Jun 9, 2007

ကျမ နဲ့ လက်ဘက်ရည်ဆိုင်

ကိုယ့်မြေအကြောင်းပြန်စဉ်းစားလိုက်ရင် ကျမလွမ်းလွမ်းတတ ဖြစ်ရတဲ့အထဲမှာ လဘက်ရည်ဆိုင်ဆိုတဲ့ ဝေါဟာရပါပါတယ်။လဘက်ရည်ဆိုင်ဆိုရင် အများအားဖြင့်တော့ ယောက်ျားလေးတွေနဲ့သာ သက်ဆိုင်တယ်လို့ ယူဆထားကြတဲ့ ခေတ်(၁၉၈၀ တ၀ိုက်)လောက်မှာကတည်းက ကျမကတော့ အဖေရဲ့ခေတ်မီမှုကြောင့် လက်ဘက်ရည်ဆိုင် ထိုင်တဲ့အခွင့်အရေးရခဲ့ပါတယ်။ ရွှေကြည်အေးဆိုင်၊ဦးချစ်ဆိုင်၊ ဘားလမ်းမုတ်ဆိတ်…အဖေနဲ့ လိုက်လိုက်ထိုင်။ နောက်တော့ ကျမ တက္ကသိုလ်ရောက်တော့လဲ လက်ဘက်ရည်ဆိုင်ထိုင်ပြီး ထွေရာလေးပါးပြောရ၊ သီချင်းနားထောင်ရတဲ့ အရသာကို ကျမက စွဲစွဲလမ်းလမ်း။ ကျမတက်ရတဲ့ ကြည့်မြင်တိုင်ကောလိပ် (RC-3) မှာက ကျောင်းကျဉ်းကျဉ်းလေးထဲ ထိုင်စရာ လက်ဘက်ရည်ဆိုင်ကောင်းကောင်းလဲ မရှိလှတော့ လှိုင်(RC-2) ထဲ သွားသွားထိုင်ရတာ။အဲဒီတုန်းက ကျောင်းနောက်ဘက်က အဆောင်ကင်န်တီးကို ကျမသိပ်သဘောကျတာ။ တကယ်က ဘာမှ မဟုတ်ဘူး။နေပူပူကွင်းပြင်ထဲ ဓနိမိုးထရံကာတဲလေးတွေ။ အဲဒီဆိုင်တန်းလေးကိုဘယ်သူကနာမည်ပေးလိုက်မှန်းမသိဘူး။ ဗကပကင်န်တီးလို့နာမည်တွင်နေတာ။ တောထဲက ဗကပ စခန်းနဲ့ တူလို့တဲ့။
ကျမကတော့ အဲဒီ
စားသောက်တန်းလေးကို စွဲလမ်းလွန်းလို့ ၀တ္ထုတွေထဲ ခဏခဏထည့်ရေးဖြစ်ခဲ့တယ်။

ပြောရရင်တော့ ကျမရဲ့ ၀တ္ထုတော်တော်များများ ကဗျာတော်တော်များများ အဲဒီမှာလက်ဘက်ရည်ဆိုင် ထိုင်ရင်း.. ကုန်ကြမ်းတွေ ရခဲ့တာ။နောင်..ဆရာမ ဖြစ်တော့လဲ လှိုင်မှာပဲမို့ လက်ဘက်ရည်ဆိုင်အထိုင်မပျက်ခဲ့။ တပည့်တွေကို ကုန်ကြမ်းလုပ်၊ ကဗျာတွေ ၀တ္ထုတွေ ရေး..။ အသည်းကွဲကဗျာ..အလိုမပြည့်ကဗျာတွေက အများစုပေါ့။

ကျောင်းသူအကြီးပိုင်းဘ၀ မိန်းထဲ ရောက်တော့ ဦးချစ်ဆိုင်ရဲ့ ငှက်ပျောတောအုပ်လေးက ကျမနေရာပဲ။ ပြီးတော့ တောင်ငူဆောင်နဘေးက တောင်ပိန္နဲပင်အောက်က အရှည်ကြီး လက်ဘက်ရည်ဆိုင်။ အဲဒီမှာလဲ ကျမ ၀တ္ထုတွေ ကဗျာတွေ အများကြီးရခဲ့။ပြီးတော့ ဆရာကြီးတွေရဲ့ စကားဝိုင်းတွေထဲ ငေးမောရင်း … ။
အဲဒီအခါမှာတော့ စာတွေထဲမှာ လက်တွေ့ဘ၀တွေ ပါလာခဲ့ပြီ။

လက်ဘက်ရည်ဆိုင်နဲ့ ပတ်သက်ရင် လောဘကြီးတဲ့ ကျမကတော့ အဲဒီတုန်းက နေခဲ့တဲ့ စက်မှုတက္ကသိုလ်ဝင်းထဲမှာဆိုလဲ မေတ္တာပေါင်းကူးနဲ့ နွေးအေးက ကျမရဲ့ လက်ဘက်ရည်ဆိုင်တွေပေါ့်..။

နောက်တော့.. စာမျက်နှာပေါ်က စာရေးဆရာဘ၀ကျတော့ ကျော်ကြားလှတဲ့ လေထန်ကုန်းက ကျမရဲ့ လက်ဘက်ရည်ဆိုင်ဖြစ်လာပြန်တာပေါ့။ ကျောင်းအားရက် စနေဆို လေထန်ကုန်းမှာ အထူးအထွေ
ချိန်းစရာမလိုဘဲ သူငယ်ချင်းတွေ ဆုံကြ..ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြ ပြန်ချစ်ကြ။တခါတလေ စိတ်ညစ်၊ စိတ်ရှုပ်ပြီး ကျမ အိမ်ပြန်။ဒါပေမဲ့.. နောက်တပတ် စနေဆို.. အမိန့်ချခံထားရသလို.. လေထန်ကုန်းဆီ
ခြေလှမ်းမြဲ။အဲဒီ ၊ လမ်းဘေးက မြောင်းပုပ်စော် ..တခါတလေ အိမ်သာနံ့တောင် ရတတ်သေးတဲ့ လက်ဘက်ရည်ဆိုင်လေးလဲ .. ကျမ စွဲလန်းခဲ့ရတာပါပဲ။

ဒီတော့ ..ခု..သူများမြေပေါ်မှာ ကျမ တမ်းတမ်းတတ လိုက်ရှာဖြစ်တာကလဲ၊ လက်ဘက်ရည်ဆိုင်ပါပဲ။ ဗမာပြည်ကို တူအောင် ဘယ်လိုတုတု မတူနိုင်တာကတော့ လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှုပါပဲ။ လက်ဘက်ရည်သောက်ရင်း ဘာသာစကားတူသူငယ်ချင်းတွေနဲ့ စကားတွေပြောရမယ့် နေရာကလေး….။ ဘယ်မှာ ရှိမလဲ။
တနေ့.. အလုပ်ကိစ္စတစ်ခုနဲ့ မိတ်ဆွေတစ်ယောက်က ချိန်းလို့ ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ကျမ ရောက်သွား ခဲ့ပါတယ်။ ဇင်းမယ်ရဲ့ မြို့ထဲလမ်းမတနေရာက Wawee ကော်ဖီဆိုင်။ ကော်ဖီကတော့ အခါတိုင်း ကျမ
ထိုင်နေကျ ၀ါဝီကော်ဖီဆိုင်တိုင်းမှာ ရတဲ့ ကော်ဖီအရသာပါပဲ။ ဒါပေမဲ့ အဲဒီ နေရာလေးကတေ
ာ့ ကျမကို တချီထဲနဲ့ အမိဖမ်း နိုင်ခဲ့ပါတယ်။

ဒီဆိုင်လေးပေါ့

ဦးချစ်ဆိုင်က ငှက်ပျောတောအုပ်လေးကို ချစ်တဲ့ကျမ၊ တောင်ပိန္နဲပင်ရိပ်နဲ့ ၀ါးရုံရိပ်တွေကို နှစ်သက်တဲ့ကျမ.. ဒီဆိုင်လေးကို စွဲပါပြီ။ ချစ်တဲ့သူတွေနဲ့များအတူထိုင်ရင်း ကော်ဖီသောက်ပြီး စကားတွေ ပြောလိုက်ရရင်ဆိုတဲ့ အတွေးကလဲ ဖိစီးလာပါတယ်။အဲလိုနဲ့.. ကျမရဲ့ ရှားရှားပါးပါးရှိလှတဲ့ သူငယ်ချင်းတချို့နဲ့ ကျမရဲ့ဆုံရပ်က အဲဒီကော်ဖီဆိုင်လေး ဖြစ်သွားတယ်။အဲဒီကော်ဖီဆိုင်ထဲ တမေ့တမော ထိုင်ရင်း စကားတွေပြော.. တခါတလေ ကျတော့ တစ်ယောက်ထဲ ဟိုငေးဒီငေးထိုင်တွေး။

ဒီလို သစ်ရိပ်တွေအောက်မှာ

ဒါနဲ့ပဲ.. ဆရာဂျမ်း (ဦးတင်မိုး)လာတော့ အဲဒီဆိုင်လေးဆီခေါ်သွားလိုက်တော့ ခံစားချက် တူသူတွေမို့ ကျမမျှော်လင့်ထားတဲ့အတိုင်း ဆရာက အဲဒီဆိုင်လေးကို ချစ်သွားပြီ။ ကျမတို့ ဘာသာစကားတူသူတွေ လေးငါးယောက် အချိန်အရယူပြီး အဲဒီဆိုင်လေးဆီ ခဏခဏ ချီတက် အလွမ်းဖြေကြ။ဆရာဂျမ်းက ပြောတယ်.. ၀ါဝီမှာ ကော်ဖီသောက်ချင်တာ အဓိက မဟုတ်ဘူး.. နေရာလေးကို သောက်ချင်တာတဲ့၊

ဒီနေရာလေးမှာ ဆရာဂျမ်းနဲ့ ကျမတို့တတွေ ထိုင်နေကျ

ဟိုးတလောလေးတုန်းကလဲ့  မြန်မာ့လက်ဘက်ရည်ဆိုင်ဆိုတဲ့ အင်တာနက်ထဲက ငြင်းစရာခုန်စရာ လက်ဘက်ရည်ဆိုင်လေးထဲ နေ့တိုင်းထိုင်လို့။ ပျော်လိုက်စိတ်တိုလိုက်ရယ်လိုက်…တကယ့်လက်ဘက်ရည်ဆိုင်။ ဘာမှန်းမသိဘဲ သူ့ဆီသွားမရဘဲ ဖြစ်နေတော့ တစ်နေ့ တစ်နေ့နေရတာတောင် တစ်ခုခုလိုနေသလိုလို..။

ဒီတော့မှ ကျမ စဉ်းစားမိတယ်။
ဟုတ်သား.. ကျမ တလျှောက်လုံး စွဲစွဲလမ်းလမ်း သောက်ခဲ့တာ လက်ဘက်ရည်တွေမှ မဟုတ်ဘဲ.. နေရာတွေကို သောက်ခဲ့တာပဲနော်..။ ချစ်တဲ့သူတွေ ရှိတဲ့နေရာ.. ချစ်တဲ့ အဖြစ်အပျက်တွေ ရှိတဲ့နေရာ.. ချစ်တဲ့အကြောင်းတွေ ရှိတဲ့နေရာ…..။ပြီးတော့ ချစ်တဲ့ နေရာတွေ။ ကျမသောက်ခဲ့တာ… နေရာများစွာ…။ ခုထိလဲနောက်ထပ်ဘယ်ပဲရောက်ရောက် လက်ဘက်ရည်ဆိုင်တွေကိုတော့ သောက်ချင်နေသေးတာပါပဲ။

မေငြိမ်း(၇ဇွန်)


4 comments:

ကလိုစေးထူး said...

ဆရာမ စာတွေကို ဖတ်ပြီး ကွန်မန့်ရေးဖို့က လက်တွန့်နေတယ်..။ ဘာဖြစ်လို့လဲ ဆိုတော့ အခုရေးတဲ့ ပို့စ်ဆိုရင် ကျနော်ဖတ်ပြီးတော့ ပါးစပ်အဟောင်းသား ဖြစ်ရတယ်။ နေရာလေးကို သောက်ချင်တာဆိုတဲ့ ဆရာကြီးတင်မိုးရဲ့ စကားက ရိုးရိုးလေးနဲ့ ရင်ထဲ စွဲသွားတယ်။

Maydarwii said...

ညီမလဲ အမနဲ့ တူတူပဲ ..
အဖေ့ကျေးဇူးကြောင့် လဘက်ရည်ဆိုင် ထိုင်တတ်တာ။ ငယ်ငယ်ထဲက အဖေနဲ့တူတူ လဘက်ရည်ဆိုင် ထိုင်နေကျလေ။ ကျောင်းရောက်တော့ ပိုဆိုးတာပေါ့။
RC-2 မှာတုန်းကတော့ အဆောင်ကန်တင်းထက် သွားရတာနီးတဲ့ အလယ်ကန်တင်းထိုင်ဖြစ်တာ များတယ်။ ပြီးတော့ လူငယ်ဆိုင်။ ဖယ်ရီစောင့်ရင်း ထိုင်ဖြစ်တယ်။ အစားအသောက် ကောင်းကောင်း စားချင်မှ အဆောင်ကန်တင်းဘက် သွားဖြစ်တာ။ အဲဒီက အစားအသောက်ပိုကောင်းသလိုပဲနော်။
မိန်းထဲမှာတက်တုန်းကတော့ … အီကိုကန်တင်းနဲ့ အင်းလျားကန်ဘောင်ကဆိုင်တွေ အထိုင်များတာ။ ကျောင်းပြီးပြီး နောက်ပိုင်း ဒီပလိုမာ ထပ်တက်တော့မှ ရာမညမှာတက်ရတာမို့ တောင်ငူဆောင်နားက ဆိုင်မှာထိုင် ဖြစ်တယ်။ ပြောရင်းနဲ့ ကျောင်းကိုလွမ်းလိုက်တာ အမရယ်။
ရွှေကြည်အေး၊ လေထန်ကုန်းနဲ့ ဘားလမ်းထဲက ကိုတင်အုန်း အအေးဆိုင်တို့လည်း အနုပညာသမား တွေ အထိုင်များတယ်ဆိုပြီး မြင်လိုမြင်ငြား သွားသွားထိုင်ဖြစ်တယ်။
အမရဲ့ ဓာတ်ပုံထဲက ၀ါဝီကော်ဖီဆိုင်လေးက ချစ်စရာလေး။ အမပြောသလိုပဲ … တကယ်တော့ လဘက်ရည်ကောင်းတာ မကောင်းတာထက် နေရာလေးတွေကို အဖြစ်အပျက်ကလေးတွေကို စွဲလမ်းစွာ သောက်သုံးခဲ့ကြတာပဲနော်။ ညီမလည်း လမ်းဘေးလဘက်ရည်ဆိုင်လေးတွေကို နှစ်သက်တဲ့ အကြောင်း ဘလော့မှာ ရေးဖူးတယ်။ ဆိုင်ကြီး ကနားကြီးမှာ မရနိုင်တဲ့ လွတ်လပ်မှုမျိုးကို အဲဒီဆိုင်လေးတွေမှာ ရတတ်လို့ နှစ်သက်စွဲလမ်းခဲ့ရတာပါ။
တနေ့နေ့မှာတော့ အမနဲ့အတူ လဘက်ရည်ဆိုင် ထိုင်ပြီး ရောက်တတ်ရာရာ စကားတွေပြောဖို့ အခွင့်အရေးရကောင်းပါရဲ့လို့ မျှော်လင့်ပါတယ် အမရေ … ။

Chocolaier said...
This comment has been removed by the author.
Chocolaier said...

ဆရာမရဲ့စာလေးဖတ်ပြီး လဘက်ရည်သောက်ချင်လာပြီ။ ကျဆိမ့်လေးတစ်ခွက်လောက် သောက်လိုက်ချင်တယ်။ လဘက်ရည်နဲ့ မတည့်ပါဘူးဆိုတာတောင် ဆန္ဒပြပြီးသောက်တတ်ခဲ့တာ။
အဘဂျမ်းကိုလွမ်းလိုက်တာ ဆရာမရယ်။ လူချင်းတွေ့ဖူးချင်တာ အခုတော့မဖြစ်နိုင်တော့ဘူး။