Jun 27, 2007

မျှော်လင့်ခြင်းမိုး

ကိုစေးထူးရဲ့ မွေးကျေးဇူး ပို့စ်ကို ဖတ်အပြီးမှာ
ကျမ သိပ်ကြိုက်တဲ့..
အမေလွမ်းကဗျာရှည်တပုဒ်ကို သတိရသွားပါတယ်။
စက်မှုတက္ကသိုလ်က ကဗျာသမားတယောက်ဖြစ်တဲ့
မောင်နန္ဒရေးခဲ့တဲ့ ကဗျာလေးပါ ။
အမေမျှော်တဲ့မိုး စာအုပ်ထဲကပါပဲ။
မျှဝေခံစားကြဖို့ပါ…။

မျှော်လင့်ခြင်းမိုး


ဓါတ်ကြိုးပေါ်မှာ…
ငါ့ကို..
ငှက်ကလေးတွေ ကြည့်နေပုံက
ငါ့အလွမ်းကို ဓါတ်ကြိုးထဲ
ဆွဲခေါ်သွား…။

ငှက်ကလေးရဲ့
ငါမလွမ်းချင်ပါဘူး…
အဲဒီ ဓါတ်ကြိုးတွေကတဆင့်
ငါ့စိတ်တွေကို တွန်းကန်
ငါ့အလွမ်းငါ ငြင်းဆန်သလိုနဲ့
ငါ့ဘ၀ငါ… နောက်ပြန်စီးမိပေါ့ ။ ။

မတုန်လှုပ်လိုက်ပါနဲ့
ငါလည်းပဲ
ကြိုးတစ်ချောင်းထဲက
ဖိုဓါတ်လျှပ်စစ် တစ်ခုရယ်ပါ..
တစ်ကိုယ်ရေ အထီးကျန်ဆန်လို့မို့
ကိုယ့်ဒုက္ခနဲ့ကိုယ် ပူလောင်
စီးဆင်းလာတဲ့ ကောင်ပါ … ။

မလွမ်းချင်ပါဘူး … ငှက်ကလေးရဲ့
အမေက..ရိုးတယ် ၊ လှတယ်
နောက်ပြီး .. အ တယ်..
မိရိုးဖလာ တောင်သူအတတ်နဲ့
သူ့ဘ၀သူ စာလုံးပေါင်းဖတ်နိုင်လည်း
မိုးကိုတော့ အမြဲ သူ မျှော်
သြော်..ငါဟာ မိုးရေလား…
သူ့သား ငါဟာ..
မိုးရေဖြစ်မယ့် တိမ်တိုက်လား…
အငွေ့ပျံလို့ ကောင်းဆဲ
အမေ မျှော်လှရော့မယ်…။

ငယ်ငယ်က
ထွန်ရေးဖြောင့်အောင် မထွန်တတ်ခဲ့
ဒါ့ကြောင့်များ ငါဘဝ
ရုပ်ဆိုး ကောက်ကွေ့နေ ထင်ရဲ့…
အမေ မျှော်လှရော့မယ်..။

မလွမ်းချင်ပါဘူး ငှက်ကလေးရဲ့..
ရုတ်တရက် ကားဟွန်းသံ
လယ်ကန်သင်းပေါ် ဖြတ်ပျံသွား
ငါ ခြေထောက်ငါ ငုံ့ ကြည့်မိတယ်
အမေ၀ယ်ပေးတဲ့ ဖိနပ်ကလေး
ဟိုး..အဝေးမှာ ကျန်ခဲ့ပြီ…
(ဖြစ်ကိုဖြစ်ရမယ်)ဆိုတဲ့
ငါခြေရာတွေလည်း ကျန်ခဲ့ပြီ…
(ဘာမှ မဟုတ်သေးပါလား)
ဒါကိုပဲ မကြာခဏ ထွေးထုတ်နေမိတော့
မှတ်ပုံတင်ထဲက
ငါ့ဓါတ်ပုံ မှိန်ဖျဖျလည်း ကျန်ခဲ့ပြီ..။

တကယ်တော့..ငါဟာ
မြို့ကြီးရဲ့ ပလက်ဖောင်းတွေပေါ်
တိတ်တဆိတ် စာသင်ခဲ့တာပါ…။

ပလက်ဖောင်းတွေဟာ မျှော်လင့်ခြင်းလား..
မျော်လင့်ခြင်းဟာ ပလက်ဖောင်းတွေလား..
လူတိုင်းလူတိုင်း ဖြတ်နင်းသွားကြ…
ငါလည်း.. ငါ့လောဘငါ ကျောပိုးရင်းပေါ့…။

ဟောဒီ မြို့ကြီးမှာက
ကားတွေ ခပ်များများ
အမှိုက်တွေ ခပ်များများ
ဒါတွေကို ရှောင်ရှားနိုင်ပေမယ့်
ငါဘ၀ငါကျ ရှောင်ရှားလို့မရ…
ဒီသင်ခန်းစာကတော့..ခက်ခဲလွန်းထင်ပါ့…
အမေ မျှော်လှရော့မယ်…။

မလွမ်းချင်ပါဘူး..ငှက်ကလေးရဲ့…
မွန်းတည့် နေရောင်ခြည်တွေက
ငါ့ကိုယ်ပေါ် တစုးတစိုက်
မေတ္တာဓါတ် ခိုက်နေပုံလေ…
ငါ့မှာ ဦးထုပ်မရှိခဲ့ပါဘူး…
ဦးထုပ်ရှိဖို့ကိုလည်း မစဉ်စားခဲ့ပါဘူး…
ငါ့ဦးခေါင်းကို ငါ…
ထမ်းထားရတာပဲ လေးလံလှပါပြီ…
ဒါတောင်…ဆံပင်တွေ ရှည်ရှည်လာခဲ့သေး
ငါ့မှာသာ အတောင်ပံတွေရှိရင်
အမေ့ဆီ အပြေးပျံလိုက်ချင်သေး
ခုလို…နွေခေါင်ခေါင်ပေမဲ့
အမေကတော့…
မိုးမျှော်နေမှာ သေချာတယ်…။

ငါကြီးခဲ့တဲ့ ရွာလေးမှာ
မိုးက နှစ်စဉ်ခေါင်လို့မို့
ငါလည်း…မိုးကိုမျှော်ရင်း
ငါ့ရွာလေးငါ စွန့်ခွာလာခဲ့…

ငါဟာ..မိုးရေလား…
အမေ့သား..ငါဟာ
မိုးရေဖြစ်မယ့် တိမ်တိုက်လား
အငွေ့ပျံလို့ ကောင်းဆဲပေါ့..
အမေ မျှော်လှရော့မယ်..။

မလွမ်းချင်ပါဘူးငှက်ကလေးရဲ့…
ပလက်ဖောင်းတွေကလည်း
ရှည်လျားလွန်းလှချည့်
လူတွေကို ငါသိတာ..
ဘာကြာသေးလို့လဲ..
သူတို့ ကွမ်းစားကြသလို
ငါလည်း တစ်ယာပြီး တစ်ယာ...
သူတို့ ဆေးလိပ်သောက်ကြသလို
ငါလည်း တစ်လိပ်ပြီး တစ်လိပ်...
ပလက်ဖောင်း တလျှောက်လုံး
ကွမ်းသွေးကွက် နဲ့ ဆေးလိပ်တို
အချည်းနှီးတွေချည်းပါပဲ…
သေချာကြည့်မှ တအံ့တသြ
ငါထွေးလိုက်တဲ့ ကွမ်းသွေးဟာ.. ငါ
ငါပစ်လိုက်တဲ့ ဆေးလိပ်တိုဟာ.. ငါ
ငါကိုယ်တိုင်သာ ဖြစ်နေပါပကော..။

ငှက်ကလေးရဲ့…
မလွမ်းချင်ပါဘူး…
အမေသောက်တဲ့ ဆေးလိပ်တိုလောက်မှ
အမေ့အပေါ် ငါ
ခံတွင်း အချဉ်ပြေစေခဲ့ဖူးပါစ…
အမေ မျှော်လှရော့မယ်…။

အခုတော့…
အမေ မျှော်တဲ့ မိုးလို…
မိုးကို မျှော်နေတဲ့ ငါ့လို
ငါ့ကို မျှော်နေမယ့် အမေဆီ
သည်းသည်းမည်းမည်း သွန်းဖြိုးဖို့
အငွေ့ပျံနေတဲ့ ခန္ဓာတွေဆီ
ပြန်ကျမိုးတွေ ရွာသွန်းဖို့…။

ငှက်ကလေးရေ…
ငါတို့မှာ…
မိုးလိုရွာဖို့ ခွန်အားအပြည့်နဲ့
ဒီ ခွန်အားသာပဲ
ငါတို့ မျှော်တဲ့ မိုးပါ..။

မောင်နန္ဒ (၁၉၉၅)



4 comments:

Min Min said...

ဆရာမ အရမ်းကောင်း ကျေးဇူးတင်ပါတယ်။ ခုလိုမျှဝေပေးတာ

Maydarwii said...

မလွမ်းချင်ပါဘူး ငှက်ကလေးရဲ့ လို့ … ဆိုပြီး လွမ်းနေသူကို စာနာမိပါတယ် အမရေ … ။
မိုးခေါင်တဲ့ ရွာကလေးကို စွန့်ခွါလာတဲ့ သားတယောက်ဟာ မြို့ပြမှာလည်း မိုးခေါင်နေရှာ တယ် ထင်ပါရဲ့။ ဒီကဗျာထဲက ညီမကြိုက်တဲ့ စကားလုံးလေးတွေကို ကောက်နုတ်မလို့ သေချာ လိုက်ရှာတော့ အားလုံးလိုလိုပဲ ဖြစ်နေတယ်။ ဒီကဗျာလေးကို ဖော်ပြပေးတဲ့ အမကို ကျေးဇူးအများကြီးတင်ပါတယ်။
ဒီကဗျာကိုဖတ်ပြီး ဒီနေ့အဖို့တော့ ခံတွင်းအချဉ်ပြေသွားပြီ။

May Nyane said...

မင်းမင်းရေ..လာဖတ်တာလဲ ကျေးဇူး..။ မေရေ..ဟုတ်တယ်.. အမလဲ အဲဒီကဗျာကို အဲလိုပဲ အကုန်ကြိုက်တယ်..မောင်နန္ဒက တို့အကြိုက်ဆုံး ကဗျာဆရာတစ်ယောက်လေ။ ကိုစေးထူးက အမေလွမ်းတော့ တို့လဲ ကူလွမ်းပေးလိုက်တာ။

M.Y. said...

အစ်မ ရေ..
မောင်အံ့ ကဗျာကြောင့် သူ့ ကို အရမ်းသတိရသွားတယ်
သူ့ ရဲ့ ချစ်သူ ဆိုတဲ့ ကဗျာရောအစ်မမှာ ရှိသေးလား..
နောက်ဆုံးတွေ့ တုန်းကနေ.အခုထိ သူကဗျာမရေးတော့တာနှမျောတယ်
တစ်ချိန်ချိန်တော့ တစ်ခုခု ကျွန်တော်တို့ လုပ်ဖြစ်ချင်သေးတယ်..အိမ်မက်ပေါ့..

လေးစားလျက်