မှိန်ပျ သွားခဲ့ကြဖူးတာပဲ။ ပြီးတော့ မြို့ပြ ၀န်းကျင်မှာ ကြီးပြင်းခဲ့ရသူတွေနှင့် နယ်မြို့ကလေးတွေမှာသာ ကြီးပြင်းခဲ့ရသူတွေရဲ့ ကွာဟမှုက ကြီးမားလေသည်။ အမြင်ကျယ်မှု၊ လူနေမှုအဆင့်၊ ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်မှစကာ နေရာအပေးခံရမှု အထိ။

တစ်ခုကိုတော့ စွန့်ကြရလိမ့်မယ် မောင်

မောင်က လတ်ကို ထိတ်လန့်တကြား မျက်လုံးများဖြင့် ကြည့်သည်။ လတ်ကိုယ်တိုင်လည်း တုန်လှုပ်သော အသံတို့ကို ထိန်းနေရ၏။

မိသားစုဘ၀ရယ်၊ မြို့ပြလူနေမှုဘ၀ရယ်၊ တစ်ခုခုကို လတ်တို့ ရွေးချယ်ကြရလိမ့်မယ်

စကားအဆုံးမှာတော့ လတ်သည် တစုံတရာကို နာကြည်းစွာ မျက်စိမှိတ်လျက် ခပ်မဲ့မဲ့ပြုံးရခြင်း၌ အရသာ တွေ့ နေလေသည်။ သို့ပေမဲ့ ထိုအပြုံးက မျက်ရည်တို့ဖြင့် စွန်းပေ၍ နေပြန်သည်။ ထိုခဏမှာ မောင်က တက် တစ်ချက် ခပ်ဖွဖွ ခေါက်လိုက်လေသည်။

+++++

တကယ်တော့ လတ်ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းလည်း နတ်မောက်ဆိုတဲ့ ရွာကလေး ကပါပဲ။ သန္ဓေဗီဇက တော်ရင် တော်မှာပါပဲနော်

မောင့်အသံက ကိုယ့်ကိုယ်ကို ပြန်လည် နှစ်သိမ့် အားပေးနေရသလိုပင်။ လတ်က မောင့်ကို ပြုံးပြလိုက်သည်။ ရင်ထဲမှာတော့ ဒါပေမယ့် အဲဒီတုန်းက ငွေဆိုတာက ခုလောက် အရေးမပါသေးဘူး မောင်ရဲ့ ဟု ခွန်းတုံ့ ပြန်မိ သည်။

သွားမယ့်သွားလည်း မြို့ပြနဲ့လည်း မျက်ခြေမပြတ်ဘဲ မြို့ပြလည်း သိပ်မဆန်တဲ့ ကျေးလက်ဝန်းကျင်နဲ့လည်း နီးပြီး သဘာဝတရားပဲ ပိုထွန်းကားတဲ့ နယ်ကလေးတွေဆီကိုပဲ သွားရအောင်ကွယ် ဟု လတ်က ပြောတော့ မောင်က တကယ် ရိုးသားပေ့ဆိုတဲ့ တိုင်းရင်းသားတွေ ကြားထဲပဲ သွားကြမယ် ဟု ဆုံးဖြတ်ခဲ့လေသည်။

+++++

ပတ်ဝန်းကျင်ကတော့ မောင်နှင့်လတ်တို့အဆုံးအဖြတ်ကို အံ့သြကြလေသည်။

အင်မတန် တိုးတက်ချင်သော၊ အောင်မြင်ချင်သော၊ တော်ချင်သော လတ်တို့ နှစ်ယောက်က နယ်ကောလိပ် တစ်ခုကို ပြောင်းရွှေ့ခွင့် တင်တာ
ဟာ ဘ၀ကို အရှုံး ပေးလိုက်သလိုပဲဟုလည်း လတ်တို့နှင့် ခံစားချက် အသွေး အရောင်တူသည့် သူငယ်ချင်း တစ်စုက ဆိုသေး၏။ လတ် နှင့် မောင် တို့လို လူတွေအတွက် ရောက်လာမယ့် အချိန် တစ်ချိန်နှင့် နေရာ တစ်နေရာ ဆိုတာကိုတောင် မစောင့်တော့ဘူးလား တဲ့လေ။

ထိုအချိန်မှာ လတ်၏ နှလုံးသားတို့က အရည်အချင်း၏ ရပိုင်ခွင့်ဆိုတာကို မယုံကြည်နိုင်မှုဖြင့် ခါးသီးနေခဲ့ပြီ။

မောင်ကတော့ စိတ်ကို လုံးလုံး ပြောင်လဲပစ်လိုက်ကာ စိတ်ကူးယဉ်တွေထဲမှာ ပြန်လည် တက်ကြွနေခဲ့သည်။

လတ် နှင့် မောင်တို့ ရွေးချယ်လိုက်သော နယ်ကလေးမှာ သာသနာ ထွန်းကားသော အေးချမ်း ရိုးစင်းသော သဘာဝရှိသည့် လူတွေနှင့် ဖွဲစည်းထားသော မြို့ကလေး ဖြစ်သည်။ ပြီးတော့ သီနှံ စိုက်ပျိုး ထွန်းကားရာ မြေ၊ ပန်းတို့ ဝေဆာသော မြေ။

ဟိုရောက်ရင် တို့စုထားတဲ့ ပိုက်ဆံလေးနဲ့ မြေကလေးဝယ်ပြီး အားတဲ့ အချိန်တွေမှာ ပန်းပင်တွေ စိုက်မယ်၊ မောင်တို့ သားသမီးတွေက ပန်းတွေထဲတော့ ကြီးပြင်းခွင့်ရကြမှာ လတ်ရ၊ သူတို့ ပတ်ဝန်းကျင်မှာ ခေတ်မနည်း ပညာတွေ၊ ရုပ်ဝတ္ထု ပစ္စည်းတွေ ချိုတဲ့ရင်တောင်မှ ပန်းတွေ၊ ဂီတတွေ၊ စာအုပ်တွေနဲ့ အနုပညာတွေ ထွန်းကားအောင် မောင်တို့က ဖန်တီးပေးမှာပေါ့။ အဲဒီအခါမှာ သူတို့လေးတွေက နူးညံ့သိမ်မွေ့မယ်၊ ပျော့ပြောင်းလိမ္မာမယ်၊ ရောင့်ရဲ အေးချမ်းမယ်၊ အဂတိလည်း ကင်းမယ်၊ အသိဥာဏ်လည်း မြင့်မားမယ်၊ ပြီးတော့ သဘာဝဘေးဒဏ် တွေကို လည်း ခံနိုင်ရည် ရှိပြီးသား ဖြစ်မယ်၊ ပြီးတော့ ကျောင်းဆရာသားသမီးတွေ ဖြစ်တဲ့အပြင် ခြံသမားမိသားစုလည်း ဖြစ်မှာမို့ ပန်းနံ့ နဲ့ လွတ်လပ်တဲ့ လေရယ်၊ လှုပ်ရှားမှုတွေရယ်ကြောင့် ကျန်းမာရေးလည်း ကောင်းကြဦးမှာ၊ အချိန်တန်ရင်တော့ မြိုကြီးဆီကို ပို့ပြီး ကျောင်းထားရဦးမှာပေါ့။ အဲဒီ အခါကျရင် မောင်နဲ့ လတ်တို့တုန်းကလို မဟုတ်ဘဲ ပြည့်စုံအောင်တော့ တို့နှစ်ယောက်က ကြိုးစားရမှာပေါ့၊ ပြီးတော့ လတ်ရယ်၊ သူတို့အလှည့်ကျရင်တော့ ကံတရားဆိုတာကလည်း တစ်မျိုး ပြောင်းချင် ပြောင်းနေနိုင် တာပဲလေ

မောင်က စကားတွေ တဖွဲ့တနွဲ့ ပြောလို့။ လတ် ကတော့ ဆရာ ဒဂုန်တာရာရဲ့ တဟီတီ သွားရအောင် ကိုပဲ သတိရနေခဲ့သည်။

မောင်ကရော ထွက်ပြေးဝါဒ မဟုတ်တာ သေချာရဲ့လားကွယ်။

+++++

တစ်ခုကတော့ သေချာခဲ့ပြီ ဖြစ်သည်။

ဆုတ်ယုတ်ရတာချင်း အတူတူဆိုလျှင်ပင် စိတ်အေးချမ်းသာဖြင့် အဆုတ်ယုတ် ခံရခြင်းကိုသာ ရွေးချယ်ရ တော့မယ် ဆိုတာ။ (မောင်ကတော့ ဒါဟာ လောကဓံကို ခံသတ်တာဟု ကဗျာဆန်ဆန် ပြောခဲ့ သေး၏)။

မြို့သေးသေးကလေးမှာတော့ မောင် နှင့် လတ် တို့၏ ရင်သွေးတို့က ဂုဏ်သရေရှိစွာ ကြီးပြင်းနိုင်ကြလိမ့်မည်။ ဆက်သွယ်ရေးစနစ် ချိုတဲ့၊ လျှပ်စစ်ဓါတ်အား ချိုတဲ့၊ မြို့ပြ ယဉ်ကျေးမှု ချိုတဲ့၊ နည်းပညာ ချိုတဲ့...စသော ချိုတဲ့မှုတွေက ကလေးတွေကို ရောင့်ရဲ ရင်ဆိုင်တတ်ခြင်းကို သင်ပေးသွားလိမ့်မည်။ အရသာသိဖူးသော သူတွေကမှ ပိုငတ်တတ်တာမို့ လတ် တို့ ကလေးတွေကတော့ အလွယ်တကူ ငတ်တော့မည် မဟုတ်ပေ။ စာအုပ်တွေထဲ တကယ် ပျော်ဝင်သွားကြလျှင်လည်း စွန့်လွှတ်ရဲလျှင် ဘ၀ဆိုတာကိုပင် မလိုအပ်တော့ဟု သူတို့ နားလည်သွားကြလိမ့်ဦးမည်။ ထိုအခါ ကလေးတွေသည် ပေါ့ပါး သွက်လက်လျှက် လတ်တို့တုန်းက ထက်ပင် စိတ်ချမ်းသာရလိမ့်မည်။ လတ်နှင့်မောင် ခုအရွယ်ထိ စားသုံးခွင့် မရသေးသော လောကရဲ့ အမြိုက်ကို သူတို့ ခံစားရလိမ့်မည်။

ထို့အတွက် မောင်စိုက်သော ပန်းတွေ လှိုင်လှိုင်ပွင့်ဖို့ ကောင်းကင်ကြီး အစဉ်အမြဲ ကျယ်ပြော ပွင့်လင်းနေဖို့၊ လူ့ဘ၀ထဲမှာ စိတ်ချမ်းသာဖို့ထက် ပိုလို့ ဘာမှ အရေးမကြီးကြောင်းကို အသေအချာ ပြောပြနိုင်တဲ့ အမှန်တရား တွေ.. စနစ်တကျ ထွန်းကားဖို့၊ ရောင့်ရဲနိုင်ခြင်းမှစကာ တစ တစ.. အတ္တကိုပါ ဖျောက်နိုင်ခြင်းဖြင့် အမြိုက်သုခကို အလွယ်တကူ ရနိုင်ကြောင်း သင်ပေးသည့် စာအုပ်တွေရှိဖို့၊ စိတ်ကောင်း စိတ်မြတ်ကို အမှန် တကယ် ပျိုးထောင်ပေးနိုင်သည့် စစ်မှန်သော အနုပညာတွေ ရှိဖို့။ ဒါတွေကိုသာ လိုတော့သည် ထင်၏။

နောက်ထပ် သေချာတာတစ်ခုကတော့ ကျယ်ပြောလွတ်လပ်သည့် ကောင်းကင်နောက်ခံဖြင့် ပေါ့ပါး သန်မာ စွာ ပျံဝံ ရဲရင့်နေသည့် စွန်ရဲတွေကို ပြန်လည် မြင်တွေ့ခွင့် ရနိုင်တော့မည် ဆိုတာပဖြစ်လေသည်။

(ရွှေအမြုတေ မဂ္ဂဇင်း။
နှစ်ပတ်လည် အထူးထုတ်၊၁၉၉၅။
)

မေငြိမ်း(ဇွန်၂၆)



4 comments:

ကလိုစေးထူး said...

ဟားဟား၊ ဘယ်ရမလဲကွာ၊ ဒီတခါတော့ ကျနော်အရင်ပဲ။ ကောင်းလိုက်တဲ့ ၀တ္ထု၊ နောက်လဲ အဲဒီလိုမျိုးပဲ ၀တ္ထုတို အဟောင်းလေးတွေ အမြဲတင်နော်။ ဆိုးဝနဲ့ မမေ မလာခင် အမြန်ချီးကျူးတာ..။ :D

s0wha1 said...

ဘာဆိုးဝတုန်း...ဟွန်း...လူကို နာမည် လာဖျက်နေတယ်...

အန်တီရေ ၀တ္ထုလေးဖတ်ပြီး မောသွားတာပဲ...

Maydarwii said...

ဒီဝတ္ထုကို ပထမအကြိမ်ဖတ်ပြီးကတည်းက သဘောကျနေတာ။ အခုပြန်ဖတ်တော့ သရုပ်ဖော်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့ ဖတ်ရတာ အသစ်လိုပဲ ပြန်ဖြစ်သွားတယ်။
သူတို့နှစ်ယောက်ရဲ့ ရွေးချယ်မှုကို သဘောကျတယ်အမ။ ပြီးတော့ ဗုဒ္ဓဘာသာပီပီ “ကံတရား” ဆိုတာကို ထည့်စဉ်းစားတာကိုလဲ ကြိုက်တယ်။ သူတို့ဘယ်လို ရွေးချယ်ခဲ့စေဦး သူတို့နှစ်ယောက်ရဲ့ ကံ နဲ့ ကလေးတွေရဲ့ ကံဆိုတာလဲ ရှိသေးတာပဲ။ ဒီအတိုင်း တသမတ်တည်း ရှိ မရှိဆိုတာ ကြိုမြင်နိုင်တာမှ မဟုတ်ဘဲ နော်။
နောက်ပြီး “လောကဓံကို ခံသတ်တာ” ဆိုတဲ့ စကားလုံးလေးသုံးထားလည်း လှလိုက်တာ။
တကယ်တော့အမရယ် … ရုပ်ဝတ္ထုတွေ ဘယ်လောက်တိုးတက်တဲ့ နေရာမှ နေနေ … စိတ်ဓာတ်တွေ ယိုယွင်းဖောက်ပြန်နေရင် အလကားပဲနော်။ ဘယ်နေရာမှာ နေနေ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေနိုင်ဖို့ အသိအလိမ္မာတွေ ရစေနိုင်ဖို့နဲ့ လွတ်လပ်စွာ တွေးခေါ်လုပ်ဆောင်နိုင်ဖို့က ပိုပြီး အရေးကြီးတယ်လို့ ထင်တာပါပဲ။

clef said...

ဆရာမရေ..

သိပ်ကောင်းတဲ့ဝတ္ထုတိုလေးကို တင်ပေးတဲ့အတွက် ကျေးဇူးပါနော်။
ဘဝထဲက ရွေးချယ်မှုတွေ၊ ရွေးချယ်မှုတွေထဲက အမောတွေ၊ အမောထဲက သက်ပြင်းသံတွေ...
....
....
နောက်ထပ် တင်ဆက်မှုတွေကိုလည်း မျှော်လင့်နေပါတယ်ရှင့်။