Jun 12, 2007

အိမ်(၁)

မှောင်ရင်ကွယ်.. မိုးချုပ်ခဲ့ရင်ကွယ်.. ဘ၀ရဲ့ အမောတွေ နားချင်တယ်..
အိမ်ပြန်မယ်.ကိုယ့်အတွက်ရှိရဲ့လား
အိမ်ကလေးတစ်ခုပါကွယ်..

ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်တုန်းက သုခမိန်လှိုင်ရေးပြီး ဇော်ဝင်းထွဋ်ဆိုခဲ့တဲ့ သီချင်း။ အဲဒီသီချင်းလေးကိုမှီပြီး ကျမ အိမ် ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ် မြန်မာ့ဓနမဂ္ဂဇင်းမှာ ရေးခဲ့ဖူးပါတယ်။ အဲဒီဝတ္ထုလေးကိုရေးရင်း ကျမ ရင်ထဲဆို့နေခဲ့ဖူးတယ်။မြစ်ဝကျွန်းပေါ်က လူငယ်လေးတစ်ယောက် ကျောင်းစရိတ် မတတ်နိုင်တော့လို့ စက်မှုတက္ကသိုလ်ကနေ တ၀က်တပျက်နဲ့ ထွက်လိုက်ရတာ.. အသံကောင်းလို့ အဆိုတော်ဖြစ်ချင်ပေမဲ့ ဖြစ်ခွင့်မရတဲ့ ဘ၀ကနေ သာမန်ဘ၀အိမ်ထဲ ပြန်သွားရပြီး တောကျောင်းဆရာပြန်လုပ်တဲ့အကြောင်းလေး။ ကိုယ်ရေးပြီး ကိုယ်ကြိုက်ခဲ့ရတဲ့ ၀တ္ထုလေးပါ။ (ကံမကောင်းချင်တော့ လက်ခံဝတ္ထုလေးက ကျမလက်ထဲကနေ ပျောက်သွားတယ်။ ၁၉၉၅ မေလထုတ် မြန်မာ့ဓနထင်တာပဲ)။
ကျမတို့ ဘ၀တလျှောက် ညနေတိုင်း အိမ်ပြန်ခဲ့ကြတာ တကယ့်အိမ်လား…
အမေ့ရင်ခွင်ရှိရာအရပ်ကရော တကယ့်အိမ်လား။

အိမ်ပြန်ရာလမ်းမကြီးရယ်..အိမ်ကိုလိုက်ပို့ပေးပါ..ဘယ်သူမှလဲအိမ်မရှိဘူး.. ခရီးသည်လောကသားတို့ ၀မ်းနည်းစရာကွယ်..၀မ်းနည်းပါတယ်.. အိမ်ဘယ်မလဲ လမ်းပြပေးပါကွယ်…


အဲဒါလဲ..သုခမိန်လှိုင်ပဲ ရေးပြီး မေဆွိဆိုခဲ့တာ။ တကယ်ပဲ.. ဘယ်မှာလဲ.. ကျမတို့အိမ်။
လောလောဆယ်တော့ ကျမတို့က အိမ်လို့ သမုတ်တဲ့ နားခိုရာလေးတွေမှာ နေနေကြရ၊တိုက်အိမ်။ သစ်သားအိမ်။ ဓနိမိုးထရံကာအိမ်။ အဲဒါ အိမ်တွေပေါ့။အိမ်လို့ ခေါ်တာပေါ့။


မြန်မာပြည်နယ်စပ်၊ မြ၀တီတံတားအောက် ရေလည်ကျွန်းလေးပေါ်က လူတွေအတွက်တော့ ၀ါးကြမ်းခင်းနဲ့ ပလပ်စတစ်မိုးထားတဲ့ တဲကလေးက အိမ်ပဲ။ထွန်းအိန္ဒြာဗို အိမ်မှာတော့ ခွေးအိမ်က ၁၅ပေပတ်လည် တိုက်ခန်းတစ်ခန်းလို့ ကြားဖူးပါတယ်။နယ်စပ်ဒုက္ခသည်စခန်းတွေမှာတော့ ၀ါးကြမ်းခင်းထရံကာပြီး တံခါးမရှိတဲ့ တဲတန်းလျားက အိမ်ပေါ့။ခု.. စစ်ပြေးလာရတဲ့ ကရင်ဒုက္ခသည်၂၀၀ကျော်ကို ထိုင်းအာဏာပိုင်တွေက နေခွင့်မပေးနိုင်လို့ အိမ်ပြန်ပို့မတဲ့။ ဘယ်မှာလဲ အိမ်.. သူတို့အတွက်တော့ အဲဒီအိမ်ဆိုတာက သတ်ကွင်းပဲ။ သူတို့ ခမျာ သတ်ကွင်းဆီ ပြန်သွားကြရမှာတဲ့။
အိမ်နီးချင်း ထိုင်းမှာ၊အိန္ဒိယမှာ၊တရုတ်မှာ..ကမ္ဘာတလွှားမှာ ဗမာပြည်က လူမျိုးအစုံ..။
အဲဒီမှာ အိမ်တွေရှိနေပြီလား..။လောလောဆယ်..ကျမအပါအ၀င် လူတွေအများကြီး နိုင်ငံမဲ့..။ အိုးအိမ်မဲ့...။ ပြီးတော့၊ ကျမအမြဲပူနေတာ အနာဂတ်တဲ့။သေချာတဲ့ အိမ်ကလေးတလုံးတဲ့။သားသမီးတွေရဲ့ အနာဂတ်အတွက်တဲ့။နိုင်ငံတခုတော့ ရှိသင့်တယ် ထင်တယ်တဲ့။ ဒါတောင်..လောလောဆယ်နေနေရတာ မိုးလုံလေလုံ..အတန်သင့် အပြည့်အစုံ..။
ကျမ ဒီဘက်ရောက်ကာစ....ကလေးမလေးတစ်ယောက်.. ကျမတွေ့ဖူးခဲ့တာ။သူ့အသက် ခုမှ ၁၉နှစ်။ ပညာရေးမှာသိပ်တော်တာပဲ။သိပ်လဲ ကြိုးစားတယ်။သူကလေးက ကျမကို ပြောပြတယ်။ သူ့ဘ၀မှာ တခါမှ အိမ်နဲ့ မနေခဲ့ရဖူးဘူးတဲ့။အန်တီသိလား..ရွာပုန်းရွာရှောင်ဆိုတာတဲ့။ အင်း..ကြားဖူးတယ်ပေါ့..။ (ဒါတောင် ကျမက ကရင်ပြည်နယ်မှာ ၅နှစ်နီးပါးနေဖူးလို့သာ။ မြို့ပြကလူတွေဆို မသိကြ)အဲဒီလို ကလေးမလေးတသက် နေခဲ့ရတာ။တခါတလေ သစ်ပင်အောက်တွေက အိမ်..။ တခါတလေ..ငှက်ပျောတောအုပ်တွေက အိမ်..။ တခါတလေ..ကျောက်ဂူတွေ.. တောင်နံရံတွေက အိမ်..တဲ့။ ကျမစိတ်ထဲ လက်ရှိ ကိုယ်နေနေဆဲ ယာယီဆိုတဲ့အိမ်နဲ့ ယှဉ်တွေးပြီး ရှက်ရွံ့အားနာသွားခဲ့ဖူးပါတယ်။


နောက်တခါ… ဒုက္ခသည်စခန်းထဲရောက်တော့ နှင်းမှုန်တွေကြားထဲ တောင်နံရံ နောက်ခံနဲ့ တဲတန်းရှည်တွေကို ဓါတ်ပုံရိုက်ရင်း ကျမလွှတ်ကနဲ လှလိုက်တာလို့ ပြောမိသွားပါတယ်။အဲဒီအချိန်မှာ ဘေးမှာရပ်နေတဲ့ တစ်ယောက်က ကြားတော့ ရယ်ပြီး အမလေး...အမရယ်.. ရက်စက်လိုက်တာတဲ့။


သစ်ကောင်းအိမ်ကတော့ရေးတယ်..
ဒုက္ခတဲ့...
အဝေးကကြည့်တော့လဲ ရသပေါ့…တဲ့။


ထက်မိုးကကျတော့
နိုင်ငံခြားသားက ဒုက္ခသည်စခန်းကိုလာပြီး
ဒုက္ခသည်က နိုင်ငံခြားကိုသွားတယ်၊
ငါတို့က အသနားခံရမှာလား..

သနားရမှာလား..
အဟောင်းကို အကောင်းလုပ်ပေးလဲ
အလှူရှင်ဖြစ်တတ်တာပါပဲ…။
လို့ ပြောတယ်။

သစ်ကောင်းအိမ်ကတော့ ကျမကို စိတ်ထိခိုက်အောင် လုပ်နိုင်နေကျ ကဗျာဆရာပါပဲ။ သူကပြောသေးတယ်…။
မတော်တဆဆိုတာ
ဒုလ္လဘတရားဖြစ်ရဲ့
ဘ၀ဟာ
လူသားတဦးနဲ့ တယောက်
ရင်ထဲက
ချစ်ခြင်းမေတ္တာကို
ခင်းကျင်းပြသရာ
နယ်မြေတခုပဲ ဖြစ်သင့်တယ်…။ … တဲ့လေ..။

ကဲ.. လူဖြစ်ရတဲ့ ဒုက္ခ ထဲ ..ကျမတို့…ဘယ်လိုနယ်မြေ..ဘယ်လိုအိမ်မှာ ဘယ်လိုနေကြမှာလဲ..။

မေငြိမ်း(၁၀ဇွန်)

အညွှန်း…
ကိုပု (ပထဇ)ရေ..
ကိုပုရဲ့ ပျော်စရာပူဖောင်း….. ကို ဖတ်ပြီးတော့ နှစ်ရက်လောက် စာမရေးနိုင်ဘဲ ဖြစ်သွားပါတယ်။ ခု ဒီ အိမ်..ကိုရေးဖြစ်တာ ကိုပုဆီကရတဲ့ inspiration ကြောင့်ပါပဲ။
နောက်တခါ ကျမရဲ့ သားတစ်ယောက်ဖြစ်တဲ့ Monster of Rock ကလဲ ပြန်အစဖော်ပေးတာမို့ ရေးဖြစ်သွားပါတယ်။အဲဒီအတွက် ကျေးဇူး……

6 comments:

Maydarwii said...

အင်း … အမရေ ..
ဖတ်ပြီးတော့ ရင်ထဲ တနင့်တပိုးကြီး ကျန်ခဲ့တယ်။
“လူနေတော့ အိမ်ခန်း၊ ရဟန်းနေတော့ ကျောင်း၊ သူတောင်းစားနေတော့ ဇရပ်၊ မြတ်သောဘုရင် ပလ္လင်နန်းတော်” ဆိုတဲ့ သီချင်းတပုဒ် ငယ်ငယ်တုန်းက ကြည့်ရတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ၀င်းဦးဆိုတာ ကြားဖူးခဲ့တယ်။
နေရာထိုင်ခင်းတခုဟာ လူတွေရဲ့အဆင့်အတန်းအလိုက် အခေါ်အဝေါ် ပြောင်းလဲတတ်တာပါလား လို့ အဲဒီတုန်းကတည်းက တွေးခဲ့မိပါတယ်။
ခု … အမရဲ့စာဖတ်ပြီး အခေါ်အဝေါ်တူတဲ့ “အိမ်” ဆိုတာမှာတောင် မတူညီတဲ့ ကွာဟမှုတွေ ရှိနေတာပါလား လို့ သတိပြုလိုက်မိပါတယ်။
တကယ်တော့ အမရယ် … ကဗျာဆရာ သစ်ကောင်းအိမ် ပြောသလိုပါပဲ။ ဆင်းရဲသည်ပဲဖြစ်ဖြစ် ချမ်းသာသည်ပဲဖြစ်ဖြစ် မေတ္တာတရားတွေနဲ့ ပြည့်ဝနေတဲ့နေရာဟာ သာယာတဲ့ နေရာ ဌာန ဖြစ်မယ်လို့ ညီမတော့ ယူဆမိပါတယ်။ လူတိုင်းလူတိုင်း အဲဒီလို နေရာဌာန အိမ်ကလေးမှာ ခိုနားခွင့်ရစေချင်ပါတယ်။ ကိုယ်တိုင်လည်း အဲဒီလိုနေရာမှာသာ ခိုနား နေထိုင်ချင်မိပါတယ်။

May Nyane said...

မေ ကွန်မင့်ရေးလိုက်ရင်
ကိုယ်ရေးခဲ့တဲ့စာကပေးချင်တဲ့
Message က ပိုပေါ်သွားတယ်။
ကျေးဇူးမေ…

MELODYMAUNG said...

ဘ၀အမောတွေအတွက်နားခိုစရာ အိမ်မရှိသေးလို့ ၀မ်းနဲရပေမဲ့ ဘ၀မှာ တခါမှ အိမ်နဲ့ မနေခဲ့ရဖူးဘူးဆိုတဲ့ ၁၉နှစ်သမီး ကလေးမလေးတစ်ယောက်..ယှဉ်တွေးပြီး ကိုယ့်ကိုယ်ကိုပဲ ဖြေသိမ့် ရမှာလား အတွေးတွေ နောက်သွားပြီ ဆရာမရေ။
မမေဓာဝီပြောတဲ့ ကဗျာဆရာ သစ်ကောင်းအိမ် ပြောသလိုပါပဲ... ဆင်းရဲသည်ပဲဖြစ်ဖြစ် ချမ်းသာသည်ပဲဖြစ်ဖြစ် မေတ္တာတရားတွေနဲ့ ပြည့်ဝနေတဲ့နေရာဟာ သာယာတဲ့ နေရာ ဌာနဆိုရင် အဲဒီနေရာဌာန အိမ်မျိုးလေးကို ဒီဘ၀မှာ ဖန်တီးယူလို့ ရနိုင်ပါ့ မလားဆိုတာလဲ မသေချာလို့ ပါ။

puhtuzin said...

"ဒုက္ခတဲ့...
အဝေးကကြည့်တော့လဲ ရသပေါ့…" ဆိုတာ ထိ တယ် ဆရာမရေ...

ကလိုစေးထူး said...

ဒီနေ့ ဖတ်မိသမျှတွေက ငိုင်တွေသွားရတဲ့ စာတွေချည်းပဲ။ :(

Thet Oo said...

နိုင်ငံခြားသားက ဒုက္ခသည်စခန်းကိုလာပြီး
ဒုက္ခသည်က နိုင်ငံခြားကိုသွားတယ်။
နိုင်ငံခြားရောက်သွားတဲ့ ဒုက္ခသည်က
ဒုက္ခသည်စခန်းကို ပြန်မလာတော့ဘူး။
ဘာဖြစ်လို့လဲ မေးကြည့်တော့
ဒုက္ခသည်တွေကို မမြင်ချင်ဘူးတဲ့။ ။