Jun 1, 2007

ဇွန်လကို ကြိုဆိုခြင်း

မိုးရွာတော့မယ်လေ..

ခေါင်းငုံ့ပေးလိုက်ကြ
သူ့ရဲ့ ကြီးမြတ်သန့်စင်ခြင်းကို
မတုပနိုင်သူတို့..။
ကောင်းကင်ဟာ
သူ့ရဲ့ကြေကွဲမှုကိုပြောင်းလဲ
ခေါင်မိုးတွေကို
ဆေးကြောပစ်လိမ့်မယ်။

ပြီးတော့မှ
ကျယ်ဝန်းတဲ့အပြာရောင်ကို မော့သောက်
အသစ်တဖန်တောက်ပကြစို့။
(ညလယ်မိုး- သစ်ခြင်းမိုး)

သေချာတာကတော့
ဇွန်လဟာ..
မိုးပီပီသသ ရွာရတဲ့ဥတုလ..
ခြောက်သွေ့မြက်တွေ ရုန်းထ စိမ်းစိုခွင့်ရတဲ့ ရာသီလ..
အေးမြလန်းဆတ်တဲ့ လေညှင်းကို သယ်ပိုးလာတဲ့ အခါကာလ။
ကောင်းကင်ပြာစင်ထဲ စိတ်ကူးလွင့်မျောခွင့်ရနိုင်တဲ့ သမယ။
အသစ်တွေများ ရှင်သန်မွေးလာလေမလားလို့ တွေးတွေးမျှော်ရတဲ့ ဘ၀တွေလဲ
အဲဒီ ရာသီထဲမှာ ရှိတယ်။

လတ်ဆတ်လမ်းသွယ်စိမ်း
အနံ့ဟောင်းမရှိတဲ့ ကွင်းပြင်တွေ
မြင်မြင်ချင်းချစ်လိုက်တာ
မြင်မြင်သမျှအစိမ်း မမြင်ရတဲ့လေညှင်းတောင်
အစိမ်းရောင်ပဲ ဖြစ်လိမ့်မယ်..ငါထင်မိ
မင်းဆီမှာ တောင်လဲညို

မင့်ဆီမှာ မိုးလဲစွေ
မင့်ဆီမှာ ပန်းလဲတင်
မိုးငွေ့ဆွတ်ပျံ့ ညနေတခွင်လုံးစိမ်းလို့..။

မောင်သိန်းဇော်က အဲလိုရေးတယ်။
ဇွန်လဖွဲ့ မဟုတ်ပေမဲ့ ဒါလဲ.. ဇွန်လရဲ့ မိုးရေစက်တွေပါပဲ။
အဲသလို အစိမ်း.. အဲသလို အလန်း နဲ့ အဲသလို ပန်းတွေ..ဝေတာ.. ဇွန်ပေါ့ ။
















အဲဒီ ဇွန်မှာ…
အဲသလို ကြည်လင်လန်းဆန်း
ငြိမ်းချမ်းတာချည်းပဲတဲ့လား..။

မိုးညိုညို မြက်ခင်းစိမ်းစိမ်း
လယ်ယာမြေယိမ်းက

ငါ့ညီလေးတွေ..
မပြည့်စုံမှုကို ရေးမှတ်ဖို့
စာအုပ်တွေလဲ မပြည့်စုံပေါ့..
ရိုးသားရဲရင့်မှုနဲ့
ဘ၀ကိုလုံခြုံကြ..။ (ကျော်ဇောခိုင်)

အဲဒီလို မပြည့်စုံရရှာသူတို့အတွက်လဲ
ကျောင်းဖွင့်ရက်တွေ စတယ်။
ထီး..ဘိနပ်.. စာအုပ်ဖိုး.. ကျောင်းဝင်ကြေး..ဆိုတဲ့အပူတွေကို
ဗမာပြည်က ကလေးမိဘတွေသာ ခံစားဖူးတာ။

ကျော်ဇောခိုင်ရဲ့ ကဗျာ...ဗမာပြည်ရဲ့ သရုပ်မှန်။

မောင်စန်းဦးကတော့..ဒီလိုပြောတယ်...

တိတ်တဆိတ်ခိုအောင်းနေရတာနဲ့
ငှက်တွေ စကားမပြောနိုင်ကြဘူး
လှိုင်းထန်နေတဲ့ မြစ်ကြီးက ရောင်ကိုင်းမောက်ကြွ
ချော်ကျိကျိသစ်ပင်တွေ လေးလံကိုင်းညွတ်
ပြီးမှ..တဖန် စိမ်းလန်းရဲ့

တိမ်တွေကတော့
တခုခုကို အပန်းတကြီးဖုံးကွယ်ထားလေတယ်
ဦးခေါင်းပေါ်မှာ တခြားဘာမှ မရှိနိုင်ဘူးလို့ ထင်ထားသူ
အဲဒီလူတွေကတော့ မိုးရေတွေ ခံယူနေကြ
ဟောဒါ
ရွာနိုင်သမျှ ရွာချနေတဲ့ အလယ်ကောင်ဥတုကြီးပါလေ…

စိတ်ကူးတွေလဲ စိုစွတ်ပျော့ဖတ်
နှလုံးသားမှာလဲ ဗွက်ပေါက်စေးကပ်
အဝေးမပြေးနိုင်တဲ့ လမ်းကြိုလမ်းကြားလေးပေါ့

တဒိန်းဒိန်း တဂျုန်းဂျုန်း
မိုးချုန်းသလိုလိုနဲ့
မိုးကြိုးတွေ ပစ် ပစ်ချတတ်လွန်းလို့
ညစ်ပတ်ပတ် မည်းသည်းသည်း
ရွှဲရွှဲစိုနေတဲ့ မျက်လုံးတွေနဲ့
သရက်သီးကြွေကောက်နေကျ ကလေးကိုပဲ
ရင်ထဲ
ဇွတ်ဆွဲသွင်းထားရတယ်။
(မောင်စန်းဦး-မိုးတွင်း)

ကဲ.. ဘယ်လိုပဲဖြစ်ဖြစ်..
အဲဒီ..မိုးတွင်းထဲကို သေသေချာချာရောက်စေတဲ့ ဇွန်ကို
ကျမတို့ ဘယ်လို ခံစားချင်ပါသလဲ..
ဒါမှမဟုတ်… ဘာကို မျှော်လင့်ချင်ပါသလဲ..။
အေးမြရုံမိုးလား..
မုန်တိုင်းမိုးလား… …

မေငြိမ်း(၁ဇွန်)
ကဗျာရှင်တွေကို ခွင့်ပြုချက်မတောင်းဘဲ
ကဗျာတွေ ယူသုံးထားတဲ့အတွက် တောင်းပန်ပါတယ်။

2 comments:

pandora said...

ဆရာမရေ Literary criticism ဆန်ဆန် ကဗျာလေးတွေ ထုတ်နုတ် ခံစားပေးထား တဲ့ ဆောင်းပါးလေးတွေ အများကြီး ဖတ်ချင်ပါတယ်။

မေငြိမ်း said...

မပန်လာလည်တာ..အကြံပေးတာ ကျေးဇူးတင်ပါတယ်။
ကျမက ဝေဖန်သုံးသပ်တာထက်
ပွားယူခံစားတာကို ပိုအားသန်တယ်ထင်တယ်။
ရေးမှာပါ.. ၀င်ဝင်ဖတ်နော်..