Jul 9, 2007

ဇူလိုင်၇ နောက်ဆက်တွဲ

အဲဒီ ၁၉၆၂ကနေ ခုချိန်ထိ အမှန်တရားအတွက် တိုက်ပွဲဝင်တဲ့သူတွေ ကျောင်းသားတွေကို စစ်တပ်အစိုးရက ဘယ်လိုဒုက္ခပေးတယ်ဆိုတာ သက်သေပြနေတဲ့ စာလေးတစ်စောင်ကို ၇ဇူလိုင် အထိမ်းအမှတ်အတွက် နောက်ဆုံးပို့စ်အဖြစ် တင်ပေးလိုက်ပါတယ်။




ရန်ကုန်ထောင်မှ ရန်ကုန်တက္ကသိုလ်

သူငယ်ချင်း
ငါအခု ရန်ကုန်ထောင်မှာ ရောက်နေပြီ။ ငါ- ၀ံပုလွေတွေရဲ့ သားရဲတွင်းမှာ ရက်ပေါင်း(၂၀) တိတိ အညှင်းဆဲ ခံခဲ့ရတယ်။ ကြေးစားဝံပုလွေတွေက သိုးငယ်ကို အပြစ်ရှာသလို ငါ့ကို ၀ိုင်းပြီး စစ်ဆေးကြတယ်။ ငါ့အဖို့ ငရဲဆိုတာ ဒါပဲလို့ ပူပူနွေးနွေး အရှင်လတ်လတ် သိလိုက်ရတာပဲ။ ရက်ပေါင်း(၂၀)အတွင်း နေ့နဲ့ညကို ငါမသိလိုက်ဘူး၊ ငါ့ရှေ့မှာ မီးမောင်းရယ်၊ ယုတ်မာရက်စက်တဲ့ တိရစ္ဆာန်မျက်နှာတွေရယ်တို့သာ ငါမြင်ရတယ်။

ကြမ်းကြုတ်တဲ့၊ မာကျောတဲ့ အကြင်နာတရားကင်းတဲ့ မေးခွန်းတွေဟာ ငါ့နားထဲကို သံရည်ပူ လောင်းသလိုပဲ၊ ဒီရက်အတွင်း ငါအိပ်လည်း မအိပ်ခဲ့ရဘူး။ “မသိဘူး”ဆိုတဲ့ အဖြေကို အကြိမ်ပေါင်း တစ်ထောင်ကျော် အော်ပြော ရင်း ငါ ဗုံးဗုံး လဲကျသွားမှ ငရဲခန်းက လွတ်တော့တယ်။ အခု ရန်ကုန်ထောင်ကျတော့လည်း (စီ)အတန်းမှာ နေရ တယ်။ (ဘီ)အတန်း မရဘူး။ ဒါကြောင့် ပဲပင်ပေါက်ဟင်း၊ ထောင်အခေါ် နိုင်လွန်ဟင်းရယ်၊ ပဲဟင်းရယ်၊ လုံးတီး ရယ်၊ သဲရှပ်ရှပ် ငါးပိစိမ်းစားတွေကိုသာ အာဟာရအဖြစ် မှီဝဲနေရတယ်။ အခုရာသီမှာတော့ ဂုံနီအိတ်ဟာ ငါ့အတွက် ခြုံစောင်ပဲ။ ဒါပေမဲ့ ငါ့စိတ်ကတော့ လွတ်လပ်လျှက်ပဲ၊ ငါ့ စိတ်ဓာတ်ကိုတော့ ဘယ်သူကမှ အာဏာ မသိမ်းနိုင်ဘူး။

မင်းတို့တတ်နိုင်ရင် ငါ့ကို တစ်ခုကူညီပါ၊ ရတဲ့နည်းနဲ့ ငါ့ထံကို ဗလာစာအုပ်ရယ်၊ ဆေးပေါ့လိပ် အနည်းငယ်ကို ပို့ပေးပါ။ မင်းတို့မှာ ငွေမရှိရင် ကျန်ရစ်တဲ့ ငါ့ဖေါင်တိန်ကို ရောင်းပြီး ၀ယ်ပေးပါ။ငါ့နှမအဆောင်သွားပြီး အားမငယ်ဖို့ သွားပြောပေးပါ။ မေ့မေ့ဆီကိုတော့ ငါ့အကြောင်း ဘာမှမရေးပါနဲ့လို့ သူ့ကို ပြောပါ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့အမေမှာ နှလုံးရောဂါရှိနေတယ်။ ခင်မောင်အုန်း၊ ခင်မောင်ဦးနဲ့ ကုလားကလေး ငချို တို့ကို တွေ့ရင်လည်း ပြောလိုက်ပါကွာ၊ မင်းတို့ အာသာငမ်းငမ်း သွားရည် တမြားမြား ဖြစ်နေတဲ့ ဆိုရှယ်လစ် လမ်းစဉ်ဟာ အရသာ ခါးလှချည်လားလို့----

အခုနေဆို စခန်းမသာတဲ့ မြကျွန်း မသာအိမ်မှာ ကံ့ကော်တွေ ပွင့်နေရော့မယ်နော်။
လှေခွက်ချည်းကျန်၊ အလံမလှဲစတမ်းဟေ့---

မြင့်သိန်း
ခေတ္တ၊ ရန်ကုန်ထောင်
(ဇူလိုင်၇ အရေးတော်ပုံအပြီး ဖမ်းဆီးချုပ်နှောင်ခံရသော ရဲဘော်တစ်ဦး၏ ပေးစာကို တိုက်ရိုက် ကူးယူဖေါ်ပြ ပါသည်။ )(၁၉၆၃ခုနှစ် ဇန်န၀ါရီလထုတ် ရင်ပြင်နီ ကဗျာစာအုပ်မှ)



3 comments:

Maydarwii said...

ထောင်တွင်းကပေးစာလေးက ခပ်တိုတိုလေးပေမဲ့ ထောင်ထဲမှာ စစ်ဆေးကြပုံ၊ စားသောက် နေထိုင်ရပုံ ကို သိရတဲ့အပြင်သူ့မိသားစု နဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ် တစိတ်တဒေသကိုလဲ ပုံဖော်မှန်းဆလို့ရလောက်တယ်နော်။ "စခန်းမသာတဲ့ မြကျွန်းမသာအိမ်" ဆိုတဲ့ တင်စားချက်ကလည်း ထိလွန်းတယ် ... အမရယ် ... ကျောင်းသားစိတ်ဓာတ်ဆိုတာ ဘယ်တော့မှ အလံမလှဲဘူးနော် ... ။

ကောင်းကင်ကို said...

လင့်ခ်လေးယူသွားပါတယ် ဆရာမ။

Moe Cho Thinn said...

ထောင်ထဲက စာတွေက အာဏာရှင်တွေရဲ့ ရက်စက်မှုတွေ နဲ့ ခေတ်ရဲ့ သမိုင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေကြတယ်။

“ငါ့စိတ်ကတော့ လွတ်လပ်လျှက်ပဲ၊ ငါ့ စိတ်ဓာတ်ကိုတော့ ဘယ်သူကမှ အာဏာ မသိမ်းနိုင်ဘူး”

အဲဒါ ခွပ်ဒေါင်း စိတ်ဓာတ်၊ သမဂ္ဂ စိတ်ဓာတ်၊ ဘယ်တော့မှ မသေတဲ့ အာဇာနည်စိတ်ဓာတ်။