Aug 4, 2007

အမှတ်တရ အနာ(၃)

(ဒီနေရာ က ယူပါတယ်)

ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းကာလတွေမှာ
တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘ၀တွေဟာ
သိပ်ကို သနားစရာ ကောင်းသွားတယ်လို့ ကျမ အမြဲ ခံစားရပါတယ်။

တက္ကသိုလ် ဆိုတာ နဲ့ တူတဲ့ အငွေ့အသက် ဂုဏ်ကျက်သရေတွေ… သူတို့ ဘာမှ ခံစားခွင့် မရှိကြရတော့ပါဘူး။ အဆောင်နေခွင့်ကစပြီး စာပေယဉ်ကျေးမှု အနုပညာတွေ ဘာမှ ဖန်တီးခွင့် ခံစားဖြန့်ဝေခွင့် မရှိ။ ပိုဆိုးတာက လာဘ်ပေး လာဘ်ယူကိစ္စတွေက ပညာရေးထဲမှာ သိပ်နေရာရလာတော့ ပညာ တကယ် ထူးချွန်ပြီး လာဘ်မပေးနိုင်တဲ့ လာဘ်ပေး လာဘ်ယူကို အားမပေးချင်တဲ့ ကျောင်းသား ကျောင်းသူတွေခမျာ စိတ်ထဲ အနာ တွေ ရလာတယ်။ အမြဲတမ်း ကလေးတွေနဲ့ တသားတည်းရှိတဲ့ ကျမကိုပါ အဲဒီ အနာတွေ ကူးစက်ခဲ့တာ။ ကျမမှာ အဲဒီတုန်းက မသမာမှုနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေ တော်တော်များများ မှတ်တမ်း မှတ်ရာနဲ့ အတိအကျ.. ရှိတာ။ ကျမရဲ့ ကလေးတွေအတွက် လက်စားချေမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့။ စိတ်နှလုံးထဲမှာ တကယ် ဒေါသသင့်ခဲ့တဲ့ အချိန်တွေ။

အဲဒီ ကာလထဲမှာပဲ အခု တင်လိုက်တဲ့ ကဗျာလေးက ကျမရင်ထဲကို ထုတ်ချင်းပေါက်အောင် ၀င်ရောက်ခဲ့ တာပါ။ အဲဒီ ကဗျာကို ဖတ်ပြီး ကျောင်းသားဆိုတာကို ဘယ်တော့မှ အထင်မသေးနဲ့ လို့ ကျမ အကြိမ်ကြိမ် ကြိမ်းဝါး ခဲ့ရတဲ့ ကဗျာ..။ စိန်ရတု အတုကို ပျစ်ပျစ်နှစ်နှစ် ဟားတိုက်လိုက်တဲ့ ကဗျာ.. ပါ။


နှင်းတွေ ဒီလောက် ထန်နေရင်

ပဲပင်လေးတွေ

ဘယ်လိုလုပ် ရှင်သန်နိုင်မလဲ

(ဗားကရက်)

တကယ်ပါ
ဟောဒီ ကျောင်းဝင်းကြီးကတော့
နှင်းတွေထူ
မြူတွေဆိုင်းနဲ့
မှိုင်းအုံ့လို့ နေလေရဲ့…

အလံတ၀က် လွှင့်ထူထားတဲ့
အပူဇော်ခံ အတ္ထုပ္ပတ္တိ တချို့ခမျာလည်း
အက်ဆစ်ရိုင်းတွေနဲ့ အပက်ခံခဲ့ရ
ရက်စက်တဲ့ ထိမ်ချန်မှုနဲ့
မုသာဝါဒ ဆောင်းဟာ
သရဖူ ဆောင်း လို့

ပြောစမ်းပါ့ …
ကမ္ဘာတစ်ခြမ်းကို ထည့်ထားတဲ့
ငါတို့ရဲ့ လွယ်အိတ်ထဲက
ကြေကွဲစရာ သက္ကရာဇ်တွေကို
ဘယ်သူ အလစ်သုတ်သွားခဲ့သလဲ….

ဒီမှာတော့
မျက်လှည့်ဆရာတွေ ပြနေတဲ့
အနာဂတ်အတုတွေကို ၀ယ်ဖို့
ငါတို့ရဲ့ ပစ္စုပ္ပန်ဟာ
တန်ဖိုးနည်းနည်းနဲ့ ရောင်းချခြင်း ခံခဲ့ရ
ဆောင်းညတွေ ရှည်ကြာလွန်းလှရဲ့

တရားမပြပါနဲ့
ဟောဒီ ညတွေ
အသက်ရှုနေသမျှပေါ့….
ကိုယ့်ရင်အုံရဲ့ လုံခြုံရေးကို
ကိုယ်တိုင် စောင့်ကြပ်
ထိမ်ချန်ထားတဲ့ သက္ကရာဇ်တွေနဲ့
မနက်ခင်းတွေဆီ သွားရာလမ်းဟာ
လ မျက်နှာပြင်လို ကြမ်းတမ်း
(ဒါပေမဲ့---)
တွင်းနက်တွေရဲ့ ဖမ်းစားမှုကိုတော့
လွမ်းဆွတ်လောက်စရာ မရှိပါဘူးလေ

မည်သို့ပင်ဖြစ်စေ..
ချစ်နေသေးသမျှ
ရေတမာ အင်းလျား
ခုနစ်ဆယ့်ငါး အတု
မုသာဝါဒ ကျည်ကာ အင်္ကျီဝတ်ရုံနဲ့
မလုံလောက်တဲ့ အဓိပတိ တဲ့

အဲဒီ နိုင်လွန်လမ်းမကြီးက
သူ စုပ်ယူ မြိုချ ထားတဲ့ အရာတွေကို
ပြန်အန်ထုတ်ခွင့်ရတဲ့ တနေ့မှာ
ဆော့ခရတ္တိ ပြောသလို* ပြုံးဖို့
မြကျွန်းသာ နှင်းထုထဲကို
ရာစုသစ် မြင်းရိုင်းတွေနဲ့
ငါတို့ လာခဲ့ပြီ။

*ကိုယ် မုန်းတဲ့သူ
ဒုက္ခရောက်တာ ကို ကြည့်ပြီး

ပြုံးရတဲ့ အပြုံးဟာ
အရသာ အရှိဆုံးပဲ။
(ဆော့ခရတ္တိ)


မေငြိမ်း(၄ သြဂုတ်)
(ကိုယ်စား)

No comments: