မိုးအကြောင်းရေးဖို့ Tag ပါတယ်။
ဒါပေမဲ့ ရေးစရာလေးတွေ တိုက်နေတာကြောင့်ရော..
သူများတွေ ရေးတာ စောင့်ဖတ်ချင်တာကြောင့်ရော..
လူကြီးပီပီ .. ခုမှပဲ နောက်ကလိုက် Tag လိုက်ပါပြီ။
ဘာလို့ဆို.. ကျမက မိုးချစ်တဲ့သူလေ။
(ဒီတော့လဲ ..ထပ်ရေးရသေးတာပေါ့လေ..)
စွဲလန်းစရာဖြစ်နေတာတွေ
ကျမတို့ဝန်းကျင်က သြကာသလောကထဲမှာ
အများကြီးတွေ့ဖူးကြမယ် ထင်ပါတယ်။
မြက်ခင်းပြင်တွေ ကွင်းပြင်တွေ ကြည့်ရင်း လွမ်း..
ကန္တာရ တွေ သဲသောင်တွေ ပင်လယ်တွေ ကြည့်ရင်း လွမ်း..
အဲလိုပဲ..
ပန်းတွေကို ချစ်။ ရာသီဥတုကို ချစ်။ တိရစ္ဆာန်လေးတွေ ချစ်။ ချစ်သူကို ချစ်။
အဲဒီလို ခံစားချက်တွေက… ဆန်းတယ်။
ဒီအထဲ ကျမလဲ ပါတယ်။
ပန်းပွင့်တွေကို ခံစားတယ်။ ရေမြေတောတောင်ကို ခံစားတယ်။
ပုဂံဘုရားပုထိုးတွေကို ခံစားတယ်။
ထန်းတောညို့ညို့တွေကို ခံစားတယ်။
ဇွဲကပင်တောင်ကြီးကို ခံစားတယ်။
နှင်းတွေကို ခံစားတယ်။ မိုးရေစက်တွေကို ခံစားတယ်။
နွေရွက်ကြွေတွေကို ခံစားတယ်။ ခါသင်္ကြန်ကို ခံစားတယ်။
အမည်နာမတွေကို ခံစားတယ်။ စိတ်တွေကို ခံစားတယ်။
အဲဒီအထဲမှာ မိုး ကို ခံစားတာလည်း ပါပါတယ်။
ကျမက မိုးနဲ့ပတ်သက်ရင်…
မိုးစက်မိုးပေါက်တွေ..
အပြိုင်အဆိုင်ပွင့်ကြတဲ့ပန်းတွေ..
ပြီးတော့ မိုးရဲ့ရနံ့ ..မိုးရဲ့ လေပြေ..
မိုး ဆိုတဲ့ အမည်နာမ.. အားလုံးကို ချစ်တာ။
(ကျမရေးခဲ့တဲ့ လုံးချင်းဝတ္ထုတွေထဲမှာတောင်
မိုးရွာတဲ့ မြင်ကွင်း မပါတာ ခပ်ရှားရှား)
မိုးတွေ သည်းသည်းရွာပြီဆို.. ခုချိန်ထိ ကျမ ငြိမ်ပြီး စိတ်ကူးယဉ်ကောင်းတုန်း။
ဒါပေမဲ့ မိုးကို ခံစားတတ်လာတာကတော့ အရွယ်ရောက်မှပါ။
အထူးသဖြင့်ပြောရရင်တော့.. တက္ကသိုလ်ရောက်မှ။
ကျောင်းသူဘ၀.. မိုးရွာပြီဆို.. အင်းလျားကန်ဘောင်ဆီ အပြေးသွားပြီး
မိုးရေတွေ ရေပြင်ပေါ် မြားတံလို ကျနေတာကို ခဏခဏ ထိုင်ကြည့်ဖူး။
ဒါပေမဲ့ မိုးကို ခံစားတတ်လာတာကတော့ အရွယ်ရောက်မှပါ။
အထူးသဖြင့်ပြောရရင်တော့.. တက္ကသိုလ်ရောက်မှ။
ကျောင်းသူဘ၀.. မိုးရွာပြီဆို.. အင်းလျားကန်ဘောင်ဆီ အပြေးသွားပြီး
မိုးရေတွေ ရေပြင်ပေါ် မြားတံလို ကျနေတာကို ခဏခဏ ထိုင်ကြည့်ဖူး။
၈၈ မတိုင်ခင်... တံတားဖြူက ခရမ်းပြာဆိုတဲ့ လဘက်ရည်ဆိုင်လေးထဲမှာ ထိုင်ရင်း မိုးသည်းသည်းအောက်က ကန်ပေါင်ဆီကို ဆိုင်လေးရဲ့ နံရံသစ်ချောင်းတိုင် ကျဲကျဲတွေကြားကနေ ငေးရင်း ကျမရဲ့ ပထမဆုံး လုံးချင်းဝတ္ထု သီချင်းနှင်းဆီကို ရေးခဲ့တာ ..။
အဲဒီထဲမှာ စာရေးဆရာပေါက်စ.. ကဗျာရေးသူပေါက်စ.. တစ်ဦးတည်းသော မိန်းကလေး..ကျမ ရှိတယ်။ ပြီးတော့ ၈၈ နောက်ပိုင်း န၀တအစိုးရက ဗကပ ယူဂျီ ဆိုပြီးတော့ ထောင်ချပစ်ခဲ့တဲ့ စာပေသမားတစုလဲ ခရမ်းပြာမှာ ရှိတတ်တယ်။ ခရမ်းပြာဟာ..စာပေ အနုပညာ နဲ့ နိုင်ငံရေး တို့ ဆုံရာ အရပ်လေးတခု။
မိုးသည်းတဲ့နေ့တွေဆို တဆိုင်လုံး လူမရှိသလို ငြိမ်တိတ်အေးချမ်း..။
တကယ်တော့ သူတို့ အားလုံးလိုလို ရှိနေကြတာ။ တခါတလေ ဘာအတီးမှ မပါဘဲ မိုးရဲရင် ဆောင်းရဲရမယ် ကို ၀ိုင်းအော်ဆိုကြသေး။ မိုးနည်းနည်းပါးချိန်.. ၀န်းကျင်တခုလုံး စိုစို စိမ်းစိမ်း အေးငြိမ်းနေတုန်းဆိုရင်တော့.. ကျမတို့ ကဗျာသမားအုပ်စုနဲ့ ခင်နေပြီဖြစ်တဲ့.. (ကျမတို့က ချိုစိမ့်လို့ နာမည်ပေးထားတဲ့) ခရမ်းပြာဆိုင်ရှင် ရီရီ ဆိုတဲ့ ညီမလေးကို ကိုနေ၀င်းရဲ့ ယာဉ်အမီ ရီရီပြုံးပြန်ပါ သီချင်းတွေကို ဖွင့်ခိုင်းမြဲ။ ပြီးရင်.. စစ်ကိုင်းလမ်း.. ပြီးရင်..ခတ္တာ..။ ညနေစောင်း အိမ်ပြန်ရခါနီးလာရင်တော့ ဘာကြောင့်မှန်းမသိ နောက်ဆုံးအိပ်မက် ကိုပဲ တညီတညွတ်တည်း နားထောင်ချင်ကြ။
ရဲရင့်..ကျောက်ခက်တို့ ဖြိုနေဆဲ.. ငါ့စိတ်တွေ နှင်နေတုန်းပေါ့..
တချို့တွေ နေနိုင်လွန်းတယ်…
တချို့တွေ နေနိုင်လွန်းတယ်…
ဆိုတဲ့ နေရာရောက်ရင် တကယ် ပြန်ဖို့ ပြင်ကြ။ လှည်းတန်းထိ လမ်းလျှောက်ကြဖို့ အရေးလဲ ပြည်လမ်းမကို မရွေးဘဲ ကန်ဘောင်ပေါ် တက်ပြီး ကျောင်းဝင်းထဲ ဖြတ်လျှောက် တဲ့ လမ်းရှည်ရှည်ဝေးဝေးကိုပဲ ရွေးကြတာပဲ။ ကျမတို့အဖွဲ့ ခရမ်းပြာထဲက ထွက်ပြီဆိုရင်
နှုတ်ဆက်ခဲ့ပါတယ်.. ကျနော်သွားတော့မယ်..လမ်းရဲ့ သယ်ဆောင်ရာ .. ဟို အဝေးကို ..အဝေးကို… လွမ်းတတ်ရင်လဲ လွမ်းမှာပဲ..လွမ်းမယ်….
လို့ အော်ဆိုသွားကြမြဲ။ အဲဒီအခါ ကိုခင်ဝမ်းရှိနေရင်..သူက ပြုံးလို့။ ကန်ပေါင်ပေါ် ရောက်တော့ သီချင်း တပုဒ်ပြောင်း.. ။
ဆော်လမွန်ငါးတို့အပြန်.. အပြန်..အပြန်..အပြန်..ဆော်လမွန်ငါးတို့အပြန်..
တက္ကသိုလ်မြေနေ၀င်မှာကိုစိုးတယ်…ခုံတန်းလျားလေးတွေနဲ့အတူ..
အင်းလျားမြေက ချစ်ရိပ်သာရယ်..အော်..အဓိပတိနဲ့ သစ်ပုတ်ပင်ရယ်..
ဘယ်သူရင်ထဲ ခွဲမလဲကွယ်..
အင်းလျားမြေက ချစ်ရိပ်သာရယ်..အော်..အဓိပတိနဲ့ သစ်ပုတ်ပင်ရယ်..
ဘယ်သူရင်ထဲ ခွဲမလဲကွယ်..
ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲ မြေမှာ ကျဲပြန့်နေ..ကံကော်ပန်းတွေနဲ့အတူ.. သူနဲ့တွေ့ရာမြေ.. တက္ကသိုလ် သို့မဟုတ် မြကျွန်းသာအင်းလျားကန်နယ်မြေ….
အဲဒီတုန်းကတော့ ကျမတို့တတွေ လူငယ်ပီပီ မေ့မေ့ပျောက်ပျောက် ပျော်ပျော်မွေ့မွေ့ ..။
ကျောင်းကို အင်မတန်စွဲလန်းတယ်ဆိုတဲ့ ဖေဖေကတော့ အဲလိုမဟုတ်။
ကျမကို ကျောင်းလာကြိုရင်း သူသတိရတဲ့ကဗျာတွေကို ပြောပြတော့..
တက္ကသီလာ
သွေးမိုးဖြာသည်
ပြည်ရွာမိဘ မြင်လှဲ့ပါ့.. တို့
ကျမကို ကျောင်းလာကြိုရင်း သူသတိရတဲ့ကဗျာတွေကို ပြောပြတော့..
တက္ကသီလာ
သွေးမိုးဖြာသည်
ပြည်ရွာမိဘ မြင်လှဲ့ပါ့.. တို့
သွေးစီးပွက်ပွက် ခုနစ်ရက်နေ့
မမေ့ပါနိုင် လဇူလိုင်တွင်
သဲဆိုင်အက်အက် အသက်စတေး
ခွင့်ရေးဆန္ဒ ပြခဲ့ကြသည့်
ဘ၀ကောင်းရာ လားစေသော်… တို့.. အဲဒါတွေပဲ သတိရတော့တယ်တဲ့။
(အဖေက ၆၂ ကျောင်းသားကိုး)
အင်းးး…တကယ်တော့ လူတိုင်းက ကိုယ်စွဲမိစွဲရာပဲ ထင်ပါရဲ့နော်။
ကျမကလဲ မိုးဆိုရင်.. အမြဲ အဲဒီမြင်ကွင်းတွေ ဒီအချိန်တွေကိုပဲ သတိရ။
ဒါနဲ့ပဲ ဆိုင်ဆိုင် မဆိုင်ဆိုင် မိုးအမှတ်တရကို ခုလို ရေးဖြစ်ခဲ့ပါတယ်။
(ကျမက ထပ် Tag မှာကတော့ ခင်မင်းဇော်..ယောဟန်အောင် နဲ့ ကိုမြင့်ဇေ..ပါ။
အချိန်လုပြီး ရေးပေးကြပါဦးး)
အချိန်လုပြီး ရေးပေးကြပါဦးး)
13 comments:
အန်တီရေ...အဲဒီခေတ်က တက္ကသိုလ်ကို တက်ဖူးချင်လိုက်တာ...
ညီမလဲ ရာသီတိုင်းကို ချစ်တယ်။ သဘာဝအလှအားလုံးကို ခံစားတတ်တယ်။ အမနဲ့ တူပြန်ပြီနော်။
မိုးကတော့ ကိုယ်မွေးတဲ့ ရာသီမို့လားမသိ၊ ပိုပြီးသဘောကျတာ။
ညီမက မိုးရဲ့ အလယ်ခေါင်တည့်တည့်မှာမွေးတာလေ။
မွေးတုန်းကလဲ မိုးတွေရွာနေသတဲ့။
အမပြောတဲ့ ခရမ်းပြာကို မရောက်ဖူးခဲ့ဘူး။ အဲဒီအနုပညာရှင်တွေကို မြင်ဖူး တွေ့ဖူးချင်လိုက်တာ။ အရင်တုန်းက အဲဒီလို အနုပညာသမားတွေ စာပေနယ်က လူတွေကို မြင်ရလို မြင်ရငြား ၃၃-လမ်းထဲသွားပြီး ရွှေကြည်အေးမှာထိုင်လိုထိုင် လေထန်ကုန်းရှေ့ဖြတ်လိုဖြတ်၊ ဘားလမ်းထဲက ကိုတင်အုန်းအအေးဆိုင် သွားလိုသွား ခဏခဏလုပ်ခဲ့ဖူးသေးတယ်။ သူတို့ကို မြင်နေရရင်ကို ကျေနပ်နေမိတာမို့။
ခိုင်ထူးသီချင်းတွေက ကျောင်းကိုအမှတ်ရစရာနော်။ ခင်ဝမ်းသီချင်းတွေလည်း သိပ်ကြိုက်တယ်။ အမရဲ့ မိုးဖွဲ့လေးကိုဖတ်ပြီး ကျောင်းကို တော်တော်လွမ်း မိတယ်။ ရန်ကုန်မှာသာ နေပြီး ကျောင်းကို မရောက်ဖြစ်တော့တာကြာပြီ။
အမရဲ့ အဖေ သတိတရ ရွတ်ဆိုခဲ့တဲ့ ကဗျာလေးက စိတ်မကောင်းစရာပဲ။ သမိုင်းတွေအများကြီး ကျောင်းရဲ့ ရင်ခွင်ထဲမှာ ရှိနေတယ်နော်။
ဘာလိုလိုနဲ့ ဇူလိုင် ၇ တောင် နီးလာပြီပဲ။
ဟုတ်တယ် သမီးရယ်..
ကျောင်းရဲ့ အရိပ်က မက်စရာပါပဲ။
မေရေ့
အမ ရှေ့လကျရင် ၇ဇူလိုင်အတွက်
အဲဒီတုန်းက ကျောင်းထဲက ကဗျာတွေ
တင်ပေးသွားမယ်နော်..။
I hope and secretly pray that Yangon University and Judson church will be like this again for students. Or am I just dreaming?
Lwin Moe
အစ်မရေ
တော်တော်လွမ်းစရာခရမ်းပြာကောင်းတယ်။
အာရ်စီတူး ကနေ လှည်းတန်း ကိုအမြဲလမ်းလျှောက်၊လှည်းတန်းကမှ ဘတ်(စ)ကားစီးတတ်တာမို့ အဲဒိခရမ်းပြာလေးကို အမြဲ မြင်ယောင်လွမ်းနေတာပါ။
အစ်မရဲ့ ဘူမိဗေဒ အတန်းက လက်ချာတွေ ကျွန်တော်လာလာနားထောင်ဖူးတယ်..
၂၀၀၄ ခုနှစ် ပြန်ရောက်တုန်း က မိန်း ကတော့ တရားရိပ်သာ ကလေးနဲ့ တူနေပြီ။
ကျွန်တော်လဲ အာရ်စီတူး၊ မိန်း နဲ့ ကျောင်းနောက်ခံ လေးနဲ့ ဝတ္ထု အရှည်ကြီး ရေးနေတယ်။ ဒါပေမယ့် ပြည်တွင်း မှာ ပုံနှိပ်ချင်တဲ့ အိမ်မက် ကြောင့် အကြမ်းအဆင့်က မတတ်သေးဘူး…
ကျောင်း
မောင်ရင်
အဲ ပန်ဒိုရာက အဲဒီလောက်တော့ မစောဘူးပေါ့လေ..
ဒါပေမယ့်
လွမ်းလိုက်တာ လွမ်းလိုက်တာ လွမ်းလိုက်တာ..
အဲဒီအပြင် ထပ် မပြောပြတတ်တော့ဘူး..
ကိုယ့်အိမ်လို နေခဲ့ရတဲ့ နေရာ….
အဲ.. ဒေါ်ပန်
အမတော့ ခံလိုက်ရပြန်ပြီ။
အစစ်ပဲ..
အမရဲ့ တပုဒ်လုံးကို
ရှင်က တခွန်းထဲနဲ့ ပြောသွားတာ။
ကိုယ့်အိမ်လို နေခဲ့ရတဲ့နေရာ…တဲ့။
အဲဒီမှာမှ
ပိုလွမ်းစရာကောင်းသွားပြန်။
ဟုတ်ပ..
ကိုယ့်အိမ်လို နေခဲ့ရတဲ့ နေရာ။
“ ရဲရင့်..ကျောက်ခက်တို့ ဖြိုနေဆဲ.. ငါ့စိတ်တွေ နှင်နေတုန်းပေါ့..တချို့တွေ နေနိုင်လွန်းတယ်… ”
ဆရာမမေငြိမ်းရေ အဲဒီသီချင်းလေးက ကိုနေ၀င်း သီချင်းလေးပဲလား။ ခိုင်ထူးဆိုတာပဲလားမသိဘူး။ စာသားတွေ ကြားဘူးနေလို့ သိချင်လို့ပါ။
မမေရေ..
အဲဒါ ခိုင်ထူးဆိုတာပါ။
ကိုနေ၀င်းရေးတယ်ထင်တာပဲ။
ဆရာမရေ ကိုနေ၀င်းရဲ့ နောက်ဆုံးအိပ်မက် စာသားတွေကို နားမထောင်ဘူးပဲ သိနေပါတယ်လို့၊ မနေ့ညကမှ ဆရာမဂျူး ရဲ့ အမှတ်တရ ထဲကဆိုတာ ပြန်သတိရတော့တယ်။ စုစုထွေးက သူ့မောင်ကို စောင့်ရင်း ဂစ်တာတီးရင် ဆိုတတ်တဲ့ သီချင်းလေးလေ။ :)
Hi Sis,
when i read this article, my eye become wet. I was Thiri Thu and my 1st year started with 75Ks Noted strike.. so. all sense are coming step by step.
Thanks a lot.
I was so much crazy for your first novel 'thichin nyinsi'. I'd like to read it again.
အမနဲ.ခံစာချက်ချင်းတော်တော်တူပါတယ်။ အမနဲ.ကျောင်းေ၇ာက်တဲ.နှစ်တူလောက်တယ် ၈၂မှာစက်မှုတက္ကသိုလ်စေ၇ာက်တယ် မေတ္တာ
ပေါင်းကူးနွေးအေးသမိုင်းဝင်းဦးချစ်ဒီနာမည်တွေ
ကြားပီးအတိတ်ကိုပြန်သတိ၇၇င်းမျက်၇ည်တောင်ဝဲမိပါတယ်ဗျာ တောက်..ကိုယ်.နိုင်ငံတောင်ကိုယ်မနေနိုင်တဲ.ကျနော်တို.
ဘ၀တွေ
Post a Comment