Jul 11, 2007

အိမ်ထောင်ဖက်

ခုတင်မယ့် ပို့စ်အကြောင်း ပြောမယ်ဆိုရင်တော့ ညီမလေး ပန်ဒိုရာ့ကို လွှဲချရမှာပါပဲ။ ပန်ဒိုရာက ကျမရဲ့ ပါရမီ ဖြည့်ဖက်အကြောင်း ရေးပါတဲ့။ ကျမလည်း ဆဲဗင်းဂျူလိုင်အကြောင်းတွေ ဆက်တိုက်တင်ပြီး လက်ပမ်းကျသွား တာ။ ပါရမီဖြည့်ဖက်အကြောင်းအတွက် ရေးဖို့ စဉ်းစားမရ ဖြစ်နေခဲ့ပါတယ်။ (ကျမ သူငယ်ချင်း ခင်မင်းဇော် ကတော့ ကျမခင်ပွန်းဘက်က အမြဲရပ်သူမို့ နင်မရေးလဲ ငါကတော့ ရာကျော့် (ကျမ ခင်ပွန်း)အကြောင်း ရေးမှာ တဲ့...) ဒါပေမဲ့ တွေးကြည့်တော့ ကျမရဲ့ ခင်ပွန်းအကြောင်း ပြောရမှာ ကိုယ်ရည်သွေးဆန်မှာ စိုးနေမိတယ်။ ဘာလို့လဲဆိုတော့ သူက ကျမထက် အဆများစွာ စိတ်မြင့်တဲ့ သဘောထား ပြည့်တဲ့သူ၊ အကောင်းတွေ အတော် များများ ရှိတဲ့သူ ဖြစ်နေလို့ပါပဲ။ ဒီတော့ သူ့အကြောင်းကို ချီးမွမ်းပြီး ရေးပြန်တော့လည်း ကျမ ဗိုလ်ကျတာက ပေါ်တော့မှာ (ဟဲ..ဟဲ)။

သူက ကျမအတွက် ဖြည့်ဆီးဖို့သက်သက် ကျမကို လက်ထပ်ခဲ့သလိုပါပဲ။ ခုချိန်ထိ အိမ်ထောင်သက် ၁၀နှစ်မှာ ကျမတို့ တခါမှ ခိုက်ရန် မဖြစ်ဖူး။(ခု ကျမ ဘလော့မှာ တင်တဲ့ ၀တ္ထုတိုဟောင်းတွေ ကဗျာတွေအားလုံးကို မအား တဲ့ကြား အလုပ်များတဲ့ကြားက သူပဲ စိတ်ရှည်လက်ရှည် စာရိုက်ပေးတာပါ.. ဓါတ်ပုံတွေလည်း သူပဲ ရိုက်ပေး ရ တာ.. ကြုံတုန်း Credit ပေးရတာပါ)

ကျမစိတ်ထဲမှာတော့ ကျမဘ၀မှာ သူဟာ ကံတရားက ပေးတဲ့ အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ။ ကျမ မကြာခဏ ဖတ်ဖူးတာက... ကြင်ဖော်ကြင်ဖက်ဆိုတာ ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြမ်းတစ်ခြမ်းတဲ့..။ တစ်ကြိမ်မှာ အခြမ်းလွဲခဲ့ဖူးတဲ့ ကျမအတွက်တော့ နောက်ကျပြီးမှ ရှာတွေ့ရတဲ့ တစ်ခြမ်းလေးဟာ သူပါပဲ။ (ဒါပေမဲ့.. ဘာမှ မသေချာတဲ့ လောကကြီးမှာ ခုချိန်ထိ သေချာခွင့် ရနေသေးတဲ့အတွက်လဲ သူ့ကို ကျေးဇူးတင်ရပါတယ်)။ ဒါကြောင့် ကျမက သားသမီးတွေနဲ့ မြန်မာပြည်ထဲမှာ ကျန်ခဲ့ရပြီး သူက အဝေးကြီးမှာ အလုပ် သွားလုပ်နေရတဲ့ အချိန်မှာတုန်းက ရေးခဲ့ဖူးတဲ့ ၀တ္ထုလေး တစ်ပုဒ်ကို အမှတ်တရ တင်လိုက်ပါတယ်။


ပိတောက်တွေ မျောနေတဲ့အလွမ်း


ကျမအတွက်တော့ ၂၀၀၄-ခုနှစ်မှာသင်္ကြန်မကျပါ။
ပိတောက်ပန်းတွေလည်း မပွင့်။ ချစ်သော ပင်လယ် ကမ်းခြေများကလည်း ဟိုးဝေးဝေး နယ်နိမိတ်စွန်းတွေဆီ ရောက်နေကြလိမ့်မည်။ ခုချိန်မှာ…“ပိတောက်တွေ ရွှေရည်လူးခဲ့ပေါ့လေ.. ပုလဲငုံ စပယ်ဖြူ ဖူးခိုက် ဝေေ၀ ပန်းမျိုးစုံ ရာသီကုန် ကူးခဲ့ပေါ့လေ.. ချစ်သူကို ရည်စူး ခူးတဲ့လို့ ချွေ… ကိုယ်တိုင် လှရာရာ ရွေးလို့ ဆင်မပေးရ ဆံမြ ညှာကေ”ဆိုတဲ့ သီချင်းတစ်စကိုလည်း မေ့ထားရမည်။ ပြီးလျှင် ဇော်ဇော်အောင်ရဲ့ “ပင်လယ်ထဲက ညသည် ပိတောက်ပန်း ဖြစ်၏”ဆိုတဲ့ ၀တ္ထုတိုရယ်၊ ကိုယ်တိုင်ပဲ ရေးခဲ့လျက်နဲ့ “အချစ်အကြောင်း ပြောရအောင်” လုံးချင်း ၀တ္ထုရယ်ကိုလည်း စာအုပ်စင်ရဲ့ ဟိုး နောက်ဘက်ဆုံးဆီ ထိုးထည့် သိမ်းထားလိုက်ရမည်။

ခုအခါမှာ… အချိန်ရာသီမှန်မှန် ဆိုက်ကပ်နေကျ ရထားတွဲဟာ သူဆိုက်ကပ်နေကျ ပိတောက်တွေ ဝေနေတဲ့ ပင်လယ်ကမ်းခြေ ဘူတာ တစ်ခုခုဆီကို ရောက်မလာနိုင်သေးတာ သေချာနေမှတော့လေကွယ်။ ဒါဖြင့်.. လှိုင်းခေါင်းဖြူတွေ တ၀ုန်းဝုန်းနဲ့ အဲသည် ဘူတာလေးတွေကရော.. သူတို့ဆီ ရယ်မောပျော်ရွှင်သံတွေ ဝေေ၀ စည်စည်နဲ့ ရောက် ရောက် လာနေကျ ရထားတွဲလေးကို မျှော်နေမှာလား… သတိရနေမလား ဟင်… ဘယ်လောက် လွမ်းစရာကောင်းလိုက်သလဲ မောင်ရေ…

ပိတောက်ပန်းတို့ တည့်တည့် ပွင့်သော နွေလယ်ရဲ့ သင်္ကြန်တတွင်းမှာပဲ ရထားတွဲလေး တစ်တွဲရဲ့ သမိုင်း စ ခဲ့တာ ပါ။ အဲဒီ့ သမိုင်းထဲမှာ ပင်လယ်ကမ်းခြေဟာလည်း အရေးပါတဲ့ စာမျက်နှာဖြစ်ခဲ့ရဲ့။ အဲဒီ သမိုင်းဟာ သန်မာတဲ့ လက်ဖ၀ါးတစ်ခု။ တွဲအိမ်ငါးခုပါတဲ့ ရထားတွဲနှင့်လည်း တူပါသေးသည်။ မောင်က မိသားစုကို လက်ငါးချောင်း ပြည့်စေချင်တာတဲ့။ သားကြီးရယ်၊ သမီးလေးရယ်၊ ခုတော့ သားငယ် ထွေးလေးရယ်.. အဖေနဲ့အမေရယ် ပေါင်း တော့ ငါးချောင်းပြည့်ပြီပေါ့တဲ့။ လက်ငါးချောင်းလည်းစုံရော.. အဲဒီလက်ဖ၀ါးရဲ့ ခွန်အားအတွက်တဲ့။ ရထား ခေါင်းတွဲကြီးခမျာ.. တပြည်တရွာ ဟိုးအဝေးကြီးကို ထီးတည်း ခုတ်မောင်းသွားရ ရှာရဲ့။ အနာဂတ်အတွက် တဲ့ လေ..။ ဘယ်လောက် နာကျင်စရာကောင်းလိုက်တဲ့ ဘ၀လဲ။ ခွန်အားတွေ.. လောင်စာတွေအပြည့်နဲ့ ပြန်လာ ခဲ့မှာတဲ့။ ပြီးရင်.. နေရောင်ခြည်တွေ လင်းသစ်ရာဆီ တွဲအိမ်ငါးလုံး အတူ ချိတ်ဆက်ပြီး ခုတ်မောင်းကြမယ် တဲ့။

အင်မတန်ချိုမြိန်တဲ့ မောင့်ရဲ့အိပ်မက်ထဲမှာ ရောင့်ရဲခြင်းနဲ့ ပြည့်စုံပျော်ရွှင်ရသော မိသားစုဘ၀လေးက သိပ်ကို လင်းပြက် တောက်ပတယ်။ ဒါနဲ့ပဲ ခု ခဏ ခွဲရတာ…။ သုံးနှစ်ဆိုတာ သိပ်ကို ချစ်ခင် နွေးထွေးတဲ့ မိသားစု အတွက်တော့ သိပ်ဆွေးမြေ့စရာကောင်းတဲ့ သုံးကမ္ဘာစာ လိုပါပဲ။ ဒါပေမယ့်.. ကျမတို့နှစ်ယောက် အတူ ပျိုးခဲ့တဲ့ ပန်းပင်ကလေးသုံးပင် တက်ညီလက်ညီ သန်စွမ်း ပွင့်ဝေလာဖို့အတွက် ဆိုရင်တော့.. အဲသည် သုံးကမ္ဘာစာကို ကျမတို့ အားခဲ ဖြတ်ကျော်ရမှာပေါ့နော်။

ဒီနွေမှာ ကျမနဲ့ မောင်တို့ အတူ လက်တွဲ ကျော်ဖြတ်ခဲ့တာ ရှစ်နွေ တိုင်ခဲ့ပြီ။ အဲသည့် ရှစ်နွေကို ကျမ တစ်ခါမှ အလွမ်းနှင့် သောကနှင့် မဖြတ်သန်းခဲ့ရဖူးပါ။ မောင်က ကျမ သောက ခံစားရမှာကို အလွန် ပူပန်သူ။ စိတ်ကူး အင်မတန် ယဉ်တတ်သော ကျမရဲ့.. သင်္ကြန်နွေကို ပင်လယ်ကမ်းခြေတွေမှာသာ ကုန်လွန်စေလိုသော ဆန္ဒကို သူ အမြဲ ဖြည့်ဆည်းပေးနေကျ…။

ထိုအခါ…ကျမက ၂၀၀၄-ခုနှစ်မှာ နွေလယ်တန်ခူးရဲ့ ပွဲတော်ဆိုတာကို မသိချင်တော့ပါ။ အင်မတန်ပူသော တန်ခူးနွေကို သည်တစ်ကြိမ်မှာ ကျမ ဘယ်လို စိတ်အေးချမ်းခြင်းမျိုးနှင့် ဖြတ်ကျော်ရမှာလဲ…။ လွန်ခဲ့သော နွေ က ဖြင့် ကျမကို စိတ်အေးချမ်းခြင်းနှင့်သာ ပြီးပြည့်စုံစေခဲ့ပါသည်။

+++++

အထူးသဖြင့် နွေပူပူတွေရဲ့ အားလပ်ရက်တွေမှာ အဲသည် ရထားတစ်တွဲက သူတို့ အိမ်ခန်း ကျဉ်းကျဉ်းလေးထဲ လုံးထွေး ပျော်မြူးလို့သာ နေနေကြတာ။ ရယ်သံတွေ… စိတ်ကောက်ငိုသံတွေ… စည်ဝေလို့..။ သားရယ်၊ သမီးရယ်၊ အဖေရယ်၊ အမေရယ်ဆိုတဲ့ အသိဟာ သိပ်ကို ချိုမြိန်လှပါသည်။ လူ့ဘ၀ရဲ့ ပြည့်စုံတဲ့ အပျော်ဆိုတာ သာယာတဲ့ မိသားစုဘ၀ထဲမှာပဲ ရှိတယ်လို့ မောင်က ယုံသည်။ ဒါကို ကျမလည်း ယုံသည်။ သားသမီးတွေလည်း ယုံစေရမည်။ ထိုယုံကြည်ရခြင်းက ရင်ထဲမှာ အေးမြလှသည်။ လက်တွေ့ဘ၀ထဲမှာ ဘယ်လောက်မှ အခက်အခဲ မကြုံရလျှင်တော့ မိသားစု နည်းနည်းလေးမှ အဝေးမခံဘဲ နေသွားချင်ခဲ့တာပါ။

အဲသည်တုန်းကတော့ ၀န်းကျင်ထဲက နွေအပူအောက်မှာ ကျမတို့ရဲ့ အိမ်ခန်းကလေးကဖြင့် ပြတင်းပေါက်မှာ နွယ်ကျနေသော ဆင်ဂမုန်းအစိမ်းက အစ အေးရိပ်ဆင်သည်။ အဲသည်မှာ… အိမ်အ၀င်ဝက ခန်းဆီး အပျော့ လေး လေအတိုက်မှာ လွင့်သည်ကပင် အေးလို့…။ သားအဖတတွေ ပူးပေါင်းပြီး ကျမ စိတ်တိုအောင် စကြသည် က ပင် အဲသည် အေးရိပ်တွေနဲ့ ဟာမိုနီဖြစ်လှ၏။

ကျမတို့ရဲ့ မော်လမြိုင်တက္ကသိုလ်ကပေးတဲ့ အိမ်ခန်းလေးရဲ့ ပြတင်းပေါက်လေးပါ။
သူငယ်ချင်း မိုချာ့က ပန်းချီရေးထားတာပါ။

ဘယ်သူ ဘာပြောပြော… ကျမတို့အတွက်တော့ အဲသည် သစ်ပင်အုပ်တွေကြားက ကိုယ်ပိုင်မဟုတ်သော ပေ၂၀ ပတ်လည် အိမ်ခန်းကလေးမှာ သိပ်ကို ကြီးကျယ် ခမ်းနားခဲ့ပါသည်။

+++++

နောက်ထပ် သေချာတာတစ်ခုကတော့ ခုလို ကျမ လွမ်းနေချိန်မှာ မောင်လည်း ကျမလို လွမ်းနေချိန်မှာ မောင်လည်း ကျမလို လွမ်းနေလိမ့်မည် ဆိုတာပါပဲ။ ကျမ ယုံကြည်သည်၊ ခုထိ… ဆယ်စုနှစ်တစ်စုနီးပါး ခရီးမှာ ကျမနှင့် မောင် တစ်ကြိမ်တစ်ခါမှ အကြီးအကျယ် သဘောကွဲလွဲခြင်းမျိုး မရှိဖူးခဲ့။ ကျမတို့နှစ်ယောက်ကြားမှာ ရှိသောကြိုးက အပြန်အလှန် ငဲ့ညှာမှုပဲဖြစ်သည်။ အဲသည်ကြိုးက အံ့သြစရာ ကောင်းလောက်အောင် တင်းမာသည်။ ခိုင်ခံ့ဖို့ကိုတော့ ကျမတို့နှစ်ယောက် စိတ်ရှည်ရှည်နှင့် ကြိုးစား ထိန်းသိမ်းကြရမှာပေါ့။ နောက်တစ်ခု မောင်နှင့် ကျမ၏ တူညီတာတစ်ခုက ကျမတို့နှစ်ယောက် ဆုံဆည်းရခြင်းအတွက် အပြန်အလှန် ကျေးဇူးတင်နေမိခြင်းပင် ဖြစ်သည်။ အထူးသဖြင့် လင်ယောက်ျား အပေါ် စွာလောင်လောင် တုံ့ပြန်တတ်သော ၊ ပွစိပွစိလုပ်တတ်သော မိန်းမတစ်ယောက်မဟုတ်သည့်အတွက် မောင်က ကျမကို ကျေးဇူးတင်သလို.. ဇနီးမယားကို ဆဲရေး တိုင်းထွာ မလုပ်တတ်သော၊ အကြမ်းမဖက်တတ်သော.. စိတ်ရှည်သော မောင့်ကိုလည်း ကျမက အမြဲ ကျေးဇူးတင်ရပါသည်။(အဲသည်လို မိသားစုမျိုးကျကာမှ ခွဲရလေတယ်)။ ၀မ်းရေးအတွက်.. တဲ့။ လွမ်းရေးထက် ၀မ်းရေးခက်ခဲ့ပြီ။

ကျမက မကြာခဏဆိုသလို “ခုနေ မောင် ကိုယ့်ကို ထားသွားရင်တောင် ရပြီ။ မောင့်ကျေးဇူးတွေ ကိုယ့် အပေါ်မှာ ခုဆို သိပ်များနေပြီ” လို့ ပြောမိတတ်သည်။ အဲသည်အခါဆို… မောင်က ခပ်တည်တည်ဖြင့် ကျမကို စိုက်ကြည့်တတ်သည်။ ဘာမှလည်း ပြန်မပြော။ အံ့သြစရာကောင်းတာက အဲသလို ဘယ်တော့မှ တစုံတရာ ပြန် မဖြေရှင်းသည့် ခင်ပွန်းကို.. သူ့မျက်လုံးတွေအောက်မှာ နေနေရရုံသက်သက်ဖြင့် ကျမက အရာရာကို ယုံကြည်ခြင်းပင်။ အဲသည် ယုံကြည်ရခြင်းလေးက ကြာရှည်မခံဘူးဆိုလျှင်တောင်မှပဲ ကျမ ကျေနပ်နိုင်ပါသည်။

မောင်နှင့်ဘ၀မှာ ခုလောက်ဆယ်နှစ်တာ ပြည့်စုံသော စိတ်ချမ်းသာခြင်းရခဲ့ဖူးခြင်းက ကျမအတွက်တော့ တစ်ဘ၀စာ တန်ပါပြီ။ အဲသည်အသိနှင့်ပင်… ကျမဘ၀မှာ လုံခြုံပြီ… စိတ်မှာ အင်အားတွေရှိပြီ။ ဒါပေမယ့် မောင်… ယုံကြည်ခြင်းနှင့် လွမ်းဆွတ်ခြင်းကတော့ဖြင့် သီးခြားစီသာ ဖြစ်သည်။ မတတ်သာလွန်းလို့ ခွဲနေကြ ရတဲ့ အချိန်တွေထဲမှာ ကျမ မောင့်ကို မပျော်တတ်တော့လောက်အောင် လွမ်းဆွတ်ပါသည်။

+++++

တကယ်တော့ လွမ်းတယ်ဆိုသော စကားကိုပင် ပေါ့တန်လှသည်ဟု ထင်သည်။ “သူများပျော်လို့ မပျော်နိုင်၊ ရည်းစားပျောက်လို့ မှိုင်”ဆိုသော သင်္ကြန်သံချပ်ကလေးက ခုနွေမှာတော့ ကျမကို မြားတစ်စင်းလို အသေအချာ ထိမှန်လိမ့်မည်။ အဲသည်အခါ အရင်ကလို ပြုံးနိုင်ပါ့မလား။ အနားမှာ မောင်အတူမရှိတဲ့ သင်္ကြန်မှာ ကျမ ပြုံးရယ် နိုင်ဖို့ မလွယ်ပါ။ မိသားစုနဲ့ ဝေးဝေးမှာ (အလုပ်ခွင်ထဲ ရောက်နေချိန်လည်း ဖြစ်နိုင်ပါသည်) မောင်တစ်ယောက် တည်း ရှိနေခိုက် မိသားစုကြီးရဲ့ ဘ၀ရပ်တည်ရေးအတွက် တပြည်ခြားမှာ ပင်ပင်ပန်းပန်း နေနေရခိုက်မှာ ကျမ မပျော်ရက်ပါ ။ ကျမအတွက်တော့ အချစ်ဆိုတာ ကိုယ်ချင်းစာ ငဲ့ညှာမှုတစ်မျိုးလည်း ဖြစ်သည်။

+++++

သင်္ကြန်အကြိုဆိုရင်… ကျမတို့ နေခဲ့သော မြို့ကလေးမှာ အမြဲလို… ပိတောက်တွေ အချိန်ကိုက် ဖူးတတ်သည်။ ကျမတို့နေသော ပန်းစုံတောအုပ်ကလေးမှာလည်း သင်္ကြန်ပန်းရနံ့တွေ သင်းပျံ့လာမြဲ။ အဲဒီအချိန်ဆို ကျမတို့ ရထားတွဲလေးဟာ လှုပ်နှိုးခံလိုက်ရသလို မြို့ကလေးရဲ့ အနီးဆုံး ပင်လယ်ဆီ ဦးတည် ခုတ်မောင်းတော့သည်။ သားကြီး နဲ့ သမီးက စင်ရော်လေးတွေလို ပင်လယ်လှိုင်းတွေဆီမှာ ပျော်သည်။ ပင်လယ်ရေဟာ ပက်လို့မကုန်တဲ့ သင်္ကြန်ရေပဲ..။ ပင်လယ်ရဲ့ မနက်ခင်းမှာဆို ပိတောက်ကြွေတွေကလည်း လှိုင်းတွေစီးလို့၊ နေရောင်ခြည်က ပိတောက်ပွင့်တွေကို ရွှေရောင် ပိုရင့်စေပြီး လှိုင်းတွေကိုကျတော့ သက်တံ့ရောင် ဆိုးသည်။ အဲသည် မြင်ကွင်းတွေဟာ ကျမတို့အတွက်တော့ ဘယ်တော့မှ ငြီးငွေ့စရာ မကောင်း။ ပိတောက်တွေကို မောင်ကိုယ်တိုင် အပင်ပေါ် တက်ခူးပြီး အခန်းလေးထဲ ဝေနေအောင် ထားပေးလျှင် အဲသည် ပိတောက်တွေကမှ အမွှေးဆုံး ဖြစ်သည်။ ရင်ထဲထိ အေးစေတဲ့ မွှေးရနံ့ဟာ သိပ်လည်း လတ်ဆတ်သည်။ တကယ်တော့ အဲဒါဟာ နှစ်စဉ် မောင် ပေးနေကျ မေတ္တာတွေပဲ မဟုတ်လားကွယ်။ ထိုအခါ တစ်နှစ်မှ မပျက်ကွက်ဖူးသော ပိတောက်ဦးတွေ က ပင် လျှင် မောင့်ကို လွမ်းချင် လွမ်းနေနိုင်ပါ သေးသည်။

+++++

လူတွေက ပျော်လို့။ ညံလို့၊ သွက်လို့၊ သင်္ကြန် ကျပြီတဲ့။ သားကြီးက “ရေပက်မဏ္ဍပ် သွားမယ်နော်မေမေ” တဲ့ ။ သမီးကတော့ “အိမ်ရှေ့မှာပဲ ရေစည်ချပေး” တဲ့။ သားငယ်ထွေးလေးကတော့ လက်တွန်းလှည်းလေးထဲမှာပဲ တခစ်ခစ်ရယ်နေမှာပေါ့။ မေမေကတော့ သည်အတိုင်းပဲ ကလေးတွေကို ထိုင်စောင့်မှာပေါ့ကွယ်။ သားကြီးက နောက်တတ်ပြီ။ ‘မေမေကို ဒီနှစ်တော့ သားပဲ ရေလောင်းမယ်’ လို့ ပြုံးစစနဲ့ ပြောတတ်ပြီ။ သမီးကတော့ ‘ဖေဖေရှိရင် သမီးကို ရေပိုက်ဆင်ပေးမှာ’ လို့ သတိရရှာတယ်။ ပိတောက်ပန်းတွေ တွေ့တော့ လိုချင်လိုက်တာ တဲ့။ မေမေကတော့ မလိုချင်ပါဘူးကွယ်။ သမီးဝယ်လိုက်တဲ့ ပိတောက်ပန်းတွေက အ၀ါဖျော့လိုက်တာ။ ရနံ့က လည်း လျော့သေး။ ဟိုး နှစ်တွေတုန်းက ပိတောက်တွေကဖြင့် သင်္ကြန်ရက် ကုန်တာတောင် သူ့ရနံ့က ဝေ့၀ဲ လွင်ပျံ့ ကျန်နေသေးသလို။ ခူးပေးတဲ့သူကြောင့် ပိုမွှေးတာ ဖြစ်မှာနော်။

လတ်ဆတ်တဲ့ရနံ့က လေပြေနှင့်အတူ မျောလွင့်လာသည်။ သမီးက ပိတောက်တွေ ချွေကစား။ ရေစည်ထဲမှာ ပိတောက်ပွင့်ကြွေတွေ... ရေဘောင်ဘင်ထဲမှာ ဝေလို့။ လှိုင်းခေါင်းဖြူသံ တ၀ုန်းဝုန်းကို ကြားသည်။ ပိတောက် ပွင့်ကြွေတွေက တငြိမ့်ငြိမ့် တလိမ့်လိမ့်။ ကိုယ့်ဆံပင်ပွပွမှာ ပိတောက်ခက်တွေ ထိုးစိုက်ပေးတတ်တဲ့ လက်အစုံ ကို သတိရတယ်။ ဟော သမီးလေးရဲ့ ခိုးခိုးခစ်ခစ် ရယ်သံ။ မောင့်ခမျာလည်း လွမ်းရှာမှာပဲ။ ဟော… သားကြီးက ဖေဖေရေ သောင်ပြင်မှာ ဘောလုံးလုအောင်… တဲ့။ သားငယ်လေးကတော့ အဖေ့လက်ကို အားကိုးတကြီး ဖမ်းဆုပ်ရင်း လှိုင်းကြားမှာ ရာဘာလှေကလေး စီးလိမ့်မည်။ သုံးနှစ်အတွင်း သားသမီးတွေ အဖေကို စိမ်းသွား မှာလည်း စိုးတယ်တဲ့။ ‘အားတင်းထားနော်… မောင်ရယ်။ နှစ်နှစ်ပဲ ကျန်တော့တာပါ’ ကျမ ဘယ်သူ့ကို နှစ်သိမ့် နေတာလဲ။ မောင့်ကိုလား။ သားသမီးတွေကိုလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်လား။ အမှန်အတိုင်း ၀န်ခံရလျှင်တော့ အားငယ်စွာ ငိုကြွေးပစ်လိုက်ချင်တာပါ။

ဟော… ပိတောက်တွေ လတ်ဆတ်သောမွှေးရနံနဲ့၊ မိုးစက်တွေ စိုစွတ်နေသလို လန်းလို့။ အရွက်စိမ်းတွေက ဖားဖား ဝေေ၀ ၀န်းရံလို့။ မောင်က ပိတောက်ဆို အရွက်စိမ်းတွေ တွဲနေမှ လှသတဲ့။ ခေါင်းတွဲ ရှိမနေသေးတဲ့ ရထားတွဲလေးကရော ပြည့်ပြည့်စုံစုံ လှပါ့မလား ……

အို… ကျမ ရင်ထဲကို ပိတောက်စိမ်းစိမ်းတွေ အဆုပ်လိုက် အခဲလိုက် ဘယ်သူ ပစ်ထည့်လိုက်တာလဲ…ဟင်။ အဲသည့် အချိန်လေးမှာ ခေါင်းတွဲလာ မချိတ်သေးတဲ့ ရထားအိမ်ကလေး လေးတွဲကတော့ အချင်းချင်း တင်းကျပ် သိပ်သည်းအောင် ချိတ်လို့ ပကတိ ငြိမ်သက်စွာ…။
+++++

အသေချာဆုံးကတော့ ကျမအတွက် ၂၀၀၄ ခုနှစ်မှာ သင်္ကြန် မကျပါ။

မေငြိမ်း
Empress မဂ္ဂဇင်း။
၂၀၀၄-ဧပြီလ ။

3 comments:

Chocolaier said...

ဆရာမရေ... ဖတ်ပြီးခံစားသွားပါတယ်။ ဖေဖေကလည်းအမြဲတမ်း ခရီးထွက်နေတဲ့သူလေ။ ချိုကိုတို့လည်း လက်သီးတဆုပ်ပဲ အားလုံးပေါင်း၅ယောက်။ ဒီ၅ယောက်အားနဲ့ ကမ္ဘာပတ်မယ်ကြွေးကြော် ခဲ့ဖူးတယ်။ အခုတော့ သမီးနှစ်ယောက်တနေရာ... အိမ်မှာမမြဲရတဲ့အဖေ... အမေနဲ့သား... ငယ်ငယ်က နွေကျောင်းပိတ်ရက်လေးတွေကို သတိရတယ်။ အတူတူနေနိုင်မယ့် ချိန်ကျတော့ ချစ်သူကိုယ်စီနဲ့... ဘယ်လိုမှပြန်မရနိုင်တော့တဲ့ ခနလေးတွေပဲနော်

Kay said...

အမရေ..ကြားဖီးလ်ယူသွားတယ်

pandora said...

"ကျမအတွက်တော့ နောက်ကျပြီးမှ ရှာတွေ့တဲ့ အခြမ်းလေးဟာ သူပါပဲ။ (ဒါပေမဲ့.. ဘာမှ မသေချာတဲ့ လောက ကြီးမှာ ခုချိန်ထိတော့ သေချာနေသေးတဲ့အတွက်လဲ သူ့ကို ကျေးဇူးတင်ရပါတယ်)။"

အဲဒီစကားလေးကို သဘောကျတယ်ဆရာမရယ်။

ဘ၀တိုတိုလေးမှာ ခွဲရတဲ့ အချိန်တွေကလည်း များလိုက်တာနော်။ ချစ်တဲ့သူတွေနဲ့ အတူတူရှိနိုင်သမျှ အချိန်လေးတွေကို တန်ဖိုးထားရမှာပဲ။

ဒီဝတ္တုလေးကို ဖတ်ပြီး သိမ်သိမ်မွေ့မွေ့ ကြည်နူးမှုလေး ခံစားရတယ်။

တောင်းဆိုတာလေး တင်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ် ဆရာမ။ မွ..မွ..