Aug 12, 2007

တစ်နေရာစာ

၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုကြောင့် ကျောင်းရက်ရှည်ပိတ်ပြီး ၉၉ နှစ်ဆန်းပိုင်းမှာ ကျောင်းတွေ ပြန်ဖွင့် ပါတယ်။ အဲဒီ နောက်ပိုင်း ၉၇..၉၈ တွေမှာတော့ တက္ကသိုလ်တွေမှာ တနှစ်ကို သုံးတန်းဖွင့်တာလို... ကလေးတွေ ကို စာမလိုက်နိုင်အောင် သင်ရိုးတွေ အများကြီးသင်စေပြီး စာမေးပွဲမှာ ခိုးချဖြေတာကို အားပေး အားမြှောက် လုပ်တာမျိုးတွေလို... ကမောက်ကမတွေ အများကြီးလုပ်လာပါတယ်။ အဲဒီကာလတွေမှာပဲ.. ကုန်ဈေးနှုန်းတွေ ထိုးတက်။ ၀န်ထမ်းလောကမှာ အဂတိတွေ လာဘ်ပေး လာဘ်ယူတွေ ပြောင်ကျကျ လုပ်လာ။ ကျောင်းလောက မှာ ကျူရှင်တွေ အလွန်အမင်း ခေတ်စား လာ။ ဆရာဆရာမတွေဟာ ကျူရှင်ကိုသာ အားထား ရပ်တည်ရတဲ့ ဘ၀ ရောက်လာပါတယ်။ အဲဒီ ကာလတွေထဲ ကျူရှင် မပြတဲ့ ကျူရှင်မပြရတဲ့ ဆရာဆရာမတွေရဲ့ မိသားစု ဘ၀ တွေခမျာ အခက်အခဲ ပေါင်းစုံ..။ အဲဒီထဲမှာမှ ပညာတန်ဖိုးက ဘာမှမဟုတ်တော့ဘဲ ငွေက အရေးပါလာမှုက မိသားစုဘ၀ထဲ အထိ ဒုက္ခပေးလာတဲ့ အဖြစ်တွေ ကျမ ၀န်းကျင်မှာ အများကြီး ကြားလာရပါတယ်။ အဲဒီ ဘ၀ တွေထဲက တကယ့်အဖြစ်လေးတစ်ခုကို ကျမ ရေးခဲ့ဖူးပါတယ်။ တကယ့် ပညာတတ် တွေတောင်မှ စိတ်ကျ ဖိစီး ခံရတဲ့ ခေတ်ကို မှတ်တမ်းတင်ချင်တာပါပဲ။

တစ်နေရာစာ


(၁)
ရာသီက ခုချိန်မှာ ပိုပူလာသလိုပင်။ နေ့ပူလို့ ညအေးမလားဟု မျှော်လင့်သော်လည်း အပူက မလျော့။ သူ့မိန်းမကတော့ “ရှင်က ပို ကို ပိုတယ်။ ဒီလောက်လည်း မဟုတ်ပါဘူး။” ဟု ထုံးစံအတိုင်း ခပ်ဆောင့်ဆောင့် ပြောလိုက်လေသည်။ ဟုတ်မည် ထင်၏။ ခုလည်း သူကသာ ရာသီဥတုကို အကြောင်းပြပြီး အိပ်မပျော် ဖြစ်နေတာ.. သူ့မိန်းမကတော့ နှစ်နှစ် ခြိုက်ခြိုက်ကို အိပ်လို့။ တကယ်တမ်းကျတော့ သူကလွဲလို့ တအိမ်သားလုံး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နေကြတာပဲ။

အသက်ရှူသံ မှန်မှန်တွေ… သွားကြိတ်သံတွေ… ဟောက်သံသဲ့သဲ့တွေက စည်းချက်ကို ညီလို့။ သူ့မှာသာ အိပ်ပျော်ဖို့ ခက်နေတာ။ ခုနကပဲ ကင်းတဲဆီမှ သံချောင်း ခေါက်သွားတာ နှစ်ချက်..။ မဖြစ်ဘူး၊ အိပ်မှ.. မနက် စောစော ထပြီး ဟင်းချက်ရဦးမှာ။ သူ… မျက်လုံးကို သာမက စိတ်အာရုံကိုပါ တင်းတင်း မှိတ်ဖို့ ကြိုးစားရသည်။ ခုနက သူ သံဗုဒ္ဓေ ဆိုနေတာ ပဲ။ ဘယ်လို ဘယ်လို သံဗုဒ္ဓေသံ ပျောက်ပြီး အတွေးတွေ ရောက်လာပါလိမ့်။

သြော်… သားကြီးရဲ့ ညနေတုန်းကစကား… ။ ထားပါ… မေ့ပစ်လိုက်စမ်းပါ.. သူက ကိုယ်မွေးထားတဲ့သားပဲ.. ကလေးမို့ မှားတာ… ခွင့်လွှတ်ရမယ်။ အင်း… ဒါပေမဲ့ ကလေး လို့သာ ပြောတာ၊ သားက အသက်ပဲ နှစ်ဆယ် ကျော်ပြီ။ ဒါဖြင့် အဲဒီ ကလေးက မှားတာ… ဘာ့ကြောင့်လဲ… ဘယ်သူ့ကြောင့်လဲ…။ အဓိက တရားခံက သူ့မိန်းမ။ ကလေးတို့ အမေ ဆွေဆွေ မဟုတ်ဘူးလား။ သူ အံကြိတ်မိပြန်သည်။ ဘာတဲ့… သားကြီးကပြောတာ… “အဖေ ဘာလုပ်ဦးမလို့လဲ… လက်ဖက်ရည် သောက်ဦးမလို့လား.. မနက်ကလဲ သောက် ပြီးပြီ မို့လား” တဲ့။ ဟော.. သူ မေ့လို့ မရပြန်ဘူး။ ပြန် သတိရ လာပြန်ပြီ.. သူ စိတ်ကို လျှော့ချလိုက်တော့ ညနေကမှ ဖြစ်ပျက်ခဲ့သော ပူပူနွေးနွေး မြင်ကွင်းကို သူ ပြန် မြင်ခဲ့ရပြန်သည်။

ညနေက ကိုကျော်လွင် အိမ်ကို လာလည်သည်။ ကိုကျော်လွင် နှင့် သူက အတော်ခင်သည်မို့ သူ စကားတွေ ပြောချင်နေသည်။ အိမ်မှာက သားက ဗွီဒီယိုကြည့်၊ သမီးနှစ်ယောက်က အခန်းထဲမှာ ကက်ဆက်ဖွင့်နှင့် ဆူညံလို့။ သားအမိ သားအဖ ငါးယောက်သာ ရှိသော် လည်း အိမ်ခန်းက ကျဉ်းတော့ တော်ရုံအသံဆို ဆူလှ သည်။ ကိုကျော်လွင်က “ဟေ့လူ.. ကိုစံဦး လာဗျာ.. လက်ဖက်ရည်ဆိုင် မထိုင်ရတာ ကြာပြီ” ဟု ခေါ်ခဲ့ တာ။

ဆွေဆွေကတော့ ထုံးစံအတိုင်း အိမ်ပြန် မရောက်နိုင်သေးပေ။ စာသင်ဝိုင်းတွေ တစ်ခုပြီး တစ်ခု ကူးနေ ပေလိမ့်မည်။ သူ အပေါ်အင်္ကျီ ကောက်စွပ်ပြီး ဗွီဒီယိုကြည့်နေသော သား အနားကို လျှောက်သွား လိုက်သည်။ ပြီးတော့ မကြာခဏ ကြုံရသော သိမ်ငယ်စိတ်ကို မြိုသိပ်ရင်း “သားရေ.. အဖေ့ကို ပိုက်ဆံတစ်ရာလောက် ခဏပေးစမ်းကွာ” ခပ်တိုးတိုး ပြောလိုက်သည်။ သားက မော့ကြည့်၏။ အရင်ကလိုပဲ မပြုံးမရယ်နှင့် စိတ်မသက်မသာ ဟန်ဖြင့် ပိုက်ဆံ လှမ်းပေးလိမ့်ဦးမည်။ သူ စဉ်းစားပြီး ရင်ထဲ နာလာဆဲ သားက မျက်မှောင် ကြုံ့လိုက်သည်။ “အဖေ ဘာလုပ်ဦးမလို့လဲ.. လက်ဖက်ရည် သောက်ဦးမလို့လား… မနက်ကလည်း သောက်ပြီး ပြီ မို့လား”တဲ့။

ရင်ထဲ လောင်မီးကျသည်ဆိုတာ အမှန်ပင် ရှိလေသည်။ သူ့ရင်ထဲ ပူပြင်းစွာ ချက်ချင်းပင် လည်ချောင်းဝမှာ ဝေဒနာတစ်ရပ်က အလုံးလိုက် လာဆို့သည်။ သူ ဘယ်လို တုံ့ပြန်ရမလဲ။ သား အသံက အတန်ငယ် ကျယ်၏။ သူ ရှက်တာလား၊ ၀မ်းနည်းတာလား မသိ။ ခံစားရစွာဖြင့် သားရှေ့က လှည့်ထွက်လိုက်သည်။
သူ ကျောခိုင်းဆဲ သားက “ကျွတ်”ကနဲ စုတ်တချက် သပ်၏။

“ဘာလဲ.. အဖေက မယူတော့ဘူးလား” သူ့မှာ ဖြေစရာ စကား မရှိတော့။ ကိုကျော်လွင်နှင့်သူ အတူလျှောက်ထွက်လာဆဲ ကိုကျော်လွင်က အားနာဟန်ဖြင့် ငြိမ်ဆိတ်လို့။ မှတ်မှတ်ရရ.. ထိုညနေ လက်ဖက်ရည်ဆိုင်မှာ သူတို့ ဖွယ်ဖွယ်ရာရာ မပြောဖြစ်ကြတော့ဘဲ တိတ်ဆိတ် နေခဲ့ကြသည်။

အပြန်ကျတော့မှ ကိုကျော်လွင်က .. “ဒီလိုပဲ.. ကိုစံဦး၊ ခင်ဗျားစိတ်ထဲ ကျနော့် ရှေ့မှာမို့ စိတ်မကောင်းပိုဖြစ်မှာပဲ၊ ဒါပေမဲ့ ခင်ဗျား စိတ်ဖြေသာအောင် ပြောတာမဟုတ်ဘဲ အဖေ ချင်းချင်း ပြောရရင်.. ကျနော့်မှာလည်း ခင်ဗျားထက် မလျော့တဲ့ ဝေဒနာပုံစံတူတွေ ရှိတယ် ဆိုတာပါပဲ။”ဟု ခပ်တိုးတိုးလေး ပြောလေသည်။ သည်တော့မှ သူအကြာကြီး မေ့လျော့ ထားခဲ့ဖူးသော လူသားတစ်ယောက်၏ မျက်ရည်ကို ခု အသက်ငါးဆယ် ကျမှ ပြန်ထိတွေ့ တော့တာ။ တကယ်ပဲ… သူ… ညနေကတည်းက မျက်ရည်ကျခဲ့ရတာ… ပြီးတော့ တကယ်ပဲ သူ သားကို အပြစ် မမြင်ချင်လှပါ။ အပြစ်မြင်ပြီဆိုလျှင်ပင် သူက သူ့မိန်းမ ဆွေဆွေကိုသာ အပြစ်တင်မည်ဟု တွေးမိသည်။ ဒါလည်း သူ.. မလွန် ဟု ထင်၏။ အဲသည်တုန်းကတော့ ထိုအဖြစ်အပျက်က သူ့ကို မီးလို လောင်မြိုက်ခဲ့လေသည်။

(၂)
ဆွေဆွေ နှင့် သူ လက်ထပ်ကြတော့ ဆွေဆွေ အင်မတန် ပျော်ခဲ့တာကို သူ သတိရသည်။ တက္ကသိုလ်မှာ မေဂျာ မတူပါဘဲနှင့် သူနှင့် ဆွေဆွေတို့ ချစ်သူတွေ ဖြစ်ခဲ့ကြ၏။ ဆွေဆွေက ဓါတုဗေဒကျောင်းသူ။ သူက ၀ိဇ္ဇာ ဂုဏ်ထူးတန်း တက်နေဆဲ။ ဆွေဆွေက သူတို့ ဘာသာရပ်ကို စိတ်ဝင်စားသတဲ့။ သူကတော့ မိန်းကလေးဖြစ်ပြီး သိပ္ပံပညာရပ်မှာ ထူးချွန်သော ဆွေဆွေ့ ထက်မြက်မှုကို သဘောကျတာ။

နောက်တော့ သူက အရင် ရန်ကုန်တက္ကသိုလ်မှာပဲ နည်းပြဆရာ အလုပ်ကို ရသည်။ အဲဒီတုန်းက လခ သုံးရာ့နှစ်ဆယ်ကို သူ နှင့် ဆွေဆွေ ပျော်ပျော် သုံးနိုင်ခဲ့ကြသည်။ ဒါနှင့်ပင် သတ္တိတွေ ရှိကာ ဆွေဆွေ ဂုဏ်ထူးတန်းတက်နေဆဲ.. မခွဲနိုင်မခွာရက် လက်ထပ်လိုက်ကြတာ။ အခက်အခဲတွေက အသေးအဖွဲ။ နောက်တော့ သူတို့ နှစ်ယောက်ဘ၀က ပိုလို့ စိုပြေဖို့ ဖြစ်လာသည်။ တက္ကသိုလ်ကျောင်းဆရာ နှင့် ဆရာမ၊ နှစ်ယောက်ပေါင်းလစာ.. ခြောက်ရာကျော်က ထိုစဉ်တုန်းကတော့ မပူမပင် စားသောက်နိုင်ကြ၏။ ခြောက်မိုင်ခွဲ စံပယ်ခြံထဲမှာ အိမ်ခန်ကလေး ငှားနေတာမှ စပေါ် သုံးထောင် နှင့် အိမ်လခ က နှစ်ရာ။ သူတို့ တကယ် ပျော်ခဲ့ကြဖူးပါသည်။ သို့နှင့်ပင်၊ ဘ၀ဆိုတာကို ရဲရဲရင်ဆိုင်လို့ သားကြီးကို မွေးဖို့ ပြင်ဆင်ခဲ့ကြတာ။ အဲဒီ အထိက… ဟုတ်လို့။

သားတစ်ယောက်၊ သမီးနှစ်ယောက်နှင့် ပြည့်စုံလာပြီ ဆိုရမည့် အချိန်တွေကျကာမှ၊ သူတို့ရဲ့ ခေတ်ဆိုတာက ပျက်တော့တာ။ ကြောက်စရာကောင်းလောက်အောင် ကုန်ဈေးနှုန်းတွေ ထိုးတက်၊ သူတို့ နှစ်ယောက်ပေါင်း လစာငွေ သုံးထောင်ကျော်ကာမှ အိမ်လခ တွေက အနည်းဆုံး တစ်သောင်း ဖြစ်လာတာ။ သူတို့ရဲ့ ပညာရေး လောကထဲမှာ “၀ိုင်း” ဆိုတဲ့ စကားလုံး ခေတ်စားလာသည်။

စာသင်ခြင်းအလုပ်ဖြင့် တစ်သက်လုံး ရောင့်ရဲ အနစ်နာခံ ခဲ့ကြသည့် ဓလေ့ရှိသည့် ဆရာ၊ ဆရာမ ပတ်ဝန်းကျင်ထဲမှာ စာသင်ခြင်း အလုပ်ဖြင့် ကားဝယ်စီး။ ကိုယ်ပိုင် တိုက်တာ ခြံမြေ တွေ ရှိသူတွေ ရှိလာပြီ။ ထို့အတူ ပိုမို ဆင်းရဲ ကျပ်တည်းသွားသူတွေလည်း ရှိလာပြီ။ အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် သူ နှင့် ဆွေဆွေ၏ အိမ်ထောင်ရေးဘ၀ထဲမှာ လိုငွေဇယားက မြင့်တက်လာသည်။ ဆွေဆွေ၏ အလိုမကျ မျက်ဝန်းတွေ၊ သူ့ရဲ့ ဖုန်တက်နေတဲ့ လက်ထောက်ကထိက တံဆိပ်ပြား။ သားသမီးတို့ရဲ့ ပူဆာသံတွေ၊ သူ့ ဘာသာရပ်က ကျူရှင်ပြစား၍ မရသော ဘာသာရပ်။

နောက်တော့ ကံကောင်းသလား… ကံဆိုးသလား… သူ မပြောတတ်။ ဆွေဆွေ စာသင်ဝိုင်း တစ်ဝိုင်း ရလာခဲ့သည်။ သူတို့အိမ်ရဲ့ မီးဖိုချောင်မှာ ဆီရောင် ဖြိုးဖျ မြင်လာရသည်။ အဖြစ်အပျက်တွေက အစဉ်တစိုက် ဆိုသလိုပင်။ သူ ၀န်ထမ်းအိမ်ရာမှာ အိမ်ခန်း တစ်ခန်း ရသည်။ အိမ်ငှားဖို့ ဖယ်ဖယ်ထားရသော ငွေကလေး ပို ထွက်လာပြီ။ သား နှင့် သမီးတွေက တီဗွီ တဲ့။ ကက်ဆက် တဲ့။ ဖြည့်ဆည်းပေးနိုင်ပြီ။ တဖြည်းဖြည်းနှင့် စာသင်ဝိုင်းတွေမှာ ဆွေဆွေ အောင်မြင်လာသည်။ သူ့ဘ၀ထဲမှာ လူ့အသိုင်းအ၀ိုင်းက သတ်မှတ်ထားသည့် ရုပ်ဝတ္ထုပစ္စည်းများနှင့် ပြည့်စုံလာပြီ။ သူတို့ အိမ်ထောင်သက်ပင် ဆယ့်ငါးနှစ်ကျော်လာပြီ။

တကယ်ဆို ဘယ်လောက် ကျေနပ်ဂုဏ်ယူစရာ ကောင်းလိုက်တဲ့ ဘ၀လဲ။ သူကိုယ်တိုင် စိတ်အေးငြိမ်းပြီဟု ထင်မှတ်ဆဲ… ။ ဘုရားဟောသည့် လူ့ဘောင်ထဲမှ ကိစ္စ များမြောင် တွေ က သူထံပါးကို စိတ်ဒုက္ခများအဖြစ် ၀င်လာခဲ့ကြသည်။ ပြီးတော့ တကယ့်ကို ပြင်းပျစွာသော ဆင်းရဲလည်း ဖြစ်လေသည်။

သူ့ရဲ့ ညချမ်းတွေမှာ ဇနီး နှင့် သားသမီးတွေ နှင့်။ တီဗွီ အတူကြည့်။ သူ ကူညီနိုင်သော အင်္ဂလိပ်စာပိုင်း လောက် တော့ သားသမီးတွေ ကျောင်းစာကို ၀င်ကူမည်။ ပြီးတော့ ငွေနောက်ကို လိုက်ရင်း ပင်ပန်းရရှာသော ဇနီး အပါး မှာ ယုယ စောင့်ရှောက်မည်…..။ ဒါတွေက သူ့ရဲ့ စိတ်ကူးတွေပေါ့။

သို့ပေမဲ့ လက်တွေ့ကတော့ လွဲမှားလှချေသည်။
သားသမီးတွေရဲ့ ဆူညံသော အငြင်းအခုံတွေ ခေတ်အလိုက် ၀တ်စားဆင်ယင်မှုတွေက သူနှင့်ကွာဟ။ သူနှစ်သက်သော “ကြေးမုံရိပ်သွင်” “နှောင်းခေတ်တေးမွန်”တွေကို သားသမီးတွေက မကြိုက်။ သူတို့ ကြိုက် သော တရုတ်သိုင်းကားတွေ၊ ဆူဆူညံညံ သီချင်း သံတွေကိုလည်း သူက နားမခံသာ။ ဒါပေမဲ့ မိဘတို့ သဘာဝ သားသမီးတွေကို ဦးစားပေး ရမည်။ ထိုအခါ ညချမ်းတွေမှာ သူက အခန်းအောင်းရင်း စာအုပ် တစ်အုပ် ဖတ်ကာ အိမ်ပြန် နောက်ကျရ ရှာသော ဆွေဆွေ့ကို မျှော်မိတော့သည်။ ကိုယ့်မိန်းမသာ တီးတိုးဖော်.. အပန်းဖြေဖက်။

ဆွေဆွေပြန်လာလျှင်တော့ သူ သိသိသာပဲ စိတ်ချမ်းသာသည်။ “မောလိုက်တာ”ဟု ညည်းညူလျှက် မျက်နှာ မသာယာသော ဇနီးသည်ကို စိတ်မတိုမိဘဲ သနားနေမိသေးသည်။ တခါတလေများ ဖျော်ရည်ပင် ဖျော် တိုက် သေးသည်။ သူ့စိတ်ထဲ မယားကို အောက်ကျရသည်ဟု မထင်ပါ။ သူ ဆွေဆွေ့ကို ချစ်သည်။ ဆွေဆွေ ကတော့ အလွယ်တကူ အမောပြေတတ်သူ မဟုတ်ပေ။ ခုနောက်ပိုင်းများ ပိုတောင် ဆိုးလာသလိုပဲ။ ဆွေဆွေသည် အရာရာကို မကျေမနပ်ဖြစ်ကာ အငြူအစူလည်း လွယ်လာ၏။ သူကတော့ ဆွေဆွေ့ခမျာ ပင်ပန်းရှာလို့ပဲ ဟု ဖြေပါသည်။

သို့ပေမဲ့ သား နှင့် သမီးတွေ အပေါ်မှာဆိုလျှင် သူ့အပေါ်မှာထက် ပျော့ပြောင်းသည် ဟု တော့ သူ တိတ်တိတ်ကလေး ထင်မိနေ၏။ ဒါပေမဲ့ အရေးမကြီးပါ။ သူ့ မိန်းမကို ချစ်သည်။ ထိုအခါ အိမ်အပြင်ထွက် ငွေရှာရသော မိန်းမကို ကူညီရန် သူ အိမ်အလုပ်ကို လုပ်သည်။ သူ တခါတရံ တုန်လှုပ် သိမ်ငယ် ချင်သော်လည်း ဒါက ကိုယ်ချစ်တဲ့ မိသားစုအတွက်ပဲ ဟု ဖြေသိမ့် ရသည်။ သူ ဖြေသိမ့် မရတာကတော့ တစ်ခုတည်းသာ ဖြစ်သည်။ ဒါက သူ့အပေါ် ဆွေဆွေ မချစ်တော့ဘူး ဟု ယူဆ မိနေတာကိုသာ ဖြစ်သည်။ ပြီးတော့ သူ့ အယူအဆ က မှားလည်း မမှားလောက်ပြန်ပေ။

ကြည့်လေ.. ည ည တွေ… အနှစ်နှစ်ဆယ်ကြာ အိမ်ထောင်သည်ဘ၀၏ အိပ်ယာပေါ်မှာ ဇနီးမယားကို စောင့်မျှော်မိခြင်းသည် တဏှာ ရာဂသက်သက် မဟုတ်တော့တာ သူကတော့ ကိုယ်တိုင် ယုံကြည် သိသည်။ ပင်ပင်ပန်းပန်း အိပ်ပျော်နေသော ဇနီးကို သူ ငေး ငေး ကြည့်နေခဲ့သော အကြိမ်များစွာ… ဆွေဆွေကတော့ မသိပေ။ အိပ်ယာထဲကို အလွန် ပင်ပန်းဟန်ဖြင့် ၀င်လာလျှက် သူက ကြင်နာစွာ သိုင်းဖက်လျှင် မျက်မှောင်ကျုံ့ကာ သူ့လက်တွေကို ပုတ်ထုတ်ပြီး “ကဲ.. အေးအေး နေပါရစေနော်.. ပိုက်ဆံရှာလို့ ပင်ပန်းတာက တစ်မျိုး..” ဟု အဆုံး မသတ်သော ငြူစူစကားဖြင့် တုံ့ပြန်သော ဇနီးမယား ရှေ့မှာ သူ ရှက်ရွံ့ ကြေကွဲ ရတာ လည်း ဆွေဆွေ မသိ။ “ရှင်ကတော့ အေးချမ်းတာပဲ.. သိပ် ကံကောင်းတယ်။ ကျမမှာတော့ အမောဆို့မှာတောင် စိုးရတယ်” ဟု ဆွေဆွေပြောစဉ်.. သူ မြေမှုန်ကလေးလောက်တောင် သေးငယ်လျှက်.. ပထမဆုံးအကြိမ် အဖြစ် သူ့ရဲ့ ရှားပါး မြင့်မားလှသော မဟာဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကို မုန်းတီး သွားရတာလည်း ဆွေဆွေ သိဟန် မတူ။ သူမ၏ အချို့ သူငယ်ချင်းမများ၏ လင်ယောက်ျားများ စီးပွား အရှာကောင်းပုံကို အားပါးတရ ပြောပြီး စကားတွေ အဆုံးမှာ “ဲသူတို့များ ကျတော့ ကံကောင်းကြတယ်” ဟု မချိတင်ကဲဟန်ဖြင့် ပြောတတ်သော သူ့မိန်းမ ရှေ့မှာ သူ နာကျင် ကြေကွဲရတာကိုလည်း ဆွေဆွေက ဂရုမစိုက်တော့ပြီ။

တကယ်တမ်းကျတော့ သူ့မှာ ဘာအပြစ်ရှိပါလိမ့် ဟု သူ အဖြေမရခဲ့တာသာ အပြစ် ဖြစ်ပါ လိမ့်မည် ထင်သည်။ သူသည် သူတို့၏ အမှတ်ကောင်းမှ ရနိုင်သော အဓိက ပညာရပ်တွင် ထူးချွန်သော ကျောင်းဆရာ တစ်ယောက်။ သူသည် အရက်သေစာ မသောက်၊ ဖဲ မရိုက်၊ ဆေးလိပ် မသောက်၊ မိန်းမ မရှုပ်သော… ယောက်ျားကောင်း တစ်ယောက်။ မိသားစုဘ၀ ကို အတတ်နိုင်ဆုံး ထိန်းသိမ်း တည်ဆောက်ကာ သားသမီးအပေါ် ဂရုစိုက်သော ဖခင်ကောင်း တစ်ယောက်။ သူသည် လူမှုဝန်းကျင်တွင် စိတ်ကောင်း စေတနာကောင်း ထားသည်ဟု နာမည်ရကာ လူချစ် လူခင် ပေါသောသူ တစ်ယောက်။ ဒါဖြင့်… သူ့မှာ ဘာ ချွတ်ယွင်းသလဲ။ ငွေ ပေါ့… ငွေ မရှာ နိုင်တာ။

တကယ်တော့ သူသည် မိသားစုကို ကြွယ်ကြွယ် ၀ ၀ မထားနိုင်သော်လည်း ဂုဏ်သိက္ခာ ရှိရှိဖြင့် အသက်ရှင် ရပ်တည်နိုင်လောက်အောင်တော့ ပြုစုနိုင်သူ ဖြစ်ပါသေးသည်။ တစ်ခုပဲ… သူ့ မိသားစုကသာ ရောင့်ရဲနိုင်ဖို့ လိုတာ။ သူက ရုန်းကန် ကြိုးစားမှသာ ဘ၀အပေါ် အကောင်းဆုံး ရင်ဆိုင်တတ်ကြလိမ့်မည်ဟု ယုံကြည်ရာ.. သူ့မိသားစုက မဲ့ပြုံး ပြုံးခဲ့ကြလေသည်။

ထိုအခါ.. ထိုမိသားစုကို စွဲလန်း ချစ်မက်လှသော သူက ညနေ ကျောင်းအဆင်းမှာ လှည်းတန်းဈေးဝင်… ဟင်းလျာ နှင့် အိမ်အတွက် လိုအပ်သမျှ ၀ယ်ပြီး အိမ်ပြန်။ ညနေစာ ထမင်း ဟင်း ချက်၊ ညနေတိုင်း စာအုပ်ဖတ်၊ ပုတီးစိပ်၊ တရားထိုင်၊ အိပ်။ ဘာပဲဖြစ်ဖြစ်၊ သူ ကျေနပ်ခဲ့ပါ သည်။

(၃)
ယောက်ျား တစ်ယောက်၏ ခင်ပွန်းကောင်း ပီသမှုထဲမှာ သည်းခံနိုင်ခြင်းဟူသော အရည်အသွေးက အရေးပါဆုံး ဖြစ်သည် ဟု ထင်သည်။

သမီးတွေ အရွယ်ရောက်လာတော့ သမီးတို့က ဈေးဝယ်သည်။ ပြီးတော့ သားသမီးတွေက ကျောင်းစာတွေ၊ ကျူရှင်တွေ ဖျော်ဖြေရေးများနှင့် အနားယူခြင်းတွေဆီမှာ အချိန်ကုန်။ သူက ချက် ပြုတ်၊ ဆွေဆွေက သူ့လခကို အသိအမှတ်မပြုတော့တာ ကြာပြီ။ သူ လခ အပ်တော့ “ရတယ်.. အဖေကြီးပဲ လောက်အောင်သုံး… ထပ်မပေးရရင် တော်ပြီ” ဟု ပြန်ပြောသည့် ဆွေဆွေ့ရှေ့မှာ သူ လဲကျ သေဆုံးသွားခဲ့တာလည်း ဆွေဆွေက မမြင်တတ်ပြီ။ ဒါပေမဲ့ ဆွေဆွေ့ကိုလည်း အပြစ်တင် မရပြန်ပေ။ တကယ်လည်း သူ့လခက ကားခရယ်၊ လက်ဖက်ရည်ဖိုးရယ်၊ အိမ်လခနှင့် အထွေထွေ အသုံးစရိတ် အသေးတွေထဲမှာ ပွန်း ပွန်း ကုန်ကြ၏။ လက်ညှိုး ညွှန်ပြစရာ တစုံတရာ ကြီးကြီး မားမားလည်း မပိုင်ဆိုင်ရ မမြင်ရဘဲနှင့် သူ့လခက သူ့ အသေးသုံး စရိတ်နှင့် ကွက်တိကျ၏။

သားကို ဆွေဆွေက တစ်လ သုံးထောင်မုန့်ဖိုးပေးရသတဲ့။ သား ကျူရှင်လခက ငါးထောင် တဲ့။ သူ့ လခက ထောင့် ခြောက်ရာ။ သမီး တစ်ယောက်က “ဖေကြီးလစာသာ မျှော်စားရရင် ခက်မယ်” တဲ့။ ပြောပါစေ… သူတို့က ကလေးပဲ။ တန်ဖိုးအမှန်ကို မသိလို့ ပြောတာ။ သူ သည်းခံနိုင်ခဲ့၏။ သား လူပျိုပေါက်ကလည်း “သား… အဖေ့လို ကျောင်းဆရာ ဘယ်တော့မှ မလုပ်ဘူး” ဟု မဲ့မဲ့ရွဲ့ရွဲ့ ပြောတတ်၏။ သူ စာအုပ်သာ နာနာ ဖတ်ရ၏။ ထိုရက်အတွင်းမှာ မောင်သစ်ဆင်း၏ “ကျိန်စာ”ကိုပဲ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်ခဲ့သေးသည်။ ဆွေဆွေ အမိုက်မ က တော့ သားသမီးတွေအပြောမှာ ရယ်မောနေခဲ့သေးသည်။ တကယ်ဆို သူ့ တန်ဖိုး တွေကို ဆွေဆွေက ပြောပြ သင့်တာ။ ခုတော့ သူမကိုယ်တိုင် နှစ်လို အထင်ကြီးခဲ့သော လင်ယောက်ျား၏ အရည်အချင်းတွေကို သူမ ကိုယ်တိုင် မေ့ပစ်လိုက်ပြီ ထင်၏။ သူ့ရင်ထဲ တနုံ့နုံ့ အနာ စွဲစ ပြုခဲ့ပြီ။

သူရဲ့ နေ့ရက်တို့ကတော့ တစ်ရက် ထက် တစ်ရက် အေးစက်လာကြ၏။ ဆွေဆွေကလည်း သူ့ အနား မကပ်တော့။ သမီးနှစ်ယောက် နှင့် စကားတွေ တတွတ်တွတ်။ သားကိုလည်း ဆွေဆွေက သူ့ထက် ပို ရင်းနှီး၏။ သူ နှင့် ဆွေဆွေသည် သာရေး နာရေးပွဲတွေမှာသာ ယှဉ်တွဲ နီးကပ်ကြတော့သည်ဟုပင် သူ ထင်လာသည်။ တခါက ဆွေမျိုးတွေ ဆုံရာမှာ “ခုခေတ်ထဲ ကိုစံဦးသာ အားကိုးနေရရင် ဘယ်လွယ်မလဲ။ ကျမပဲ ဦးဆောင်ရတာ။ ပိုက်ဆံရှာရတာဆိုတော့ ကျမပဲ စိတ်ပင်ပန်းရတာပေါ့။ သူကတော့ အေးချမ်းလို့” ဟု ဆွေဆွေက လင် ယောက်ျားကို အပင်ပန်းမခံစေသော ဇနီးမယားတစ်ယောက်၏ စေတနာသံမျိုးဖြင့် ပြောလေသည်။ သူ့အတွက် တော့ ရင်ထဲမှာ မုန်တိုင်းတွေ အဆင့်ဆင့် ပေါက်ကွဲ။ “ကိုယ်အေးချမ်းနေတယ်လို့ ဆွေဆွေထင်သလား.. ကိုယ့်အနာကို ဆွေဆွေ တကယ်ပဲ မမြင်ဘူးလား.. ဟိုးတုန်းကလို ရှိသမျှ ဝေစားပြီး မိသားစုတွေ ၀ိုင်းဖွဲ့ ပျော်ဖို့ ကိုယ် ဘာနဲ့ လဲရ လဲရ… ” “ ခုဆို.. ဆွေ့သနပ်ခါးနံ့ကိုတောင်မှ မရခဲ့တာ ဘယ်လောက် ကြာပြီလဲ။ အဲဒီတော့ ဒါဟာ တဏှာ မဟုတ်ဘူး… မေတ္တာသာ ဖြစ်တယ် ဆိုတာကိုရော ဆွေ့ကို ကိုယ် ပြောပြခွင့်မရ..” “ သားသမီး တွေက ကိုယ့်ကို အထင်မကြီးကြတဲ့အတွက် ကိုယ်က သူတို့ကို ဆူရ ဆဲရမှာလား…။ ကိုယ် ဘယ်လောက် တော် ကြောင်း လျှောက် ပြောပြရဦးမှာလား။ စဉ်းစားပါဦး… မိန်းမရယ်။ အဖေတစ်ယောက်ကို သားသမီးက လေးစားဖို့ အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ… မင်း တကယ်မသိဘူးလား မိန်းမရယ် ” “ရှင် ပိုက်ဆံလိုရင် ကလေးတွေ ဆီက တောင်းသုံးထား။ ပြီးရင်ကျမ ပြန်ပေးလိုက်မယ်” လို့ မင်းပြောတဲ့အတွက် အဖေတစ်ယောက်မှာ ဘယ်လောက် သေးသိမ်မလဲလို့ မင်း ဘာ့ကြောင့် မစဉ်းစားသလဲဟင်…။ ထို မုန်တိုင်းတွေကို သူ မျို မျို ချနေခဲ့ရ တာ ကြာပြီ။ နောက်တော့ အဲဒီ မုန်တိုင်းတွေက ရင်ဝမှာ ဆီးခံကာ သူ အိပ်မပျော် စားမ၀င် ဖြစ်ခဲ့ရတာလည်း ကြာပြီ။ နောက်ဆုံးတော့ မကြာခဏ ကျိတ် မြုံ ပေါက်ကွဲ ရသော မုန်တိုင်းတို့က ငြိမ်သက်ခြင်းဖြင့်သာ သေဆုံး ရသည်ဟု သူ မြင်နေသည်။

(၄)
ခုချိန်မှာတော့ သူ ရူးနေပြီ ဖြစ်သည်။ (ကိုယ်တိုင် ရူးပစ်လိုက်တာလည်း ဖြစ်မည်။ ) သို့ပေမဲ့ ပညာတတ်မို့ ယဉ်ယဉ်လေးသာ ရူးတာပါ။ (ဒါဟာ ဖြေသိမ့်စရာ တစ်ခု..) သူ ဆွေဆွေ့ ရဲ့ ငယ်နုသော အပြုံးတွေကို မြင်ယောင် သည်။ သူချီပိုးခဲ့သော သားကြီးရဲ့ သူ့အပေါ် အားကိုးခဲ့သော မျက်လုံးတွေကို မြင်ယောင်သည်။ သူ့ သားသမီး တွေရဲ့ သူ့ ကျောင်းဆရာဘ၀အပေါ် ဂုဏ်ယူခဲ့ဖူးသော မျက်လုံးတွေကို မြင်ယောင်သည်။ ကိုယ်တိုင်.. ကိုယ့် ထူးချွန်မှု အတွက် ဂုဏ်ယူခဲ့ရသော နှလုံးသားကို မြင်ယောင်သည်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မစဉ်းစားတော့။

နေ့စဉ် အိပ်ယာမှ စောစောထ.. ထမင်းအိုးတည်၊ ဟင်းနွှေး၊ ထမင်းဗူး ငါးဗူးပြင်၊ ပြီးတော့ ကျောင်းရောက်ဖို့ အိမ်မှ စောနိုင် သမျှ စောထွက်။ ကျောင်းမှာ အလုပ်တွေ ဖိလုပ်။ စာတွေ ဖိဖတ်။ အားလျှင် ကင်တင်းထိုင်… အိမ်ပြန်၊ ၀ယ်ထားပြီး အသင့်ဟင်းလျာတွေကို ချက်ဖို့ စီမံ..။ ပြီးတော့ အိမ်ဝင်းကြီး တစ်ပတ် လမ်းလျှောက် (အဲ.. လမ်းလျှောက်စဉ်မှာ ကိုယ့်စိတ်ကြိုက် အတွေးတချို့ကို ကောက်နှုတ် ပြန်တွေး..) ညတိုင်း အိပ်ယာထဲမှာ ပုတီး စိပ်၊ တရားထိုင်.. ဘာကိုမျှ မပြောချင်တော့။ စကားမပြောဘဲ မျောလွင့်နေရခြင်းမှာ စိတ်သက်သာရာကို တွေး၏။ ပြီးတော့ တခါတရံမှာ အလစ်ချောင်းပြီး ၀င်လာတတ်သော စိတ်အနာကလေးတွေကိုတော့ ခုခံ တိုက်ခိုက်ရ သည်ပေါ့။ သို့ပေမဲ့ သူ အတန်အသင့်တော့ အေးချမ်းရာ ရှာတတ်ခဲ့ပြီ။

ကြည့်လေ.. သူ့မှာသာ ထိခိုက် နာကျင်သမျှ….ဆွေဆွေနှင့်တကွ သားသမီးတို့ကတော့ စိုးစဉ်းမျှပင် နားလည် ဟန် မပြတာ။ ဒါနှင့်ပင် သူ့မှာ အပူတွေ အဆင့်ဆင့် ကဲလို့။

ခုချိန်မှာတော့ဖြင့် သူ ရူးနေလိုက်တော့ပြီ။ မရနိုင်တော့သော အတိတ်မှာ… မဖြစ်နိုင်သော ဘ၀မှာ… စိတ်ကူးယဉ် မွေ့လျော်နေသူဟာ အရူးတစ်မျိုးပဲဟု သူ သိသည်။
ထိုအခါ…
ဘယ်သူမှ အပြစ် မရှိတော့ပြီ။

(၅)
“သူရူးတို့သည် အပူ အအေး..၊ အချို အခါး..၊ အချစ် အမုန်း နှင့် အစော်ကားခံရခြင်းတို့ကို မသိဟု သူထင်၏”

မေငြိမ်း
ရွှေပုဇွန်မဂ္ဂဇင်း၊ ၁၉၉၈၊ ဇွန်


5 comments:

pandora said...

တစ်လုံးမကျန် ၂ ခါ ဖတ်သွားပြီး ရင်ထဲနင့်ရပါတယ် ဆရာမရေ..

May Nyane said...
This comment has been removed by the author.
May Nyane said...

ဟုတ်တယ် ပန် ရေ..
အဲဒီကတည်းက သမာသမတ် ရှိချင်တဲ့ ရိုးရိုးသားသား အေးအေးချမ်းချမ်းနေချင်တဲ့ ပညာတတ်တွေခမျာ တော်တော်ကို စိတ်ရော ဘ၀တွေပါ ဒုက္ခရောက်ခဲ့ကြတာ။ အမ အကုန်ရေးမချနိုင်ခဲ့ပါဘူး...

Chit Lay Pyay said...

ဖတ်ပြီး စိတ်မကောင်းဘူး အမရေ တော်တော် ရသ မြောက်တဲ့ အရေးအသားပါ၊ အဲဒီလိုမျိုး မိသားစုဘယ်လောက်များများ ခံစားနေကြရမလဲ မသိဘူးနော်၊ သူတို့ကိုလဲ အပြစ်တင်လို့ မရဘူးနော်၊ ခေတ်ကိုပဲ အပြစ်တင်ရမလိုပဲ၊ အမရဲ့ တစ်နေရာစာ အတွက် ကျေးဇူးပါ၊

ငစနေ said...

အစ်မရေ ... အဖေ့ကို သတိရတယ်။ အစ်မ၀တ္တုထဲက ဦးစံဦးနဲ့ အဖေနဲ့ အတော်လေး တူနေတယ်။ ခုဆို သားရော သမီးပါ အနားမှာမရှိတဲ့အဖေ ဘယ်လောက်အားငယ်နေမလဲဆိုတာ စဉ်းစားမိတယ်။ ဟီး .... အစ်မစာတွေဖတ်ပြီး အိမ်ပြန်ပြေးချင်စိတ် ပေါက်လာပြီ။