Jul 6, 2007

၇ဇူလိုင်(၄)

အဲဒီ ဆဲဗင်းဂျူလိုင်အပြီး ကျောင်းပြန်အဖွင့်မှာတော့
ကျောင်းထဲမှာ လက်ကမ်းကဗျာစာအုပ်တွေ
တပ်လှန့်နှိုးဆော်စာတွေ ပလူပျံနေခဲ့တယ်လို့ ဆိုပါတယ်။
ရက်စက်လှတဲ့ သားသတ်သမားကို အံတုဖို့အတွက်
ကျောင်းသားလူငယ်တွေဆီမှာ ကလောင်လက်နက်သာ ရှိခဲ့တာလေ။
အဲဒီအခါ အမျိုးမျိုး တားထား ပိတ်ဆို့ထားတဲ့ စောင့်ကြည့်နေတဲ့ ကြားကနေ
၇ဇူလိုင် အထိမ်းအမှတ်စာတွေ ကဗျာတွေကတော့ တဖွဲဖွဲထွက်နေတာပါပဲ။
အနည်းဆုံးတော့ စာသင်ခန်းထဲက ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့
အောင်ကျော်ရေ..
မင်းသေခဲ့တာ
တို့ဖြေသာတယ်
မင်းမှာ နယ်ချဲ့လက်ချက်မို့။

ပင်ပျိုခက်လက်
အညွန့်တက်ကို
ရက်စက်သူများ ချိုးပစ်သည်။

ဗျောက်တိုလွယ်လျှက်
အစောင့်ဖက်၍
ကျောင်းတက်ရသော ခေတ်ဆရာ..

အဲလိုကဗျာတိုလေးတွေ ရေးထားတာတော့
နေ့တိုင်းလိုလို တွေ့ရတာပဲတဲ့။
ကျောင်းသားတွေ စိတ်ထဲက အနာကို
သူတို့ မဖျောက်နိုင်ခဲ့တာ….
ခုဆို ၄၅နှစ်ရှိပြီ။

ခုလည်း
အမည်မသိကျောင်းသားတစ်ယောက်ရဲ့
ကျောင်းဝကတွေ့ရတဲ့ ကဗျာတစ်ပုဒ် တင်ပေးလိုက်ပါတယ်။



(မန္တလေးဆောင်က ထုတ်တဲ့ ကဗျာစာအုပ်ပါ။အဖုံးရေးတာ ဆရာပြည့်ပါပဲ)

ဇူလိုင်-၇-ရက်

အော်…ပုလဲအဖြာဖြာ၊ စွေစွေရွာ

မာတာ တက္ကသိုလ်၊ ရှိုက်၍ငိုလော့၊
ကျည်ဆံမိုးပေါက်၊ ဖြောက်ဖြောက်ဖြိုးဖြိုး
ညှိုးညှိုးမဲမဲ၊ သဲသဲရွာရွာ
ဖြာဖြာဖြိုင်ဖြိုင်၊ လှိုင်လှိုင်သွန်းသွန်း
ရက်စွန်းခုနစ်တိုင်တိုင်၊ ဤဇူလိုင်တည့်။
၇-ဇူလိုင်၊ မမေ့နိုင်သည်
သဲဆိုင်မြေ့မြေ့ ကျွမ်းမျှတည်း။
သည်ရက်ခါက၊ မီးခိုးလျှံများ
ငရဲလားတည့်။
ငရဲပြည်ရွာ၊ မဟုတ်ပါ
သည်ခါတက္ကသိုလ်၊ ငရဲလိုတည့်။
သည်ရက်ခါက၊ ကျည်ဆံဖွားဖွား
စစ်မြေလားတည့်။
စစ်မြေတစ်စ၊ မဟုတ်ရပါ
သည်ခါတက္ကသိုလ်၊ စစ်မြေလိုတည့်။
သည်ရက်ခါက၊ မညှာရက်စက်
ပြုရက်ပစ်ခတ်၊ သားသတ်မုဆိုး
ပြုသည်မျိုးသို့၊ မီးခိုးလည်းတိုက်
တုတ်နှင့်ရိုက်၍၊ သဲခိုက်ခမန်း
သူတို့ကြမ်းသည် သေလမ်းသွားဖို့နိမိတ်တည်း။
သည်ရက်ဆီက
ကျည်ဖူးပုလဲ၊ ဖွဲဖွဲဖြာဖြာ
မညှာရက်စက်၊ နားအက်ခမန်း
သည်းကျွမ်းလုလု၊ သူတို့ပြုသည်
တစ်စုညီအကို သေပွဲတည်း။
၇-ရက်ဇူလိုင်၊ မမေ့နိုင်သည်
သဲဆိုင်မြေ့မြေ့၊ ကျွမ်းမျှတည်း။ ။

ကျောင်းဂိတ်ဝတွင်တွေ့ရသောကဗျာ
အမည်မသိကဗျာဆရာ




2 comments:

ကိုထိုက် said...

ကောင်းလိုက်တဲ့ ကဗျာလေးတွေ၊ အစ်မရေ တကယ်ခံစားရတယ်ဗျာ။

NayPhoneLatt said...

အခုလို တင်ပေးနေတာတွေအတွက် ကျေးဇူးပါ ဆရာမ။
အခုခေတ် တက္ကသိုလ်ကျောင်းသားဆိုတဲ့ သူတွေကို ကျွန်တော်သိစေချင်တယ်ဗျာ။ အရင်ကကျောင်းသားတွေရဲ့သွေး ဘယ်လောက်ရဲခဲ့ကြသလဲဆိုတာကိုလေ ...။