Jun 16, 2007

အဖေနေ့ အမှတ်တရ

ဇွန်လရဲ့ ဒုတိယပတ် တနင်္ဂနွေက အဖေနေ့လို့ ကျမကို s0wha1 လေးက အဖေချစ်သူချင်း လက်တို့ပြောတာကြောင့် ဒီဝတ္ထုလေးကို တင်ဖို့တွေးမိပါတယ်။ ကျမအဖေကတော့ လာမဖတ်နိုင်တော့ပါဘူး။ ဒါပေမဲ့ အဖေနဲ့ပတ်သက်ရင် အမှတ်တမဲ့ နေမိသူတွေအတွက် သတိရအောင်.. ပြီးတော့ ကျမကိုယ်တိုင် စိတ်ကျေနပ်မှုရအောင် ဒီ ၀တ္ထု အဟောင်းလေးကို တင်လိုက်ပါတယ်။

အဖေပေးခဲ့တဲ့အမွေ


(ဒီ ပုံလေးကို မူရင်းမဂ္ဂဇင်းမှာထဲက ကိုဝသုန် ဆွဲခဲ့တာပါ။နှစ်မျက်နှာစာအပြည့်ကို တစ်မျက်နှာစာဖြတ်ထားတာပါ။ပြုပြင်ပေးတာကတော့ s0wha1 လေးပါပဲ။)

ခုကျတော့ ကျမနဲ့ အဖေ့ကြားမှာ ဒိုင်ယာရီလေးတစ်အုပ်သာ ရှိတော့သည်ဟု ကျမ ခံစားနေရပါသည်။

+++++

မကြာခဏဆိုသလို သူတပါးရှေ့မှောက်မှာ ကျမ ဖွင့်ဟ၀န်ခံမိသည့် အမှန်တရားတစ်ခု ကျမမှာ ရှိပါသည်။ အဲဒါကတော့ ကျမဘ၀မှာ အဖေသည် အရေးပါဆုံး ဆိုတာပါပဲ။ အဖေမရှိတော့ခြင်းသည် ကျမအတွက်တော့ သူတကာ တင်စားသလို ရွှေတောင်ကြီး ပြိုခြင်း မဟုတ်ပါ၊ မြေပြိုခြင်းသာ ဖြစ်ပါသည်။ တကယ့်ကို ကျမရပ်တည်ရာ ကမ္ဘာမြေကြီး အစိတ်စိတ် အမွှာမွှာ ကွဲပျက် ပြိုကျသလို… ကျမစိတ်ထဲ ရပ်တည်ရာ မဲ့လှပါသည်။

+++++

ခုလို ဝေးသွားတော့မှပင်၊ အဖေနှင့် ကျမအကြားမှာ ရှိနေသော ဆက်သွယ်ကြိုးတွေက ပိုလို့ ထင်းပြက်လာသည် ဟု ထင်ပါသည်။ အဖေနှင့် ကျမအကြားမှာ တော်ရုံလူတို့ နားမလည်နိုင်၊ မမြင် မသိနိုင်သည့် ဆက်သွယ်မှုတွေ ရှိနေသည်ကို အဖေကိုယ်တိုင်ပင် သိချင်မှ သိပေလိမ့်မည်။ ကျမအတွက်တော့ အဖေသည် ကျမ၏ စိတ်ခန္ဓာထဲရှိ သတ္တိ၊ အင်အားနှင့် ဂုဏ်သိက္ခာတို့ကို မွေးဖွား ဖန်ဆင်းပေးသူ ဖြစ်ပါသည်။ အဖေ့ကို စံပြထားကာ ကျမ ဘ၀ထဲမှာ နေရာ ရနိုင်ခဲ့တာပါ။ (သို့ပေမဲ့ အဖေကိုယ်တိုင်ကတော့ဖြင့် ကျမရဲ့ ဘ၀၊ ခံစားချက်နှင့် အောင်မြင်မှုတို့ကို ဘယ်တုန်းကမှ ကျမသိအောင် အသိအမှတ် မပြုခဲ့ဖူးပါ။) ကျမရဲ့ အောင်မြင်မှုတို့က အဖေ့အတွက်မူ မဆန်းကြယ်လှပေ။ အဖေက ကျမထက် ပို၍ များစွာသော အောင်မြင်မှုများကို ကိုယ့်အင်အားနှင့် ကိုယ် ရုန်းကန် တူးဖော် ရယူ နိုင်ခဲ့သူလေ။

အဖေ့ အလုပ်စားပွဲဘေးက နံရံမှာ ကပ်ထားတဲ့ Pains transform into thorns and drive to fly higher ဆိုတဲ့ စာတန်းက အဖေ့ရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အောင်ပွဲတွေကို မေ့မရစေနိုင်ခဲ့။ တခါတခါကျတော့လည်း အဖေက “ငါသည် နာကျင်သော ကိုယ်ရှိသူ ဖြစ်လျက် နာကျင်သောစိတ် ကင်းသူ ဖြစ်လတ္တံ့” လို့လည်း ဓမ္မပဒကို နှလုံးသွင်းတတ်ပြန်သေးတာ။ ကျမက အဲသည်အဖေ့ကို ခိုးခိုးကြည့်ကာ ကျမရဲ့ခွန်အားတွေ ဂုဏ်သတ္တိတွေ တောက်ပြောင်အောင် သွေးတတ်ခဲ့ရတာ။

ကျမစိတ်ထင်ဖြင့် အဲဒါတွေ အဖေတောင် သိမည်မထင်ပါ။ ဘ၀မှာ အဖေ့သမီးဖြစ်ရခြင်းအပေါ် ဂုဏ်ယူခဲ့ရတာ အကြိမ်များစွာ။ ကျမဘ၀မှာ အဖေ့ ဂုဏ်သိက္ခာအရောင်နှင့် ဘ၀ လင်းလက် တောက်ပြောင်ခဲ့ရတာလည်း အခါများစွာ။ အဲသလိုနှင့် အဖေ့အပေါ် အထင်ကြီးလှသည့် သမီး၊ ကျမက ဘ၀ကို မကြောက်သော၊ ဘ၀ထဲမှာ မာနကြီးသော၊ အမှန်တရားကို ကိုးကွယ်သော၊ လိမ်ညာမှုကို ရွံရှာသော၊ မတရားမှုကို ခေါင်းငုံ့မခံချင်သော၊ အဆင်းရဲခံနိုင်သော ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဖြစ်တည်နေနိုင်ခဲ့တာပါ။

+++++

ဟိုး ငယ်ငယ်ကတည်းက ကျမက အမေ့ထက် အဖေ့ကိုပိုပြီး ရင်းနှီး ကြီးပြင်းခဲ့ရသည်။ အဖေ့ရဲ့ သွန်သင် ဆုံးမပုံနှင့် မတူသော ဆွေးနွေးစကားတွေနှင့်အတူ လောကကို ယဉ်းပါးတတ်ပွန်ခဲ့တာ ကိုယ်တိုင်ပင် သတိမထားမိခဲ့။ အဖေနှင့်ကျမ ဆက်ဆံရေးက သားအဖထက် မောင်နှမနှင့်ပိုတူသည်။ အဖေနှင့်ကျမ အသက်နှစ်ဆယ်သာ ကွာပြီး အဖေက သိပ်ခေတ်မီသူဖြစ်သည်။ အဖေနှင့် ကျမက ရုပ်ရှင်ကြည့်ဖက်၊ စာဖတ်ဖက်၊ ဂစ်တာတီးဖက်၊ ပန်းချီရေးဖက်၊ ဆွေးနွေး ငြင်းခုန်ဖက်။ ကျမက အရွယ်မရောက်လှခင်ကတည်းက အဖေ့ကြောင့် လူဖြစ်စောခဲ့သည်။ အသက်ဆယ့်ငါးနှစ်ပင် မပြည့်ခင်မှာ အဖေ့စာအုပ်စင်မှ စာအုပ် အမျိုးအစားပေါင်းစုံကို ကျမ ဖတ်ပြီးသား ဖြစ်နေခဲ့ပြီ။ ဘာသာရေး၊ နိုင်ငံရေး၊ အချစ်ရေး၊ စာပေရေးရာများ အစုံ။ ကျမက ကလေးလူကြီးလိုလည်း မုန်းစရာ ကောင်းခဲ့မည် ထင်သည်။ အဖေ့ကြောင့် စကားကြီးကျယ်တွေ ပြောတတ်၊ ရန်စွာတတ်၊ တစ်ချိန်တည်းမှာ စာလည်းတော်ခဲ့သည်။

ရှစ်နှစ်သမီးကလေးက ကမ္ဘာ့မြေပုံကို ကောင်းကောင်းသိတာလည်း အဖေလေ့ကျင့်မှုကြောင့်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဂျင်မီကာတာ နိုင်-မနိုင်ကို အဖေနှင့်အတူ လောင်းခဲ့တာလည်း ဘယ်လောက်မှ အရွယ်မရောက်သေးတဲ့ ကျမပါ။ အဖေနှင့်အတူ အဖေခိုင်းသမျှ Newsweek, Time မဂ္ဂဇင်းတွေထဲက News Maker လို People လို သတင်းတိုတွေ ဖတ်ရင်း ကိုယ့်အရွယ်နှင့်မလိုက် အဲလ်ဗစ်ပရက်စလေကို ကြိုက်၊ ရက်ကယ်ဝဲ့လ်ခ်ျကို ကြိုက်၊ မွန်ရိုးကို ကြိုက်။ ဒါပေမယ့် အဲဒီ ကျမက အဖေနှင့် မတူတာတစ်ခုကတော့ အထင်အရှား ရှိခဲ့လေသည်။ အဲဒါကတော့ သင်္ချာကြောက်ခြင်းပါ။ အဖေက သင်္ချာအလွန်တော်.. ကျမက အလွန်ညံ့။ ကျမနှင့်ပတ်သက်လျှင် အဖေစိတ်ဆိုးတာ အဲဒီ သင်္ချာညံ့တာ တစ်ခု။ ကျမကလည်း အခုထိတိုင် သင်္ချာဆိုလျှင် အသံပင် မကြားချင်သလောက်။ အဲဒါကလွဲရင်တော့ ကျမသွေးထဲမှာ အဖေ့ဗီဇက ရာနှုန်းများသည်ဟု ထင်ပါသည်။ သွေးအမျိုးအစားကိုက အမေက “ဘီ”သွေးမှာ အဖေနှင့်အတူ ကျမက “အို”သွေး ဖြစ်ခဲ့တာကို ကျေနပ်ခဲ့တာ။

+++++

လောကမှာ ကျမအထင်ကြီးဆုံး သက်ရှိပုဂ္ဂိုလ် ခပ်နည်းနည်းမှာ အဖေက ပထမတန်းနေရာက ပါပါသည်။ အဖေ့ကို အရာရာတိုင်ပင်၊ အားကိုးတတ်မှုကြောင့် ကျမ၏ချစ်သူနှင့်ပင် မကြာခဏ ပြဿနာများရတာလည်း ဘယ်တော့မှ မမေ့ပါ။ ကျမဘ၀ရဲ့ အရေးပါသော အဖြစ်အပျက် တော်တော်များများမှာ အဖေ့ဆုံးဖြတ်ချက် လိုသည်ဟု ကျမ အမြဲယူဆခဲ့သည်။ တစ်ကြိမ်ပဲ၊ အဖေ့အဆုံးအဖြတ်မယူဘဲ ကျမလုပ်ဖူးသည်၊ အဲဒီတစ်ကြိမ်သည် ကျမဘ၀၏ အမှားဆုံး အမှားတစ်ခု ဖြစ်သွားခဲ့သည်။ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ အိမ်ထောင်ဖက်ဟာ အရေးအကြီးဆုံး အစိတ်အပိုင်းဟု သေချာမတွေးဘဲ ဆုံးဖြတ်ခဲ့တာ။ အဲဒီမှာ အကြီးဆုံးအမှားကို လက်ခံလိုက်ရပြီး နောက်ထပ်ရလာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အဲဒီ နောက်ပိုင်း ကာလကစလို့ အဖေနှင့် ကျမ သူစိမ်းဆန်သွားခဲ့တာပဲ ဖြစ်သည်။ ကျမအတွက်တော့ ကုသမရနိုင်တော့သော ရောဂါတစ်ခုကို ကြိုဆို ခေါ်ယူမိသလို အဖေ့ကို စတင် ဆုံးရှုံးခဲ့ရတာ။

+++++

အဖေနဲ့ ကျမရဲ့ ဘ၀အစ ကျမ ငယ်ငယ်က အချိန်တွေကို ပြန်တွေးမိလျှင် ခုပင် အဖေ့ကို လွမ်းလာသည်။ အဖေနှင့်အမေ ပြောပြတဲ့ ညဦး စကားဝိုင်းထဲက ငယ်ဘ၀ပုံပြင်တွေ။ ရုန်းကန်ပင်ပန်း ကြိုးစားခဲ့ရသမျှတွေ၊ အဖေ့ကြိုးစားမှုတွေကို အမေက ပံ့ပိုး။ တက်ညီ လက်ညီ။ အရည်အချင်းဖြင့်သာ အမြင့်တနေရာရောက်အောင် အလွယ်တကူ တက်လာနိုင်ခဲ့တဲ့ အဖေက ဘ၀မမေ့ဘဲ ရိုးသားသောအခါ အရာရှိသားသမီးဖြစ်လျှက်နှင့် ကျမတို့ မောင်နှမတတွေ ဆင်းရဲခဲ့ကြရသည်။ အသက်သုံးဆယ်မှာ အဖေ အရာရှိဖြစ်လာတော့ အမေ ကျောင်းဆရာမမှာ သားသမီး ငါးယောက် ပိုက်မိပြီ။ အဖေက ရသမျှ လစာ အမေ့ကို အကုန်အပ်။ အမေ့ဆီက မုန့်ဖိုးတစ်ရာ ပြန်ရသမျှကို လက်ဖက်ရည်တောင် မသောက်တတ်သည့် အဖေက မုန့်ဖိုးတွေကို စုပြီး သူနှစ်သက်ရာ ရေဒီယိုဝယ်၊ ကက်ဆက်ဝယ်၊ သီချင်းခွေဝယ်၊ ပန်းချီဆေးတွေ၊ စုတ်တံတွေ၊ ကင်းဗတ်စတွေဝယ်၊ စာအုပ်ဝယ်။ အဲသလိုနှင့် သူ့ အနုပညာပစ္စည်းတွေ စာအုပ်စင်မှာ နံရံကပ်စင်လေးတွေမှာ ပြည့်ပြည့် လာရတာ။

အဖေ့ကိုတူသော ကျမကတော့ ရသမျှ မုန့်ဖိုးလေးကို နည်းလွန်းလို့မို့၊ ကလေးပီပီ ပိုက်ဆံမစုနိုင်။ တစ်ကြိမ်မှာတော့ အတန်းထဲမှာ တခြားကလေးတွေ ကိုင်သော ရောင်စုံခဲတံဗူးလေး လိုချင်ခဲ့သည်။ ခဲတံဗူးလေးက ကိုယ်ထည်မှာ ငါးလေးတစ်ကောင် ဖန်ရေတကောင်းထဲ ကူးနေပုံကို ဆီစိမ်စက္ကူနှင့် ဖန်တီးထားရာ ဗူးခွံကလေးကို တွန်းရွှေ့လိုက်လျင် ငါးကလေး ရေကူးသွားသလို။ ဆီစိမ်စက္ကူကလည်း အထဲက ရောင်စုံခဲတံ ကလေးတွေကို မြင်နေရစေသည်။ အရောင်စုံ အသွေးစုံ။ ကျမက အရုပ်ကလေးတွေ ဆွဲတတ်တော့ သူငယ်ချင်း တွေက ကျမရဲ့ ရုပ်ပုံလေးတွေကို လိုချင်သည်။ ထိုအခါ သူတို့က စက္ကူဖြူတွေ ရောင်စုံခဲတံတွေပေးပြီး ကျမကို ပုံဆွဲခိုင်းကြသည်။ ကျမမှာ အဲသလောက် ဆွဲရတာကို ပျော်လှပြီ။ နောက်တော့၊ အိမ်မှာလည်း အဲဒီ ရောင်စုံခဲတံတွေနှင့် ကျမ ပုံဆွဲချင်လာသည်။ နေ့နေ့ ညည ရောင်စုံခဲတံဗူးလေးကို စိတ်ကူး အိပ်မက်။ မုန့်ဖိုးကလည်း စုမရ။ နောက်ဆုံးတော့ ကျမ မအောင့်အီးနိုင်တော့ပါ။
အဖေ…
သမီး ရောင်စုံခဲတံဘူးလေး သိပ်လိုချင်ပါတယ်။
အမေ့ကိုလည်း မပြောရဲဘူး။
သမီး ဒီလ အဆင့်တစ် ရအောင် လုပ်ပါ့မယ်။
သမီးကို ရောင်စုံခဲတံ ၀ယ်ပေးပါနော်။
သမီး-မိခက်။
အဲဒီလို စာမျိုး ရေးပြီး၊ မနက်စောစော ကျောင်းမသွားခင် ကျမတို့အိပ်ခန်းနှင့် ကပ်လျှက်ရှိ အဖေတို့ အိပ်ခန်းနံရံကို ကျော်တက်ကာ တဘက် နံရံကပ်စင်လေးပေါ်က အဖေရုံးသွားလျှင် ယူသွားနေကျ ဖိုင်တွဲပေါ်မှာ တင်ထားလိုက်သည်။ (အဖေက ညတိုင်း အလုပ်များများ လုပ်သည့်အတွက် မနက်ဆိုလျှင် နေမြင့်မှ နိုးသည်။ အဲသည်တုန်းက အဖေက နောက်ထပ် ဘွဲ့တခုထပ်ယူဖို့ စာကြိုးစားနေရတဲ့ အချိန်ဆိုတာ နောင် ကျမကြီးလာမှ သိရသည်)

အဲသည်နေ့ရဲ့ ညနေမှာ အဖေ ရုံးက ပြန်လာတာ နောက်ကျသည်။ ဒါတောင် အဖေ့ရုံးက ကျမတို့နေတဲ့အိမ်နဲ့ ကြားမှာ ကားလမ်းမတစ်စင်းသာ ခြားပါသည်။ အဖေပြန်လာတော့ ကျမက စာရေးစားပွဲမှာ အိမ်စာ လုပ်နေချိန်။ ရှေ့က စားပွဲပေါ်ကို စက္ကူအိတ်လေး တစ်လုံးကျလာသည်။ စက္ကူအိတ်လေးက ခပ်ဟဟ၊ ရောင်စုံခဲတံဗူးဟု သိသာစေသော ဗူးခွံပေါ်မှ ပိုးကြိုးလေးက ပြူတစ်တစ်ဖြင့်။ မော့ကြည့်လိုက်ချိန်မှာ အဖေက အိပ်ခန်းဆီ လျှောက်သွားခဲ့ပြီ။ အဲသည် ခဲတံဗူးလေးကို တစ်နှစ်ခံအောင် ကျမ တရိုတသေ နှမြောစုံမက်စွာ သုံးဖြစ်ခဲ့တာလည်း ခုထိ မှတ်မိသေးသည်။ အဲသည် စည်းကမ်းရှိ ပစ္စည်းရိုသေသော စိတ်ကလည်း အဖေ့စိတ်ပါပဲ။

ကျမ အသက်ရှစ်နှစ်လောက်မှာ အဖေ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့လေးဆီ ပြောင်းရွှေ့ တာဝန် ထမ်းရသည်။ ပထမဆုံး အိမ်နှင့် အကြာကြီး ခွဲသွားရသော အချိန်များ။ ဘယ်လောက်ပင် အိမ်နှင့် ကြာကြာ ခွဲရ သော်လည်း အဖေကတော့ အိမ်မှာ ချန်ထားခဲ့ရသော စာအုပ်စင်မှ စာအုပ်တစ်နေရာ လွဲသွားတာကိုပင် သိလောက်အောင် စည်းကမ်းကျနသူ။ သူတတ်နိုင်သမျှလေးနှင့် သူ့ဘ၀ သူ့မိသားစုလေးကိုလည်း သပ်ရပ် တောက်ပြောင်အောင် စည်းကမ်းတကျ ထားတတ်သူ။ ကျမကတော့ အဲသည်ကတည်းကနေ အဖေရှိဆဲ နောက်ဆုံး ကျမ အသက် သုံးဆယ့်ငါးနှစ် တိုင်တဲ့အထိ ကျမ လိုချင်တာကို အဖေ့ထံ စာရေးတောင်းလျှင် ရတုန်း။ အဖေကလည်း အမြဲ ဖြည့်ဆည်းခဲ့တာပါ။ အဖေ ကွယ်လွန်ချိန်ထိ ကျမကဖြင့် ဘာတစ်ခုမှ အဖေ့ကို ဖြည့်ဆည်း မပေးခဲ့ဖူးတာကို ဘယ်လို ဖြေသိမ့်မလဲ။ အဖြေမရှိပါ။

+++++

အိမ်မှာ ရေဒီယိုတစ်လုံး၊ အဲဒီကမှ ကားကက်ဆက်လေး…၊နောက်တော့ မိုနိုကက်ဆက်လေး၊ နောက် အဖြူအမဲ ရုပ်မြင်သံကြား၊ အဲဒီကမှ ခုလို အရာရာပြည့်စုံသော ဘ၀ကို ရဖို့ အဖေနဲ့အမေ ရုန်းကန် ကြိုးစားခဲ့ရတာ အနှစ်သုံးဆယ်လောက် ကြာခဲ့သည်။ အဖေ့ ချွေးစက်တွေ၊ အမေ့ခွန်အားတွေ ရင်းလို့။ သေချာတာကတော့ ကျမရဲ့ ချွေးတစ်စက် တစ်ပေါက်မှ မပါဝင်ခဲ့ဖူးတာပါပဲ။

+++++

ခုကျတော့ ကျမရဲ့ ငယ်အိပ်မက်ထဲကလို ပြီးပြည့်စုံသော ဘ၀ထဲမှာ အဖေက အမေ့ကို တစ်ယောက်တည်း စိတ်ချ လက်ချ ထားသွားခဲ့ပြီ။ တကယ်တော့ စောလွန်းလှပါတယ် အဖေရယ်..။ အဖေ့လို ကျန်းမာ သန်စွမ်း တက်ကြွ ဖျတ်လတ်သောသူ တစ်ယောက်အတွက် ငါးဆယ့်ခြောက်နှစ်ဆိုတဲ့ အသက်တာဟာ တိုတောင်း လွန်းလှပါတယ်။

+++++

ကျမအတွက်တော့ဖြင့် ကျမအဖေက ကျမရဲ့ Dictionary လည်းဖြစ်။ Encyclopedia လည်း ဖြစ်ပြန်သည်။အဲဒီ အဖေ့နေရာမှာ ဘာနဲ့ အစားထိုးရမှာလဲ။ ချစ်သူ ရွေးချယ်ရာမှာ ဦးနှောက်နှင့် မကြည့်ဖြစ်ဘဲ အသည်းနှလုံးနှင့်သာ ကြည့်တတ်ခဲ့ခြင်းမှာလည်း အဖေ့ထက် ပိုတော်မယ့် ယောက်ျား မရှိနိုင်ဘူးဟု ကျမ ယုံကြည်ခဲ့မိ တာတွေကြောင့် ဖြစ်နိုင်သည်။ လူပုထုစဉ်ပီပီ အဖေ့မှာ ချွတ်ယွင်းချက် ရှိသော်လည်း ကျမကမူ မပြောပ လောက်သော ချွတ်ယွင်းချက်ဟုသာ အမြဲ မြင်ခဲ့သည်။ အဖေ့ကို ကျမ နားလည်သည်။ သိသည်။ ဒါကို အဖေပင် သိမည် မထင်။ ကျမအတွက်တော့ အဖေ့ကိုနားလည်ဖို့ရာ အထူးပင် ကြိုးစားစရာ မလိုပါ။ ဘာလို့ဆို ကျမသည် စိတ်ခံစားချက်နောက်ကို လိုက်သည့်နေရာတွင် အဖေ့ကို လုံးဝတူသော သမီး ဖြစ်နေသောကြောင့်ပင်။ ပြီးတော့ အဖေသည် ကျမ တစ်သက်လုံး နေ့စဉ်ဖတ်လာခဲ့သော စာအုပ်တစ်အုပ်လည်း ဖြစ်သောကြောင့်ပင်။

+++++

အဖေက စိတ်ကူးယဉ်တတ်သည်။ စိန်ပန်းပြာကို ကြိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့လေးကို စွဲလမ်းသည်။ မြို့မငြိမ်းကို လွမ်းတတ်သည်။ပီကာဆိုကို ချစ်သည်။ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ကို သဘောကျသည်။ ဆိုဖီယာလိုရင်းနှင့် ဂရေစ့်ကယ်လီကို ကြိုက်သည်။ မွန်ရိုးနှင့် ပရက်စလေကို စွဲမက်သည်။ အက်ဘာ(ABBA) နှင့် ဘော်နီအမ်ကို ကြိုက်သည်။ နေရာတကာ အနုဆန်သည်။ တက္ကသိုလ် မှာ အဖေက အနုမြန်မာစာကို ယူသည်။ သားသမီးတွေကို နာမည်လှလှ ပေးသည်။ အဲဒီ စိတ်နှလုံးတွေက ကျမရဲ့ငယ်ဘ၀ ထဲမှာ ကျမနှင့်ထပ်တူ တစ်သားတည်း ရှိနေခဲ့တာ အဖေသိရဲ့လား။ အဖေ့အကြိုက်များက ကျမရဲ့ ခရေစီပါပဲ။ ခုချိန်ထိ အဖေနဲ့ကျမ အကြိုက်တွေတူဆဲ။ ပန်းချီပြပွဲတွေကြိုက်တာ.. ပေါ်ဦးသက်ကို ကြည်ညိုတာတွေ…Fame လို ရုပ်ရှင်ကို ရင်ခုန်တာတွေ...Flash Dance မှသည် Selena ထိ ကြိုက်တာ။ တစ်ခါမှ တစ်ခုမှ မလွဲဖူးခဲ့။ အသက်ချင်းကွာ ခေတ်ချင်းကွာလျက် အဖေနှင့်ကျမက Bruce Willis ကိုကြိုက်တာ Jennifer Lopaz ကို ကြိုက်တာတွေထိ တူတာရော အံ့သြစရာ မကောင်းဘူးလား။ ကျမ တစ်ခုခုကို ခံစားကြိုက်ပြီဆိုလျှင် အဲဒါ အဖေလည်း သဘောကျမည်ဟု သိပြီးသား။ အဖေက ကောင်းတယ်လို့ ညွှန်းလိုက်ရင်လည်း ကျမ ကြိုက်မည်ဟု သေချာပြီးသား။

ခုဆို.. ကျမကို ဘယ်သူလမ်းညွှန်မှာလဲ။ ဘယ်သူက ဦးဆောင်မှာလဲ။ ဘ၀မှာ တစ်ကြိမ်ပဲ အဖေနှင့်ကျမ အကြိုက် သဘောကွဲလွဲဖူးသည်။ အဲဒီ တစ်ကြိမ်လေးကပဲ ကျမရဲ့ဘ၀ကို ကြီးမားထင်ရှားစွာသော အမည်းစက် ထင်စေခဲ့ဖူးတာ။ ခုတော့၊ ကျမကို စံပြုပေးမယ့်သူ မရှိတော့ပြီ။ နောက်ထပ် မှားမှာ..ဘ၀မှာ အရသာတွေ မဲ့မှာ.. ခံစားချက်တွေ စမ်းတ၀ါးဝါးဖြစ်မှာ..။ ကျမကို ဘယ်သူ ဆယ်ပေးမှာလဲ။ အဲဒါတွေက အဖေကိုယ်တိုင်ပင် သိမည်မထင်သော ကျမအပေါ်က အဖေ့ရဲ့ လောင်းရိပ်တွေပဲ ဖြစ်ပါသည်။

+++++

အဖေ မရှိတော့တဲ့ နောက်မှာတော့၊ အဖေ့ စာအုပ်ဗီရိုထဲမှာ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဆန်ဆန် စာတမ်းလေး တစ်တွဲ တွေ့သည်။ ကျမ မဖတ်ပါ။ ဖတ်စရာ မလိုလောက်အောင် ကျမငယ်ငယ်က အဖေနှင့်မိသားတစ်စု ပန်းခြံ ကစားကွင်းဘက် လမ်းလျှောက်တိုင်း ကြားဖူးနေကျ အဖေ့ငယ်ဘ၀ ခံစားချက်များ။ ပြီးတော့ ကျမ အကြိမ်ကြိမ် ခံစားပြီး သတိရနေသော အကြောင်းအရာများသာ ဖြစ်ရမည်လေ။ ညီမအငယ်တွေကတော့ သိပ်ပြီး မမီလိုက်တော့ ဖတ်ရင်း ငိုကြ၏။ အဖေက စာရေးကောင်းတော့ ၀တ္ထုလေးလိုပဲ နေမှာပေါ့။

အဖေ့ဆီမှာ ကျမ ရှစ်လသမီးအရွယ် အဖေ ဖောင်ကြီးသင်တန်းတက်ရစဉ် သမီးကြီးကျမကို လွမ်းပြီး ရေးသော ဒိုင်ယာရီလို စာတိုလေးတွေ ခုထိ ရှိသေးသည်။ သေချာတာကတော့ ကျမ ကွယ်လွန်သွားပြီးချိန်မှာလည်း အဲလို မှတ်တမ်းမျိုးတွေ၊ ခံစားချက်စာတွေ အများကြီးရှိနေသည်ကို ကျန်ရစ်နေသူတွေ တွေ့ကြရလိမ့်မည်။ ကျမက အဖေနှင့် အဲသလို တူပါသည်။

+++++

အဖေက သူသေသွားတဲ့အခါ အုတ်ဂူလေးနံဘေးမှာ စိန်ပန်းပြာပင် စိုက်စေချင်သတဲ့။ အေးငြိမ့်တဲ့ ဂီတသံစဉ် တွေလည်း ပျံ့လွင့်စေချင်သတဲ့။ လေညှင်းလေးလည်း တိုက်ခတ်စေချင်သတဲ့။ ငှက်လေးတွေကိုလည်း သီချင်း ဆိုစေချင်သတဲ့။ နာမကျန်းနေစဉ်မှာပင်… အဲဒီဆန္ဒတွေကို စာညွန့်ပုံစံနှင့် အဖေ ရေးခဲ့သေးသည်။ အဖေ့ ရုပ်အလောင်းကို ရွှေ့စဉ် အိပ်ယာအောက်မှာ အဖေကိုယ်တိုင် ရေးခဲ့သည့် နာရေးကြော်ငြာကို တွေ့တော့ အမေ့ခမျာ သုံးဆယ့်ခုနစ်နှစ်တိုင် ပေါင်းလာခဲ့သော ချစ်လင်အတွက် ပူဆွေးရရှာသည်။

ဦးသိန်းရွှေ
(ပုသိမ်)
အသက်(၅၆)နှစ်

တကယ့်ကို အသက် ၅၆-နှစ်ပြည့်သောနေ့မှာ အဖေ့ရုပ်အလောင်းကို မီးသင်္ဂြိုလ်ရသည်။ ဒါပေမဲ့ ကံကောင်းတာလား.. ကံဆိုးတာလားတော့ မပြောတတ်ပါ ။ အဖေ့နောက်ဆုံးချိန်ကို ကျမ မတွေ့လိုက်ရ။ ထိုအခါ… ကျမအတွက်တော့ အဖေက ကျမတို့မိသားစု မော်လမြိုင်မပြန်ခင် ကန်တော့စဉ်မှာ ကုလားထိုင်ပေါ် ခပ်လျော့လျော့ထိုင်လို့ ဖျော့တော့တော့ ပြုံးပြီး ကျန်ခဲ့တာပါ။ ကျမအတွက်တော့…အဖေက အခါများစွာ ကလိုပဲ… ဟိုးအဝေး အဝေးတွေကို ခရီးသွားရင်း အလုပ်လုပ်နေတာပဲ ဖြစ်ပါသည်။

+++++

ကျမအဖေက သူ့ဘ၀ထဲမှာ အောင်မြင်သူ၊ လူဖြစ်ရကျိုးနပ်သူလည်း ဖြစ်သည်။ လူလူချင်း စာနာတတ်ပြီး သူတစ်ပါး အကျိုးပျက်စီးရာ ပျက်စီးကြောင်းကိုလည်း မလုပ် မကြံဖူးသူ ဖြစ်သည်။ သို့ပေမဲ့၊ ထင်ရှား ကျော်ကြား သူ မဟုတ်သည့်အတွက် အဖေက ကျမတို့ရဲ့ မိသားစုဘ၀ထဲမှာသာ အထင်ကရ ဖြစ်ရပါသည်။ အထူးသဖြင့် တော့၊ ကျမရဲ့ အထင်ကရ ကမ္ဘာမြေတစ်ခု။ ကျမအတွက်ဆိုလျှင်၊ အဖေ့စိတ်ကြိုက် ပြင်ထားခဲ့သည့် အနုပညာ ဆန်သည့် အိမ်ခန်းကလေးက တန်ဖိုးမဖြတ်နိုင်သော ပြတိုက်ပင် ဖြစ်သည်။ အဲဒီ ပြတိုက်လေးထဲမှာ အဖေ အမြဲ ရှိသည်။ အဖေ စုဆောင်းခဲ့တဲ့ စာအုပ်တွေ၊ ခရီးသွားရင်း ရိုက်ခဲ့တဲ့ ဗီဒီယိုခွေတွေ၊ အဖေ အပျော်ဆိုထားတဲ့ ကက်ဆက်ခွေတွေ၊ ရေးသားခဲ့သော စာတွေ၊ မိသားစု လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုခွေတွေ၊ ပြီးတော့ အဖေချစ်တဲ့၊ ရိုသေမြတ်နိုးခဲ့တဲ့၊ ဗိုလ်ကျ အနိုင်ယူသမျှ ခံခဲ့တဲ့ အဖေ့ဇနီး (ကျမတို့အမေ)…။ပြီးတော့၊ အဖေကိုယ်တိုင်တောင် မသိလိုက်ဘဲ ဗီဇစိတ်အရာမှာ အဖေနှင့် ထပ်တူ နီးပါးတူအောင် မွေးခဲ့သော သမီးကြီး ကျမ၊ နောက်ထပ် အဖေ့ဗီဇသွေးတွေ ဘယ်လောက်များများ ပါဝင် ဖွဲ့စည်းနေလဲဆိုတာ မသိနိုင်သည့် အဖေ့သမီး(ကျမ ရဲ့ ညီမအငယ်)တွေ.. မြေးတွေ..။ အဲဒီ အရာအားလုံးက အဖေ့ရဲ့ ပြတိုက်ထဲမှာ ရှိနေကြပါသည်။

+++++

ကျမအတွက်တော့ ဘာတစ်ခုမျှ မလိုတော့ပါ။ အဖေ့ထံမှ အကောင်းဆုံးအမွေကို ကျမရခဲ့တာ… ခုလာမည့် ဇွန်လဆိုလျှင် သုံးဆယ့်ကိုးနှစ်တောင် ပြည့်တော့မှာပဲလေ။ တစ်ခုပဲ ကျမ နောက်ကျခဲ့သည်။ ကျမ၏ ကလောင် အမည်ကို “စိန်ပန်းပြာ”ဟု ပေးခဲ့ဖို့ပင် ဖြစ်သည်။ (ကျမကိုမွေးလျှင် စိန်ပန်းပြာဟု နာမည်ပေးဖို့ စိတ်ကူးဖူးကြောင်း အဖေ ပြောဖူးပါလျှက်နှင့်...)။

(၁၉-၂-၂၀၀၁ တွင် ကွယ်လွန်ခဲ့သော အဖေသို့ လွမ်းဆွတ်လှစွာ…)
မေငြိမ်း
ရွှေအမြုတေ ၂၀၀၂။

8 comments:

pandora said...

ဆရာမရဲ့ ဖေဖေအပေါ်မှာ သဘောထား… ဆက်ဆံမှုတွေ ပန်ဒိုရာနဲ့လည်း သိပ်ဆင်တာပဲ..
ဖေဖေကလည်း စိန်ပန်းပြာနဲ့ တက္ကသိုလ်နယ်မြေကို သိပ်ချစ်တာ..

Thet Oo said...

May Nyane Blog လေးရှိနေတော့ မေငြိမ်း ရေးခဲ့ဘူးတဲ့ ၀တ္ထုလေးတွေ ဖတ်ဖြစ်သွားတာပေါ့။ ဂွတ်ထ .. ဂွတ်ထ.. ကောင်းလှောင့်တေး။

Maydarwii said...

မိခင်တယောက်ရဲ့ ရင်တွင်းခံစားချက် (အမေတယောက်ရဲ့ ကဗျာ) ပြီးတော့ သမီး တယောက်ရဲ့ အဖေ့အပေါ်မှာထားတဲ့ ခံစားချက် (အဖေပေးခဲ့တဲ့ အမွေ) ...
အမ ဖန်တီးမှုလေးတွေက ရသမြောက်လို့ ဖတ်လို့ မ၀ဘူး ... အနည်းဆုံး ၃ ခေါက် ဖတ်ဖြစ်တယ် ..
ကျေးဇူးတင်ပါတယ် အမ

May Nyane said...

ဘလော့ရေးသူအချင်းချင်းရဲ့ အားပေးမှုနဲ့
တယောက်နဲ့တယောက် ခံစားချက်တွေ အတွေးတွေ
သိပ်မကွာကြတာကိုတွေ့ရတာ ကျေနပ်စရာကောင်းလှပါတယ်။

May Nyane said...
This comment has been removed by the author.
May Nyane said...
This comment has been removed by the author.
clef said...

ဆရာမရေ..
အိမ်က အဖေကို သိပ်လွမ်းသွားပြီ။

Mya said...

Sis yay..

Your dad is quite same like my dad.. my dad also was a student of 1962. i love ABBA and Boney M coz of him.. My dad also passed away 1998 and i really like the word you said " not collapsing Golden Mountain, just sicking to crack soil "... thanks sis..

I just got your link last a few days...

Very meanigful days to read your blog when away from home.

MKT