Jun 5, 2007

ချစ်စိတ်

ဇင်းမယ်တဲ့။
နာမည်လေးကိုက ဆွတ်ဆွတ်ပျံ့ပျံ့နိုင်နေတဲ့ မြို့။

ဲ့ကျမအတွက်တော့..ဇင်းမယ်ဆိုတာက သိပ်ရင်းနှီးကျွမ်းဝင်နေတဲ့ နာမည်ပါ။

ဇင်းမယ်ဆို ညိုတဲ့မြို့မှာဆိုတာကို ညောင်ရမ်းခေတ်အိုင်ချင်းတွေထဲ တွေ့ခဲ့ဖူး။
အထူးသဖြင့် တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေထဲမှာ။

ဇင်းမယ်ကို လူအတော်များများက သိပ်လှတယ်တဲ့။
အင်း.. ကျမလဲ အဲသလိုပဲ ပြောဖြစ်ပါတယ်။
ဇင်းမယ်ဟာ သပ်သပ်ရပ်ရပ်နဲ့ တင့်တင့်တယ်တယ်ရှိလှတဲ့ မြို့ကလေးပါ။
ကဗျာဆရာကြီး(ဦး) တင်မိုးစကားနဲ့ ပြောရရင်တော့

ဇင်းမယ်ဟာ ဗမာတွေအတွက်တော့
မန္တလေးနဲ့ မေမြို့ကို အလွမ်းပြေစေတဲ့ မြို့ပေါ့။

မန္တလေးလို ကျုံးနဲ့..မေမြို့ရာသီဥတုဆန်ဆန်ရှိပြီး ပန်းမျိုးစုံဝေတဲ့မြို့။
ပြီးတော့ ရှမ်းတိုင်းရင်းသားတွေ အများကြီးတွေ့ရတဲ့မြို့။

ရာဇ၀င်မှာတော့ ဗမာက သူ့ကို အကြိမ်ကြိမ်နိုင်ခဲ့သတဲ့။
တချို့က ဒါကို ဂုဏ်လုပ်ကြတယ်။
ကျမကတော့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်
မတရားမှုကို တိုက်ယူရတဲ့ စစ်မျိုးမဟုတ်ဘဲ နယ်ပယ်ချဲ့ထွင်လိုစိတ်တွေကြောင့်တိုက်ကြတဲ့ကျူးကျော်စစ်ကိုတော့
မတရားစစ်လို့ ခံယူပြီး မုန်းတီးပါတယ်။

ကျမကတော့ ခုချိန်မှာ သူ့ရင်ခွင်ထဲ ခိုလှုံရင်း သူ့အပေါ်
ဗမာပြည်ရဲ့ ကျူးကျော်စော်ကားခဲ့ဖူးသမျှအတွက် အားနာနေမိတယ်။
သူကတော့ ခုချိန်မှာ ဗမာပြည်က လာလာသမျှ လူမျိုးမရွေးဘာသာမရွေး
လူဆိုးလူကောင်းမရွေးကို ရင်ခွင်ထဲ ထည့်ပိုက်ထားရတာပါ။

စဉ်းစားကြည့်ရင်တော့ သူ့ခမျာလဲ ရင်တမမရှိမှာ။ဒါကြောင့်ပဲ ထင်ပါရဲ့။ သူကလဲ
တခါတလေမှာတော့ ဗမာတွေကို နဲနဲ တင်းတင်းကျပ်ကျပ်ကိုင်တွယ်တတ်တယ်။

( မိဘကို အထင်သေးတာကြောင့် သားသမီးကို စော်ကားရဲတာလဲ ပါတယ်လို့ ကျမတော့ ထင်တာပဲ။တိုင်းပြည်အုပ်ချုပ်တဲ့ မိဘနဲ့ တူတဲ့သူတွေက မကောင်းတဲ့အတွက်ကြောင့်
ရလာတဲ့ အကျိုးဆက်တွေ.. ဖြစ်မှာ)

ဇင်းမယ်မှာ..
တောင်တန်းတွေ.. ဘုရားစေတီပုထိုးတွေ..ဘုန်းကြီးကျောင်းတွေနဲ့၊
လယ်ကွင်းတွေ..သစ်သီးဝလံ္လ သစ်ပင်ပန်းမာလ်တွေ..
ခုဆို ဗမာပြည်ဇာတိ ပိတောက်တွေ ငုတွေ ခရေတွေပါ ဇင်းမယ်ကို ရောက်လာပြီ။

ဒါပေမဲ့ ကျမစိတ်ထဲ ဇင်းမယ်ကို မချစ်ခဲ့သေးပါ။
အနောက်တိုင်းမျက်နှာဖြူတွေ အများကြီးရှိတဲ့ ဒီမြို့လေးက နေချင်စဖွယ် ဖြစ်ပေမဲ့
ကျမကတော့ ကိုယ့်တိုင်းပြည်လောက်မှ လှတယ်မထင်.. ချစ်စရာကောင်းတယ်မထင်။
ကျမတို့ဆီမှာရော.. အင်းလေး ကလောတ၀ိုက်..ပုဂံညောင်ဦးတ၀ိုက်..ငပလီ ချောင်းသာ..ကချင်ပြည်က မြစ်ဆုံဒေသ..မေမြို့က ချယ်ရီတွေ.. ဘားအံမြို့နားက သံလွင်မြစ်တကြော ကိုများ ရေကြောင်းအတိုင်း ဆင်းသွားရင် ၀န်းကျင်အလှက လူတိုင်းကို ဖမ်းစားနိုင်တာ။ အဲလိုနေရာမျိုးတွေကျမတို့ တိုင်းပြည်မှာ.. အများကြီး ။ဒီတော့ဖြင့် ဇင်းမယ်က ကျမကို ဘယ်လောက်မှ သိသိသာသာ မဖမ်းစားနိုင်ခဲ့။

ဒါပေမဲ့.. အဲဒီဇင်းမယ်ကို တကြိမ်မှာတော့ ကျမ ရင်ခုန်သွားခဲ့ရပါတယ်။
ဇင်းမယ်ရဲ့ နာမည်ကျော် တောင်ပေါ်ဘုရား ဒွိုင်စူထက် ကို သွားဖူးတုန်းကပေါ့။
ဒွိုင်စူထက်ဘုရားက ကျမနေခဲ့တဲ့ မော်လမြိုင်က ကျိုက်သံလံ္လဘုရားနဲ့ တူလှပါတယ်။
အဲဒီမှာ ကျမ ရင်ထဲ ကျမ ၅နှစ်ကျော်ကျော်နေခဲ့တဲ့ မော်လမြိုင်ကိုလွမ်းစိတ်နဲ့
ကြေကြေကွဲကွဲဖြစ်နေမိပါတယ်။အဲဒီအချိန်မှာပဲ ကျမကို စိတ်လှုပ်ရှားသွားစေတဲ့ မြင်ကွင်းက
ကျမရှေ့ရောက်လာတာ။

ဘုရားရင်ပြင်မှာ အင်ကြင်းပန်းတွေ ကြွေနေတဲ့ မြင်ကွင်း..။
တဖွဲဖွဲကြွေလက်စ မြင်ကွင်း...။


ကျမရင်ထဲ တလှပ်လှပ်ခုန်လာတယ်။ အင်ကြင်းဟာ ကျမ သိပ်မြတ်နိုးတဲ့ပန်း..
ကျမ ကြည်ညိုလေးမြတ်လှတဲ့
ဗုဒ္ဓ ကို အင်းကြင်းပင်မှီပြီး ဖွားခဲ့တာကြောင့်ရော..
အင်ကြင်းပွင့်ရဲ့ ဆန်းတဲ့ ခမ်းနားတဲ့ သန္တာန်ကြောင့်ရော..
ကျမက အင်ကြင်းပန်းကိုတွေ့ရင် ရင်ခုန်တယ်။
ပြီးတော့ အင်ကြင်းက တွေ့ရခဲတဲ့ ပန်း..။
ဒါနဲ့ပဲ..အဲဒီ ညနေမှာမှ ..
ဇင်းမယ်ကို ကျမက ရင်ခုန်သွားတော့တာ။
ကိုယ်မှီခိုနေရတဲ့ မြို့ကလေးကိုအဲဒီတော့မှပဲ ချစ်ရကောင်းမှန်း နဲနဲသိသွားတာ။ ပြီးတော့..
အဲဒီနောက်ပိုင်းမှာမှပဲ
ဇင်းမယ်က ပိုပြီး ချစ်စရာကောင်းလာတယ်လို့ မြင်လာပါတယ်။
အဲဒီအခါမှာတော့... ဇင်းမယ်ကို ကျမ ထပ်တခါ အားနာခဲ့ရပြန်ပါတယ်။

ကြည့်ပါဦး..သူ့ရင်ခွင်မှီပြီး ကျမ သူ့ကို မေ့မေ့လျော့လျော့ စော်ကားနေမိခဲ့တာ။
အသေးအဖွဲလေးပေမဲ့လဲ အားနာစရာ။ အဲဒါနဲ့ပဲ ဆက်စပ်ပြီး ကျမ..တွေးမိတယ်။

တစုံတရာအပေါ် ကျေးဇူးမသိစွာ စော်ကားသလို ပြုမူမိတာတွေကို
လူတိုင်းသာ သတိထားမိကြမယ်ဆိုရင်..
ပြီးတော့ ချစ်စိတ်နဲ့ ခံစားတတ်ကြမယ်ဆိုရင်...
လောကကြီးက ဘယ်လောက်များ ပိုပြီး လှလာလိုက်မလဲလို့…။

မေငြိမ်း(၅၊ဇွန်)

4 comments:

pandora said...

ဟုတ်တယ် ဆရာမရေ ပန်ဒိုရာလည်း ကဗျာမဆန်တဲ့ ခြင်္သေ့တပိုင်း ငါးတပိုင်း မြို့ကြီးကို မချစ်သော်လည်း အောင့်ကာနမ်း မနမ်းသော်လည်း ပင့်သက်ရှုနေရတယ်။ ပင့်သက်ကတော့ မရှုလို့လည်း မရဘူး မောလို့။ ကိုယ်နေတဲ့ မြို့ဘွဲ့လေး ချစ်စရာလေးတွေ ရွေးပြီး ကဗျာတစ်ပုဒ်စပ်ဦးမှပါပဲ။

May Nyane said...

ပန် ရေ..
ထိုင်းလဲ ထိုင်းအလျောက်
ချစ်စရာကောင်းတာလေးတွေတော့
ရေးသွားမယ်လို့ စဉ်းစားထားတာပဲ။
အနည်းဆုံး Multi culture ကို
မှတ်တမ်းတင်ရာတော့ ရောက်မယ်ထင်တာပဲ။
တခြား နေနေကြရတဲ့ နေရာလေးတွေအကြောင်းလဲ
ဖတ်ချင်ပါတယ်..ရေးပါဦး မပန်။

Maydarwii said...

ဇင်းမယ်ကို မရောက်ဖူးပေမယ့် ညီမလည်း ငယ်ငယ်လေးထဲက ရင်းနှီးနေခဲ့ တယ်။ အမပြောသလို ကဗျာထဲမှာရော .. ပြီးတော့ ဇင်းမယ်လုံချည်ဆိုတာကို ရောလေ။ ဇင်းမယ်မှာ ဇင်းမယ်လုံချည်လုပ်ငန်း ရှိတာလားဟင် .. ။
ဇင်းမယ်မြို့လေးက မေမြို့လို ရာသီဥတုဆိုတော့ နေလို့ကောင်းမှာပဲနော်။
အင်ကြင်းပန်းလေးတွေ ပွင့်တယ်ဆိုတော့ ပိုလို့တောင် နေပျော်ဦးမယ်။ ညီမလည်း အင်ကြင်းပန်းချစ်တယ် အမ။ သူ့အနံ့လေးကလည်း မွှေးတယ်။ ပွင့်တဲ့ပုံစံကလည်း ဆန်းတယ်။ ရန်ကုန်က ကိုးထပ်ကြီးဘုရားမှာလည်း အင်ကြင်းပင် ရှိတယ်နော်။
အမရဲ့ အင်ကြင်းပန်းလေးတွေ ကိုမြင်တော့ အချစ်ကြီးပြီး အညှိုးကြီးတဲ့ စူဠသုဘဒ္ဒါကို သွားပြီး သတိရမိသေးတယ်။

M.Y. said...

မြန်မာစာ ဆရာမ ရေးတဲ့စာ တွေက ကောင်းနေတာတွေရယ်၊တစ်မိုးထဲအောက်မှာ ကကျွန်တော့်မှာလဲရှိခဲ့ဖူးတာရယ်ကြောင့် ကွန်မန့် မရေးဖြစ်ခဲ့ပါဘူး..
ချစ်တဲ့ အမိမြေရဲ့ အဝေးက ခံစားမှုအလွမ်း၊ သူစိမ်းမြေပေါ်က သဘာဝအလှတရား ရဲ့  ဖမ်းစားမှု ၊သူကသတိပေး လိုက်တဲ့ကျေးဇူးတရားကို ဆင်ခြင်မှု၊ အားလုံးကို ထပ်တူခံစားလိုက်ရတယ်…
ကျွန်တော်ထိုင်းကို မရောက်ဘူးပါ။ မြန်မာကအလှဆုံးပဲဆိုတာအမှန်ဆုံးပါပဲ..ကျွန်တော်တို့ ဒီလို အတ္တဆန်ခွင့်ရှိပါတယ်နော..
အဲဒိမှာ အယုဒ္ဒယ ဆို တဲ့ကျွန်တော်တို့ ဘုရင်ခေတ်က မီးရှို့ ဖျက်ဆီးခဲ့တဲ့နေရာနဲ့ ဒေသခံလူတွေရဲ့ မြန်မာ အပေါ်သဘောထား ကို စိတ်ဝင်စားတယ်..အစ်မ ရောက်လို့  လေ့လာခွင့် ကြုံခဲ့မယ်ဆိုရင်ပေါ့