Jun 13, 2007

ထွက်ပြေးတဲ့အခါ

ဒီပို့စ်လေးလဲ တင်ချင်လို့ စောင့်နေတာ
မေဓါဝီရဲ့ လိုက်ကြမလား..သွားရအောင် ဖတ်ပြီးကတည်းကပါပဲ။
သူ့ပို့စ်ကပေးတဲ့ ခံစားချက်အရှိန်လေးတွေ ငြိမ်တဲ့အထိ စောင့်နေလိုက်တာ။
တဟီတီ..က ကျမငယ်ငယ်က တော်တော်ကြိုက်ခဲ့တဲ့ကဗျာပါ။

မေပြောထားသလိုပါပဲ တဟီတီ...ကဗျာဟာ အဲဒီခေတ်စာပေနယ်မှာ
တော်တော်ဂယက်ထခဲ့တာပါ။တချို့က ကဗျာဆရာရဲ့ထွက်ပြေးဝါဒလို့ သမုတ်ကြတယ်။
တချို့ကတော့လဲ (မေဓါဝီကို ကွန်မင့်ရေးပေးထားတဲ့ a blog reader ပြောသလိုပဲ)
တဟီတီ..ကို စိတ်ကူးယဉ်ဝါဒ Utopia လို့ ပြောကြ.. Emotionalism လို့ ပြောကြနဲ့ပေါ့။
ဘာပြောပြော ကျမကတော့ စိတ်ခံစားချက်ဖွဲ့တဲ့ အနုပညာတွေကို ကြိုက်တယ်။
အဲဒီတုန်းကာလလောက်မှာပဲ စိတ်ကူးယဉ်ဝါဒ စာရေးဆရာလို့
လူပြောများခဲ့တဲ့ နောက်တစ်ယောက်ကတော့ ကြည်အေး..ပါ။

(ဒေါ်)ကြည်အေးရဲ့

အိပ်လို့မရ
ညကြီးမင်းကြီး
ထပြီးထိုင်နေ
မွေ့ယာတွေလဲ
ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်
သတိပြယ်လွင့်
ခိုတွယ်ရာအတည်မကျ….လို့ အစချီတဲ့
တစ္ဆေ ကဗျာဆိုရင်
ကျမတို့ခေတ် လူငယ်တွေကို အတော်လွှမ်းမိုးခဲ့တာပါ။

မေဓါဝီရဲ့ အဲဒီပို့စ်လေးကိုဖတ်မိတော့
ကိုယ်တိုင် စိတ်ခံစားချက်နောက်လိုက်ပြီးကဗျာတွေစာတွေ
တော်တော်ရေးခဲ့ဖူးတာ သတိရသွားတယ်။

များသောအားဖြင့်တော့
စာရေးဆရာ ကဗျာဆရာ ပန်းချီဆရာဆိုတာတွေက
စိတ်ကူးယဉ်မှု၊စိတ်လှုပ်ရှားခံစားမှုများသူတွေမို့
တခါတလေမှာ
စိတ်ရှုပ်ထွေးစရာ..စိတ်ထိခိုက်စရာတွေကိုရင်မဆိုင်ဘဲ
ထွက်ပြေးချင်ကြတာမျိုးရှိပါတယ်။
ခဏလေး အပြေးနဲ့ တဘ၀စာအပြေးတော့ ကွာမယ်ပေါ့။

တဘ၀စာလုံးအတွက် ထွက်ပြေးသွားခဲ့သူတွေထဲမှာတော့..
Virginia Woolf, Sylvia Plath, Vincent Vangoh ,
Ernest Hemingway, Marilyn Monroe, မြို့မငြိမ်း…
တို့က အထင်အရှားပေါ့။
ဒေါ်ကြည်အေးရဲ့ နွမ်းလျအိမ်ပြန် ကလဲ ထွက်ပြေးဝါဒဆန်ဆန်ပါပဲ။
စိတ်ကူးယဉ်စာရေးဆရာမဟုတ်တဲ့ မိုးမိုး(အင်းလျား)တောင်မှ
လက်တွေ့ဘ၀ထဲက ခဏထွက်ပြေးလိုစိတ်နဲ့ အိမ်ပြေး ဆိုတဲ့
ဝတ္ထုတိုလေးတစ်ပုဒ် ရေးခဲ့ဖူးသေးတာပါ။
ကျမလဲ လူမှုလောကထဲ နေစရာနေရာမရှိတော့ဘူးလို့
ခံစားရဖူးတဲ့တချိန်မှာတုန်းက ကဗျာတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။
ကဗျာကို နာမည်ပေးမိတာကိုက ထွက်ပြေးတဲ့အခါ..တဲ့။

ထွက်ပြေးတဲ့အခါ…
ပိတ်ဆို့လမ်းတွေ ကျယ်ပြော
သဲဆူးတောတွေ ဖြတ်နင်းရင်း
ဟင်းလင်းပွင့်ရင်ကတောင် လေးလံရဲ့။

ထွက်ပြေးတဲ့အခါ…
မျက်လုံးများစွာကြား
ပြားပြားဝပ်အကျဉ်းကျ
ပါးစပ်ပေါက်တွေက ကာဆီးတောင်တန်း
ကျရတဲ့ မျက်ရည်တွေက ပင်လယ်။

ထွက်ပြေးတဲ့အခါ…
နာကျင်ခြင်းမြွေတွေက
ခန္ဓာကိုလိမ်ပတ်
ညှစ်သတ်တော့
ခပ်လျော့လျော့အသက်က
မျက်လုံးပြူးမျက်ဆံပြူးနဲ့ ရုန်းထ
သူ့ဘ၀ကို
ပိုရုပ်ကြွလာစေပြန်တယ်။

ထွက်ပြေးတဲ့အခါ…
အရိပ်တွေဟာ
နဂိုထက်မြန်မြန်ပိုလိုက်
ဒါနဲ့ပဲ
မိုက်မဲတဲ့အသည်းက
မေ့ထားသမျှကို
ပို ပို သတိရ
အဲဒီအခါ…
နင်ဟာ အနာတရနဲ့သာ
ထိုက်တန်တဲ့ကောင်လို့
ကိုယ့်ကိုယ်ကို ဆဲရေးရ…။

တကယ်တမ်းကျ..
ထွက်ပြေးရတာကိုက..
ထွက်ပြေးမရ..တာ။

(၁၉၉၆)

ကျမကတော့ လက်တွေ့ဘ၀ထဲမှာ ထွက်ပြေးတာဟာ
တကယ့်အဖြေမဟုတ်ဘူးလို့ နားလည်ခဲ့တယ် ထင်ပါရဲ့။

မေငြိမ်း(ဇွန်၁၃)

(ခုတလောတော့ နေ့တိုင်းရေးဖြစ်နေလို့ နေ့တိုင်းတင်ဖြစ်နေတာပါ။
နောက်ပိုင်းတော့ တစ်ရက်ခြားလောက်ပဲ မှန်မှန်တင်မှ ထင်ပါရဲ့။
တော်ကြာ..မေဓါဝီလို ဘလော့နာကျသွားရင်..အခက်မို့လား)

5 comments:

မေ said...

ဆရာမကြီး ဒေါ်ကြည်အေးကို ကျွန်မ အရမ်းကြိုက်ပါတယ်။ မောင် ကိုကို နဲ့ မြနန္ဒာထဲက ကဗျာလေးတွေလောက်ပဲ ဖတ်ဖူးပါတယ်။။ နောက် ၀တ္ထုတိုပေါင်းချုပ်ထဲက “မမြင်ဖူးခင်က မေ ရူးပြီထင် ” နဲ့စတဲ့ (သေချာတော့ မမှတ်မိတော့ပါ) ကဗျာပဲဖတ်ဘူးတယ်။ ကြည်အေးရဲ့ ကဗျာတွေ ကျွန်မ မမှီလို့ မဖတ်ဖူးလို့ တကယ်လို့ ဆရာမမမေငြိမ်း အလျဉ်းသင့်ရင် ထပ်ပြောပြပေးပါဦးရှင့်။ ကျေးဇူးတင်ပါတယ်။
ကော်မန့်မရေးဖြစ်ပေမဲ့ ဆရာမရဲ့ ဘလော့ဂ်ကို ကျွန်မ အမြဲ ၀င်ဖတ်ဖြစ်ပါတယ်။ အသံသစ်ပြတိုက်က စပြီး နှစ်သက်ခဲ့တဲ့ ကိုယ့်ရဲ့ စာရေးဆရာတစ်ယောက်ရေးတဲ့ ဘလော့ဂ်တစ်ခုကို ဖတ်ရတာ အရမ်းဝမ်းသာပါတယ်။
အားရင်အားသလို စာများများ ဆက်ရေးပါနော်။

May Nyane said...

ကျေးဇူးပါမေ..
ခုချိန်ထိ ကျမ အကြိုက်ဆုံး နံပါတ်တစ်စာရေးဆရာဟာ
(ဒေါ်)ကြည်အေးပါ။ကျမစွဲလန်းတဲ့သူ့ကဗျာတွေကို
ပြန်တင်ပေးသွားချင်ပါတယ်။(ကျမ အချိန်ယူပါ့မယ်)

Maydarwii said...

ထွက်ပြေးရတာကိုက
ထွက်ပြေး မရတာ … ဆိုတာလေးကို ကြိုက်တယ် အမရေ .. ။
အမ နားလည်သလိုပဲ
ထွက်ပြေးတာဟာ တကယ့်အဖြေမဟုတ်ဘူးလို့ ညီမလဲ နားလည်ပါတယ်။
တကယ် ထွက်ပြေးခွင့်မရတဲ့အခါ .. (ထွက်ပြေးလို့မသင့်တဲ့အခါ) ခုလို စာတွေ ကဗျာတွေရေးပြီးတော့ပဲ ခဏတဖြုတ် ထွက်ပြေးကြတာပေါ့နော်။

လောလောဆယ်တော့ ညီမလည်း ဘလော့နာကျလိုက် ဖြေဆေးစားလိုက်နဲ့ … ရုန်းမထွက်နိုင်ဘဲ သံသရာလည်နေတော့တယ်။

May Nyane said...

ညီမလေးမေ..
လောလောဆယ်တော့
ဘလော့နာ ကျကာမှကျရော
အမအတွက် အကောင်းဆုံးထွက်ပေါက်က
ဘလော့ပဲကွယ်

ဂျစ်တူး - gyit_tu said...

အမမေငြိမ်း.. ဒီကဗျာကို ကျမ စာပေအိုးထဲ ပြန်လည်ဖော်ပြလိုက်ပါတယ် ။ အရမ်းကြိုက်နှစ်သက်လို့ပါ ။