Jul 30, 2007

ရင်ကွဲနာ(၂)


ကျမရော စိမ်းပါ ခုတလော အလိုလိုနေရင်း ခြေကုန်လက်ပန်းကျသလို မောဟိုက် ပင်ပန်း နေတတ်ကြသည်။ စာသင်ချိန် နှစ်ချိန် ဆက်လိုက်လျှင် သိသိသာသာပင် မောကာ နှုတ်ခမ်းတွေပင် ခြောက်လာသည်။ ထိုအထဲ ကျမကတော့ ပိုဆိုးသည်။ အာခေါင်တွေ ခြောက်ကာ မူးနောက်နောက်ဖြစ်ခြင်းကို နေ့စဉ် အချိန်များစွာ ခံစားနေရသည်။ သို့ပေမဲ့ တက္ကသိုလ်တွေ စာမေးပွဲနီးချိန်မို့ ကျမ နားဖို့ အခွင့်အရေး မရ ခဲ့။

နောက်ဆုံး၊ ပိန်လှီလှသော ခန္ဓာကိုယ်လေးကိုပင် မသယ်ချင်လောက်အောင် အားအင်ကုန်ခြင်းကို ခံစား လာရ တော့သည့် အခါတွင်မူ ကျမ ရှိုက်ကြီးတငင် ငိုကြွေးမိ တော့သည်။ ငါ ဘာဖြစ်ပြီလဲ ဟူသော မေးခွန်းက ကျမကို ခြောက်လှန့်လှသည်။ တွေးမိသည့် ရောဂါများလည်း အစုံပင်။ တိုက်ဖွိုက်နှင့် ငှက်ဖျားက စလို့ အေအိုင်ဒီအက်စ် အထိ ရောက်သည်။ အခါများစွာ ငိုကြွေး မောဟိုက်ပြီးမှပင် ကျမ နှင့် စိမ်း တို့ နှစ်ဦး သဘောတူ ဆုံးဖြတ်ချက်ဖြင့် ကျမ ဆရာဝန်ပြဖို့ ဆုံးဖြတ်ရတော့သည်။ သို့ပေမဲ့ ထိရောက်သော ဆေးကုသမှုက ဆေးခန်းတွေမှာသာ ရှိသည် မို့ ဆေးခန်းတစ်ခုမှာ အထွေထွေရောဂါကု သမားတော်ကြီးနှင့် ပြရသည်။

နောက်တော့၊ ဆီးစစ်၊ သွေးစစ်၊ ဓါတ်မှန်ရိုက်။ ကျမလက်ထဲက ပိုက်ဆံတွေ အများကြီး (တကယ်တော့ ခြောက်ရာသာ)။ နောက်ဆုံးကျတော့ တီဘီ ဆပ်စပက်(TB Suspect) တဲ့။ အဲဒီထိတော့ ကျမက တုန်လှုပ်ရ ကောင်းမှန်း မသိသေး။ စိမ်းကတော့ သိသိသာသာပင် မျက်နှာပျက်ရှာသည်။ ဆရာဝန်ကြီးက ဆေးဝါးညွှန်ပြီး ဆေးဖိုးဝါးခ ရှင်းပြတော့မှ စိမ်း မျက်နှာပျက်ရခြင်းကို ကျမ ရိပ်မိတော့သည်။

တစ်ပတ်စာ ဆေးဖိုး နှင့် ဆေးကုသခ ခြောက်ရာ့ ခြောက်ဆယ်ကျပ်။ ကျမ လခကမှ ထောင့်သုံးရာ မပြည့်။ ကျမ သည် ဒူးတွေပင် တဖျတ်ဖျတ် တုန်လာသည် ထင်၏။ နီညိုရောင် ဆေးတောင့်များ၊ အဖြူရောင် ဆေးလုံးများ၊ အ၀ါရောင် ဆေးပြားကြီးများ။ ဆေးပေးသူက အားဆေးနှင့်တွဲသောက်ပါ… တဲ့… ။ ဘာ အားဆေးသောက်ရမလဲ ဆိုတော့ အဲဒီမှာ Vitron အားဆေး ထည့်ပေးထားတယ်၊ တစ်ပတ်စာတဲ့။ ပြေစာကို ကြည့်တော့ အဲဒီ Vitron ဆို တဲ့ ဆေးက တစ်ကဒ်ကို ၁၇၀ ကျပ်တဲ့။ တစ်လုံးကို ဆယ့်ခုနစ်ကျပ် ပေါ့။

အိမ်အပြန် ဘတ်စ်ကားပေါ်မှာ ကျမ မျက်ရည် ကျိတ် ကျ ဖြစ်ခဲ့သည်။ စိမ်းက ကျမ လက် တွေကို တင်းတင်း ဆုပ် တော့ သူ့လက်တွေက အေးစက်လို့။ ဆရာဝန်ကြီး၏ အမှာစကားက ကျမနားထဲမှာ ငလျင်သံလိုပဲ။ မပြီးနိုင် မဆုံးနိုင်အောင် ဘ၀ဂ်ထိ ညံနေသလိုပါပဲ။

"အဲဒီ ဆေးတွေက သိပ်မူးတယ် သမီး၊ အနားယူရမယ်။ အားရှိတဲ့ ဥတွေ၊ နွားနို့တွေ သောက်ရမယ်…" တဲ့ ။

+++++

အဲဒီ တစ်ပတ်အတွင်းမှာ နေမကောင်းသော ကျမထက်ပင် နွမ်းနယ်၍ ပိန်ကျသွားသူက စိမ်းပဲ ဖြစ်သည်။ ကျမက အိမ်ကို ပြောပြရရင် ကောင်းမလားဟု တိုင်ပင်ကတည်းက စိမ်း နွမ်းနယ် ဖျော့တော့ သွားခဲ့တာ။

“နေပါဦး အငုံရယ်၊ တို့နှစ်ယောက်တည်း ကြိုးစားကြည့်ကြရအောင်၊ နင့်လခကို ဆေးကု၊ ငါ့လခကို စားကြမယ်၊ ဘယ်လိုလဲ”
“မဖြစ်နိုင်လိုက်တာ စိမ်းရယ်။ အဆောင်လခ ပေးဖို့တောင် ငါ့မှာ မရှိတော့တဲ့ဟာ”
“နင်ကလဲ အငုံရာ၊ နောက်ဆို ဆေးဖိုးသက်သက်ပဲ ကုန်ရမှာပါ၊ ခုဟာက စမ်းသပ်ခတွေ ကုန်လို့ပါ”
“စိမ်းရယ်.. ဆေးက ခြောက်လတောင် ဆက်သောက်ရမှာလေ”

နောက်ဆုံးတော့ ဆေးရုံမှ ဆေးခွင့် တစ်လ ယူပြီး ကျမ အိမ်မှာ ဆေးသောက်ရင်း ပြန်နားဖို့ ဆုံးဖြတ်ချက် ကျသည်။ ကျမကတော့ အနာသိကာမှ၊ ဆေးရှိကာမှ ပို၍ ခြေကုန် လက်ပန်းကျ အားပြတ်ကာ အိပ်ယာပေါ် ပုံကျ တော့သည်။ စိမ်းကတော့ ကျမရဲ့ ဆေးခွင့် အတွက် ဆရာဝန်ကြီးဆီ အသိပေးစာရဖို့ ကိစ္စတွေနှင့် ပြေးလွှားလို့။

“ငါ့ပုံစံက ဘယ်လောက်ပဲ စုတ်ပြတ် စုတ်ပြတ်၊ ငါ့ရဲ့ ပညာဂုဏ်အရ ငါဟာ တက္ကသိုလ်က ဆရာမ တစ်ယောက် တော့ ဖြစ်နေပါသေးတယ် အငုံရယ်..၊ ပြီးတော့ တကယ် နေမကောင်း လို့ ဆေးခွင့်တင်တယ်ဆိုတာ ငါ သေချာ ပြောပြပါတယ်.. သူ လုပ်ပုံက လူနာ သေရမယ့် ကိန်း၊ ပညာရဲရင့် ပွဲလယ်တင့်တို့၊ ပညာဂုဏ်ရောင် ထွန်းလင်း ပြောင် တို့ဆိုတာတွေက ဟာသပဲ၊ သိလား… အငုံ”

တနေ့တော့၊ ဆေးခွင့်ကိစ္စ အဆင်မပြေခြင်းအတွက် စိမ်း ဒေါသထွက် နေခဲ့သည်။ ကျမလည်း ခံပြင်းမိသည်။ အထူးသဖြင့်၊ အလုပ် အပေါ် အမြဲ စေတနာထား တာဝန် ကျေပွန်သူများမို့လည်း ခုလို အဆင်မပြေ ဖြစ်ရခြင်း အပေါ် ပို၍ စိတ်ထိခိုက်ရသည်။ ကြည့်ပါဦး… လူနာ ကိုယ်တိုင် လာရမတဲ့။

တကယ်တော့၊ ဆေးရုံက ကျမတို့နေထိုင်ရာ အဆောင်နှင့် ကားနှစ်မှတ်တိုင်စာသာ ဝေးတာမို့ ကျမ ချက်ချင်းပဲ စိတ်မြန်လက်မြန် အ၀တ်လဲကာ စိမ်းလက်ကို အားပြုတွဲလို့ ထွက် လိုက် လာခဲ့သည်။
“ခွင့် တစ်ပတ်ပဲရမယ်”
ပြောထွက်သော အဲသည် တာဝန်ကျ ဆရာဝန်မကြီး၏ မျက်နှာကြီးကိုကြည့်ရင်း ကျမ မျက်ရည်တွေ ၀ဲလာသည်။ အဲဒီ တစ်ပတ်ကလေးနဲ့ ကျမရဲ့ အားအင်တွေကို ဘယ်လို စုဆောင်းရမှာလဲ။ ပြီးတော့၊ ရန်ကုန်မှာ ကျမ တစ်ယောက်တည်း စားသောက်စရိတ်ကော၊ ဆေးကုသစရိတ်ရော ဘယ်လိုမှ မရနိုင်။ သူ့ရှေ့က လှည့်အထွက် မှာ ကျမ မျက်ရည် ကျခဲ့ရသည်။

+++++

သို့ပေမဲ၊့ အမြဲတမ်း လူ့လောကအပေါ် စေတနာထားခဲ့မှု အကျိုးကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ နောက်ရက်တွေကို လည်း ဌာနခွဲမှူးထံ လုပ်သက်ခွင့်တင်၍ နားပြီး၊ သိပ်မကြာခင်မှာ ကျောင်းပိတ်ရက်ရှည် ခံစားခွင့်ရလာသည်။

ကျမ၏ ချစ်သော ကျေးလက်လေးရှိရာကို ပြန်ပြေးရတော့ဖြင့် စိတ် ချမ်းသာ လိုက်တာ။ ရိုးပြတ်ရနံ့၊ မြေနံ့၊ တောတန်းနံ့၊ လေပြေနံ့နှင့် ပူပြင်းသောနေကပင် ကျမ ကိုယ်ထဲက တီဘီပိုးတွေကို အငွေ့ပျံ ပျောက်ကွယ် စေလိမ့်မည်ဟု ထင်လေတော့သည်။ အစ်ကိုကြီး မြို့တစ်ခေါက် တက်လျှင် ကျမအတွက် ကုန်လာခဲ့သော ဆေးဖိုးတွေကိုလည်း မသိချင်ယောင် ဆောင်နေ၍လည်း ရပြန်သည်။ ပြီးတော့ ကျမက တစ်သက်လုံး ပျော်နေ ခဲ့သော ရန်ကုန်ကိုပင် ခုချိန်မှာ စိတ်နာချင်ချင်ဖြစ်ကာ ကျီထဲက ၀မ်းစာစပါးတွေ လျော့တာ ကျမရဲ့ ဆေးဖိုးကြောင့်များလား ဆိုတာမျိုးကိုလည်း တမင် မတွေးဘဲ နေနေမိသည်။


ဖြစ်နိုင်လျှင်… ကျမသာ ပြတ်သားနိုင်လျှင်… ရန်ကုန်ဆီက မွန်းကျပ် လှောင်ပိတ်သော သားရဲတွင်းကို ပြန်ပင် မသွား ချင်တော့ပြီ။

+++++

ကျောင်းပိတ်ရက်ရှည် ခံစားခွင့်တို့ ကုန်ဆုံး၍ အလုပ်ခွင် ပြန်ဝင်ရသည့် အချိန်မှာမှပဲ ကျမက ရန်ကုန်ကို စိတ်ပြန်ရောက်တော့သည်။ ကျမ ပင်ပန်းတကြီး သင်ယူခဲ့ရသော ပညာများနှင့် ကျမ ငယ်စဉ်ကတည်းက အိပ်မက် မက်ခဲ့ရသော တက္ကသိုလ်က ဆရာမဘ၀ကို တကယ်တမ်းကျတော့ ကျမ မစွန့်နိုင်ပါ။

ကျမ မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်း ပြုရဦးမည်။ မဟာဝိဇ္ဇာဘွဲ့ ယူရဦးမည်။ ထိုအခါမှာတော့ အိမ်မှာ တစ်လကျော် နားလိုက်ရသောကြောင့်လားတော့ မသိ။ ကျမ အားအင်တွေ ပြည့်ဖြိုးလာပြန်သည်။ အဲဒီတော့မှပဲ ဆင်းရဲဖော်၊ လက်တွဲတိုင်ပင်ဖော် စိမ်းကို ပြန်သတိရ တော့သည်။

စိမ်းက ကျမကို ပြုံးကြည့်ရင်း “နင်ဝလာတယ်”ဟု ပြော၏။ ကျမကတော့ အံ့သြစရာ ကောင်းလောက်အောင် ပိန်သွားသော စိမ်း ကို ကြည့်ရင်း စိတ်ထဲမှာ ထိခိုက်လာခဲ့သည်။ စိမ်းတို့ မိသားစု စီးပွားရေး သိပ်ကျပ်နေပြီ ထင်ပါရဲ့။ ၀န်ထမ်းမိသားစုချည်းပင် ဖြစ်သော် လည်း ကျမတို့ မြို့ကလေးက ကျေးလက် ဆန်သည်မို့ ဆန်နှင့် ဟင်းသီးဟင်းရွက် မရှားလှပါ။ စိမ်းတို့မြို့ကတော့ မြို့ပြဆန်သည်မို့ အစစ အရာရာ ရှားပါးလှသည်။ သို့သော်၊ သည်တစ်ကြိမ် အိမ်အပြန်မှာလည်း စိမ်း၏ မိသားစုကတော့ အရင်ကလိုပဲ မြေပဲဆန် ဘာလချောင်ကြော်တွေ၊ ဂျူး မြစ်ဘာလချောင်ကြော်တွေ၊ ငါးခြောက်ထောင်းကြော်တွေ လုပ်ပေးလိုက်သားပါပေ။

အိမ်မှ ပြန်ရောက်စကတော့ ကျမတို့ ပျော်ရမြဲ ဖြစ်သည်။ စိမ်းအိမ်က လုပ်ပေးလိုက်သမျှ ဟင်းတွေက ကျမအကြိုက် ဖြစ်ပြီး ကျမအိမ်က စီမံပေးလိုက်သော ဆတ်သားခြောက်ကြော်၊ အမဲခြောက်ထောင်းကြော်၊ ငါးပိကြော် စပ်စပ်၊ ပုဇွန်ခြောက်ကြော် နှင့် ပဲအမျိုးမျိုး အကြော်အလှော်တွေကိုလည်း စိမ်းက ကြိုက်လေ့ ရှိသည်။

သို့သော်… ကျမတို့ရဲ့ ပုံမှန်နေ့တွေ ပြန်လည် လည်ပတ်ချိန်မှာတော့ ကျမတို့၏ သားရဲတွင်းက ပြန်လည် သရုပ်ပေါ်လာမြဲသာ ဖြစ်ပါသည်။

+++++

စိမ်းက တနေ့တခြား ဖြူလျော် ပိန်ကျလာသည့်အချိန်မှာ ကျမကတော့ တီဘီဆေးတွေ ဖြတ်လိုက်ရပြီး ကျန်းမာရေး ကောင်းလာချိန် ဖြစ်သည်။ သို့ပေမဲ့ တကယ် စိတ်ကျ ရတာကတော့ ကျမပဲ ဖြစ်ခဲ့သည်။ ကျမတို့လောကထဲမှာ ကျောင်းသား ကျောင်းသူတွေက တစ်နှစ်ထက် တစ်နှစ် ပိုလို့ တော်လာ တတ်လာ၊ ထက်မြက်လာတာနှင့်အတူ ပိုလို့ ချမ်းသာ ပြည့်စုံလာကာ ဆရာ၊ ဆရာမတွေအပေါ်လည်း ပိုလို့ မခန့်လေးစား နိုင်လာ ကြသည်။ အထူးသဖြင့်တော့ ညှိုးလျော် နွမ်းပါးသော ဆရာဆရာမတွေကို အပေါ်မှ စီးကြည့်သော မျက်လုံးများပါပဲ။ အဲဒီ ဒဏ်ကို ကျမက မခံနိုင်ခဲ့ပါ။

ကျမ၏ အ၀တ်အစားတို့ကို ကြည့်ကာ သူတို့ မျက်လုံးတွေက လှောင်ပြောင်သည်ဟု ကျမ သိသည်။ ပြဌာန်းစာအုပ်ဖိုး ငွေသုံးဆယ်ပေးဖို့ကို ကျမရှေ့မှာ နှစ်ရာတန်အုပ်မှ ဖြုတ်ပေး၍ ပေးတာကိုလည်း ကျမကို သရော်သည်ဟု ထင်သည်။ ပြီးတော့ ကျမကို လှိုက်လှဲ နှစ်လို မရှိသော၊ တန်ဖိုးထားခြင်း မရှိသော မျက်လုံးတွေကိုလည်း ကျမ နာကျည်းသည်။

စိမ်းကတော့ အပြုံးမပျက် နေနိုင်ဆဲ။ ကျမ ဒေါသနှင့် ပြောပြသမျှကို ခေါင်းကို ခပ်ပျော့ပျော့ ခါယမ်းရင်း တည်ငြိမ်စွာ နားထောင်နိုင်ဆဲ။ ဒါပေမဲ့ စိမ်း၏ မျက်လုံးတွေကတော့ အားယုတ် သထက် ယုတ်လာခဲ့ပြီ။ ပြီးတော့ စိမ်းက ခုတလော အ၀တ်လျှော်တာလောက်နှင့်ပင် မောနေတတ်သည်။ စိမ်း နှုတ်ခမ်းတို့ကတော့ တင်းတင်း စေ့ သထက် စေ့ လာခဲ့သည်။ မာနရိပ်ကို စိမ်းမျက်နှာမှာ ပို တွေ့လာရသည်။

“စိမ်းရေ ငါတော့ အိမ်ကို ငွေမမှာလို့ မဖြစ်တော့ဘူး ထင်တယ်”ဟု ကျမ ပြောသည့်နေ့မှာတော့ စိမ်း၏ နူးညံ့သော မျက်လုံးတွေကို ပြန်လည် မြင်တွေ့ခဲ့ရသည်။

“အငုံ့ အိမ်က ပို့နိုင်မယ် ဆိုရင်တော့ မှာပေါ့ကွယ်၊ ဒါပေမဲ့ ငုံ့အိမ်က ငွေပို့ရင်တော့ စိမ်းနဲ့ ထမင်း တစ်အိုးတည်း စားလို့ မဖြစ်တော့ဘူးနော်၊ စိမ်းက ငွေမမှာဘဲ ထုံးစံအတိုင်း လောက်အောင် ချွေတာ စားမှာ ”

စိမ်း၏ မျက်လုံးတို့က အဝေးကြီးကို ငေးနေကြပြန်သည်။ သည်တစ်ကြိမ်မှာတော့ ကျမက ဆင်းရဲဒဏ်ကို တစ်ယောက်တည်း တေပေ ငုံ့ခံနေသော စိမ်းကို နည်းနည်း စိတ်တိုချင် လာခဲ့သည်။

“စိမ်း… သူတို့က နယ်မှာနေတာ၊ ပြီးတော့ ဆွေ နဲ့ မျိုး နဲ့ မိသားစုလိုက်၊ တို့က တစ်ယောက်တည်း၊ သူစိမ်းတွေနဲ့”
စိမ်းက ကျမရဲ့ စိတ်တိုသံအကြားမှာ အံ့သြဟန်ဖြင့် လှည့်ကြည့်၏။

“ဘယ့်နှယ် အငုံရယ်၊ မိသားစုလိုက် ငတ်တာ သက်သာတယ်လို့များ ပြောချင်တာလား ဟင်။ ပြီးတော့ ဘယ်တုန်းကများ ဆွေမျိုးတွေရဲ့ အထောက်အပံ့ကို မျှော်လင့်လို့ ရခဲ့ဖူးလို့လဲ။ ရက်စက်ပါပေ့ကွယ်… စိမ်းက တော့ .. ကိုယ်ပဲ အငတ်ခံမယ်၊ ပြီးတော့၊ အဲဒါကို မိသားစု မသိစေရဘူး”

စကားအဆုံးမှာတော့ စိမ်းက အံကြိတ်၏။ ပြီးတော့၊ ကျမကိုလည်း ကျောပေးပစ်လိုက်၏။

ကျမကတော့ စိတ်တို မပြေချင်သေးဘဲ ရှိသည်။

“ဒီမှာ စိမ်းရဲ့၊ ငါလည်း နင့်လောက်တော့ သတ္တိကောင်းပါတယ်။ ခုဟာက မဟာဝိဇ္ဇာကျမ်း ပြုဖို့၊ Thesis လုပ်ဖို့အတွက် ပြောတာ။ ဘယ်မှာလဲ Thesis လုပ်ဖို့ ပိုက်ဆံ။ အဲဒီအတွက် လိုအပ်တဲ့ ဓါတ်ပုံတွေ ရိုက်ဖို့၊ အကူအညီတောင်းရမယ့် လူတွေကို ကန်တော့ဖို့၊ လိုအပ်တဲ့ ခရီးစရိတ်တွေ၊ Thesis ငါးအုပ် ရိုက်ဖို့တွေ၊ အဲဒီအတွက် လိုတဲ့ငွေ တစ်သောင်းလောက်ကို ငါ အိမ်က မတောင်းရင် ဘယ်က ရမှာလဲ စိမ်း”

သည်တော့မှ စိမ်းရဲ့ မျက်နှာက သွေးဆုပ်သလို ဖြူလျော်သွားတော့သည်။ ကျမကို ငေးကြည့်နေသော်လည်း မမြင်ရသလို မျက်လုံးတို့က သေနေခဲ့သည်။ ခဏကြာမှ သူ့နားက နားကပ်ကလေးကို ကိုင်ပြီး “ငါ့အဖွားပေးတဲ့ အမွေနားကပ်က အဲလောက်တော့ ရမှာပဲ။ ခုပေါ်နေတဲ့ Fancy နားကပ်လေးတွေ ပန်မှာပေါ့ ငုံရဲ့၊ အဖွားကလည်း ငါ့ပညာရေးအတွက် သူ့နားကပ်ကလေး ရင်းလိုက်ရတာကို ဟိုဘက်ဘ၀ကနေ သိမှာပါ ဟာနော်”ဟု ခပ်ဆဆ ပြော၏။ ကျမက တမင်ပဲ အသံထွက်အောင် ရယ်ပစ်လိုက်ပြီး “နင်ကလေ… တော်တော် တရားတယ်၊ ငါ့မှာက အဲ့လို ရောင်းစရာ မရှိဘူးဟဲ့၊ ”ဟု ပြောတော့ စိမ်းကပါ လိုက်ရယ်ကာ ကျမတို့ နှစ်ယောက်လုံး မျက်ရည်တွေ ကျလာခဲ့ ကြသည်။

ပြီးတော့၊ ထိုမျက်ရည်တွေက ရယ်လွန်းလို့ ကျရတာပဲဟု နှစ်ယောက်စလုံးက တက်ညီလက်ညီ ယုံကြည်ပစ်ခဲ့ ကြသည်။


+++++

အဲဒီ နောက်ပိုင်းမှာတော့ ကျမ နှင့် စိမ်းတို့သည် စိတ်ကူးယဉ်နှင့် လက်တွေ့ မည်မျှ ကွာခြားသည်ကို ပို၍ ပို၍ သိလာကြရတော့သည်။ စိမ်း နားကပ် ရောင်း၍ ရသော ငွေက ခြောက်ထောင်ကျော်ပဲ ရရာ ထိုငွေကလေးက ဆင့်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်ခဲ့ပြီး ကျမကိုယ်တိုင်ကတော့ အိမ်ကို ငွေအလုံးအရင်းနှင့် မမှာရဲ၍ အလီလီ မှာရတာကိုလည်း အားနာကာ ကျမတို့ နှစ်ယောက် အမောပင်လယ်ထဲ လက်ပစ်ကူးဆဲ။

တစ်ရက်မှာတော့ စိမ်း ချောင်းဆိုးရာမှ ထွက်လာသော သွေးစကို ကျမ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်။ ကျမက မျက်နှာပျက်ကာ တုန်တုန်ယင်ယင် ဖြစ်လာချိန်မှာ စိမ်းက ခပ်လျော့လျော့ ပြုံးနိုင်ဆဲ။ ကြည့်စမ်း၊ ခုမှ ကျမ ရိပ်မိလာသည်။ ခုလို သွေးစတွေ စိမ်း ဘယ်လောက် များများ တွေ့ပြီးနေခဲ့ပြီလဲ။

“စိမ်း.. ဆရာဝန် ပြရမယ်” ကျမ အသံက ငိုသံ ပေါက်နေသည်။
စိမ်း မျက်နှာ တင်း လိုက်သည်။
“ဆရာဝန်ပြတယ်ဆိုတာ ရောဂါ မသိလို့၊ ဆေးကုဖို့ အငုံရဲ့။ ငါ့ရောဂါ ငါ သိတယ်။ တီဘီ ပဲ ဖြစ်မှာပေါ့။ ပြီးတော၊့ ငါက ဆေးကုမှာမှ မဟုတ်ဘဲ။ တစ်လကို ငါ့ရောဂါအတွက် ငွေနှစ်ထောင်နဲ့ အနည်းဆုံး ခြောက်လ သုံးဖို့ ဘယ်လိုနည်းနဲ့မှ ငါ မတတ်နိုင်ဘူး အငုံ”

ကျမ ကြက်သီးတွေ ဖြန်းကနဲ ထသွားသည်။ အမယ်လေး.. သတ္တိကောင်းလိုက်တဲ့ မိန်းမ.. လို့ ပြောလိုက်ရမလား၊ ဒါမှမဟုတ် မိုက်မဲလိုက်တဲ့ မိန်းမ.. လို့ပဲ ညည်းတွား ရမလား၊ ကျမပင် မဝေခွဲတတ်တော့။

နောက်တော့၊ သိပ်မြန်တာပါပဲ။ စိမ်းက စာမသင်နိုင်လောက်အောင် မောပန်း အားကုန်ခဲ့ပြီ။ ဟန်မလုပ်နိုင် လောက်အောင် နေမကောင်းသည့် ရုပ် ပေါက်လာခဲ့ပြီ။

“ငါ အလုပ်ထွက်စာ တင်တော့မယ် အငုံ။ နောက်ဘ၀မှာ ပညာတတ်မဖြစ်တာထက် အူမ မတောင့်တဲ့ ခု ဘ၀ဒဏ်ကို ငါမခံနိုင်တော့ဘူး”

ကျမမှာ စိမ်းကို တုံ့ပြန်စရာ စကားမရှိတော့။ နင် ဘာလုပ်မလဲ ဆိုတာပင် မမေးဖြစ်တော့။ စိတ်ထဲမှာ… “ဆရာ ဆရာမတွေနဲ့ အဆုတ်ရောဂါဆိုတာ မိတ်ဆွေအရင်းကြီးတွေပဲ“ ဟူသည့် သူငယ်ချင်း ဆရာဝန်တစ်ယောက်၏ ဟာသစကားကိုပင် သတိရ နေသေးသည်။ သို့ပေမဲ့ ဆရာ ဆရာမတွေအတွက် အဲဒီ အဆုတ်ရောဂါကိုဖို့ အကူ စရိတ်တွေ၊ အထူး ဆေးရောင်းပေးခြင်းတွေ၊ အခမဲ့ ဆေးကုသခွင့်တွေ ရှိသင့်တယ် ဆိုတာကိုတော့ သူငယ်ချင်းက ဆက် ပြော မသွားခဲ့ပေ။

တကယ်ပဲ စိမ်းက အလုပ်ထွက်စာ တင်ခဲ့သည်။ အဲဒီ ရက်တွေမှာ စိမ်းမျက်နှာက သနားစရာ ကောင်းသလို ခြောက်ခြားစရာလည်း ကောင်းနေခဲ့သည်။ တမင် လုပ်ရယ်ထားသော မျက်နှာဖြင့် “ငါအသုတ်စုံ ကောင်းကောင်း လုပ်တတ်တာပဲ အငုံရယ်… အသုတ်ရောင်းပြီး Thesis ဆက်လုပ်မယ်။ တစ်နေ့ကို အောက်ထစ် တစ်ရာလောက် အမြတ် ကျန်ရင်တောင် တစ်လကို သုံးထောင်တော့ ရမှာပဲ။ ပြီးတော့ ရုံးချိန်လောက်တောင် လုပ်စရာ လိုမှာ မဟုတ်ဘူး။ ပြီးတော့၊ ငါက သူများထက် သာမှာကွ၊ ခင်ခင်စိမ်း၊ အမ်အေ၊ သီးဆစ်၊ အသုတ်စုံလို့ ဆိုင်းဘုတ် တပ်ရမှာ မဟုတ်လား”ဟု ပြောတတ်သော်လည်း သူဘယ်လောက် ကြေကွဲ နေရသလဲ ဆိုတာ ကျမ ကတော့ သိနေခဲ့သည်။

အဲဒီ ရက်ပိုင်းမှာပဲ ထွက်စာကိစ္စတွေ အမောတကော လိုက်လုပ်နေရင်း ဗြုန်းကနဲ စိမ်း အိပ်ရာထဲ လဲသွားခဲ့သည်။ အဲဒီ မနက်မှာ “ငါ မူးလိုက်တာ အငုံရယ်။ ဘယ်လိုမှ မထ နိုင်တော့ဘူး၊ ငါ ကြွေးကျန် ကိစ္စ တွေအတွက် ၀န်ထမ်းရေးရာကို သွားဖို့ရှိတယ်”ဟု ပြောပြီး မျက်စိမှိတ်ကာ ငြိမ်သွားခဲ့သည်။ ပြီးတော့ စိမ်း အိပ်ပျော်သွားချိန်မှာပဲ ကျမကလည်း ကျောင်းလာခဲ့ရသည်။ သိပ်လည်း စိတ်မပူမိ။ ခုလိုပဲ မူးရင်း မောရင်း.. စိမ်း ကျင်လည်ခဲ့တာ ကြာပြီမို့ ကျမ အဖို့ ရိုးပင် နေပြီ။

အဲဒီနေ့က၊ ကျောင်းမှာ ကျူတိုရီရယ်အမှတ်တွေ ဖြည့်ဖို့ ကျန်နေတာပင် မလုပ်တော့ဘဲ ကျမ အတန်းပြီးချိန် လေးနာရီ ခွဲ မှာ အဆောင်ကို ပြန်ခဲ့သည်။ စိမ်း နေမကောင်းတာ ဘယ်လို နေပါလိမ့်။

အဆောင်က တိတ်ဆိတ်လို့ နေသည်။ လူစုံ ပြန်ရောက်သေးဟန် မတူ။ ကျမတို့ အခန်းရှိရာ အဆောင်ရဲ့ အစွန်ဆုံးဘက်မှာ ခပ်မှောင်မှောင် ဖြစ်နေ၏။ စိမ်း အိပ်နေပြန်ပြီ ထင်ပါရဲ့။ အခန်းတံခါးကို တွန်းဖွင့်တော့ ကျမ ထွက်လာစဉ်က အတိုင်းပဲ အခန်းက ပြတင်း ဖွင့် လျှက်။ ခန်းဆီးလေးပင် စိမ်းက လှပ် မတင်ခဲ့။ စိမ်းက အိပ်နေဆဲ။

ရုတ်တရက် ကျမ အာရုံတို့က လွန့်ကနဲ ဖြစ်သွားသည်။ ကျမ ထွက်သွားစဉ်ကတည်းက စိမ်း ဒီပုံစံအတိုင်းပဲ အိပ်နေသတဲ့လား….။ ရုတ်တရက် ကျမ လက်တို့ အေးစက်ကာ ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။ မယုံရဲစွာ စိမ်းကို ကြည့်ရင်း “စိမ်းရေ” ဟု ခေါ်မိချိန် မှာ တော့ ကျမ အသံက တုန်ယင် လွန်းနေပြီ။
စိမ်းရေ….
စိမ်းရေ…..
ကျမ သေချာသွားခဲ့ပြီ။ စိမ်းရေ… လို့ အာခေါင်ခြစ် အော်လိုက်မိချိန်မှာတော့ ကျမ ကိုယ်တိုင် ကြမ်းခင်းပေါ် လဲပြိုကာ အားလုံးကို မေ့သွားခဲ့ပြီ။

ကျမ သတိလည်လာချိန်မှာတော့ စိမ်းကို ဆေးရုံကားက လာသယ်သွားပြီတဲ့။ ကျမ နံဘေးမှာလည်း အဆောင် ဖော်တွေ ၀ိုင်းလို့ ။ အငိုမျက်လုံး တစ်စုံ နှစ်စုံကိုလည်း တွေ့သည်။ ကျမကတော့ ငိုမရဘဲ ကြောင်အ နေခဲ့သည်။ ပြီးတော့ ငိုရမှာလားလည်း မသိ။

“စိမ်း တကယ်ပဲ… မရှိတော့ဘူး မဟုတ်လား ဟင်”
ကျမ အသံက တိုးတိုးလေး ထွက်လာပေမဲ့ သေချာမှုတွေနှင့် မြဲမြံနေခဲ့သည်။

ဘေးခန်းမှ သီတာဆိုသော ညီမကလေးထံမှ ငိုရှိုက်သံ တစ်ချက်၊ အင့်ကနဲ ထွက်လာ သည်။ အဆောင်ပိုင်ရှင် အန်တီအေးက ကျမ လက်ဖ၀ါးတွေကို ကိုင်ဆုပ် လိုက်သည်။ အန်တီအေး လက်တွေက အေးစက်လို့။ ပြီးတော့ သူ့မျက်လုံးတွေလည်း အေးစက်လို့။ ကျမကတော့ မျက်နှာကျက်ကိုပဲ ငေးနေမိတော့သည်။ စိမ်းရယ်… နင်ငါ့ကို ထားခဲ့တာ တော့ ရက်စက်လွန်း၊ မြန်ဆန်လွန်းပါတယ်။

ဒါပေမဲ့… စိမ်းအတွက်တော့ အငုံ ကျေနပ်ပါတယ်ကွယ်။ ဒါပေမဲ့… လွမ်းတော့ လွမ်းတယ် စိမ်းရယ်… အငုံ့မှာ ဖက် ငိုစရာ၊ တိုင်ပင် ရင်ဖွင့်စရာ၊ ဖြေသိမ့်စရာ အဖော် မရှိတော့ဘူး မဟုတ်လား။ ပြီးတော့ စိမ်းထွက်သွားခဲ့တာ မယုံနိုင်စရာ ကောင်းလွန်းလှတယ်.. ညင်သာ လွန်းလှတယ်ကွယ်။

+++++

ဆရာဝန်ရဲ့ မှတ်ချက်က နှလုံးရောဂါ တဲ့။ အသက်နှစ်ဆယ့်ရှစ်နှစ်သာ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်က နှလုံးရောဂါကြောင့် အိပ်ယာထဲမှာ အိပ်နေရင်း အသက် ထွက် သွားခဲ့ရသတဲ့။ အငုံကတော့ တိုးတိုးကလေး ရေရွတ်နေမိတယ်။ ဟုတ်ရဲ့လား.. ဆရာရယ်… နှလုံးရောဂါလား…၊ စိတ်ရောဂါလား… သေချာရဲ့လား ရှင်။ ဒါပေမဲ့ အတူတူ ပါပဲနော် ဆရာ။ စိတ်ဆိုတာဟာလည်း နှလုံးသည်းပွတ်က ဖြစ်တာပဲမဟုတ်လား။



ဒါပေမဲ့ ဘယ်သူတွေ ဘာတွေပြောပြော… စိမ်းကတော့ ငြိမ်းအေးရာ ရောက်သွားပြီ။ အင်မတန် လျှို့ဝှက် သိပ်သည်းပြီး တိတ်တိတ်ကလေး ခံစားတတ်တဲ့ စိမ်းက တိတ်တိတ်ကလေးပဲ ထွက်သွားခဲ့ပြီ။ အမြဲ ညည်းညူလို့ ငိုကြွေးရတဲ့ အငုံ့မှာသာ ဘ၀ရော …နာမ် ရော… အားလုံး ပုံ လဲလို့ စိမ်းရဲ့ နောက်ကို တရွတ်တိုက် လိုက် နေရ ဦးတော့မှာပါ။

ခုတော့… ကျမက ဟိုး ရှေးရှေး ပုံပြင်တွေထဲကလို စိတ်သောက ရောက်လို့ ရင်ကွဲနာ ကျပြီး သေဆုံးသွား ရတယ် ဆိုတဲ့ ဇာတ်လိုက်တွေ နေရာမှာ စိမ်းကိုပဲ မြင်ယောင် နေမိပါ တော့သည်။ ။

ဂျီအီးစီ မဂ္ဂဇင်း၊ မေလ ၊ ၁၉၉၄



8 comments:

မေ said...

အစ်မရေ ရင်ကွဲနာ ၀တ္ထု ပြန်တင်ပေးတာ ကျေးဇူးတင်ပါတယ်။

နှင်းမိုးဝေ said...

တီချာ .. တကယ်ရင်ကွဲရပါတယ် ... လောက မှာ စိမ်းလို ဆရာမ မျိုးတွေ .. ဘယ်လောက်တောင် ရှိနေပြီလဲ .. ခုခေတ်ကတော့ ပိုလို့ဆိုးနေပြီ တီချာ .. ရင်မော .. ရင်လေး ရပါတယ်

Anonymous said...

မ….
ရင်နင့်နေတာပဲ မရယ်..
ဝတ္ထုစကတည်းက ရင်မထားရတယ်။ ကောင်းလိုက်တဲ့ ၀တ္ထု။

M.Y. said...

အဆင့်မြင့်ပညာရေး ခေတ်မီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်တွေအော်နေရတဲ့..၀ါဒဖြန့် နေရတဲ့ အချိန်မှာ ဒါမျိုး ပြည်သူ့ ဘ၀ ဖော်ထုတ်တဲ့ သရုပ်မှန် စာပေဆိုတာ ပေထက်အက္ခ ရာ အတင်မခံတာမဆန်းပါဘူး…

ဖွံ့ ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ မှာပညာရေးဝန်ထမ်းဆိုတာ ထိပ်ဆုံးက ရပ်တည်နေနိုင်တာပါ..ဒီလို realism အကျိုးပြု ၀တ္ထု တစ်ပုဒ် ကို ချပြခွင့်မရခဲ့တာ၊ ဒီလို သိက္ခာရှိတဲ့ ပညာရှင်တွေ ဘက်ကရပ်တည်ပြီး ရေး တဲ့သူတွေက တာဝန် ကျေပြန်တော့လဲ လွတ်လပ်စွာ ရေးသားခွင့်မရှိတဲ့ မတရား ဥပဒေတွေက တာဝန်မကျေပြန်တော့ …
ဒီဝတ္ထုမှာ ရလိုက်တဲ့ message ကတော့ စိမ်း ရဲ့ ရင်ကွဲနာတင်မဟုတ်ပါဘူး..တိုင်းပြည်ရဲ့  ပညာရေးစနစ်၊ လူနေမှုအဆင့်၊ စီးပွားရေးစနစ် အားလုံး ရင်ကွဲနာ ကျနေ ပြီဆိုတာပါဘဲ….

pandora said...

လာရောက်ဖတ်ရှုပြီး ကွန်မန့်တွေကိုပါ ခံစား သွားပါတယ်

Thyda said...

*တကယ်ရင့်နင့်ရတဲ့အဖြစ်ပဲနော်။

ငစနေ said...
This comment has been removed by the author.
ငစနေ said...

အစ္မေရ ...
နောက်ဆို အစ်မစာတွေ လာဖတ်ရမှာတောင် နည်းနည်း တွန့်နေပြီ။ ခံစားရလွန်းလို့ပါ။ ဖတ်နေရင်းနဲ့ အတွေးထဲမှာ ငယ်ငယ်တုန်းက ဆရာ ဆရာမတွေကို ပြန်မြင်ယောင်မိတယ်။ “ဆရာဆိုတာ ဓါးသွေးကျောက်ကွ၊ ဓါးသွေးကျောက်ပေါ်မှာ သွေးလိုက်လို့ ဓါးတွေက ထက်သထက် ထက်သွားပေမယ့် ဓါးသွေးကျောက်ကတော့ ခါးချည့်ပြီး ကျန်ခဲ့ရတာပဲ” ဆိုတဲ့ ဆရာ့စကား ... “ကျူရှင်ယူတယ်ဆိုတာ ငါတို့ကို စော်ကားတာ။ ဆရာဆိုတာ တပည့် နားမလည်မချင်း သင်ရမယ့် တာဝန်ရှိတယ်။ နားမလည်ရင် နားမလည်ဘူးပြော၊ ငါ့ရင်နှစ်ခြမ်း ဗျန်းဗျန်းကွဲပြီး သေသွားပါစေ၊ နင်တို့ နားမလည်မချင်း ငါအတန်းထဲမှာ သင်ပေးမယ်” ဆိုတဲ့ ဆရာမရဲ့ စကားသံ ... “ပီတိကိုစားလို့ အားမရှိဘူးကွ၊ ထမင်းနဲ့ ဟင်းနဲ့စားမှ အားရှိတာ၊ ငါ့သားက တက်ဆီမောင်းနေတော့ တော်သေးတာပေါ့ကွာ” ဆိုတဲ့ ဆရာ့ စကားသံတွေ ..... အစ်မရေ ... ဒီညတော့ အိပ်ဖြစ်တော့မယ်မထင်ဘူး။