Jul 17, 2007

အာဇာနည်နေ့အလွမ်း

၁၉၈၈ မတိုင်ခင်က…
ကျောင်းပိတ်ရက်ဆိုရင် နေမြင့်တဲ့အထိ တအိမ်လုံး အိပ်နေကျ။
အဖေက ရုံးသမား... အမေက ကျောင်းဆရာမ..
ကျမတို့တတွေက ကျောင်းသမားတွေမို့ ပိတ်ရက်တွေက
တကယ် အနားယူတဲ့ နေ့တွေပါပဲ။
ဒါပေမဲ့ အာဇာနည်နေ့ပိတ်ရက်မှာတော့ …
နှစ်လနာရီ… အခါရာသီ ရွေ့ပေမဲ့ ..
အာဇာနည်နေ့ကိုဖြင့်.. မမေ့သင့်ပါသလေ…
ဆိုတဲ့ အဆိုတော် ဒေါ်မေလှမြိုင်ရဲ့သီချင်းနဲ့ မနက် ၇နာရီမှာ နိုးရပြီ။
အဖေက ညကတည်းက ပြောပြထားပြီးသားလေ။
အာဇာနည်နေ့မှာ မနက်စောကြီး ထ ရမယ်။
လုပ်စရာရှိတာတွေ စောစောလုပ်ထားရမယ်…တဲ့ ။
မနက် ၁၀နာရီခွဲဆိုရင်တော့ ကျမတို့ မိသားစု အိမ်ရှေ့ဝရံတာမှာ ရောက်နေပြီ။

ကျမတို့က ရွှေဘုံသာလမ်း(မဂိုလမ်း)အောက်လမ်းမှာ နေတာပါ။ ကျမတို့တိုက်က ရွှေဘုံသာလမ်းရဲ့အဆုံးမှာ ရှိပြီးတော့ ကမ်းနားလမ်းမကြီးဘက်ကို မျက်နှာလှည့်ထားတာ။ ကျမတို့အိမ်က လေးထပ်တိုက်ရဲ့ အပေါ်ဆုံး ထပ်။ ကျမတို့အိမ် ၀ရံတာက လှမ်းကြည့်ရင် ရန်ကုန်မြစ်ကြီးနဲ့ တဘက်ကမ်းက ဒလမြို့နယ်လေးကို လှမ်းမြင်နေရပါတယ်။ ပြီးတော့ အိမ်ရှေ့ ကမ်းနားလမ်းမကြီးဘေးမှာတော့ ဆိပ်ကမ်းက ကုန်တင်ရထားတွဲတွေ သွားတဲ့ ရထားလမ်းကလေး ရှိပါတယ်။

အာဇာနည်နေ့မှာတော့ မနက်၁၀နာရီခွဲဆိုရင် ကျမတို့ တတိုက်လုံးက လူတွေအားလုံး ကိုယ့်အိမ်ရှေ့ ၀ရံတာ လေးတွေမှာ အသီးသီးနေရာယူထားပါပြီ။ အဲဒီနေ့မှာ.. မေမေက အိမ်ရှေ့မျက်နှာစာ ၀ရံတာဘေးဘက် ဘောင်ပေါ်မှာ ပန်းအိုးထိုးထားပါတယ်။ တခြား အခန်းတွေကတော့ အလံလေးတွေ ကိုယ်စီ တိုင်ဝက် လွှင့်လို့။
ကျမတို့ အိမ်ကတော့ အဖေက မဆလ အလံကို အသိအမှတ်မပြုဘူးဆိုလို့ အလံ မရှိပါ။

၁၀နာရီ၃၇မိနစ်ဆိုရင်တော့ ရန်ကုန်မြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေက ဥသြ စဆွဲပါတော့တယ်။
တချိန်ထဲမှာပဲ လမ်းပေါ်မှာသွားနေတဲ့ မော်တော်ကားတွေက ရပ်လိုက်ပြီး ကားဟွန်းတွေ အရှည်ကြီး တီးပါတယ်။ (အစအဆုံး တစ်မိနစ်လောက်ကြာမယ် ထင်ပါတယ်) လမ်းလျှောက်လက်စ လူတွေက ရောက်တဲ့ နေရာမှာ ရပ်ပါတယ်။ တချို့က အလေးပါ ပြုပါသေးတယ်။ ကျမတို့ တမိသားစုလုံးလဲ ငြိမ်ပြီး အလေးပြုရပါတယ်။ ကျမတို့ တတိုက်လုံး.. ပြီးတော့ တလမ်းလုံး … မျက်စေ့တဆုံး.. အားလုံးငြိမ်… လို့။ ကျမအဖွား အသက်၇၀ ကတော့ နှစ်စဉ် ၀တ္တရားမပျက် အဲဒီအချိန်ဆို.. သူ့ပခုံးပေါ်က မျက်နှာသုတ်ပုဝါနဲ့
မျက်ရည်တွေ တို့သုတ်မြဲ။ ကျမ ကိုယ်တိုင်လည်း တော်တော် ငယ်ငယ်ကလေးတည်းက အဲဒီအချိန်လေးမှာ ကြက်သီးထ တတ်ခဲ့တာ။ ပြီးတော့ ငိုချင်နေခဲ့တာ။ အဖွားနဲ့ အဖေ ပြောပြထားလို့ ကောင်းကောင်း သိထားတဲ့ အာဇာနည်ကြီးတွေကို သတိရ လွမ်းတ နှမျောစိတ် နဲ့ ငိုချင်နေတတ်ခဲ့တာ။

ဥသြသံတွေ ရပ်သွားတာတောင် ကျမတို့ရဲ့ ငိုင်တွေ ငြိမ်သက်နေမှုက ပြန်လည် အသက်မ၀င်နိုင်သေးဘဲ ရှိနေ တတ်မြဲ။ ပြီးလျှင်တော့ အဖေက ဦးဆောင်ပြီး ကျမတို့ မိသားစု အာဇာနည်ကုန်းကို သွားတာပါပဲ။ အဲဒီတုန်းက လူတွေ သိပ်များတာပဲ။ အနယ်နယ် အရပ်ရပ်က လာကြတာပါ။ ကျမတို့တွေ စနစ်တကျ တန်းစီကြပါတယ်။ ကိုယ့်အလှည့်ရောက်ရင်တော့ ဗိုလ်ချုပ်တို့ရဲ့ အုတ်ဂူတွေရှေ့မှာ စနစ်တကျ တန်းစီပြီး ပန်းစည်းကလေးတွေ ချပြီး ကျမတို့ အလေးပြုကြပါတယ်။ အလေးပြုပြီးရင်တော့ တာဝါလိန်းလမ်း (ခု-ဗိုလ်ချုပ် ပြတိုက်လမ်း)က ဗိုလ်ချုပ်အိမ်ကို သွားကြပါတယ်။ တခါတလေ အဲဒီမှာ လူများလွန်း တန်းစီရလွန်းလို့ ဖေဖေက ရွှေတိဂုံ ဘုရား ဘက်ပဲ ဦးတည်ပါတယ်။

အိမ်ကို ညနေစောင်းပြန်ရောက်ရင်တော့ အိမ်ရှေ့ ၀ရံတာမှာ လေတဖြူးဖြူးနဲ့ ထိုင်ရင်း အဖွားပြောပြတဲ့ ဗိုလ်ချုပ်အကြောင်းတွေ နားထောင်ရပါတယ်။ ကျမ အဖွားက သူတို့ ပုသိမ် ကျောင်းကုန်းကို ဗိုလ်ချုပ် ရောက်တုန်းက အကြောင်းတွေ ၊ ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က အကြောင်းတွေ.. အဖွားတို့ အော်ငိုကြရတာတွေကို ကျမတို့ မောင်နှမတွေ ၀ိုင်းဖွဲ့ နားထောင်ကြရတာ.. ခဏခဏ။

ည.. ၈နာရီ သတင်းအပြီးဆိုရင်တော့ ရေဒီယိုက ဗိုလ်ချုပ် မိန့်ခွန်းတွေ လွှင့်ပေးတာကို တအိမ်လုံး ငြိမ်ပြီး နားထောင်ကြပါတယ်။ သိပ်မသဲကွဲလို့ နားမရှင်းရင် အဖေက ပြန်ရှင်းပြပေးပါတယ်။ ရေဒီယိုက လွှင့်ပြီးသွားပေမဲ့
ကျမတို့ မောင်နှမတစုရဲ့ အမေးတွေ ကတော့ မပြီးနိုင်သေး။ အဖေ့မှာ ဆက်ပြီး ဖြေနေရတတ်ပါတယ်။

အဲဒီတုန်းကတည်းက အဖေက ဗိုလ်ချုပ်အကြောင်းကို ပြောရင်း ဦးနေ၀င်းရဲ့ အတ္တကြီးတာတွေ၊ မသမာမှုတွေ၊ တိုင်းပြည်အပေါ် စေတနာနည်းပါးမှုတွေနဲ့ တွဲပြောပြနေကျ။ ဒါကြောင့်ပဲ ဗိုလ်ချုပ်ဟာ ကျမတို့ နှလုံးသားထဲမှာ အမြင့်မြတ်ဆုံး ခေါင်းဆောင်အဖြစ် နေရာယူခဲ့တာပါ။ အဲလိုပဲ အာဇာနည်ကြီးတွေရဲ့ တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံမှုတွေ၊ သတ္တိ ဗျတ္တိတွေ၊ တိုင်းပြည်ချစ်စိတ်တွေကို မြတ်နိုးရကောင်းမှန်း လေးစား အားကျ ရ ကောင်းမှန်း သိခဲ့တာပါ။ မွန်မြတ်တဲ့ မြင့်မြတ် တဲ့ ခေါင်းဆောင်ကောင်းဆိုတာ ဒီလိုရှိရမှာပါလားလို့ သိတတ် မြင်တတ်ခဲ့တာပါ။

ခုတော့.. ကျမတို့ နိုင်ငံမှာ ဗိုလ်ချုပ်နဲ့တကွ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသူတွေရဲ့ သမိုင်းကို တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် လုပ်ကြံတာကို ခံနေရပြန်ပါပြီ။ ကျမတို့ မြန်မာနိုင်ငံသမိုင်းမှာ အရေးပါ လှတဲ့သူတွေကို စစ်အစိုးရက ပျောက်ပျက်အောင်
သေသေချာချာကို လုပ်နေတာပါပဲ။

ဗိုလ်ချုပ်ပုံတွေကို ပိုက်ဆံတွေပေါ်ကနေ ဖျောက်ဖျက်ပစ်တာက စလို့ ကျောင်းတွေမှာ ဗိုလ်ချုပ်အကြောင်း မသင်ရ။ ဗိုလ်ချုပ်အကြောင်း မပြောရ။ စာနယ်ဇင်းတွေမှာ ဗိုလ်ချုပ်အကြောင်းမရေးရ.. ဆိုတာတွေ လုပ်လာ ပါတယ်။ အဲဒီအပြင် ဗိုလ်ချုပ်အောင်ဆန်းမိသားစုအကြောင်း ရေးပြီး စာအုပ်ထုတ်တဲ့ စာရေးဆရာ သန်းဝင်းလှိုင် ဟာ
၂၀၀၀ခုနှစ် ဇွန်လမှာ ထောင်ဒဏ် ၇နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ အဲလိုပဲ ၂၀၀၅ခုနှစ် ကုန်ပိုင်းလောက်မှာ လည်း တွံတေးမြို့က ဆရာဦးအောင်ဖေဟာ ကျူရှင်မှာ ကျောင်းသားတွေကို ဗိုလ်ချုပ်အကြောင်း ပြောပြပြီး ဗိုလ်ချုပ်ပုံကို အလေးပြုတာကြောင့် ခုထိ ထောင်ကျခံနေရတာပါ။ ဒါတွေဟာ စစ်အစိုးရရဲ့ သိပ်ကို ပက်စက်တဲ့ ရုပ်ဆိုးတဲ့ အဖြစ်အပျက်တွေပါပဲ။

သူတို့ဟာ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ရဲ့ အထင်ကရ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာပါ။ လွန်ခဲ့တဲ့ နှစ်၆၀တုန်းက ဂဠုန်ဦးစောက ရာထူးအာဏာအတွက် နိုင်ငံ့ခေါင်းဆောင် မီးရှူးတန်ဆောင်ကို လုပ်ကြံခဲ့တဲ့ အတွက် သမိုင်းမှာ သားစဉ်မြေးဆက် ရုပ်ဆိုးခဲ့ပါပြီ။ သားသမီး မြေးမြစ်ထိအောင် သိမ်ငယ်ခဲ့ရပါပြီ။ ဗိုလ်ချုပ်က တော့ လူသာ ကျဆုံးသွားခဲ့ပေမဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကတော့ ပိုတောင် တောက်ပလာခဲ့ပါတယ်။ အခု စစ်အစိုးရရဲ့ ခေါင်းဆောင်များကလည်း ဖခင်ဗိုလ်ချုပ်ရဲ့ကျေးဇူးကို လုပ်ကြံဖို့ ကြိုးစားနေပါပြီ။ သူတို့သမိုင်း ကတော့ဖြင့် ခု မသေခင်မှာတောင် အတော်ပုပ်ပွနေပါပြီ။

သူတို့ ဗိုလ်ချုပ်ကို ဘာကြောင့် ဖျောက်ဖျက်ချင်ရသလဲ..။
ကျမတွေးကြည့်တာတော့ ....
ဗိုလ်ချုပ်ဟာ သေသည့်ထိ ဂုဏ်သိက္ခာတန်ဖိုး အလွန်မြင့်မားခဲ့သူ။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာလည်း ဂုဏ်သရေ တန်ဖိုး ကြီးမြင့်သူ။
ဗိုလ်ချုပ်ရဲ့ တဦးတည်းသောသမီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်သာ
ခုထိ အသက်ထင်ရှား ရှိသေး ရင် လက်ခမောင်း တဖြောင်းဖြောင်းခတ်ပြီး ဂုဏ်ပြုရမယ့် သမီး..။

အင်းး သူတို့မှာကတော့……………………။

ကျမတို့ကတော့ သူတို့က ဗိုလ်ချုပ်တို့ရဲ့ အခန်းကဏ္ဍကို ဖျောက်ဖို့ ကြိုးစားလေလေ…
ဗိုလ်ချုပ်ရဲ့ တန်ဖိုးကို ပို သတိရလေလေ..။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို သူတို့ ဖျောက်ဖို့ မှေးမှိန်အောင်လုပ်ဖို့ ကြိုးစားလေလေ..
အန်တီစုရဲ့ အရောင်အ၀ါ ဂုဏ်ကျက်သရေက ပိုပြီး တောက်ပ-လာလေလေ…။
အမှောင်ထုနဲ့ ယှဉ်လို့ ပိုလင်းတဲ့ လမင်းလို.. ကြယ်စင်လို…။

မေငြိမ်း (ဇူလိုင်၁၇)


3 comments:

Chocolaier said...

ဒီလိုအာဇာနည်နေ့မျိုး အဖွားပြောလို့ သိခဲ့ပါတယ်။ တနေ့နေ့မှာ ပြန်လုပ်နိုင်ရမယ်လို့လဲ မျှော်လင့်ပါတယ်။

Thet Oo said...

ရေးထားတာလေးကောင်းတယ်ဗျာ။

Min Min said...

တီချယ် ကောင်းမှကောင်း။ ငိုရမလိုလို အပေါ်ပိုင်းမှာ ဖြစ်ခဲ့ပြီး။ အောက်ပိုင်းစာသားတွေ တွေ့မိတော့ ရယ်ချင်သွားတယ်။ ဟုတ်ပါတယ်၊ လူတိုင်းဟာ မေ့ပါမေ့ပါ လို့ပြောရင် မမေ့တတ်ကြဘူး။ ဥပမာ ဒီစာမဖတ်ကြပါနှင့် ဆိုလျင် ရအောင် ဖတ်ကြတာဟာ လူတိုင်းလိုလိုပါ။ သူတို့ ဘယ်လောက် ဖုံးဖုံး၊ ကျွန်တော်တို့က ရှာဖွေပြီး ဖတ်ကြမှာပါ။ ဒီတော့ အဲလို ရှာဖွေပြီး ဖတ်လို့ရအောင် ရေးပြီး အင်တာနက်ပေါ်မှာ တင်ပေးထားတဲ့ ဆရာမ မေငြိမ်းကို ကျေးဇူး အထူးတင်ရှိပါကြောင်း