Jul 1, 2007

ဇွန်၃၀

ဒီကနေ့ ဇွန်၃၀…
ကျမရဲ့ကိုယ်ရေးကိုယ်တာဘ၀မှာ
မှတ်မှတ်ရရဖြစ်တဲ့ နေ့စွဲတခုပါ။

ဒီကနေ့မှာ
၃၈နှစ်လုံးလုံး
ဘ၀ကို တစောင်းတိုက်ဖြတ်သန်းခဲ့တဲ့..
ဘ၀ထဲမှာ ပျော်သလိုနေခွင့်ရခဲ့သလောက်
ပျော်ပျော်နေနိုင်ခဲ့ပါလျက်နဲ့... မပျော်တတ်ခဲ့တဲ့
ပြီးတော့ စိတ်လည်း မညစ်တတ်ခဲ့တဲ့..
အနုပညာကလွဲလို့ ဘာကိုမှ စိတ်မ၀င်စားခဲ့တဲ့..
ချစ်ခြင်းမေတ္တာတွေနဲ့ ထိတွေ့ ပတ်သက်ခဲ့ပါလျှက်နဲ့
ချစ်ခြင်းမေတ္တာမှန်း မသိခဲ့တဲ့... လူတစ်ယောက်…
လူ့လောကထဲက ထွက်ခွာသွားခဲ့ပါတယ်။
အင်း.. သူက ကျမရဲ့ ဘ၀တခုမှာတော့
အရေးကြီးခဲ့တဲ့ သူ တယောက်ပါ။
သူက... ကျမသားရဲ့ အဖေလေ။
ပြီးတော့ အဖေဆိုတာဟာ ဘာပဲဖြစ်ဖြစ်
အဖေစိတ်တော့ ရှိကြတာပဲဆိုတာကို ပြောပြချင်တာပါပဲ။
ဒါကြောင့်..သူ့အတွက် အမှတ်တရအနေနဲ့
ကျမရေးခဲ့တဲ့ ၀တ္ထုတိုလေးတစ်ပုဒ် တင်လိုက်ပါတယ်။




အဖေ

(မူရင်းဝတ္ထုတိုက Illustration ပါ ။ ကိုမောင်မောင်သိုက်လက်ရာပါ)

အဖေ့ကို နောက်ထပ် ဘယ်တော့မှ တွေ့ခွင့် မရတော့ဘူး ဟူသည့် ခံစားချက်ကတော့ တကယ့်ကို ဆွေးမြေ့ ကြေကွဲစရာ ဖြစ်ပါသည်။ သားသည် အဖေ့ နောက်ဆုံးခရီးကို ငေးကြောင်ကြောင်သာ ကြည့်နေမိသည်။ အမြဲတမ်း သားကသာ အဖေ့ကို ခွဲချန်ထားခဲ့ နေကျ ဖြစ်သော်လည်း ခုတစ်ကြိမ်မှာတော့ အဖေက သားကို ချန်ထားခဲ့တာ။ ပြီးတော့ ဘယ်တော့မှ ပြန်မလာတော့သော သွားခြင်းမျိုး။ အမှန်အတိုင်း ၀န်ခံရလျှင်တော့ ခုချိန်မှာ သားက အမေ့ကို ဖက်ပြီး ငိုချင်ပါသည်။

တကယ်တော့ သည်အချိန်ကို သား မျှော်လင့်ထားပြီးသားပါ၊ ကြိုသိပြီးသားပါ၊ ကြိုပြင်ဆင် ထားပြီးသားပါ။ အဖေကိုယ်တိုင်လည်း ကြိုသိ ပြင်ဆင်ခဲ့တာပဲ။ ပြီးတော့ ဒါက အဖေ ကိုယ်တိုင် ဖော်ယူ ရွေးချယ်ခဲ့တဲ့ လမ်း။ သားသည် အဖေ့ကို နှမြောစွာ သတိရမိသည်။ သားအတွက် အဖေက နွေးထွေး ချစ်ခင် လှိုက်လှဲမှုမျိုးတွေ မရှိခဲ့သော်လည်း သားကတော့ အဖေရဲ့ ပန်းချီတွေ၊ ကဗျာတွေ၊ ၀တ္ထုတွေ…။ နောက်ဆုံး အဖေ့လက်ရေး စာလုံးတွေအထိ ချစ်မက်ခဲ့တာ။ အဖေသိပါ့မလား။

သားကတော့ ၀န်ခံပါသည်။ သားသည်… ပြီးတော့ မေမေသည် ဖေဖေ့ကို ဖေဖေ့ နှလုံးသားကို မသိခဲ့၊ မမြင်ခဲ့ကြဘူး ဆိုတာ။ သိလိုက် မြင်လိုက်ချိန်ကတော့ သိပ်ကို နှောင်းခဲ့ပြီ ဖြစ်သည်။

+++++

“အဖေ”ဆိုတာကို သား ထဲထဲဝင်ဝင်သိရ၊ လက်ခံရချိန်မှာ သားက တော်တော် သိ နားလည်တတ်သော အသက်ရှစ်နှစ်သား ရှိနေပြီ။ ဒါ သားအဖေ တဲ့။ မေမေ့ထက် ရုပ်ရည် ပြေပြစ် သပ်ရပ်သော၊ ညင်သာ တည်ငြိမ်သော အဖေသည် သားနှင့်တော့ စိမ်းသက်၏။ အဖေ့ကို ကျွမ်းဝင်ရမှာလားလဲ သားမသိ။ ထိုအချိန်မှာ သားနှင့် အဖေတို့အတွက် ကံမကောင်းတာ တစ်ခုက သား ဘ၀ထဲမှာ မေမေ ခေါ်လာခဲ့ပေးသော “ဖေဖေ” ဆိုသည့် ဒုတိယ လူတစ်ယောက်က ရောက်နှင့်ပြီး ဖြစ်နေခဲ့တာပါပဲ။

အဖေ့ကို ကောင်းကောင်း မသိခင်ကတည်းက သားက အိမ်ထောင်ကွဲ မိသားစု ဆိုတာကို ခံစားနေခဲ့ရပြီ။ မေမေနဲ့အတူ ရုန်းကန် ပင်ပန်း ဆင်းရဲ၊ မေမေ့ မျက်ရည်တွေကိုတော့ သားက ရင်းနှီး၏။ နောက်တော့ လူမမာ မေမေ၊ နောက်တော့ လူငယ်လေး တစ်ယောက်၊ သားနဲ့ မေမေရဲ့ ဘ၀ထဲကို ကျွမ်းကျွမ်းဝင်ဝင် ရောက်လာ၊ သားသည် ထိုလူ၏ အပြုအစုကို ခံယူရ၏။ သူက မေမေ့ကိုလည်း ဂရုတစိုက် ပြုစုရ၏။

နောက်တော့ မေမေ့ကို ငဲ့ညှာပြီး သားက သူ့ကို လက်ခံလိုက်တော့သည်။ သားကိုယ်တိုင် မမျှော်လင့်တတ်ခဲ့ သော်လည်း ထိုဒုတိယလူက သားအပေါ် အဖေ တစ်ယောက်လို ဂရုစိုက်သောအခါ အဖေ တစ်ယောက်အပေါ် မချစ်ဖူးသေးသော သားက ထိုလူကို သိပ်မပင်ပန်းဘဲ “ဖေဖေ”ဟု ခေါ်နိုင်ခဲ့သည်။

နောက်မှ သားကိုယ်တိုင် သိရုံသိခဲ့ဖူးသည့် အဖေ့ကို သားက တွေ့ရတော့တာ။ သား စိတ်မကောင်းတာ တစ်ခုက အဲသည် တကယ့်အဖေကို “အဖေ”ဟု ခေါ်ဖို့တော့ သား နည်းနည်း ကြိုးစားခဲ့ရတာကိုပဲ ဖြစ်သည်။

+++++

သားအတွက်တော့ အဖေက အဖေနဲ့သိပ်မတူဘဲ သူငယ်ချင်းနှင့် ပိုတူနေသည်ဟု ထင်သည်။ အဖေက သားကို စကားပြောရင် သူငယ်ချင်းကို ပြောသလိုပဲဟု မေမေ့ကို ပြောပြတော့ မေမေက မဲ့ပြုံးပြုံးပြီး သူက ဒီလိုပါပဲဟု ပြန်ပြော၏။ သားစိတ်ထဲမှာတော့ မေမေက သွက်လက် ဆူပူပြီး အဖေကတော့ လေသံပျော့ပျော့နှင့် အေးစက် မာကျောသော စကားလုံးတွေကို သုံးတတ်သည်ဟု ထင်သည်။ အဖေတကွဲ အမေတကွဲ ဘ၀ကို ၀မ်းနည်းသော်လည်း အဖေနှင့် မေမေ့ကို အတူပေးနေလို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာကိုလည်း သားသိသည်။ အဖေရဲ့ မာနနှင့် အမေရဲ့ မာနက ပမာဏ အတူတူပဲဆိုတာလည်း သားက အသိဆုံးလေ။ ပြီးတော့ မေမေ့မှာက အနားမှာ အစားထိုးသူရှိခဲ့ပြီ။

ဘာပဲဖြစ်ဖြစ် သားအနေနှင့် သိပ်သိပ်သည်းသည်း မတွယ်တာလှသော်လည်း မေမေ့ဘေးက အဲဒီ ဖေဖေ့ကို သဘောကျ လက်ခံနိုင်ပါသည်။ ပြီးတော့ မေမေ စိတ်ချမ်းသာလာတာကို သားကျေနပ်သည်။ ဒါဖြင့်.. အဖေ့အတွက်ရော…။

သား သိသလောက်မှာတော့ အဖေက သီချင်း တအေးအေးဖြင့် ရုပ်ရှင်တွေကြည့်၊ ပန်းချီတွေရေး၊ အရုပ်တွေရေး၊ သူ့ရဲ့ တစ်ကိုယ်တည်း ဘ၀မှာ ပျော်လို့ပါပဲ။ မေမေ့ အပြောအရတော့ အဖေက အနှောင်အတွယ် မကြိုက်သူတဲ့။

မေမေကတော့ “သားအဖေကို လက်ရှိဘ၀မှာ စိတ်ချမ်းသာစေချင်ပါတယ်” တဲ့။ ဘာပဲဖြစ်ဖြစ် နှစ်ယောက် တစ်ဘ၀ကနေ တစ်ယောက်တစ်ဘ၀ ဖြစ်သွားပြီး နောက်မှာ မေမေက အဖေ့ကို တကယ် ပျော်နေစေ့ချင်တာ… အဖေ ယုံမလား။“ဘာပဲဖြစ်ဖြစ် သူဟာ မေမေကြိုက်တဲ့ ကဗျာဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာ၊ ပြီးတော့ သားရဲ့ ဖေဖေတော့ ဖြစ်နေပါသေးတယ်”ဟု မေမေ ပြောဖူးတာလည်း သား အဖေ့ကို ပြန်မပြောပြဖြစ်ခဲ့ပါ။

သားသည် တိတ်တိတ် ကြေကွဲတတ်သူ မဟုတ်သော်လည်း ခုတော့ တွေးနေမိပြီ။ သား ၀န်ခံပါတယ် အဖေ။ အဖေ သားကို ချစ်တတ်ရဲ့လားလို့ တွေးခဲ့ဖူးတာ ၀န်ခံပါတယ်။
+++++

မေမေကလည်း နည်းနည်းတော့ အနိုင်လိုချင်စိတ်ရှိသူဟု သားထင်ပါသည်။ ပြီးတော့ ဒေါသကြီးတာ၊ အပြောဆိုးတာ။ ဒါပေမဲ့ မေမေ့မှာ နူးညံ့တဲ့စိတ်တွေလည်း အများကြီးရှိတာ သားသိသည်။ ဒါဖြင့် အဖေကတော့ မသိခဲ့ဘူးလား။ အဖေနဲ့ မေမေ့ကြားမှာ လွဲချော်မှုတွေ ဘာကြောင့် ဒီလောက် များခဲ့သလဲ။ အဓိက ကတော့ မာန လို့ပဲ သားထင်ပါတယ်။ ဒါပေမယ့် တကယ်ချစ်ရင် လျှော့ကြတာပဲ မဟုတ်လား။ ဒီတော့ အဖေနဲ့ မေမေက တကယ် မချစ်ခဲ့ကြတာလား။ သားရဲ့ အသိဉာဏ်လေးထဲမှာတော့ အဖေရော မေမေရော အပြစ် ရှိကြသည်ဟု တွေးမိပါသည်။

ခက်တာက၊ သားရဲ့ အတွေးကို မေမေက ထောက်ခံသည်။ “မေမေတို့ နှစ်ယောက်လုံး ဆိုးခဲ့ကြတာ အတူတူပါပဲ။ တစ်ခုပဲ… အဲဒီ အဆိုးကို မေမေက ပြင်ချင်ပေမယ့် သားအဖေက မပြင်ချင်ခဲ့ဘူး။ နောက်ဆုံး မေမေ ဆုံးဖြတ်ရ တာ သားအတွက်ပဲ။ သားအတွက် မေမေ့ ဘ၀ကြီးကို ပစ်ချလိုက်တာ” တဲ့။ အဖေကတော့ဖြင့် ဒီနေ့ထက်ထိကို သူ ဆိုးသည်ဟု ၀န်မခံခဲ့ပါ။ ဒါနဲ့ပဲ သားက အဖေ့ အချစ်ကိုလည်း မသိတတ်ခဲ့တာပါ။ သားက ငယ်သေးတော့ ချစ်ကြောင်းကို ထုတ်ဖော်ပြမှပဲ မြင်တတ်တာပါ။

ဒါပေမဲ့ မေမေ… အဖေဟာ ကြိတ်ခံစားတတ်သူလားလို့ သားရော မေမေပါ တခါမှ မတွေးခဲ့ကြဘူး မဟုတ်လား နော်။

+++++

အဲဒီနေ့က ဇွန်လရဲ့ နောက်ဆုံးရက်။ သား ကျောင်းက ပြန်လာတော့ အဖေ့ကို ရုပ်ကလာပ်အဖြစ်သာ တွေ့ရ တော့သည်။ တာရှည် နာမကျန်းခဲ့သော ဒဏ်က အဖေ့ကို ရုပ်ပြောင်းစေခဲ့ပြီ။ သား စိတ်ထဲ ခုမှပဲ မယုံနိုင်သလို ခံစားရသည်။ အမေ့ကိုလည်း သတိရသည်။ သားသိသည်၊ အမေငိုမှာပဲ။ အင်မတန် ဒေါသကြီးသလောက် အင်မတန်မှ စိတ်ပျော့တဲ့ မေမေက ငိုမှာပဲ။ ဘာပဲဖြစ်ဖြစ် မေမေက အဖေ့ကို သနားတာ။ “သားအဖေ သိပ် ခံစားနေရလား” ဟု
ခဏခဏ မေးသူ။ အချစ် မဟုတ်တော့သော်လည်း မေမေက ငဲ့ညှာသူ။ ခုချိန်မှာ အဖေ မေမေ့ကို တွေ့ရင် ပို စိတ်ကျမှာ။ ဘာပဲဖြစ်ဖြစ် မေမေရဲ့ အခုလက်ရှိ အနေအထားဟာ သူ့အတွက်တော့ စိတ်ကျစရာ ဖြစ်လိမ့်မယ်ဆိုပြီး…။ ပြီးတော့ ခုချိန်မှာ အဝေးရောက်နေသော မေမေ့ရဲ့ ခင်ပွန်းအတွက် ဂုဏ်သိက္ခာတို့ကို ငဲ့လို့ အဖေ့ကို မေမေ မတွေ့လိုက်ရ။

သားကတော့ ရောဂါဝေဒနာကို အံကြိတ် ခံစားနေရသော အဖေ ဘာတွေ တွေးနေမလဲလို့ပင် မစဉ်းစားတတ်ခဲ့။ အသက် ဆယ့်သုံးနှစ်ရှိတာတောင် ကောင်းကောင်း မရင့်ကျက်သေးတဲ့ သားက ကွန်ပျူတာနဲ့ နပန်းလုံးဖို့ကိုပဲ အာရုံရှိနေခဲ့တာ။ အဖေ့ရဲ့ နာကျင် ခံခက် စကားတွေကိုပင် စိတ်ညစ်ညူးမိခဲ့သေး၏။ တချိန်က အဖေ့အပေါ် နာကြည်းခဲ့ဖူးသည့် မေမေက ခွင့်လွှတ် မြင်ပြသည်မှာပင် သားက လိုက်ပါ မခံစားတတ်ခဲ့။ သားစိတ်ထဲမှာ အဲသည်အချိန်ထိ အဖေ့ရဲ့ အခန်း ကဏ္ဍက သိပ်နေရာမယူခဲ့တာ။ ဘာပဲဖြစ်ဖြစ် အဖေ အဲသည်တုန်းက စိတ်ထိခိုက်နေသလားလို့ ခုမှ သား တွေးမိတော့တာပါ။

+++++

တခါတလေတော့ မေမေ ပြောတတ်သည်။ မေမေ မွေးခဲ့တာ သားကို မဟုတ်ဘဲ သားအဖေ လိုချင်တဲ့ သမီးကလေး ဖြစ်ခဲ့ရင် မေမေတို့ ခုလို ဖြစ်ပါ့မလားလို့ တွေးမိတယ်တဲ့။ သားလည်း တခါတလေ တွေးမိသည်။ အဖေက သမီး မိန်းကလေး လိုချင်ခဲ့တာတဲ့။ သူနှင့်တူလျှင် အသား ဖြူဆွတ်ဆွတ်၊ ဆံပင် ညိုညိုလေးတွေနှင့် တော်တော်လေး လှမယ့် သမီးကလေးလို့လည်း အဖေက စိတ်ကူး ယဉ်တတ်သေးသတဲ့။ သို့ပေမဲ့ အဖေ ကံမကောင်းခဲ့။ ပြီးတော့ မေမေရော သားရော ကံမကောင်းစွာ မွေးကတည်းက အရပ်အမောင်း နှစ်ဆယ့်နှစ်လက်မရှိသော၊ အလေးချိန် ရှစ်ပေါင်ခွဲ ရှိသော၊ သားက ဖြူဖွေး စင်ကြယ်စွာ မွေးလာခဲ့သော်လည်း အဖေက မလှိုက်လှဲခဲ့ဘူးတဲ့။ မေမေ့ ရင်ထဲ စွဲတဲ့ သံမှိုထဲမှာ အပြင်းဆုံး စွဲချက်ကတော့ အဖေက သားကို ချစ်ခင် ယုယ မဆက်ဆံခြင်း၊ နွေးထွေး နူးနူးညံ့မှု မရှိခြင်းအတွက် ခံစားရသော သံမှိုဟုဆိုသည်။

ဒါပေမဲ့ သား နဲ့ အဖေ စတွေ့ချိန်၊ သား မှတ်မိချိန်မှာတော့ အဖေနှင့် ဆက်ဆံရေးက အဆင်ပြေသားပင်။ ပြီးတော့ သိပ်လည်း မထူးခြားလှဘူးဟု သားထင်သည်။ ပြီးတော့ သားနှင့် အဖေက အယူအဆချင်း တူတာများ၏။ သားက မေမေနှင့်ပင် တော်တော် ကွဲလွဲသေးတာ။ အဖေ့ဆီမှာ သားကြိုက်သော ပုံပြင်တွေ၊ အတွေးအခေါ်တွေ အများကြီး ရှိတာတော့ သား သဘောကျသည်။ မေမေ့စာတွေ၊ ကဗျာတွေကျတော့ သားက ပျော့နွဲ့ လွန်းသည်ဟု ထင်တာ။

သားက အဖေ့ရဲ့ ကိုယ်ပိုင်ဟန်ရှိသော စုတ်ချက်တွေ၊ လက်ရာတွေကို ကြိုက်သည်။ သရော်ဟန်ပါသော အတွေးတွေကို ကြိုက်သည်။ အဖေ့ကို အဖေအဖြစ် သား ကျေနပ်ပါသည်။ ဒါကိုရော အဖေ သိရဲ့လား။ သားက ဒုတိယ ဖေဖေကိုသာ ချစ်သည်ဟု အဖေက မခံချိမခံသာ ပြောခဲ့ဖူး၏။ သား မငြင်းမိခဲ့ပါ။ တကယ်လည်း သားက အဖေ နှစ်ယောက်လုံးကို လက်ခံနိုင်ပါသည်။ အဲသည်နေရာမှာလည်း အဖေ ကျေနပ်အောင် သား မတတ်နိုင်ခဲ့ပါ။ တကယ်တော့ သားကိုယ်တိုင်လည်း အဖေ ဘာကို ကျေနပ်သလဲ၊ ဘာကို မကျေနပ်သလဲ ဆိုတာ တကယ် မသိခဲ့တာပါ။

+++++

စာရေးဆရာမင်းလူရဲ့ “ငှက်ကလေး” ၀တ္ထုကို ဖတ်တော့လည်း သားကတော့ အဖေနဲ့ မေမေနဲ့ သားနဲ့ တစ်မိသားစု အတူတူ နေချင်လိုက်တာလို့ မတွေးမိခဲ့ပါ။ ဘယ်လိုမှ မဖြစ်နိုင်မှန်း သားသိသည်။ အဖေ့ဒဏ်ကို မေမေ ခံနိုင်မှာ မဟုတ်သလို မေမေ့ဒဏ် ကိုလည်း အဖေ ခံနိုင်မှာ မဟုတ်တာ သားက အသိဆုံးပေါ့။ ဘ၀တွေ ခြားသွားပြီဆိုတာ တကယ်ပဲလေ။

အမေက အပူပန်ကြီးသလောက် အဖေက အေးငြိမ်းလွန်းသည့်အခါ သားသည် အမေ့အတွက်သာ ထည့်တွေးမိတာလည်း အမှန်ပါပဲ။ အဖေက သားအပေါ် ဘယ်လို ခံစားချက်၊ မျှော်လင့်ချက်၊ နောက်ဆံတင်းမှုမျိုး ရှိနေမလဲလို့လည်း တစ်ခါမှ သား မတွေးခဲ့ပါ။ သား သိသလောက် အဖေက သားနဲ့ ပတ်သက်လို့ ကြီးကြီးမားမား ပတ်သက်ခဲ့တာ စွက်ဖက်ခဲ့တာ။ အဲဒါတစ်ခုပဲ အမှတ်တရက မေမေ အရှုံးပေးလိုက်ရသော သားရဲ့ နာမည်ပေါ့။ သားကို အဖေက မောင်ထူးမြတ် တဲ့။ အမေက မောင်ကောင်းသစ် တဲ့။ အဲဒီမှာ မေမေက အဖေ့ကို အနိုင်ပေးလိုက်သည်။ မောင်ထူးမြတ်တဲ့။

အဲဒီ နေရာမှာတော့ သားအပေါ် ထူးခြား မြင့်မြတ်စေလိုသော အဖေ့ စေတနာကို တွေ့ရသားပင်။ ဒါ့ထက်တော့ သား ပို မတွေးတတ်ခဲ့ပါ။

+++++

သား သိခဲ့ဖူးသမျှ ဖတ် မှတ် ခဲ့ဖူးသမျှမှာ အဖေဆိုတာ မေတ္တာ၊ စေတနာကြီးစွာနဲ့ သားအပေါ် စောင့်ရှောက်သူ၊ မျှော်လင့်သူ တဲ့။ သားရဲ့ အဖေကတော့ဖြင့် အေးတိ အေးစက် ဟု သားက သတ်မှတ်ခဲ့မိတာ။

+++++

အဖေ ဆုံးမယ့်နေ့မှာ အဖေ သိသိသာသာ ဆိတ်ငြိမ်လာသည်။ စကားလုံးတွေ၊ အစားအစာတွေ ဘာတွေကိုမှ သိပ်လက်မခံတော့ဘဲ တစတစ ချည့်နဲ့လာဆဲ။ ရုတ်တရက် အိပ်နေရာကနေ တစ်ချက် စူးစူးဝါးဝါး “မောင်ထူးမြတ်”လို့ အော်ခေါ်ခဲ့သတဲ့။ အဲဒီနေ့မှာပဲ အဖေဆုံးသည်။

ခုချိန်မှာ အဖေ သားအတွက် ထားခဲ့သော စုတ်တံတွေ၊ ပန်းချီဆေးတွေ၊ စာအုပ်တွေ၊ နားကျပ်ကက်ဆက်လေးနဲ့ သီချင်းခွေတွေ၊ ရုပ်ရှင်ကားတွေ အားလုံး သား မြတ်နိုး မက်မောသမျှမှာ တန်ဖိုးအရှိဆုံးတစ်ခုကို ခုမှ သား သိတော့သည်။ အဲဒီအတွက် မေမေ့ကိုလည်း ကျေးဇူးတင်ပါသည်။ နောက်ဆို သားအရင်က သိပ်မကြိုက်ခဲ့သော ထိုအရာကို သား မြတ်နိုးတော့မှာ သေချာသည်။ ကျေးဇူးတင်ပါတယ် အဖေ။ သားဆီမှာ “မောင်ထူးမြတ်” ဆိုတဲ့ နာမည်ရှိနေတာ၊ ပြီးတော့ အဲဒါဟာ အဖေတစ်ယောက်ရဲ့ မေတ္တာလည်း ဖြစ်တယ်ဆိုတာ…..။

မေငြိမ်း
၂၀၀၄ ။ရွှေအမြုတေ။




7 comments:

M.Y. said...

သားနေရာကခံစား ဖွဲ့ ထားတဲ့… ခံစားမှု တွေ..မိသားစု….... အိမ်ထောင်…အနုပညာသမား..အတ္တ..တာဝန်...မာန…မိဘမေတ္တာ.ဘ၀...မိန်းမသားတစ်ယောက်ရဲ့  အတွင်းကြေ…ပါးပါးကလေး..ဒါပေမယ့်..နက်နက်ရှိုင်းရှိုင်း..မျှဝေခံစားစေတဲ့ ၀တ္ထုတစ်ပုဒ်..

pandora said...

၂၀၀၄ လောက် မဂ္ဂဇင်းတွေ ဆိုရင် မဖတ်ဖူးတော့တာ များတယ်။ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါဆရာမ။
များသောအားဖြင့် အဖေတွေက ခံစားချက်ကို သိပ်ပြလေ့မရှိတာလား။ အနုပညာသမားမို့ပဲလား။

Min Min said...

ဘာပြောရမှန်းတောင် မသိဘူး။။ ဖတ်နေရင်း မုဝင်သွားလို့ .. ဟီး

Nay Nay Naing said...

ဒီပိုစ့်ဖတ်ပြီး မောင်လေး ထူးမြတ်ကို ပိုနားလည်သွားသလိုပဲ။ ထူးမြတ်ကို အွန်လိုင်းမတွေ့ တာ အတော်ကြာပြီ။ သူရဲ့ စာတွေမဖတ်ရတာ၊ သူ့ စကာတွေနားမထောင်ရတာလည်း အတော်ကြာနေပြီ။ အွန်လိုင်းမလာအားတာ စာတွေ အလုပ်တွေနဲ့ ရှုပ်နေတယ် ထင်မိတယ်။ သူရဲ့ သူငယ်ချင်း၊ အွန်လိုင်းပေါ်က မောင်နှမတွေအားလုံးက သူ့ ကို သတိရနေကြပါတယ်။ :)

Maydarwii said...

အမရေ ..
သားတယောက်နေရာက ခံစားချက်ကို ပုံဖော်ထားတာ ပြည့်စုံလှပါတယ်။
အနေစိမ်းပြီး အေးတိအေးစက် အဖေတယောက်ရဲ့ ရင်ထဲက ဖခင်မေတ္တာဆိုတာကို သားကလေး သိပြီး ကျေးဇူးတင်သွားခဲ့တာပဲ … ။
သူ့အမြင်နဲ့ သူ့ခံစားချက်တွေလည်း ဒီတိုင်းပဲရှိလိမ့်မယ် ထင်တယ်နော်။ ဒီဝတ္ထုလေးဖတ်ရင်းနဲ့ စိတ်ထဲ ၀မ်းနည်းလာမိတယ် အမ …။

ပုံရိပ် / Pon Yate said...

ဖတ်ပြီး စိတ်မကောင်း ဖြစ်မိပါ တယ် ဆရာမ

Kay said...

အမရေ..ဘာပြောရမှန်းတောင်မသိဘူး..အဲလိုမျိုးခံစားဘူးတယ်