Jun 12, 2007

အိမ်(၂)

လူငယ်နဲ့အိမ်

အိမ်တစ်အိမ်သာယာပြည့်စုံဖို့စနစ်တကျပျိုးထောင်တည်ဆောက်ယူရပါတယ်။
ဒီလိုသာယာတဲ့ အိမ်တစ်အိမ်ဖြစ်ဖို့ အိမ်ထောင်ဦးစီးနဲ့ ကျန်မိသားစုဝင် တွေရဲ့ ချစ်ခင်မှု၊အပြန်အလှန်လေးစားယုံကြည်မှု၊ပူးပေါင်းကူညီမှု၊ညီညွတ်မှုတွေ ရှိဖို့ လိုအပ်ပါတယ်။အိမ်တစ်အိမ်သာယာတယ်၊မသာယာဘူးဆိုတာ အိမ်သားတွေရဲ့
မျက်နှာကိုကြည့်ရင် သိနိုင်ပါတယ်။

နိုင်ငံဆိုတာ ဒီနိုင်ငံသားရဲ့ အိမ်တွေရှိရာ အရပ်ပါပဲ။ နိုင်ငံသားတွေရဲ့ မျက်နှာတွေကို ပြုံးရယ်စေနိုင်တာ ဒီနိုင်ငံသားတွေ ကိုယ်တိုင်ရဲ့အရည်အသွေးပါပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်သာယာဖို့ ကိုယ့်မှာတာဝန်ရှိပါတယ်။အလွယ်တကူစွန့်ပစ်သွားတာ တာဝန်မဲ့ခြင်းပါ။ မကောင်းသူတွေကို နှိမ်နင်းဖို့ လူကောင်းများများစုမိဖို့ လိုအပ်ပါတယ်။ ပိုပြီးသာယာတဲ့နေရာကို မက်မောတာ လူ့သဘာဝပါ။ လူသာမန်တွေကတော့ အလွယ်လမ်းကိုလိုက်ပြီး သူတပါးအိမ်၊သူတပါးနိုင်ငံမှာ မျက်နှာငယ်နေနိုင်ကြပေမယ့် တန်ဖိုးရှိတဲ့လူများကတော့ ကိုယ့်နိုင်ငံတည်ဆောက်ဖို့ ဒုက္ခတွေကို ရင်ဆိုင်ရဲကြပါတယ်။တည်ရှိနေတဲ့ အခြေအနေကို မှန်မှန်ကန်ကန်လက်ခံရဲကြပြီး ဒိုင်းကူ၊ မြေဖို့၊ စုပေါင်းအားနဲ့ ၀ိုင်ကြ၀န်ကြဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ပိုပြီးဝေးဝေးကိုမြင်နိုင်ဖို့ သစ်ပင်မြင့်မြင့်တက်ကြည့်ကြသူတွေ အိမ်ပြန်လာမှာကို ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်အဆင်သင့်ပြင်ရင်း လူငယ်တွေ ၀ိုင်းဝန်းအားနဲ့ မြေပြင်သစ်က ကြိုဆိုမျှော်လင့် နေကြပါတယ်။

အယ်ဒီတာ့စကား
၁၀၊ ဒီဇင်ဘာ၊ ၂၀၀၆
။ဗျူတီမဂ္ဂဇင်း

တကယ်တော့ ကြာပါပြီ။ ဒီစာကို ဖတ်မိစကတည်းက ကျမ တခုခုပြန်ရေးဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တဘက်ကလဲ မရေးချင်တဲ့စိတ်ကလဲ ရှိနေပြန်တာနဲ့။ရေးချင်တာကတော့ တုံ့ပြန်ဆွေးနွေးချင်တာကြောင့်ဖြစ်ပြီး မရေးချင်တာကတော့ ကိုယ့်အချင်းချင်းအငြင်းပွားစရာ မဖြစ်ချင်တာကြောင့်ပါပဲ။ ခုရေးဖြစ်သွားတာကတော့ ကျမကိုယ်တိုင် အိမ်နဲ့ပတ်သက်ပြီး ရေးဖြစ်ရာက ဆက်စပ်သတိရသွားလို့ပါပဲ။

Editorial ဆိုတာ အယ်ဒီတာ့စကားပေါ့။ အယ်ဒီတာ့အာဘော်ပေါ့။

ကျမတို့ငယ်ငယ်တုန်းကတော့ မဂ္ဂဇင်းတစ်စောင်ရဲ့ အယ်ဒီတာ ဆိုတာ အင်မတန်လေးစားရိုသေ ရတဲ့သူတွေပါ။ကျမမီသလောက် ကိုယ့် အတွေ့အကြုံနဲ့ပြောရရင် ကျမတို့ခေတ် ရှုမ၀မဂ္ဂဇင်းက ဦးကျော်၊ မိုးဝေက ဆရာနတ်နွယ်၊စန္ဒာက ဦးဝင်းဦး၊ ပေဖူးလွှာမဂ္ဂဇင်းက ဆရာဦးမြလှိုင်၊ စပယ်ဖြူမှာ ဒေါ်ခင်ဆွေဦး၊ နောက်တော့ ရွှေအမြုတေက ဦးဝင်းငြိမ်း၊မဟေသီက ဦးခင်မောင်မြင့်…။ အယ်ဒီတာဆိုတာ စာကို တည်းရဲရမယ်..တည်းနိုင်ရမယ်..တည်းနိုင်တဲ့ အရည်အချင်းရှိရမယ်။ ပြီးတော့မှန်ကန်တဲ့၊ သမာသမတ် ကျတဲ့..မျှတတဲ့ ခံယူချက် ရှိရမယ်။ဘက်မရှိရဘူး။ ဘက်ရှိရင်တောင် တရားတဲ့ဘက် ဖြစ်ရမယ်။

ခု ဗျူတီမဂ္ဂဇင်းမှာ အယ်ဒီတာတွေကတော့ ၅ယောက်တောင်ပါ၊အယ်ဒီတာချုပ်က နှစ်ယောက်။ ဆိုတော့ အယ်ဒီတာ့စကားက ကိုရဲနိုင်မိုးနဲ့ ကိုမျိုး (IR) တို့ရဲ့ စကားပေါ့။ တကယ်တော့ ဗျူတီမဂ္ဂဇင်းဟာ ကျမနဲ့ ရင်းနှီးတဲ့မဂ္ဂဇင်းပါ၊ ဗျူတီမဂ္ဂဇင်းနှစ်လည်မိတ်ဆုံပွဲဆိုရင် ကျမ သွားနေကျ။ လူငယ်တွေကိုအားပေးဖို့ ရည်ရွယ်ထုတ်ဝေတဲ့ မဂ္ဂဇင်းမို့ ကျမ နှစ်လိုတာလဲ ပါပါတယ်။ကိုရဲနိုင်မိုးကတော့ ပြည်ပနိုင်ငံတချို့မှာ Journalism ကို စနစ်တကျ လေ့လာသင်ယူထားတဲ့သူလဲ ဖြစ်ပါတယ်။ဆိုတော့ သူ့ Editorial ကို ကျမ စိတ်ဝင်စားပါတယ်။(ကျမက editorial တွေကို အမြဲ အလေးထား ဖတ်ပါတယ်။ အယ်ဒီတာ့အာဘော်ဆိုတာ မဂ္ဂဇင်းရဲ့အနှစ်ပဲမဟုတ်လား) အဲ.. အစချီတာက များနေပြီ။

တကယ်တော့ အခုရေးထားတဲ့ အာဘော်မှာ ငြင်းစရာအနည်းအကျဉ်းပဲပါတာပါ။ ဒါပေမဲ့ တော်တော် ရှည်ရှည်လျားလျား ပြောကြဆိုကြရမယ့် ကိစ္စတွေလဲဖြစ်နေပါတယ်။အဓိကပြောစရာကတော့ အယ်ဒီတာ့ အမြင် ဘက်မမျှ ဖြစ်နေတာကိုပါပဲ။

နိုင်ငံဆိုတာ ဒီနိုင်ငံသားရဲ့ အိမ်တွေရှိရာ အရပ်ပါပဲ။ နိုင်ငံသားတွေရဲ့ မျက်နှာတွေကို ပြုံးရယ်စေနိုင်တာ ဒီနိုင်ငံသားတွေကိုယ်တိုင်ရဲ့ အရည်အသွေးပါပဲ။ ကိုယ့်နိုင်ငံ၊ကိုယ့်အိမ်သာယာဖို့ ကိုယ့်မှာတာဝန်ရှိပါတယ်။ အလွယ်တကူ စွန့်ပစ်သွားတာ တာဝန်မဲ့ခြင်းပါမကောင်းသူတွေကို နှိမ်နင်းဖို့ လူကောင်း များများ စုမိဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ အယ်ဒီတာဟာ အုပ်ချုပ်သူတွေရဲ့ အရေးပါမှုကို လုံးဝ ထည့်ပြောမထားပါဘူး။ စိစစ်ရေးကြောင့်လို့ အကြောင်းပြမယ်ဆိုရင် ကိုယ်ရေးမယ့်စကားရဲ့ အနှစ်သာရပေါ့သွားမယ့်အရေးကို ထည့်ကို စဉ်းစားရပါမယ်။

မကောင်းသူတွေကို နှိမ်နင်းဖို့ လူကောင်းများများစုမိဖို့ လိုအပ်ပါတယ်။

ဒီစကားကတော့ မှန်ပါတယ်။ဒါပေမဲ့ စကားရဲ့ အသွားအလာက မရှင်းပါဘူး။ လူကောင်းများများစုမိဖို့ ဆိုတဲ့စကားက ဆိုးပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ သန်း၅၀ကျော်။ ပြည်ပမှာရှိလှ အလွန်အကျွံ၂သန်း ကျော်ပါ။ သန်း၅၀ကျော်မှာ လူကောင်း များများမရှိဘူးလို့ ဆိုလိုသလား…။

ပိုပြီးသာယာတဲ့ နေရာကို မက်မောတာ လူသဘာဝပါ။

ပြည်ပထွက်သူတွေဟာ ပိုပြီးသာယာတဲ့နေရာကို မက်မောတယ်လို့ ဆိုလိုက် တာပါပဲ။ ဒါဆို..ဒုက္ခသည် ၆သိန်းကျော်။ရွှေ့ပြောင်းအလုပ်သမား ၁သန်းကျော် နဲ့ ပညာထွက်သင်နေကြသူတွေ။ သူတို့ရဲ့ ပညာတတ်လိုမှု၊ ပြည်တွင်းမှာ အလုပ်မရှိလို့ တမိသားစုလုံး ငုတ်တုတ်ငတ်နေတာကြောင့် မလာချင်ဘဲ ပြည်ပထွက်လာပြီး မိတကွဲဖတကွဲ သားတကွဲ မယားတကွဲနဲ့ ရပ်ဝေးမြေခြားမှာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ြပီး အိမ်ကို ငွေပြန်ပို့နေရတဲ့ သူတွေ၊မတရားသဖြင့် နှစ်အကြာကြီး ထောင်ကျခံရမှာမျိုးကို ရှောင်ချင်တာရယ်၊ မတရားအစိုးရကို ဘယ်လိုနည်းနဲ့မှ ဦးမညွှတ်နိုင်တာတွေရယ်ကြောင့် အပြင်ထွက်လာပြီး ကိုယ်လုပ်နိုင်တာလေးတွေ လုပ်ရင်းနေနေကြသူတွေ။နိုင်ငံတနိုင်ငံ ထူထောင်ရေးအတွက် လက်နက်ကိုင်တပ်တခု မဖြစ်မနေရှိရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြည်ပမှာရပ်တည်နေကြသူတွေ..။ သူတို့တွေဟာ ပိုပြီးသာယာတာကို မက်မောလို့ ထွက်လာကြတယ်လို့ သေချာပါသလား..။

ဒါဖြင့် ဒီပြည်ပထွက်လာသူတွေထဲမှာ အခွင့်အရေးသမားမရှိဘူးလား ဆိုရင်တော့ သိပ်ရှိတာပေါ့။ ဒါဖြင့် ပြည်တွင်းမှာ နေကျန်ခဲ့သူတွေထဲမှာရော.. အခွင့်အရေးသမား မရှိဘူးလား..။ တိုင်းပြည်ထဲမှာ နေနေတာနဲ့ ပြည်ပကို ထွက်တာတွေဟာ၊တိုင်းပြည်ကိုချစ်တာ တိုင်းပြည်အတွက် အလုပ်လုပ်နေတာတွေဟာ တကယ်ပဲ ထပ်တူကျသလားဆိုတာကိုလဲ ဒီနေရာမှာ ထည့်စဉ်းစားရပါလိမ့်မယ်။ ပြီးတော့ အလွယ်တကူစွန့်ပစ်သွားတယ် ဆိုတဲ့ စကားကလဲ တဘက်သတ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်နိုင်ငံကို စွန့်ခဲ့ရသူ..ဘယ်သူမှ အလွယ်တကူမရှိခဲ့ကြဘူးဆိုတာပါပဲ။အယ်ဒီတာဆိုတာ အဲလိုတော့ မျှတွေးသင့်တယ်လို့ ကျမထင်ပါတယ်။

လူသာမန်တွေကတော့ အလွယ်လမ်းကိုလိုက်ပြီး သူတပါးအိမ်၊ သူတပါးနိုင်ငံမှာ မျက်နှာငယ်နေနိုင်ကြပေမယ့်

တခါ..လူသာမန်ဆိုတဲ့အသုံးဟာလဲ စိတ်ဝင်စားစရာပါ။ ဘယ်လိုလူမျိုး တွေက လူသာမန်လဲ.. ဘယ်လိုလူတွေကတော့ လူသာမန်မဟုတ်ဘူးလဲ။ အလွယ်လမ်းဆိုတာကလဲ သိပ်အံ့သြစရာကောင်းတဲ့ အသုံးအနှုန်းပါ။ ပြည်ပကို ထွက်ဖို့ဆိုတာဟာ ကျမတို့နိုင်ငံမှာ အလွန်မှကိုမလွယ်တဲ့ကိစ္စပါ။လွယ်တဲ့သူ ဆိုတာကလဲ အာဏာပိုင်နဲ့ တနည်းနည်းထိစပ်ပတ်သက် နေကြတဲ့ လူတန်းစား လောက်ပဲ ရှိတာပါ။

တန်ဖိုးရှိတဲ့လူများကတော့ ကိုယ့်နိုင်ငံတည်ဆောက်ဖို့ ဒုက္ခတွေကို ရင်ဆိုင်ရဲကြပါတယ်။ တည်ရှိနေတဲ့အခြေအနေကို မှန်မှန်ကန်ကန်လက်ခံရဲကြပြီး ဒိုင်းကူ၊ မြေဖို့၊ စုပေါင်းအားနဲ့ ၀ိုင်ကြ၀န်ကြဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။

အယ်ဒီတာဟာ အစွဲတခုခုကပ်ငြိပြီး ဒီစာကို ရေးတယ်လို့ ထင်ရပါ တယ်။ဒုက္ခကိုရင်ဆိုင်ပြီး ပြည်တွင်းမှာ နေကြသူတွေကသာ တန်ဖိုးရှိတဲ့လူလို့ သူက သတ်မှတ် လိုက်ပါတယ်။ အယ်ဒီတာဟာ ပြည်တွင်းမှာ တန်ဖိုးရှိတဲ့လူ သန်း၅၀ကျော်နဲ့အတူနေထိုင်ရင်း ပြည်ပက လူနှစ်သန်းကျော်ကို တန်ဖိုးမရှိသူ တွေလို့ သတ်မှတ်လိုက်သလိုပါပဲ။ တနည်းအားဖြင့် ပြည်ပထွက်သူတွေဟာ သစ္စာဖောက်တွေပဲလို့ ပြောချင်တဲ့သဘောမျိုးကို တွေ့ရပါတယ်။

လီနင်ကတော့ ပြောပါတယ်။
ဘာမှလုပ်မရတဲ့အချိန်မှာ ငြိမ်သက်စွာနေပြီးလေ့လာတည်ဆောက်နေတာလဲ
တော်လှန်ရေးလုပ်နေတာပဲ…တဲ့။
(ကျမတို့နိုင်ငံဟာ တော်လှန်ရေးကာလထဲမှာပဲ ရှိနေသေးတာပါ။)

ကျမစဉ်းစားကြည့်တယ်။(ကိုယ်တိုင်ပြည်ပထွက်လာသူမို့ ခုခံတယ်ပဲ ပြောပြော) ခုချိန်မှာ ပြည်တွင်းပြည်ပမြန်မာတွေအချင်းချင်းညီညွတ်ဖို့လိုပါတယ်။ ကျမတို့မှာ အပြစ်တင် ထောက်ပြရမယ့် မတရားအစိုးရသာလျှင် လူထုရဲ့ တစ်ဘက်တည်းသော ရန်သူဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ လူထုသန်း၅၀ အား ကို အနားမှာထားပြီး ပြည်ပက လူနှစ်သန်းကို အပြစ်တင်တဲ့ အယူအဆမျိုးကို အာဘော်အဖြစ် တင်ပြမယ်ဆိုရင် လူငယ်တွေကို လမ်းကြောင်းပြချင်လို့ ထုတ်ဝေတာဖြစ်တဲ့ ဗျူတီလိုမဂ္ဂဇင်းက အယ်ဒီတာဆိုသူက သေချာစဉ်းစားသုံးသပ်ဖို့လိုပါတယ်။ ဒီအာဘော်ဟာ ပြည်တွင်းပြည်ပက မြန်မာတွေ အချင်း ချင်းကို စိတ်ဝမ်းကွဲစေနိုင်တဲ့ သဘောထားမျိုး ဖြစ်နေပါတယ်။

ဒါဖြင့် တန်ဖိုးရှိသူများထဲ အပါအ၀င်ဖြစ်တဲ့ ဗျူတီမဂ္ဂဇင်းအနေနဲ့ရော လူထုအတွက်အရေးပါလှတဲ့ အနာဂတ်ရဲ့ ကြယ်ပွင့်များဖြစ်တဲ့ လူငယ်တွေအတွက် ဘာတွေ ဘယ်လောက်လုပ်ပေးနေပါသလဲ။အဲဒီ ဇန်ဝါရီလထုတ် ဗျူတီမှာ စုစုပေါင်းစာမျက်နှာ ၁၉၆မျက်နှာ ပါပါတယ်။ ကဗျာကောင်းတွေက ၇ပုဒ်၊ ဆောင်းပါးကောင်းတွေက ၆ပုဒ်ပါပါတယ်။ ၀တ္ထုကောင်း ၄ပုဒ် ပါပါတယ်။ စာမျက်နှာသုံးပုံတစ်ပုံလောက်က လူငယ်တွေအဖို့ မှတ်သားစရာတွေပါပဲ။ သုံးပုံနှစ်ပုံကတော့ ရုပ်ရှင် ဂီတ ဖက်ရှင် ဒီဇိုင်း အလှပြင်ပစ္စည်း အ၀တ်အစား အသုံးဆောင် ကြော်ငြာတွေပါ။ မျက်နှာဖုံးဆောင်းပါးလို့ဆိုနိုင်တဲ့ အိမ် နဲ့ပတ်သက်တဲ့ ဆောင်းပါးနှစ်ပုဒ်ကတော့ တော်တော်ကောင်းပါတယ်။အယ်ဒီတာ့အာဘော်ကပဲ နည်းနည်းအစွန်းထွက် နေတာပါ။

ကျမ စိတ်ထင် တကယ်တမ်း စေတနာပါတဲ့စာဆိုတာမျိုးကတော့…

မင့်အိမ်
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းကမင့်အိမ်၊ လွန်သေးသိမ်ဟု

မငြိမ်မသက်၊ စိတ်စက်မကောင်း

စိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည်

နေထိကြွေမည့်၊ ပန်းယဉ်အိ။

လှိုင်းအိအယောင်

ဆောင်ပြိုင်သာမော ၊ သူ့အိမ်ချောသို့

စကြ်ာသပ်ရပ်၊ စပယ်ထပ်နှင့်

ပန်းကပ်ပန်းကြွ၊ သူ့အိမ်လှသို့

ဝေးကမျှော်မှန်း၊ မင်းယောင်ယမ်းသည်

ပန်းအိနေထိ ကြွေတော့မည့်။

မကောင်းမင့်အိမ်၊ကောင်းမင့်အိမ်တည့်

မင့်အိမ်ရွှဲစို၊ အမိုးယိုသော်

မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့

အကာအခင်း၊ ပျက်ယိုယွင်းသော်

မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့

အခွင်အနဲ့၊ အရွဲ့အစောင်း

မကောင်းမပြေ၊ ဟောင်းထွေထွေကို

အခြေနှင့်မ
ျှ ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း၊ သစ်စေမင်း။
(ဇော်ဂျီ)

အဲလိုစာမျိုးပါ။ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ လုပ်သင့်လုပ်ထိုက်တာကိုပဲ ထောက်ပြထားတာပါ။ တခုတော့ရှိပါတယ်၊လက်ရှိအုပ်ချုပ်နေတဲ့အိမ်ရဲ့အကြီးအကဲက ပြင်ဆင်ခွင့်ပေးဖို့တော့လိုပါတယ်။ ဘယ်လိုမှ ပြင်ခွင့်မပေးလို့ တချို့က တောင်းယူ တိုက်ယူနေတဲ့ အချိန်မှာ.. တဘက်မှာလဲ ပြင်ခွင့်ရမယ့် အချိန် ရောက်တဲ့အခါ ကျွမ်းကျွမ်းကျင်ကျင် ပြင်ပေးနိုင်ဖို့အတွက် တချို့က လိုအပ်တာတွေကို အတတ်သင်ထားရပါမယ်။အချိန်ကျတဲ့အခါ တကယ်တမ်းပြန်လာပြင်ပေး ဖြစ်ကြဖို့တော့ လိုပါတယ်။အဲဒီအတွက် တာဝန်ယူကြဖို့လဲ လိုပါတယ်။

ဒီနေရာမှာ ချင်းတွင်းမဂ္ဂဇင်းက အယ်ဒီတာ့သဘောကျရွေးဖော်ပြတဲ့
Editorialဆန်ဆန်စေတနာပါတဲ့ စကားလေးတစ်ခု မျှဝေချင်ပါတယ်။

အမှန်တရားနောက်ကို သည်းသည်းမည်းမည်းသာလိုက်၊
အမှန်တရားရဲ့ ကုတ်အင်္ကျီစကို ဘယ်တော့မှ မထိမကိုင်နိုင်တောင်မှပဲ
ခင်ဗျားလွတ်လပ်သွားလိမ့်မယ်။

Chase after truth like hell and you’ll free your self,
even though you never touch its coat-tail. (Clarence Darrow)

မေငြိမ်း(၁၂ဇွန်)

4 comments:

ကလိုစေးထူး said...

ဟုတ်တယ်နော်..၊ နိုင်ငံသားတွေရဲ့ မျက်နှာတွေကို ပြုံးရယ်စေနိုင်တာ ဒီနိုင်ငံသားတွေရဲ့ အရည်အသွေး..တဲ့။ သူရေးထားတာ ….။ ဒီနိုင်ငံသားတွေထဲက အရေးအပါဆုံးဖြစ်တဲ့ နိုင်ငံအုပ်ချုပ်သူကိုတော့ (ဆင်ဆာကြောက်လို့ ထင်ရဲ့) ထည့်မပြောဘူး။ မကောင်းသူတွေကို နှိမ်နင်းဖို့ လူကောင်းများများ စုမိဖို့လိုတယ်ဆိုတာက အဓိပ္ပာယ်တွေ အများကြီးထွက်နေသလိုပဲ။ လူမိုက်လဲ ဆန်တယ်လို့ မြင်တယ်။

lwinmoe said...

I think their tone will change after they gain as broad experiences as Zaw Gyi's. It's good that you point out their weakness in writing, especially because they are responsible for a respected journal read by many.

Maybe their journal is read only by city folks. :)

Best,
Lwin Moe

Maydarwii said...

“အယ်ဒီတာဆိုတာ စာကို တည်းရဲရမယ်..တည်းနိုင်ရမယ်..တည်းနိုင်တဲ့ အရည်အချင်းရှိရမယ်။ ပြီးတော့၊ မှန်ကန်တဲ့၊ သမာသမတ် ကျတဲ့..မျှတတဲ့ ခံယူချက် ရှိရမယ်။ဘက်မရှိရဘူး။ ဘက်ရှိရင်တောင် တရားတဲ့ဘက် ဖြစ်ရမယ်။”

အဲဒီ အချက်ကလေး သဘောကျတယ်အမရေ .. ။ တခါတလေကျတော့ အယ်ဒီတာတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်ချက်တွေ လွဲမှားကုန် ကြတယ်။ ပုဂ္ဂိုလ်စွဲကြောင့်၊ ငွေကြေးကြောင့်၊ လုပ်ပိုင်ခွင့်ကြောင့် … စသဖြင့်ပေါ့။ ဒါဟာ သူတို့ရဲ့ မခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကြောင့်ပဲ ထင်ပါရဲ့။
ဝါဒဖြန့်စာနယ်ဇင်းတွေရဲ့ အယ်ဒီတာတွေကတော့ ရှင်းတယ်လေ။ သူတို့ရဲ့ ပေါ်လစီကိုက … သူတို့အယူဝါဒကို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဖြန့်ဝေ ပေးဖို့ပဲ။
အဲဒီလိုမဟုတ်ဘဲ … လူငယ်တွေအတွက် … ရည်ရွယ်ပြီး ထုတ်တဲ့ ဗျူတီလို မဂ္ဂဇင်းမျိုးကတော့ အဲဒီလို မဖြစ်သင့်ဘူး ထင်တာပဲ။ ဒါပေမဲ့ … အကြောင်း အမျိုးမျိုး ကြောင့်ပဲလို့ သဘောထားလိုက်တာ ကောင်းပါတယ် … ။ ညီမလည်း သူရေးတာကြီး လုံးဝ ဘ၀င်မကျဘူး။

အိမ်တအိမ်မှာ ခေါင်ကလုံဖို့ အဓိက အရေးကြီးတယ်လို့ ဆိုကြတယ်နော်။
အခင်းတွေ အကာတွေ ဘယ်လောက်ကောင်းနေ ကောင်းနေ ခေါင်ကမလုံတဲ့ အိမ်တအိမ်ဟာ … လုံခြုံမှု သာယာမှု မရှိနိုင်ဘူးလို့ ထင်တာပါပဲ။
ခေါင်ကလုံတဲ့ အိမ်ကလေးမှာ အားလုံး ညီညီညွတ်ညွတ် ပျော်ပျော်ပါးပါး နေထိုင်ခွင့် …. ဘယ်တော့များမှ ရပါ့မလဲ … တွေးနေမိတယ် အမရယ်… ။

Thet Oo said...

လီနင် ပြောခဲ့တဲ့ “ဘာမှလုပ်မရတဲ့အချိန်မှာ ငြိမ်သက်စွာနေပြီး လေ့လာတည်ဆောက်နေတာလဲ တော်လှန်ရေးလုပ်နေတာပဲ.. ” ဆိုတာ ကျနော် အရင်က မကြားဘူးပါ။ အခုကြားဘူးတော့ သူပြောတာကို သဘောကျမိပါတယ်။ အော်… လီနင်တို့ ဒါကြောင့်လည်း နာမည်ကြီးပေတာပဲ။
မမေငြိမ်းလည်း တော်ပါပေတယ်။ ဒါကြောင့်လည်း နာမည်ကြီးပေတာပဲ။