Jun 25, 2007

စွန်နှစ်ကောင်(အပိုင်းတစ်)

ကျမပို့စ်တင်တာ သိပ်စိပ်တော့ ဖတ်တဲ့သူတွေ ဆက်တိုက်ကြီးဖတ်နေရတာ
ဖတ်အားကြပါ့မလားလို့ စိတ်ထဲ တွေးနေမိတာ။
အဲဒါကို s0wha1 လေးက မှန်မှန်မတင်လို့တဲ့..လေ။
ကြည့်ပါဦး။ ကျမကတော့ တင်ချင်တာပေါ့။

ခုလဲ မိုးကနေ..ကျောင်းထဲရောက်.. အဲဒီကနေ အင်းလျား။
အဲ..အင်းလျားရောက်တော့..

အင်းလျားနဲ့ ပတ်သက်တာတွေက တသီတတန်းကိုး……………..

ဒါနဲ့ အဲဒီ တသီတတန်းထဲကနေ အစတစ်စ ဆွဲထုတ်လိုက်ပါတယ်။
အင်းလျားကနေ စတဲ့ စွန်နှစ်ကောင် ဆိုတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ပါ။ ၁၉၉၅ ရွှေအမြုတေမဂ္ဂဇင်း အထူးထုတ်မှာ ပါခဲ့တာ။ (ဘလော့မှာတော့ ရှည်မှာမို့ အပိုင်းခွဲပြီး တင်သွားပါ မယ်နော်)

စွန်နှစ်ကောင်

အင်းလျားကန်ပေါင်ရဲ့ ညနေကတော့ အခါများစွာကလိုပင် အပူချိုချိုနှင့် လူတွေ စည်ကားလို့၊ အလှမပျက်။ ကန်ထဲမှာ ရွက်လွှင့်နေသော လှေနှစ်စင်းက တငြိမ့်ငြိမ့် မျောလို့။ ပြီးတော့ တိမ်အရောင်တောက်တောက် နောက်ခံ ပန်းချီကားနှင့်။ သစ်ရွက် သစ်ပင် စိမ်းအုပ်အုပ်တွေ။ အပူထဲက အအေး။ ရင်ထဲထိ အေးချင်လှသည်။ တကယ်ဆို သူမတို့ ရှိနေရာဝန်းကျင်က တကယ့်ကို စိတ်အေးချမ်းသာဖွယ် မြကျွန်းဝန်းကျင်ပေပဲ။ အင်းလျား တ၀ိုက်ဟာ စိမ်းအေးသော ကျွန်းမြေပဲ မဟုတ်လား။ ပြီးတော့ သူမ ချစ်ခင်တွယ်ဖက်ရာ ကျောင်းပရိဝုဏ်။ သူမရင်ထဲ ကဗျာတစ်စ ရောက်လာ၏။ အောင်ပြည့်ရဲ့ ကဗျာ။

ထားပါတော့လေ။
မြကျွန်း…သာနေပါ၏။
စိုနေတဲ့ခေါင်းအုံးလေးနဲ့ ရှိုက်သံတွေ

… ဘယ်မှာဖွက်ထားခဲ့သလဲ… ပြော

တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုခဏမှာ မောင့်ဆီမှ သက်ပြင်းရှိုက်သံ ဖွဖွကို ကြားရသည်။

လတ် တကယ်ဆုံးဖြတ်နိုင်ပြီပေါ့ဟုတ်လား

တကယ်တော့ မောင် မယုံကြည်၍ ပြန်မေးခြင်းမျိုး မဟုတ်သည်ကို သူမလည်း အသိပင်။ သေချာပြီးသားကိုပဲ မောင်က လက်မခံနိုင်သေးတာ ဖြစ်နိုင်ပါလိမ့်မည်။

ဆုံးဖြတ်တာမဟုတ်ပါဘူး မောင်ရယ်၊ အရွေးချယ် ခံလိုက်ရတာပါ

မောင်က သူမ၏လက်ခုံကို သူ့လက်ဖ၀ါးတွေနှင့် အုပ်ကာ ဖိညှစ်လိုက်၏။ သူမကတော့ ဝေ့လည်လာသော မျက်ရည်တွေကို လွှဲဖယ်ဖို့ ကောင်းကင်ကို မော့ကြည့်လိုက်ရသည်။ ကောင်းကင်မှာတော့ လေမိပြီး ငြိမ့်နေသော အနီရောင် စွန်နှစ်ကောင်။ ကောင်းကင်ထဲမှာ ပျော်နေတယ်နဲ့ တူပါရဲ့။

တကယ်ဆို အဲဒီအမြင့်မှာ လွင့်ဝဲရခြင်းဟာ သူတို့အတွက် အတု သာပဲ။ သူမတို့နှင့် မလှမ်းမကမ်းမှာ ထိုစွန် နှစ်ကောင်ကို လွှတ်တင်သည့် ကလေးနှစ်ယောက်က ရစ်ဘီးကို လိုသလို လှည့်နေကြ၏။ သူတို့ လက်ထဲမှာ ထို စွန်နှစ်ကောင်၏ ကံကြမ္မာရှိသည်။ တကယ့် စွန်ရဲတွေကတော့ဖြင့် တဖြည်းဖြည်းနှင့် မိုးပျံ အဆောက်အဦးတွေ များလာသည့် မြို့ပြ၏ ကောင်းကင်ကျဉ်းကျဉ်းကို စွန့်ခွာကုန်ကြ၏။ ခုတော့၊ သူမတို့ အရင်ကလို စိတ်အား တက်ကြွဖွယ် စွန်ရဲတွေကို အလွယ်တကူ မမြင်ကြရတော့။ မြို့ပြင် လယ်ကွင်းတွေဘက်မှာဖြင့် သူတို့ကို လွပ်လွပ်လပ်လပ် လေဟုန်စီးနေတာ တခါတခါ မြင်တွေ့နိုင်မည်။


ဟိုမှာကြည့်စမ်း မောင်၊ အဲဒီစွန်တွေဟာ လတ်တို့နှစ်ယောက်နဲ့ တူတယ်။ လတ်တို့ အခုရှိနေတဲ့ ၀န်းကျင်ဟာ ကောင်းကင်အတုပဲလေ မောင်ရယ်၊ ဒါကို လတ်တို့ လက်ခံကြရလိမ့်မယ်

ဒါပေမဲ့ လတ်ရယ်၊ မောင်တို့သားသမီးတွေကို နယ်မြို့ကလေးမှာ

သူမ မောင့်ကို စကားဆုံးထိ ပြောခွင့်မပြုချင်ပါ။ မောင့် နှုတ်ခမ်းတွေကို လက်ခုံတွေနှင့် လှမ်းပိတ်လိုက်မိသည်။

လတ်တို့လိုပဲပေါ့ မောင်၊ တချိန်ကျရင်တော့ လတ်တို့လိုပဲ မြို့ကြီးမှာ ကျောင်းလာတက်ခွင့်လောက်တော့ သူတို့ ရကြမှာပါ

မောင်က ခေါင်းငုံလျှက် ငြိမ်သွား၏။ ခဏကြာမှ

မောင်တို့နှစ်ယောက် စောင့်ခဲ့၊ မျှော်လင့်ခဲ့ကြတာ ဒီလောက်ကလေးပဲတော့ မဟုတ်ပါဘူး နော် လတ်

ဟု မခံချိမခံသာဟန်ဖြင့် ခပ်တိုးတိုး ဆိုလေသည်။ သူမကတော့ ခပ်ဖွဖွ ပြုံးရင်း ကိုယ်က အကောင်းဆုံးကို ရွေးချယ်လို့ မရဘူး၊ အကောင်းဆုံးကသာ ကိုယ့်ကို ရွေးချယ်လိမ့်မယ် ဟူသော ရာဗင်ဒြာနသ်တဂိုး၏ စကား ကိုပဲ ဒဏ်ရာတစ်ခုလို နာနာကျင်ကျင်နိုင်စွာ သတိရ နေမိပြန်သည်။ ထိုစကားသည် သူမ လက်မခံချင်ခဲ့ဆုံး သော စကားဖြစ်လျှက် ခုတော့ဖြင့် သူမရော မောင်ပါ လက်ခံလိုက်ကြရပြီ။

ထိုညနေသည် ချစ်သော မြို့ပြသို့ နှုတ်ဆက်ညနေတို့၏ အစလည်း ဖြစ်သည်။

+++++
(နောက်နေ့တွေ ဆက်တင်သွားပါမယ်။)

မေငြိမ်း(ဇွန်၂၅)

4 comments:

Yangon-Thu said...

ဆရာမ.. မင်္ဂလာပါ။ ဆရာမရဲ့ ပို့စ်အသစ်တွေကို အမြဲစောင့်ဖတ်ရတာမို့ မအားတဲ့ကြားကပဲ အချိန်ယူဖတ်ပါတယ်။း)

ကလိုစေးထူး said...

ဒီဝတ္ထုက ဘယ်နှစ်ရက် တခါ တင်မှာလဲဗျို့။ တင်တော့လဲ အခန်းက နည်းနည်းလေး။ စကားမစပ် ပြောရအုံးမယ်။ ကျနော့်ဆီမှာ ရှိနေတဲ့ ရွှေအမြုတေ စာအုပ် တအုပ်ထဲမှာ အမပုံပါတဲ့ စာအုပ်တအုပ်ရှိတယ်ဗျို့။ အဲဒီအထဲမှာ အားရပါးရကြီးကို ရယ်နေတာ။ :)

Min Min said...

ဆရာမ အားရပါးရကြီးရယ်နေတယ်ဆိုလို့ ကျွန်တော်လဲကြည့်ချင်ပါ့.. ဆရာမ ခွင့်ပြုရင် တင်လိုက်ပါလား။ ဆရာမက အရမ်းပျော်ပျော်နေတတ်တယ်။ ဆရာမ တင်ပေးလို့ ဖတ်ရတာကို ကျေးဇူးတင်ပါကိုစေးထူးရာ။ ဒီမှာ ကျွန်တော် ဖတ်ချင်တာတောင် စာအုပ်မရှိဘူး။ ဒါလေးတွေပဲ လိုက်စု ဖတ်နေရတာ...

May Nyane said...

မေ(မေဓါဝီ)က ကောင်းခန်းမှာ
ဖြတ်ဆိုလို့ ဖြတ်လိုက်တာပဲ..ဟိ