Aug 3, 2007

အမှတ်တရ အနာ(၁)

၉၅ တ၀ိုက်ကာလတွေမှာတော့ ပညာရေးလောကမှာ သိသိသာသာ ပျက်စီးလာပြီ။
ပညာကို လိုလားတဲ့ ကျောင်းသားတွေက လက်ရှိပညာရေးစနစ်ကို စိတ်ပျက်လာတဲ့အချိန်။
အသက်သာခိုတဲ့ ကျောင်းသားတွေကတော့ ပညာထက် ဘွဲ့လက်မှတ်ကိုသာ လိုချင်တဲ့ အချိန်။
တက္ကသိုလ်ရဲ့ စိန်ရတုပွဲကို ဗိုခင်ညွန့်က ခမ်းခမ်းနားနား လုပ်မတဲ့။
နည်းမျိုးစုံနဲ့ သူတို့ ဖျက်ဆီးထားတဲ့ ကျောင်းကြီးကို ဗန်းပြပြီး ဟန်လုပ်လို့ ရမတဲ့လား….။

အဲဒီ ကာလတလျှောက်မှာ ကျောင်းသားတွေရဲ့ သွေးတွေ ပိုနွေးလာတယ်။
၆၂..၇၄..၇၆..၈၈ တလျှောက်စီးဆင်းလာတဲ့ သွေးတွေ.. တက္ကသိုလ်စုံတလျှောက် ပြန်နွေး လာပြီ။ ကဗျာစာအုပ်တွေ.. အလျှိုလျှို…။ ကျောင်းသားတွေရဲ့ တကယ့် ခံစားချက် အစစ်အမှန်တွေ။

ကျမ အဲဒီကဗျာတွေ တင်ပေးချင်ပါတယ်။
ဒါပေမဲ့ ဘယ်ကျောင်းက.. ဘယ်သူတွေ… ရေးတယ်ဆိုတာတော့ မပြောတော့ပါဘူး။
ဘာမဟုတ်တာလေးနဲ့ ကလေးတွေ အန္တရာယ်ဖြစ်မှာကို မလိုချင်ပါဘူး။
ဒါကြောင့် စိန်ရတုအကြိုကာလက
တက္ကသိုလ်ကျောင်းသားတွေရဲ့ ရင်ဖွင့်သံတွေလို့သာ ပြောပါရစေတော့..။

နွယ်ညှပ်ပင်များ



နွယ်ပင်ကြီးလေ
ကပ်တွယ်စွမ်းလည်း ရှိ၊
လိမ်နွယ်စွမ်းလည်း ရှိ၊
ဒါကို
ဆေးဖက်ဝင်တယ်လို့
ကိုးကွယ်ကြတယ်။
ဇီဝက ပြောတဲ့ နွယ်မြက်ပင်
အဲဒီ အပင် မပါဘူး။
အရေအတွက်ဟာ ဖက်တွယ်စရာမှ
မဟုတ်တာ၊
ညာတတ်အောင် သင်ပြီးမှ
မင်းကောင်းအောင် ကြိုးစားတဲ့။
အခုတော့
ဇီဝကလည်း မကယ်နိုင်
ဥုံဖွလည်း မကယ်နိုင်။
နွယ်ညှပ်လို့ အပင်ညှက်တာ
လမစေ့ မွေးပေမဲ့၊ အူဝဲအော်ရင်
တော်ဝင်ဖို့ လည်း သူစွမ်းတယ်။

မေငြိမ်း(ကိုယ်စား)

2 comments:

wai said...

ကောင်းလိုက်တဲ့ ကဗျာ။ ကဗျာရေးသူက တော်တော်စိတ်အိုက်နေပုံပဲ။ မာန်လေးတော့ ကျန်သေးရဲ့။ တစ်နေ့တော့ နွယ်တွေကို ရှင်းလင်းနိုင်ကောင်းပါရဲ့။ နောက်တက်တွေညီဖို့ လိုတယ်။ နိုင်ငံပေါ် စေတနာထားပြီး အလုပ်လုပ်လာကြရင် နွယ်တွေတမျှင်ခြင်းဆွဲထုတ်ရှင်းဖို့ လွယ်ကူလာမယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျား။

M.Y. said...

အနာတော့အနာတွေဘဲ..ဒါပေမယ့်ခေတ်ရဲ့ ပကတိပြယုဂ်ကိုမှတ်တမ်းတင်ထားတဲ့ တန်ဖိုးရှိတဲ့ အနာတွေ...

Mg Yin