ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေကို ပြည့်စုံပြီထင်တာ။ ကိုမိုးစွေကိုလည်း ပြန်ဆွေးနွေးပြီးပြီပေါ့။ ဒီကြားထဲမှာ ကိုယ်တွေ့တဲ့ ကိုယ်ကျင့်တရားကဗျာလေးလည်း တင်ပေးလိုက်သေးတာ။ ဒါပေမဲ့ ဒီနေ့ပဲ ကိုယ်ကျင့်တရား (ကဗျာ) ပို့စ် ရဲ့ Comment မှာ ကိုလေးဝင်းက ကျမရဲ့ အဲဒီ ပို့စ်ကို အားမရဘူးလို့ ဆွေးနွေးလာပါတယ်။ ကျမကတော့ ထပ်ရေးဖို့ မလိုတော့ဘူး ထင်တာနဲ့... အိပ်မက်အိမ်မှာပဲ တင်ခဲ့ပြီး ကျမ ဆီ မှာ မတင်ဖြစ်ခဲ့တဲ့ ကိုယ်ကျင့်တရား(၂)ကို ခုမှပဲ ပြန်တင်ပေးလိုက်ရပါတယ်။
တကယ်တော့ ကိုမိုးစွေက ဇူလိုင် ၂၁ရက်နေ့ကတည်းက ကျမရဲ့ ကိုယ်ကျင့်တရား ပို့စ် ကို အိပ်မက်အိမ် မှာ ဆွေးနွေးထားတာပါ။ ကျမ ပြန်ဆွေးနွေးဖို့ဟာ အလုပ်ပိသွားတာနဲ့ အဘိုးမှိုင်း အမှတ်တရရက် နဲ့လည်း တိုက် သွားတာကြောင့် ခုမှပဲ ပြန်ရေးဖြစ်ပါတယ်။ တကယ်တော့ ပြန်ဆွေးနွေးပါ့မယ်လို့ ပြောထားမိလို့သာ ပြန်ရေးရ တာပါ။ ဒီရက်ပိုင်းတွေထဲ ကိုယ်ကျင့်တရား နဲ့ ပတ်သက်ပြီး ခင်မင်းဇော်၊ ကိုထိုက် ၊ ကိုမြင့်ဇေ နဲ့ ကိုမိုးစွေ ကိုယ်တိုင် နောက်ဆက်တွဲ ပြန်ရေးထားတာတွေကကို တော်တော်ပြည့်စုံနေပြီမို့ ကျမ ပြန်ရေးစရာတောင် မကျန်တော့သလောက်ပါပဲ။ (နာမည်တွေကို Click ပြီးဖတ်နိုင်ပါတယ်)
တကယ်တော့ ကျမ ပြောခဲ့သမျှ ကိုယ်ကျင့်တရားအမြင်မှာလည်း ဖြန့်ထွက် ဖြည့်တွေး လိုက်ရင် တော်တော် လေး ပြည့်စုံပြီးသားလို့ ထင်ပါတယ်။ ကိုမိုးစွေက ပထမတပုဒ်မှာ ကိုယ်ကျင့်တရားကို ငါးပါးသီလနဲ့ ယှဉ်ပြောပါ တယ်။ ဒါလည်း တနည်းတဖုံတော့ ဆက်စပ်နေတာပါပဲ။ ငါးပါးသီလ ဟာ ကိုယ်ဆောက်တည်ရမယ့် အကျင့်ပဲ မဟုတ်လား။ ပြီးတော့ သူတပါး မထိခိုက် မနစ်နာအောင် ထိန်းတဲ့ တရားလည်း ဖြစ်တာကိုး။ ဒါပေမဲ့ ငါးပါးသီလ လို့ ခေါင်းစဉ် တပ်လိုက်တော့ ဒါက ဗုဒ္ဓဘာသာဝင်တွေနဲ့သာ သက်ဆိုင်သလို ဖြစ်သွားစေပါတယ်။ တကယ်က တော့ ကိုယ်ကျင့်တရားကို ထိန်းဖြစ်စေတဲ့ နေထိုင်နည်း ဆိုရင် ဒီမိုကရေစီစနစ်လည်း ပါတာပါပဲ။ ပညတ်တော် ၁၀ပါး လည်း ပါတာပါပဲ။ ဓမ္မပဒ လည်း ပါတာပါပဲ။ ကုရ်အာမ်ကျမ်း ထဲမှာလည်း ပါတာပါပဲ။
ဆိုတော့ တကယ်တော့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားဆိုတာ ရိုးရိုးရှင်းရှင်းလေးပါပဲ… ကိုယ့် လူ့ဘောင် အဖွဲ့အစည်းထဲက အများနှစ်သက်တဲ့ အနေအထိုင် အကျင့်အကြံ စည်းကမ်းပါပဲ။ အများပြစ်တင် ရှုတ်ချနိုင်တဲ့ နေထိုင်မှုမျိုးမဟုတ်ရဘူးပေါ့။ ဒီနေရာမှာ လူထု ပရိသတ်ရှေ့မှောက်မှာ ရှိနေတဲ့ Public Figure တွေက အထူးသဖြင့် ဆင်ခြင်ရမယ်.. တာဝန်ရှိတယ် ဆိုတာမျိုး ကျမ ပြောခဲ့ပါတယ်။ အခု အဲဒီ အယူအဆလေးကို ကိုမိုးစွေ ရဲ့ ဘယ်လိုဖြေရှင်းကြမှာလဲ ဆိုတဲ့ ပို့စ်မှာ တွေ့ပါတယ်။
ဟုတ်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာက အဲလို ရှေ့ဆောင်သူတွေကို အတုယူတဲ့ အကျင့်စွဲပြီးသားပါ။ အထူးသဖြင့် ကလေးတွေ လူငယ်တွေ အများစုဟာ ရုပ်ရှင်ထဲက ဇာတ်လိုက်တွေကို.. ၀တ္ထုထဲက ဇာတ်ကောင်တွေကို… ကိုယ့် ဆရာ ဆရာမ တွေကို… ကိုယ့်မိဘ မောင်နှမတွေကို … အင်မတန် အတုယူတာ အတုခိုးတာပါ (ကိုမိုးစွေပြောထားသလိုပါပဲ)။ ဒီတော့လည်း လူကြီးတွေကတော့ အဲလို လူထု ရှေ့ဆောင် တွေကို စံပြတွေ ဖြစ်စေချင်ကြတာပါပဲ။ ဒီနေရာမှာ တချို့က Public Figure တွေဆိုတာကလည်း လူတွေပဲ အမှားရှိမှာပေါ့ လို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ သာမန်လူတွေ ထက်တော့ (သိပ်မမှားသင့်တဲ့)တာဝန် ပိုရှိသွားတာလည်း အမှန်ပါပဲ။ ကော်မင့်တခုမှာ နိုင်(အိမ်) က ဝေမျှထားဖူးတဲ့ တာဝန် ဆိုတာ သစ္စာပဲ ဆိုတဲ့ စကားလေးကို ကျမ သိပ် သဘောကျ တာပါပဲ။ ထပ်ဖြည့်ရရင်တော့ တာဝန် ဆိုတာဟာ စေတနာလည်း ဖြစ်ပါတယ်။
ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ကျမရဲ့ စာသင်ခန်းတွေထဲမှာလည်း တပည့်တွေနဲ့ မကြာခဏ အပြန်အလှန် ဆွေးနွေးဖူးပါတယ်။ အရက်သောက် မူးယစ်ဆေးသုံးတာ ကိုယ်ကျင့်တရားနဲ့ ဆိုင်မဆိုင်က အစ.. အိမ်ထောင်ရေး ဖောက်ပြန်မှု လိင်ပိုင်းဆိုင်ရာ တွေအထိ...ရောက်အောင် ဆွေးနွေးကြဖူးပါတယ်။ တကယ်တော့ ကိုယ်ကျင့်တရား ကိစ္စဟာ ရိုးရှင်းသလောက် ကျယ်ပြောလှပါတယ်။ အထူးသဖြင့် မြန်မာ့ လူ့ဘောင်လောက ထဲ မှာပေါ့။ ကျမ ကိုယ်တိုင် စာရေးဆရာ ကျောင်းဆရာမအနေနဲ့ ရင်ဆိုင်ရတဲ့ ပြဿနာတွေ ရှိခဲ့တာပါ။ ကိုယ့် ဘာသာ အကောင်းဆုံးဖြစ်အောင် တာဝန်ယူ ရင်ဆိုင်နိုင်ဖို့တော့ လိုပါတယ်။
ကျောင်းဆရာမ စာရေးဆရာမ တစ်ယောက်အနေနဲ့ အိမ်ထောင်ကွဲသင့် မကွဲသင့်၊ နောက် အိမ်ထောင်သစ် ထူထောင်ဖို့ သင့် မသင့်၊ ကလေးကို အိမ်ထောင်ကွဲ သားသမီး အဖြစ် ခံသင့် မခံသင့်၊ ဆရာ ဆရာမ အနေနဲ့ ကျောင်းသား ကျောင်းသူ နဲ့ အိမ်ထောင်မပြုသင့်တာတွေ…. အထိ ။ နောက်ဆုံး စာရေးဆရာတစ်ယောက် အနေနဲ့ ကိုယ့်လူ့ဘောင်နဲ့ မလျော်ညီတာကို ရေးသင့် မရေးသင့်ဆိုတာတွေဟာ ကိုယ်ကျင့်တရား စည်းဘောင် တွေပါပဲ။ မြန်မာစာပေလောကမှာဆိုရင် အငြင်းအခုန်တွေ ဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါတွေဟာ အများက သတ်မှတ်လိုက်တဲ့ စံတွေလည်း ဖြစ်ပါတယ်။ (ဒီနေရာမှာ တခြား လူ့ဘောင်က ယဉ်ကျေးမှုစံတွေနဲ့တော့ နှိုင်းယှဉ် စဉ်းစားလို့ မရပါဘူး။)
တနေ့က ကျမရဲ့ မောင်လေးတွေလိုဖြစ်နေတဲ့ လူငယ်တွေနဲ့ စကားဝိုင်းဖွဲ့ဖြစ်တော့ ဒီ ကိုယ်ကျင့်တရားကိစ္စကို ပြောပြ ဆွေးနွေးဖြစ်တယ်။ ယောက်ျားလေးတွေကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ လိင်ကိစ္စကို ကိုယ်ကျင့် တရားနဲ့ သိပ်မပတ်သက်ဘူးလို့ ယူဆသတဲ့။ ဒီနေရာမှာ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိတာကို ဦးတည်ပြီး ပြောကြပါတယ်။ ပြီးတော့ အနုပညာသမား (ရုပ်ရှင် ဂီတ ဇာတ်သဘင်လောက)တွေဟာ လိင်မှုကိစ္စ ပြဿနာတွေ ဖြစ်ရိုးဖြစ်စဉ်မို့ အဲဒီလူတန်းစားရဲ့ အပြုအမူက လူငယ်တွေ အတွက် မထူးတော့ပါဘူး လို့လည်း ဆွေးနွေးပါတယ်။ တချို့ကလည်း ဘသူတွေ ဘာလုပ်လုပ် သူ့အလုပ်အပေါ် တာဝန်ကျေရင် ပြီးတာပါပဲ…တဲ့။ ကျမကတော့ ဒါဖြင့် ဘေးထွက်ဆိုးကျိုး ကိစ္စတွေကို ဘာပြောမလဲ.. ဘယ်လိုဖြေရှင်းမလဲ..ဆိုတာတွေ တွေးနေ မိပါတယ်။
ကျမကတော့ လူငယ်တွေရဲ့ ပတ်ဝန်းကျင်က သူတို့အပေါ် အများကြီး လွှမ်းမိုးတယ် ဆိုတာကို..၊ အထူးသဖြင့် နိုင်ငံ ခေါင်းဆောင်တွေ.. အနုပညာရှင်တွေ.. အသိပညာရှင် အတတ်ပညာရှင်တွေက လူငယ်တွေရဲ့ ကိုယ် နှုတ် နှလုံးကို အများကြီး လွှမ်းမိုး ဖန်တီးနိုင်တယ်ဆိုတာကို.. ယုံပါတယ်။ ဒါကြောင့် အဲဒီလူတွေရဲ့ ကိုယ်ကျင့်တရားရှိမှု၊ ဆင်ခြင်ထိန်းသိမ်းနိုင်မှုဟာ အရေးကြီးတယ်လို့ ယုံပါတယ်။
မေငြိမ်း(ဇူလိုင်၂၅)
5 comments:
ဆရာမရေ..
ဒီကိုယ်ကျင့်တရား topic ကလေးကတော်တော်ဝိုင်းစဉ်းစားစရာကောင်းလို့  စောင့်ကြည့်စောင့်ဖတ်နေဆဲပါ..သေချာတာတစ်ခုကတော့ အနောက်နိုင်ငံတွေမှာရော၊အာရှနဲ့ မြန်မာပြည်မှာပါ မိဘရဲ့ ကိုယ်ကျင့်တရား၊အိမ်ထောင်ရေး ကြောင့်နောက်ဆက်တွဲကောင်းကျိုး ရော ဘေးထွက်ဆိုးကျိုးတွေရော သားသမီးတွေ ရဲ့  ဘ၀ နဲ့  Morality အပေါ်မှာရိုက်ခတ်မှုရှိတာပါဘဲ။
ဆရာမ၊
ကျွန်တော်စိတ်ဝင်စားတဲ့ ခေါင်းစဉ်လေးကို ရီနယူး လုပ်ပေးလို့ အများကြီးကျေးဇူး တင်ပါတယ်။ လက်စနဲ့ ကျွန်တော် ဆွေးနွေးချင်တာတွေ ဆက်ဆွေးနွေးပါရစေ။ ဆရာမပေးတဲ့ပို(စ်)တွေအားလုံးကိုရောက်တယ်။ ကွန်မန့်တွေပါ အားလုံးဖတ်ခဲ့ပါတယ်။ အဲဒီမှာ ဆွေးနွေးကြတဲ့ တချို့က ကိုယ်ကျင့်တရား မကောင်းတဲ့လူတွေကို လူရာမသွင်းချင်သလိုတွေပြောထားကြတယ်။ ရှိပြီးသားဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့တော့ မချိုကို"Chocolaier" ရဲ့ ဆွေးနွေးချက်တွေ အပြည့်အ၀ ထောက်ခံတယ်။ ကျွန်တော်ဆွေးနွေးချင်တာတွေကတော့...
၁။ ကိုကျင့်တရားမကောင်းသူတွေကို လူ့ဘောင်ထဲကနေ မထိုက်တန်ဘူးဆိုပြီး ပစ်ပယ်ထားမလား။ ခွင့်လွှတ်ပြီး ကောင်းမွန်အောင် တည့်မတ်ပေးမလား။
ကိုကျင့်တရား ကောင်းသူပဲဖြစ်ဖြစ်၊ မကောင်းသူပဲဖြစ်ဖြစ် မသေသေးသမျှ လူတစ်ယောက်ဖြစ်လို့ လူ့ဘောင်ထဲကနေ မထိုက်တန်ဘူးဆိုပြီး ပစ်ပယ်ထားဖို့တော့ မသင့်တော်ဘူးထင်တယ်။ ဒီစကားကို နောက်တစ်ကြိမ် အခွင့်အရေးပေးတာနဲ့ မရောထွေးစေချင်ဘူး။ သူ့ကို လူ့ဘောင်ထဲကနေ မထိုက်တန်ဘူးဆိုပြီး ပစ်ပယ်ထားခြင်းက နောက်တစ်ကြိမ် ကိုယ်ကျင့်တရားမဖေါက်ပြားရဲအောင် အပစ်ပေးခြင်းလား။ အဲလိုဆိုရင် တရားလက်လွတ် အပစ်ပေးခြင်း ဖြစ်သွားမှာပေါ့။ သင့်တော်တဲ့တရား စီရင်ရေးစနစ် ရှိမယ်ဆိုရင် အဲဒီစနစ်က ကိုယ်ကျင့်တရားမကောင်းသူကို သင့်တော်တဲ့ပစ်ဒဏ် ပေးလိုက်ရမှာပေါ့။ အဲဒီပစ်ဒဏ်ကပဲ အဲဒီလူတွေကို နောက်တစ်ကြိမ် မဖေါက်ပြားရဲအောင်၊ မဖေါက်ပြားသင့်မှန်း နားလည်သဘောပေါက်သွားအောင် လေ့ကျင့်ပေးနိုင်ရမှာပေါ့။ သင့်တင့်လျှေက်ပတ်တဲ့ ပစ်ဒဏ်ခံပြီးသွားရင် သူတို့အပစ်တွေကျေသင့်ပါပြီ။ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ဘာပစ်ဒဏ်တွေမှ ထပ်မပေးသင့်တော့ဘူးထင်တာပဲ။
ကိုယ်ကျင့်မကောင်းသူတွေကို လုံးဝခွင့်မလွှတ်နိုင်ဘူးဆိုတာကလည်း မဟုတ်သေးဘူးထင်တယ်။ ကိုယ်ကျင့်ပျက်ကြရတဲ့ အကြောင်းတွေကို လေ့လာသင့်သေးတယ်။ မကောင်းမှုကို ၀ါသနာပါလွန်းလို့ ကိုယ်ကျင့်ပျက်ရတယ် ဆိုတာတော်တော် ရှားမှာပါ။ မိမိကိုယ်မိမိ ကိုယ်ကျင့်ပျက် မှန်းမသိလိုပျက် နေကြတဲ့လူတွေလည်းရှိနိုင်တယ်ထင်တယ်။ ( တချို့လူတွေ ဆိုရင် တရားဝင် ၀င်ငွေနဲ့ စက်ဘီးကောင်းကောင်း တောင် မစီးနိုင်ဘဲနဲ့၊ သိန်းထောင်ကျော်တန်ကားကြီးတွေ လူမြင်ကွင်းမှာဝယ်စီးပြနေတာ၊ အလှူကြီးတွေပေး နေတာတွေဟာ အဲလိုကြီးဖြစ်နေလားလို့ပဲ။ အဲဒီကိစ္စတွေမှာ ပတ်ဝန်းကျင်ကလည်း သူတို့ကလူကြီးတွေကို လုပ်နိုင်တာပေါ့လို့ပြောကြတယ်။ ) အမှားကကြာလာတော့ အမှန်ကြီးလိုမြင်လာကြတယ်။ ဒီကိစ္စမှာ ဘယ်သူ့မှာမှ ခွင့်မလွှတ်နိုင်စရာ အမှားမရှိပါဘူး။ မသိလို့မှားနေတဲ့ အမှားပဲရှိတယ်။ အဓိကတရားခံက စနစ်ပါ။ နောက်ထပ်အကြောင်းတစ်ခုက အကြပ်အတည်းတစ်ခုခုကြုံရလို့ ကိုယ်ကျင့်ပျက်စီးသွားတာလည်းဖြစ်နိုင်တယ်။ တစ်ခါတစ်လေမှာ အဲဒီကိုယ်ကျင့်တရားဆိုတာကြီးက အသက်၊ စားဝတ်နေရေးအကြပ်အတည်း စတာတွေနဲ့ လောင်းကြေးထပ်ခံရတတ်တယ်။ ( မငြိမ်းချမ်းတဲ့ကာလတွေမှာ အတင်းအဓမ္မကျင့်တာကို တချို့ကလက်နက်သဖွယ်အသုံးချတတ်တယ်တဲ့။ ရုတ်ရှင်ထဲမှာ ကြည့်ဖူးတယ် အထက်အရာရှိက မိန်းမတစ်ယောက်ကို စော်ကားခိုင်းတာ ငြင်းဆံတဲ့ရဲဘော်တစ်ယောက် အပစ်ပေးခံရတဲ့အခန်း။ တရားဝင် ၀င်ငွေက စားဝတ်နေရေးကို အာမခံမပေးနိုင်တဲ့ ဘ၀တွေ။)အဲလိုအခြေအနေနဲ့ တွေ့လာရင် ကိုယ်ကျင့်တရားကိုကာကွယ်နိုင်ဖို့က တော်တော်မလွယ်တဲ့ ကိစ္စပါ။ " အူမတောင့်မှ သီလစောင့် နိုင်မယ်" ဆိုတဲ့စကားကလည်းရှိသေးတယ်လေ။ ကိုယ်ကျင့်ပျက်သူတွေကို လုံးဝခွင့်မလွှတ် နိုင်ပါဘူးဆိုတဲ့လူတွေကို မေးချင်တယ်။ အဲဒီလိုအခြေအနေမျိုး ကိုယ်တိုင်ကြုံလာရင် ဘာလုပ်ကြမလဲ။ အဲဒီအခြအနေနဲ့ကြုံလို့ ကိုယ်ကျင့်ပျက်ရသူတွေကရော ခွင့်မလွှတ်နိုင်စရာ ပစ်မှုကျူးလွန်သူတွေလား၊ သနားစရာ ခေတ်စနစ်ရဲ့သားကောင်တွေလား။ မကောင်းတဲ့စနစ်ကြောင့် လူသားတွေချင်းသွေးကွဲပြီး ခွင့်မလွှတ်နိုင်အောင် အငြိုးအတေးကြီးတွေ ဖြစ်လာတတ်တယ်ထင်တယ်။ကိုယ်ကျင့်မကောင်းရခြင်းရဲ့ နောက်ဆုံးအကြောင်းအရင်းကတော့ (ကျွန်တော်စဉ်းစားမိသလောက်) တဏှာ၊ လောဘ၊ မောဟ၊ မနာလိုမှု နဲ့ သ၀န်တိုမှု စတဲ့အကုသိုလ် စိတ်တွေအားကောင်းလာပြီး အဲဒီစိတ်တွေကိုအလိုလိုက်မိခြင်းပဲ။ ဒီကိစ္စမှာတော့ လူအပေါ်အများကြီးမူတည်နေလို့ ခွင့်လွှတ်ဖို့နဲနဲခက်တာပေါ့။ ဒါပေမယ့် တရားဥပဒေကပေးတဲ့ အပစ်ဒဏ်ကိုခံပြီးသွားပြီဆိုရင၊် နောင်တတွေလည်းရနေလောက်ပြီဆိုရင် ခွင့်မလွှတ်နိုင်ရင်တောင် သူ့ကိုလူလောကကြီးက (သတိနဲ့) လူရာသွင်းဆက်ဆံသင့်တယ် ထင်ပါတယ်။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက သူ့ကိုပစ်ပယ်ထားမယ်ဆိုရင်တော့ အဲဒီလူအတွက်ရော လူ့အဖွဲ့အစည်းအတွက်ရော ကောင်းကျိုးမရနိုင်ဘဲ၊ ဆိုးကျိုးတွေသာ ဖြစ်လာနိုင်တယ်။
၂။ လူမိုက်နဲ့ (ဘုရားဟောနဲ့အညီ) ကင်းအောင်နေရေး။
လူမိုက်နဲ့မပေါင်းနဲ့ဆိုတော့ ပြောရလွယ်တယ်။ လက်တွေ့မှာတော့ အထက်ကပြောခဲ့သလိုပဲ အကြပ်အတည်းတွေနဲ့ လောင်းကြေးထပ်ရတတ်တယ်။ ဆရာမက လက်ရှိအစိုးရကို လူမိုက်နေရာထားပြီး ဆွေးနွေးထားတယ်။ မြန်မာနိင်ငံမှာနေတဲ့လူတွေက အစိုးရရဲ့ပညာရေးစနစ်နဲ့ ကင်းအောင်နေချင်ရင် ပညာရေးမရှိတော့ဘူး။ လ၊ ၀၊ က နဲ့ကင်းအောင်နေချင်ရင် လူစာရင်းမ၀င်တော့ဘူး။ အစိုးရဘဏ်ကထုတ်တဲ့ ငွေကြေးကိုမသုံးချင်ရင် ဘာမှဝယ်လို့မရတော့ဘူး။ သူနဲ့ကင်းအောင်နေဖို့ဆိုတာ အပြင်ရောက်နေတဲ့လူတွေအတွက်တော့ ဖြစ်နိုင်ချေရှိတာပေါ့။ ဒါတောင် (လုံးဝ) ကင်းနိုင်သလားဆိုတာက အပြင်ရောက်နေသူတွေကိုယ်တိုင် သေချာစဉ်းစားပြီးမှ ဖြေရမယ့်မေးခွန်း။ တစ်ခါတစ်လေမှာ ဘ၀ရဲ့အကြပ်အတည်းတွေ ပြေလည်အောင်လို့ ကို့အပေါ်မှာ ဘိုကျအနိုင်ယူနေမှန်း သိသိကြီးနဲ့ ( ကိုယ်ကျင့်မကောင်းတဲ့လူမှန်း သိသိကြီးနဲ့ ) မကင်းနိုင်ကြတာတွေ ရှိတယ်။ အဲလိုအခြေအနေကြုံနေလို့ လူမိုက်တွေနဲ့ပတ်သက်နေသူတွေကို ဘုရားဟောမင်္ဂလာတရားတော်နဲ့အညီ မနေသူတွေ လို့စွတ်စွဲရင်တော့ ( လူထုခေါင်းဆောင်တွေအပါအ၀င်) မြန်မာပြည်သူတစ်ရပ်လုံးကို အမင်္ဂလာရားနဲ့ နေသူတွေလို့ဆိုရာရောက်သွားမှာပေါ့။
ဆရာမရေ...
ဒီကွန်မန့်ကတော့ တော်တော်ရှည်သွားပြီ။ ဆရာမမျက်စေ့ရှုတ်ရင်လည်း ဒလိ လုတ်လိုက်ပါ။ ဆွေးနွေးသမျှထဲမှာ အမှားတွေပါရင်လည်း ထောက်ပြပေးပါ။ မယဉ်ကျေးတာတွေပါသွားရင်လည်း တောင်းပန်ပါတယ်။ စိတ်ဝင်စားစရာ ပို(စ်)တွေဆီကို အရောက်ပို့ပေးလို့လည်း ဆရာမကို ကျေးဇူးတင်ပါတယ်။ လေးစားလျှက်.....
ကိုလေးရေ
ဆရာမပြောတဲ့ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ ဆိုတာ
အခုလက်ရှိ အစိုးရကိုပြောတာမို့ သူနဲ့တွဲမလုပ်လို့ မရဘူးဆိုတာ မဖြစ်ဘူးလို့ပြောတာ နည်းနည်းလွဲနေလားလို့။
ကျောင်းတက်တာ ပိုက်ဆံတွေသုံတာ နအဖနဲ့ လက်တွဲတာမှ မဟုတ်တာ။
သူခေါ်တဲ့ ကြံ့ဖွံ့ထောက်ခံပွဲတွေ မသွားတာ။
သူ့လက်အောက်မှာပေမယ့် ၀န်ထမ်းတွေက သူလုပ်ခိုင်းသလို သူဖြစ်စေချင်သလို လာဘ်စားသူတွေ မလုပ်တာ။ သူရိုက်ခိုင်းတဲ့ ပေါ်လစီကားတွေကို မရိုက်ပေးတာ။ သူဆိုခိုင်းတဲ့ ပေါ်လစီသီချင်းတွေကို အဆိုပဲနေတာ ။သူပစ်သတ်ခိုင်းတိုင်း အမှားအမှန် မဆင်ခြင်ပဲ ပစ်သတ်နေတာ မျိုးတွေကို........စသည်ဖြင့်......... ဆန့်ကျင်ခြင်းဖြင့် မပူးပေါင်းတာမျိုးကို ဆိုလိုတာထင်ပါတယ်။ အဲဒီအတွက်ကတော့ ရင်းနှီးပေးဆပ်ရမှာက အမှန်ပါ။ မိုးခါးရေ သောက်သူများတိုင်း လိုက်သောက်သင့်ပါသလား။
ကိုယ်ကျင့်တရားမကောင်းတာကို သိအောင် ပြင်ပေးရမယ်။ အဲဒီမှာ မှားမှန်းသိရက်နဲ့ ပြင်တဲ့သူဟာ လူတော်ပေါ့လို့ ပြောထားပါသေးတယ်။ အမှားမှာ ပျော်မွေ့နေသူ။ မှားမှန်းသိရက်နဲ့ မပြင်သူကိုသာ လူမိုက်လို့ ဆိုလိုချင်တာလို့ နားလည်ထားပါတယ်။ ဖတ်ရင်း တခါတလေ နားလည်မှုလွဲ များသွားသလားလို့ ၀င်ဆွေးနွေးကြည့်တာပါ။
အင်းးး ကိုလေးဝင်းရေ.. ခင်မင်းဇော်ပြောတာနဲ့ ကျမတောင် ပြောစရာမလိုတော့ဘူးဖြစ်သွားပါတယ်။
ဟုတ်ပါတယ်။ ကျမ ဆရာမလုပ်သက် စာရေးဆရာ လုပ်သက် အနှစ်၂၀လုံးအဆင်းရဲခံပြီး အစိုးရကို မပူးပေါင်းဘဲ အားမပေးဘဲ နေခဲ့တာ ရပါတယ်။
အဲဒီအတွက် ဒုက္ခလည်းခံခဲ့ရပါတယ်။ အဲလောက်တော့ လုပ်ရမှာပါပဲ..။ ဒါမှလည်း မတရားမှုကို လက်သင့်မခံရာ ကျမှာပါ..။ တနည်းအားဖြင့်တော့ ဒါဟာ ကိုယ်ကျင့်တရားမဲ့သူတွေကို ဆန့်ကျင်တာပါပဲ။ ပြီးတော့ တတ်နိုင်သလောက် ကိုယ့်ကိုယ်ကျင့်တရား ကို ထိန်းတာလည်း ဖြစ်ပါတယ်။
နောက် ချိုကို ကိုလည်း ကျမ ပြန်ဆွေးနွေးပြီးသားပါ။ နအဖနဲ့တောင် ဥပမာပေးထားပါသေးတယ်။ ဒီနေရာမှာ ကြိုက်သလို သဘောထားခွင့် ရှိပါတယ်။ ကျမကိုယ်တိုင်လည်း အမှားရှိခဲ့တာပါပဲလို့တောင် ရေးခဲ့တာပါပဲ။
အဓိကကတော့ ကိုယ်ကျင့်တရားဆိုတာ စောင့်နိုင်ဖို့ ခဲယဉ်းတာကြောင့် စောင့်နိုင်တဲ့သူကို လေးစားပါတယ်။
စောင့်လို့ရပါလျက်နဲ့ မစောင့်ထိန်းဘဲ အခါခါ လွန်ကျူးသူကို ကျမအနေနဲ့ကတော့ မပူးပေါင်း မပတ်သက်ချင်ပါ။ ဒီလောက်ဆို ပြည့်စုံပြီ ထင်ပါတယ်။
Post a Comment