Aug 18, 2007

ရင်ဖွင့်တဲ့စာ

ကိုယ်က နိုင်ငံရေးပညာကို နားမလည်တာမို့ တော်ရုံတန်ရုံ နိုင်ငံရေး ကျွမ်းကျင်တဲ့ နိုင်ငံရေးကို သေချာ လုပ်နေ တဲ့ သူတွေ လုပ်တာ ကိုင်တာ ပြောတာ ဆိုတာတွေကို ကျမက သာမန်ပြည်သူတယောက် အနေနဲ့ အမြဲ စဉ်းစား ကြည့်ပါတယ်။ ဒီမိုကရေစီ ဆိုတာကိုက ပြည်သူ့အုပ်ချုပ်ရေးဆိုတော့ ကျမတို့ ပြည်သူတွေ အဲလို စဉ်းစားဖို့ လိုတယ် လို့ လည်း မှတ်ထားတာကိုး။

ကျမ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး စာမရေးနိုင်တာ.. ပြည်တွင်းမှာ လောင်စာဈေးတွေ ထိုးတက် သွားတယ် ဆို ကတည်းကပေါ့။ တနေကုန် ကျမအတွေးထဲ ဒုက္ခပါပဲ.. ဘယ်လိုများ နေကြပါ့မလဲ ဆိုတာပဲ ဖိစီးနေတာ။ အံ့လည်း အံ့သြ နေမိတာ..။ ဒါနဲ့ဖြင့် ကျမတို့ တိုင်းပြည်က Gas တွေ အများကြီး ထွက်လို့ မထွက်ရှာတဲ့ နိုင်ငံတွေကိုတောင် ရောင်းမလို့ ဆို..။ အဲဒါ ဘာလို့ အဲဒီ ကိုယ့်နိုင်ငံထဲက ထွက်တဲ့ အလကားရတဲ့ Gas တွေကရော ဈေးတက် ရ တာ ပါလိမ့်..။ ဒါကတော့ Sanction နဲ့ လုံးလုံး မဆိုင်ဘူးနော်..။


ခု အသွား အပြန်ကားခ အနည်းဆုံး ၂၀၀ တဲ့။ ဘုရား..ဘုရား.. ကျမ တပည့်မလေး ၂ယောက်ဆိုရင်.. မိဘကို လုပ်ကျွေး နေတာ.. စတိုးဆိုင်မှာ အရောင်း ဈေးသည် လုပ်ကြရတာ။ တနေ့မှ ၅၀၀ ရတာ..။ ခု ဘယ့်နှယ့်လုပ်ပါ့။ ဆိုင်ရှင်တွေခမျာလည်း သိပ် တတ်နိုင်မှာမဟုတ်..။ သူတို့ ကိုယ်တိုင်လည်း ဒီဒဏ်ကို ခံကြရမှာလေ..။ အစိုးရ ၀န်ထမ်းတွေရော.. အခြေခံလစာကမှ ၃သောင်းခွဲ ရတာ။ ခရီးစရိတ်ကပဲ တလ ၅ထောင်ဆိုရင် စားစရိတ်နဲ့ ..။ အိမ် လခ နဲ့..။ တစ်ယောက်တည်းတောင် အနိုင်နိုင်ဆိုရင် မိသားစုကို ဘယ်လိုကျွေးမလဲ..။ ပြီးတော့ မြို့ထဲ ၀န်းကျင်တ၀ိုက်မှာ ပန်းရံလုပ် ကူလီသွားလုပ်ရတဲ့ မြို့စွန်က လူတွေ..။ ဒီ့အရင်ကတောင် ထမင်းရည် သောက်နေကြရတာ..။ အခု ဘယ်လိုလုပ်ကြမလဲ..။


ဒီလိုနဲ့ တမိသားစုလုံး ထွက်အလုပ်လုပ်နေခဲ့ကြရတာပဲ ကြာပြီ..။ နောက်ဆို နေရာအနှံ့မှာ ကလေးစားပွဲထိုး တွေ... ကလေးအရောင်းဈေးသည်တွေ... ကလေးအလုပ်သမားတွေ.. အများကြီး ပို တွေ့လာရတော့မှာ ထင်ပါ ရဲ့။ စာသင်ခန်းထဲ ရှိနေရမယ့် ကလေးလေးတွေ စာသင်ခန်းတွေရှိရာဆီကို ငေးကြည့်ရင်း စားပွဲထိုးနေ.. ဈေးရောင်း နေရတာတွေ.. ပိုတွေ့လာ ရတော့မယ်။ ကမ္ဘာကြီးကတော့ဖြင့် ပညာခေတ် တဲ့.. Education for all တဲ့ ။ Free Education တဲ့။
..ကမ္ဘာကြီးမှာက..ဒီလောက် အစိုးရက ပံ့ပိုးပေးနေတဲ့ ကြားကမှ ကျောင်းနေရမယ့် အရွယ်ကလေး ကျောင်းမတက်ရတာမျိုး ရှိနေရင် အဲဒီကလေးရဲ့ မိဘကို အစိုးရတွေက တရားစွဲမတဲ့။ ဒါဖြင့်.. အခု.. ပညာရေးကို ကမ္ဘာ့အဆင့်မီ လုပ်နေတာဆိုတဲ့ မြန်မာနိုင်ငံမှာရော....။




အဲဒီ ညနေမှာ ကျမရဲ့ တပည့်လေးတယောက်နဲ့ စကားပြောရာက ကျမ စိတ်ထိခိုက်သွားခဲ့တာ။ အဲဒီ ကလေးက ခုမှ အသက် ၂၄နှစ်။ မိဘကို လုပ်ကျွေးနေတဲ့ ကလေး။ တလ ၀င်ငွေ တသိန်း လောက် ရှာနိုင်တဲ့ ကလေး။ သူက ပညာလည်း တော်ပြီး ကြိုးလည်း ကြိုးစားတဲ့ ကလေး။ တော်ရုံနဲ့ စိတ်ဓါတ် မကျတတ် သူ။ ခု..သူက ပြောတာ..။

ကျနော်တို့ ဘာကြောင့် ဒီလောက်တောင် ကံဆိုးရတာလဲ.. ကျနော်တို့ ဒီလောက် ကြိုးစား နေကြတာတောင် ကျနော်တို့မှာ နောက်ထပ် ရောက်စရာ ဒုက္ခတွေ ကျန်နေသေး တုန်းပဲ လား.. မကုန်နိုင်တော့ဘူးလား.. ကျနော်တို့ ဘာလုပ်ရတော့မလဲ...
တဲ့။ ကျမ စိတ်ထဲ ထိခိုက်ရတာ.. အဲဒီအချိန်မှာ ပိုဆိုးသွားပါတယ်။ လူငယ်လေးတယောက်ရဲ့ အဲဒီ ကြေမွစိတ်ဟာ အဲဒီခေတ်ရဲ့ ပဲ့တင်သံပါပဲ..။ အဲဒီ ခေတ်ရဲ့ ကြေမွမှုပါပဲ..။ အဲဒါဟာ အနာဂတ် ရဲ့ အုတ်မြစ်တွေဆီက ကြေမွမှုလည်း ဖြစ်ပါတယ်။ ကလေးတွေ လူငယ်တွေက လုပ်လည်း မဖြစ်တော့ဘူး လို့ ထင်လာတာဟာ အန္တရာယ် ကြီးပါတယ်။ မတရားမှုတွေ သိပ် ကြီးစိုးလွန်းတာဟာ ကျမတို့ရဲ့ ပျိုးပင်လေးတွေဖြစ်တဲ့ ကလေးတွေ လူငယ်တွေအတွက်တော့ ပျိုးယူနေတဲ့ အချိန်မှာ.. ရှင်သန်ဖို့ အားယူနေတဲ့အချိန်မှာ... ရေနွေးပူနဲ့ နေ့တိုင်း အလောင်းခံ နေရသလိုပါပဲ..။ အညွန့်တုံး စေလှပါတယ်။ အဲဒီ အတွေးတွေနဲ့ ကျမ နှစ်ရက်လုံး စာမရေးနိုင် ခဲ့တာပါ။

မေငြိမ်း
(သြဂုတ်၊၁၇။)

6 comments:

Kaung Myat said...

ဆရာမ ခင်ဗျား
တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ Mizzima ထဲက ဆရာမ Blog ကိုစပြီးဖတ်ရပါတယ်။ ကျွန်တော် ၄၆ နှစ်ရှိပါပြီ။ဆရာမ ခံစားရသလိုပါ ဘဲ။လူထုတစ်ရပ်လုံးလဲခံစားနေကြရမယ်လို့ယုံကြည်ပါတယ်။
ကျွန်တော်ဘ၀င်မကျဖြစ်နေတာက ဒီလောက်ဆိုး၀ါးနေတဲ့အစိုးရကို ပြည်သူတွေဘာကြောင့်သည်းခံနေနိုင်တာလဲ။ ၈၈ တုန်းကထက်တောင်ကြပ်တည်းဆိုး၀ါးလှတဲ့ဒီလိုအချိန်မျိုးမှာ ပြည်သူတွေလမ်း‌ေပါ်ထွက်လာအောင်လုပ်ဖို့မတတ်နိုင်ကြတော့ဘူးလားဗျာ။
ဆရာမရဲ့အမြင်ဖတ်ချင်ပါတယ်။

ရွက်ဝါ said...

စိတ်ပျက်ရုံပဲတတ်နိုင်တော့တယ်။ ဘာမှလည်း လုပ်မပေးနိုင်ဘူး။

မိုးစွေ said...

ဆရာမရေ ...
ပညာရေး ဆိုတဲ့ စကားလုံးနဲ့ စပြီးပြောရရင် ကျွန်တော် ပညာတတ်တစ်ယေက် မဟုတ်တဲ့အတွက် မှားကောင်းမှား နိုင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ၂၀၀၀ ပြည့်နှစ်မှာ အထက်တန်းနဲ့ ကျောင်းပြီးခဲ့လို့ပါ ။ ဆက်မတက် ဖြစ်လို့ဗျာ ။ ကိုယ့်အကြောင်းနဲ့ ကို ...၊ ကိုယ်ကိုယ်တိုင် ပညာရေးကို အချိန်နဲ့ ငွေကြေး မျှတပြီး မပေးနိုင်ခဲ့လို့ ဖြစ်ရတာမို့ ထူးပြီးတော့ မခံစားခဲ့ရပါဘူး ။ သို့ပေမယ့် ကျောင်းဆိုတဲ့ အသံကြားရင်တော့ ရင်ထဲမှာ ရှတတ ခံစားရတုန်းဗျ ။ ကျွန်တော့်ရဲ့ ရွေးချယ်မှုနဲ့ ကျွန်တော် ပညာတတ်မဖြစ်ခဲ့တာပါ ။ အခု လူငယ်လေးတွေ ... အနာဂတ် ရဲ့ ခေါင်းဆောင်တွေ ...။ ပညာရေး ဆိုတာကို ကျွန်တော်တို့လိုတောင် ရွေးချယ်ခွင့် မရခဲ့ရင် ....ကျွန်တော် တောင်မှပညာတတ် မဖြစ်ခဲ့ပါဘူး ... ။ သူတို့ အနာဂတ် မတွေးရဲဘူးဗျာ ။

ရွက်ဝါ ရေ ....

ဘာဘဲပြောပြော ခင်ဗျားတို့ တတွေတော့ ကျုပ်အားရတယ်ဗျာ ။ လုပ်မပေးနိုင်တာ မဟုတ်ပါဘူး။ လုပ်မပေးနိုင်သေးတာပါ ။ လုပ်ပေးနိုင်တဲ့ နေ့မှာ ခင်ဗျားတို့ ခေါင်းမရှောင်ဘူး ဆိုတာ ယုံကြည်တယ်ဗျာ ..။

Chit Lay Pyay said...

အမရေ မတွေးရဲဘူး၊ ကိုယ်တိုင် ခံစားရတဲ့သူ တော့ မပြောတတ်ဘူး၊ သူတို့တွေ ဘယ်လို နေမလဲ ဆိုတာကိုတောင် မတွေးရဲ့ဘူး အမရယ် ၊ ကြောက်တယ်၊ ဆင်းရဲခြင်း ကင်းနိုင်ကြပါစေ လို့ပဲ ဆုတောင်းပေးရုံကလွဲ လို့ ဘာမှ မတတ်နိုင်သေးပါဘူး၊

မိုးကုတ်မီဒီယာ said...

ဒီစာကို ဖတ်ပြီး ကျနော်လဲ တော်တော်ခံစားရပါတယ်..။
ဆရာမတပည့်ပြောတာ သိပ်မှန်ပါတယ်..။
ကျတော်တို့ဆီက လူငယ်တွေ အားလုံးရဲ့ အခြေအနေတွေဟာ အရမ်းဆိုးလှနေပါပြီ..။
တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်နေရမယ့်အစား.. နေရာတကာတိုင်း.. အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ လုံးပမ်းနေကြရပါတယ်..။
အဲဒါတွေကို ကြိုးစားဖြေရှင်းနေရတဲ့ အချိန်တွေကိုက မနည်းပါဘူး..။
စိတ်ဓာတ်တော်ရုံကျခဲလှတဲ့ လူငယ်တွေမှာတောင် ဖိစီးမှုတွေနဲ့ ပြည့်ကြပ်နေကြပါတယ်..။
ရင်နာတတ်တဲ့လူတွေက ဘာမှမတတ်နိုင်ကြဘူး..။ တတ်နိုင်ကြတဲ့ လူတွေက ရင်မနာတတ်ကြဘူး..။
သားဖြူ (မိုးကုတ်မီဒီယာ)

pee said...

nobody start ,u nay win start 8888.