Aug 1, 2007

အမေတစ်ယောက်ရဲ့ အနာ(အပိုင်း-နှစ်)

ကျမ နောက်ဆုံး အလုပ်လုပ်ခဲ့တဲ့ ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလအထိ ဒဂုံတက္ကသိုလ်လို ကျောင်းကြီးမှာတောင် ဆရာဆရာမတွေ မြေဖြူသုံးနေရတုန်းပါ။ ဒါကြောင့် ဆရာဆရာမနဲ့ တီဘီရောဂါကလည်း မိတ်ဆွေဖြစ်နေတုန်း။ ပြီးတော့ အဂတိ မလိုက်စားတဲ့.. ကျူရှင် လည်း မပြချင်ဘူးဆိုတဲ့ ဆရာတွေလည်း ဒုက္ခခံနေရတုန်းပါပဲ..။




အပိုင်း(နှစ်)

သင်ပုန်းတွေပေါ်မှာ
ပွန်းပဲ့တိုက်စားခံနေတာ
မြေဖြူတွေမဟုတ်ဘူး
ဆရာတို့ရဲ့ ဘ၀တွေပါ…။

အမြဲ ကြည်လင်နေတဲ့ အပြုံးနဲ့ ၊ ကြင်နာတဲ့ မျက်လုံးတွေနဲ့ ၊ တိုက်ပုံ နွမ်းနွမ်း ၀တ်စုံ နွမ်းနွမ်းနဲ့၊ အ၀တ်အစား နွမ်းနွမ်းလေးတွေနဲ့၊ စာသင်တဲ့အခါမှာ လန်းဆန်းနေကြတဲ့ ကျမတို့ရဲ့ ဆရာ ဆရာမတွေကို မကြာခဏ လွမ်း..လွမ်းနေမိပြီ။ ပြီးတော့ ကိုယ့်ဘာသာ ကိုယ် အားဖြည့်။ ဒါပေမဲ့ ချောင်းဆိုး ရက်တွေ စိပ် စိပ် လာပြီ။ သွေးပေါင်ချိန်က မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ… ၈၀-၆၀ တဲ့။ ဆေးကုသ စရိတ်က အနည်းဆုံး သုံးရာ။ ရတဲ့ လခက ထောင့်ခြောက်ရာ။ သားကလေးက မကြာခဏ နှုတ်ခမ်းစူ။ သား မုန့်ဗူး မှာ ခြောက်ကပ်။ အမေနဲ့ သား မုန့်ဗူး က ပုံတူ။

“မေမေ… ပိုက်ဆံတွေကို ၀ယ်လို့ရလားဟင်”။
သားရဲ့ မေးခွန်းအဆုံးမှာ ကျမ ဗုန်းဗုန်း လဲကျ။ ကျမရဲ့ သားလေး ခမျာမှာတော့ ကျမလို ပီတိကို မစားတတ်ရှာ။ အဲဒီ သားလေးကို မွေးစဉ်က ကျမ ဘယ်လောက် စိတ်ကူးယဉ်ခဲ့သလဲ။ အဆင့်မြင့်မြင့် ကျောင်းမှာ အဆင့်မြင့်မြင့် ထားဖို့ …။ သားရဲ့ စိတ်ခန္ဓာ ကိုယ်ခန္ဓာ ကျန်းမာဖို့ ။

နှစ်ယောက် သုံးယောက် မွေးလျှင် သားသမီးတွေ မပြည့်မစုံ ကြီးပြင်းရမှာကို စိုးရိမ်စိတ်နဲ့ သားကို တစ်ဦးတည်းသော သား အဖြစ်သာ မွေးယူခဲ့တာ။ ခုတော့ သားခမျာ မွေးချင်း မောင်နှမက အစ… အစစ အရာရာ အဆုံး၊ ချို့တဲ့။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ကျမရဲ့ အမေးထဲ ကျမ ဘာသာ အကျဉ်းကျ။

သိပ် ခက်တာပါပဲ။ သင်ခဲ့တဲ့ ပညာ တစ်လှေကြီးကို ပြန်လည် လက်ဆင့်ကမ်း ဖြန့်ဝေဖို့ ကျမ မှာ အချိန်ပင် မလောက်ငှနိုင်သေး။ ကိုယ်တိုင် ပညာတွေ စုဆောင်းဆဲ။ ပြီးတော့ သားကို ထိန်းကျောင်းဖို့ ။ အချိန်က အစ ဆင်းရဲလှသည်။ ဘာအတွက်လဲ၊ ဘယ်သူ့ အတွက်လဲ၊ အကျိုးဆက်တွေက ဘာလဲဆိုတာတွေကို စဉ်းစားမိ လျှင်တော့ တင်းထား သော လက်သီးဆုပ်တို့က ပြေလျော့ချင်လာပြီ။

“မြန်မာစာဆိုတာ ဖတ်တတ်ရင် ရတာပဲ၊ အတန်းတက်ဖို့ မလိုပါဘူး ”
“ပိုက်ဆံပေးသင်ရင် တစ်လနဲ့ ပြတ်တယ်”
“မှတ်စုပဲ ပေးပါ ဆရာမ၊ ရှင်းမပြနဲ့ ”

အံကို နာနာကျိတ်၊ ‘သွားရင်း’ တို့ပင် ပဲ့ကြွေလုပြီ။ အဲဒီ ရက်တွေထဲ ကိုယ့်သွေးကို ပြန် ဖောက်သောက်ကြတဲ့ လူတွေကို မကြာခဏ အိပ်မက်။ ရင်ခေါင်းထဲမှာ နာ၊ လည်ချောင်း နာ၊ အာရုံကြောတွေ နာ၊ မျက်လုံး အကြည့် တွေ နာ၊ အသည်းနှလုံး နာ၊ အစာအိမ် နာ… စတဲ့ အနာတွေ အများကြီးနဲ့ ရင်း။

တကယ်တော့ မြေဖြူတွေဟာလည်း ဆရာတွေနဲ့ ငယ်ပေါင်းကြီးဖေါ်..။
သေဖော် သေဖက်။
အတူတူ ပွန်းပဲ့.. လွင့်ကြွေ.. ကုန်ဆုံး… နောက်ဆုံး။

+++++

စာသင်ခန်းတွေထဲမှာ လူတွေ ကျဲပါး။ ဘယ်သူဘယ်ဝါဟု မသေချာသော ကလေးတွေကို ကျမ လွမ်းလိုက်တာ။ ဟိုး အရင်က ကျမနဲ့ စကားအပြိုင် ဆွေးနွေး ငြင်းခုန်ခဲ့ကြတဲ့ ကလေးတွေကိုတော့ အလွမ်းဆုံးပေါ့။ ကျမ ပြင်ဆင် ရှာဖွေခဲ့သမျှ သင်ခန်းစာတွေ၊ အတွေအကြုံတွေကို ဘယ်သူ့ ပေးရပါ့။ ဘယ်နှစ်ယောက်ကို ပေးရမလဲ။ ဘယ်နှစ်ယောက်ကို ပေးနိုင်မလဲ။ ဘယ်နှစ်ယောက် ရသွားမလဲ။ ခုတော့ ကျမရဲ့ ရှေ့မှာ မျက်လုံးတွေက အရောင်မဲ့။ အသည်းနှလုံးတွေ နာ လိုက်တာ။ ဒါဟာ၊ အဆုတ်နာထက် ဆိုးပါတယ် ကလေးတို့ရယ်…။

“ကျမ ပေးချင်တာတွေကို ယူမယ့်သူတွေ ရှိနေသရွေ့တော့ ကျမ ကျောင်းဆရာမ ဆက်လုပ်နေဦးမှာပါ။” ဆိုသော ကိုယ်တိုင်ပြောခဲ့ဖူးတာကို ပြန်သတိရတော့ စိတ်ထဲမှာ မွတ်သိပ်ကာ နှုတ်ခမ်းတွေပင် ခြောက်သွေ့ လာ သည်။

ဟိုး အရင်ကလို အတန်းလုံး ပြည့်နေတဲ့ ကလေးအများကြီးကို လည်ချောင်းကွဲလုမတတ်၊ မျက်လုံးတွေ ပြာဝေ သွားတော့မတတ်၊ အော်ဟစ် သင်ပစ်လိုက်ချင်တာ။ အသက်နှစ်ဆယ် နီးပါး၊ ကျောင်းသား ကျောင်းသူတွေဟာ ကျမ ရှေ့မှောက်မှာတော့ တကယ့် ကလေးငယ်လေးတွေလို သူတို့ရဲ့ မျက်လုံးတွေက လောကကို ဖတ်ရှုချင် စိတ်တွေနဲ့ တောက်ပလို့ ရှိခဲ့ ဖူး ပါတယ်။

ခုတော့ဖြင့် ပျင်းရိ လေးကန်သော မျက်နှာများနဲ့ မျက်လုံးတွေကလည်း အရောင် အမျိုးမျိုး စွန်းပေလို့။ တက္ကသိုလ်ပညာဟာ ခိုးယူလို့ ရသတဲ့ လား။ ပြင်ပမှာ ၀ယ်ယူရတာကမှ ပို တန်ဖိုး ရှိသတဲ့လား။ ကိုယ့်လမ်း ကို ကိုယ်ပဲ ပြဌာန်းကြတာပါ ကလေးတို့ရေ…။ တကယ်ဆို၊ လူ ဆယ်ယောက်စာ တစ်ဝိုင်းလောက်ကိုပဲ စာသင် တတ်တဲ့ အကျင့် ရှိရင် တောင် ဆရာမမှာ အနည်းဆုံးတော့ အဆုတ်နာရောဂါ မဖြစ်ဘဲ နေဦးမှာ။ ကျမအတွက်တော့ မိုးခါးရေဟာ ခါးနေဆဲပါပဲ။

++++

ကျမရဲ့ သားကလေးကတော့ဖြင့် မတွန့်မဆုတ်ဘဲ ကြီးပြင်း လာခဲ့လေသည်။ သားရဲ့ မျက်လုံးတွေက တနေ့တခြား ကျယ်ပြော တောက်ပ။ သား နှုတ်ခမ်းတွေကလည်း တနေ့ ထက် တနေ့ ရှည်လျား ဆန့်ထွက်။ သားရဲ့ နှလုံးသားကလည်း အသံ စုံစုံ မြည်တတ်ခဲ့ပြီ။ သားရဲ့ လိုအပ်ချက်တို့က ပကာသန မပါသော လိုအပ်ချက်စစ်စစ် တွေလည်း ဖြစ်နေပြန် သည်။ ထိုအခါ၊ သား၌ အပြစ် တစုံတရာ မရှိ။ သားလေးမှာ တောင်းဆိုခွင့် ရှိသည်။ ဘာလို့ ဆို သူက ကျမရဲ့ ဖန်တီး ခေါ်ယူမှုကြောင့် ဒီလောကထဲ ရောက်လာရ လေသူ။ သူ့ခမျာ ရွေးချယ်ပိုင်ခွင့် မရှိ။ သားမှာ အပြစ် မရှိ။ ဒါဖြင့်၊ ကျမမှာရော အပြစ် ရှိနေ သလား..။

+++++

“သားရဲ့ သူငယ်ချင်းတွေက ကွန်ပျူတာနဲ့ ဆော့တယ် မေမေ… အဲဒီ ကွန်ပျူတာက အင်္ဂလိပ်စာလည်း သင်ပေးတယ်တဲ့၊ သားလည်း လိုချင်လိုက်တာ..” (ဒါဟာ ရှိသင့်တဲ့ အသုံးချ ပစ္စည်းတခု ဟု ကျမ လက်ခံသည်။)
“သားရဲ့ သူငယ်ချင်းတွေ အင်္ဂလိပ်စာသင်တာ သီချင်းတွေ၊ ကာတွန်းတွေနဲ့တဲ့ မေမေ၊ ပျော်စရာကြီး။ သူတို့ ဆရာမက အင်္ဂလိပ်လိုပဲ ပြောတဲ့ ကျူရှင်တဲ့။ သားလည်း တက်ချင်တယ် မေမေရာ” (ဒါဟာလည်း လိုအပ်သော အခြေအနေ တစ်ရပ်ပင်)
“သားရဲ့ ကျောင်းင်္အကျီတွေ ၀ါနေတာ ခဏ ခဏ ၀တ်လို့ဆို ဟုတ်လား မေမေ…၊ သား သူငယ်ချင်းတွေရဲ့ င်္အကျီတွေကျတော့ ဖြူဖွေးနေတာပဲ။ သူတို့မှာ ကျောင်းင်္အကျီတွေ အများကြီး ရှိတာတဲ့။”
(ကျမရဲ့ ချွတ်ယွင်းချက် ညံ့ဖျင်းချက်ကြောင့် သားမှာ ခုလို မပြည့်မစုံ ခံစားရတာ။ ကျမ အနေဖြင့် ခုလို ကျောင်းကြီး ကျောင်းကောင်း မှာ ထားသင့် သလား၊ မထားသင့် ဘူးလား၊ ခုထိ မဝေခွဲတတ်သေးတာ ကျမရဲ့ ညံ့ဖျင်းချက်ပေါ့)

သို့ပေမဲ့၊ ကျမကတော့ (မိုက်မဲသည် ဆိုရမလား။ ဒါမှမဟုတ်၊ တော်သည်ဟု ချီးမွမ်းသည် ကိုပဲ ခပ်မဲ့မဲ့ ပြုံးနေသင့်သလားတော့ မသိ)
တောင်တန်းတွေ…
ရေတံခွန်တွေ…
သစ်တောတွေ…လို
တန်ဖိုး မြင့်မားချင်စိတ် ရှိနေစမြဲ။ ခပ်လျော့လျော့ လက်သီးဆုပ်ကို ဖြေလျော့ မပစ်နိုင်ဘဲ ရှိဆဲ။ နေကတော့ ညို လုပြီ ဖြစ်သည်။

ရုတ်တရက် မူးမိုက် လဲကျ မသွားခင် အချိန်ကလေးထိ ကျမ သတိမလစ်အောင် ထိန်း ထားခဲ့သေးသည်။ သို့ပေမဲ့၊ နောက်ဆုံးတော့ ကျမရဲ့ စိတ်ခွန်အားက ခန္ဓာကိုယ်ကို အရှုံးပေး လိုက်ရတော့၏။

ထို သတိလစ်သွားစဉ် အခိုက်အတန့်လေးမှာ အမှောင်ထု၏ ဖိစီးမှုက ငြိမ်းတော့ ငြိမ်းအေး လှသည်။ ဝေဒနာ မရှိ။ သတိရလာချိန်မှာတော့ဖြင့် ချက်ချင်းပဲ အနာတွေက ပြန်ရောက်လာပြီ။ အနားမှာ သားကလေးက ထိတ်ထိတ် လန့်လန့် ငိုလို့။ သေချာပြီ။ ကျမ ရူးချင်ယောင် ဆောင်နေလို့ မရတော့ပြီ။ ကျမရဲ့ ကျန်းမာရေးက ကျမကို မီးနီ ပြ နေပြီ။ ကျမ လက်လျှော့ လိုက်ရတော့မှာလား။ မျက်လုံးကို စုံမှိတ်လိုက်စဉ်မှာ မျက်ရည်ပူတွေ စီးကျ လာသည်။ ကျမ၏ ပိုက်ဆံအိတ်ထဲမှာ ငွေစက္ကူကလေး သုံးလေးရွက်သာ ရှိတော့တာကို သတိရ ဖြစ်အောင် ရ၏။ ပြီးတော့ ခုလောက်ထိ ပညာသင်ပေးခဲ့သော မိဘတွေကို သတိရ၏။ တပည့်ကလေးတွေရဲ့ မျက်လုံးတွေကိုလည်း သတိရ၏။ ကျမ တယောက်ယောက်ကို ဒါမှမဟုတ် တလောကလုံးကို တောင်းပန်ချင် လာပြန်ပြီ။ “ကျမကို ခွင့်လွှတ် ပါ။ ”

သားလေးက ငိုလို့။ သူဟာ ကျမ တကူးတက ခေါ်ယူထားသော သူကလေး။ အဲဒီအတွက် ရှိနေတဲ့ တာဝန်၊ သူဟာ ကျမရဲ့ မျှော်လင့်ချက်ကလေးလည်း ဖြစ်သည်။ သူ့ကို တောက်ပ ၀င့်ကြွား စေချင်သည်။ ကျမ ဘာလုပ် နိုင်မလဲ။ ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်လျှင်ဖြင့် အနည်းဆုံး ဒါ့ထက် ၀င်ငွေ နှစ်ဆ ရမည်။ အဆင်ပြေ မှာပဲ။ ဒါပေမဲ့ ကျမက အဲဒီမှာ ဘယ်သူ့အတွက်၊ ဘာ့အတွက် အလုပ် လုပ်ပေးနေရမှာတဲ့လဲ။ အဲဒီ ကုမ္ပဏီမှာ ကျမရဲ့ ရပ်တည်မှု တန်ဖိုး က ဘာလဲ..။ ဟင့်အင်း… အကောင်းတွေကိုချည်း လိုချင်လို့တော့ မဖြစ်ပါ။

ထိုခဏ ၊ ကျမ ဘ၀ရဲ့ သက်ရှိ အားလုံး သေဆုံးသွားကြ၏။ ဟိုး… ဟိုးတုန်းက နာခံတတ်သော ကလေးတွေ နေရာမှာ သားကလေးကသာ ခွန်အား ဖြစ်တော့မည်။ ဒါဖြင့်၊ ကျမရဲ့ တန်ဖိုး တည်ရာ၊ တန်ဖိုး တည်ခွင့်ဟာ.. ဘယ်နေရာမှာလဲ..ဟင်။ ကျမရဲ့ ဆင်ခြင် ဥာဏ်တွေ … လွှင့်ပစ်။ မှတ်ဥာဏ်တွေကိုသာ.. ပျိုးထောင်။ ဒါက တော့… စက်ရုပ် ပဲ။

ဘွဲ့ရ ပညာတတ်တွေကို မွေးထုတ်ဖို့ မဖြစ်နိုင်တဲ့ အဆုံး၊
ဘွဲ့ရ (ပညာမတတ်)တွေကို ကျောခိုင်းဖို့သာ ရွေးချယ်နိုင်ရလိမ့်မည်။
(တုန်လှုပ်..)
ကျမစာသင်ချင်တယ်။ တရားတဲ့လမ်းတွေ ညွှန်ပြချင်တယ်။
တတ်စွမ်းသလောက် မွေးမြူ ပေးချင်ပါတယ်။
(ငိုကြွေး..)
ရက်များစွာ ကျမက လွမ်းဆွတ်။
ကျမကိုရော ဘယ်သူက လွမ်းဆွတ်နေပါ့မလဲ။
ကျမက ကမ္ဘာမြေတစ်ခုလုံးစာအတွက် လွမ်းဆွတ်ပါတယ်။

ဒါဟာ၊ အင်မတန် ဘ၀င်မြင့်တဲ့ (ဆရာမ ပီပီသသ ကြီးကျယ်ချင်တဲ့) ခပ်ရူးရူး ကျောင်းဆရာမတစ်ယောက်ရဲ့ ကျဆုံးခန်းပါပဲ။ ပြီးတော့… စားစရာ ပီတိမျှပင် မရှိတော့ပြီ ဟု ခြေကုန် လက်ပန်းကျ။

အဲဒီ ကာလထဲမှာပဲ… ကျမကို “ညလယ်မိုး” ရဲ့ “အနန္တ တြိဂံ” ကဗျာက ရိုက်ပုတ် ကန်ကျောက်တော့တာပဲ။ နောက်တော့.. ညည ချောင်း တဟွတ်ဟွတ် ဆိုး၊ သားလေး အိပ်မောကျနေတာကို ထိုင် ထိုင် ငေးရင်း… မျက်ရည်ကျ။

ထို့နောက်မှာတော့ တာဝန်မှ နှုတ်ထွက်ခွင့် ပုံစံ တွေကို လေးလေးကန်ကန် ဖြည့်၊ အိပ်မက်တွေနဲ့ ကယောင် ချောက်ချား။ မီးပြတိုက်လေးတွေကို ထင်ယောင် မြင်မှား…။ ကံ၊ ကံရဲ့ အကျိုးကို မျှော်လင့်၊ (ကျမ ကောင်းမှုကို သာ အမြဲ လုပ်ခဲ့ပါတယ် )။

သားရဲ့ အတန်းပိုင်ဆရာမလေး ဒေါ်ချောချောက သိပ်ကို စိတ်ထား ဖြူစင်တာပဲ။ ပြီးတော့ ၊ ကျမရဲ့ ရှေ့ဆောင် လမ်းပြ ဆရာ ဆရာမ တချို့။ အို… လောကမှာ ငါ တစ်ယောက်တည်းတော့လည်း မဟုတ်သေးဘူး..ပဲ။ အဖေါ်တွေ ရှိပါသေးတယ်။ နောက်ထပ် ဘယ်နှစ်ယောက် ရှိဦးမလဲ။ (အများကြီး ရှိနိုင်တာပဲ နော်)။

“ကဗျာဟာ အနည်းဆုံး လူတစ်ဦး တစ်ယောက်အတွက်ပဲ ဖြစ်ဖြစ် စေတနာပါတယ်” လို့ ကျမ ကိုယ်တိုင် ယုံကြည် လက်ခံတာပဲ။ ဒါဆို… ကျမ သင်ပေးနေတဲ့ ကဗျာတွေဆီက တဆင့် အနည်းဆုံး တစ်ယောက်တော့ ကျမတို့ ပေးချင်တဲ့ တရားကို ရမှာပဲ.. နော်။ တစ်ယောက် ကနေ အစ တချိန်မှာတော့ ကျမတို့အတွက် ဘက်တူ လူငယ်တွေ အများကြီး ရှိလာနိုင်တာပဲ။

ရွာချလိုက်တဲ့မိုးတွေ..
မြစ်တို့ သန်မာစွာစီးဆင်းနိုင်ဖို့ လေ…

ကျမတို့ ပို့ချသမျှ တချိန်မှာ
မြစ်တွေ၊ ပင်လယ်တွေ ဖြစ်ရမယ်။

ကျွန်းတွေ၊ သောင် တွေ၊ ကျောက်ဆောင် တွေ၊ တောင်တန်း တွေ ဖြစ်ရမယ်။
မြက်ပင်တွေ၊ ကိုင်းပင်တွေ၊ သစ်တောတွေဖြစ်ရမယ်။
နောက်ထပ်…
နောက်ထပ် မမြင်နိုင်တဲ့ သယံဇာတ တွေ…ဖြစ်လာရမယ်။

“သင်ပုန်းပေါ်မှာ
ပွန်းပဲ့တိုက်စားခံနေရတာ
မြေဖြူတွေမဟုတ်ဘူး
ဆရာတို့ဘ၀တွေပဲ။”

အနည်းဆုံးတော့၊ ကျမဟာ အတိုက်စား ခံနေတဲ့ မြေဖြူ တစ်ချောင်း ဖြစ်တယ်။ ဒါဟာ သစ္စာ။ မှန်ကန်တဲ့ သစ္စာတရား အတွက် သက်သေပြချက် မလို။ အကျိုးခံစားခွင့် မလို။ ပြယုဂ် မလို။ လုံလောက်တဲ့ အချိန် အတိုင်းအတာ မှတပါး ဘာတစ်ခုမှ မလို။ ဒါဟာ၊ ဆရာတို့ စပ်တဲ့ ကဗျာ…. ကောင်းကင်ပြာလို တည်တံ့ခိုင်မြဲ….။

ကဗျာ အဆုံးမှာ မျက်ရည် ကျတော့၊ သည်တကြိမ် ကျသော မျက်ရည်က ကြက်သီး ချမ်းမြ ထ ကာ ချိုမြလျှက် ရှိလေသည်။

+++++

လက်သီးတွေကို ပြန်ဆုပ်လိုက်မိသည်။ အတတ်နိုင်ဆုံး တင်းတင်း ကျစ်ကျစ်။ သား ကလေးကိုတော့ အတတ်နိုင်ဆုံး ထွေးပိုက်ရမည်။ ဒါဟာ အမေက ပေးနိုင်သော အင်အား။ တဖြည်းဖြည်း အရွယ်ရောက်လာသည့် အထိတော့ မေတ္တာတရား နဲ့ ငွေကြေး၊ စေတနာနဲ့ ငွေကြေး၊ သစ္စာနဲ့ ခံနိုင်ရည်အား ဆိုတာတွေရဲ့ အားပြိုင်မှုတွေကို သား နားလည်အောင် ပြောပြ သွားရ ပါလိမ့်မည်။ သားနှင့် သူ့ သူငယ်ချင်းတွေရဲ့ အနာဂတ် ကာလမှာတော့ ကျမ ကိုယ်တိုင် ဗြဟ္မစိုရ်တရား အကြောင်း၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာရဲ့ အနှိုင်းမဲ့ အသုံးဝင်မှု အကြောင်း၊ ခန္တီပါရမီအကြောင်း၊ သွေးကြောတွေရဲ့ စီးဆင်းမှုမှာ စိတ်အင်အားက လွှမ်းမိုးထားကြောင်းနဲ့ ဗုဒ္ဓ ရဲ့ ဇွဲ၊ လုံ့လ အကြောင်းတွေကို သင်ပေးခွင့် ရနိုင်မည်ဟုလည်း မျှော်လင့် လာပြန်သည်။

ခုလောလောဆယ်တော့ သားကို တင်းတင်းပွေ့ကာ လောကထဲ အလိုက်သင့် နေတတ်ဖို့ “ဓမ္မပဒ”ကို သား နားလည်အောင် ပုံပြောသလို ပြောပြရမည်။ အနည်းဆုံးတော့ အမေ ဆရာမအတွက် ဂုဏ်ယူတတ်စွာ အမေနဲ့ အတူ လောကဓံကို ရင်ဆိုင်ရဲသည့် သားကလေး ဖြစ်ဖို့တော့ ကြိုးစား မွေးမြူ ရပါဦးမည်။ ဒါထက် ပိုလို့ သတ္တိကောင်း နိုင်လျှင်တော့ဖြင့် အလုပ်မှ နှုတ်ထွက်စာကို ယတိပြတ် ဆွဲစုတ်ကာ ခပ်မာမာ မျက်နှာထားဖြင့် ခေါင်းမော့ ပြုံးပြနိုင်ချင်လှပါသည်။

မေငြိမ်း
မဟေသီ (၁၉၉၇)။



5 comments:

Sint said...

It's so true and so touch!Thanks for sharing.

lay said...

သူ့ထက်ကဲတဲ့ ရင်ကွဲနာ

blogger ညီနောင်အပေါင်းတို့ရေ၊ ကျွန်တော်ခမျာ writer မဖြစ်ပေမယ့်၊ ကိုယ်မှီသမျှ အတွေးအခေါ်ဥာဏ်၊ စေတနာမှန် တကယ်ကြီးစွာနဲ့၊ commenter အဖြစ်ရပ်ခဲ့တာ၊ ၇ ရက်မျှလောက် ကြာခဲ့တယ်ဗျ။

ဟောဒီကောင် blogger မစစ်တာမို့၊ ဒို့များနဲ့ တန်းမညီနိုင်။ ညှိနှိုင်းပြန် ဂုဏ်ငယ်မှာစိုးတာကြောင့်၊ အမျိုးမျိုး ရှောင်ကြတာဆိုရင်ဖြင့်၊ ငါ့ comment များအထီးကျန်၊ အကြီးတန်လှတဲ့ reader ဘ၀ဆိုပေမယ့်၊ သက်ပြင်းရှည်ခါခါချလို့ရယ်ဗျာ၊ တင်းလို့ရသေး။

ဒီလိုမဟုတ်ပါဘဲ၊ မှားအမှန် ကောင်းကောင်းခွဲနိုင်ရက်နဲ့၊ ခင်မင်မှုတံတိုင်းပါးပါး၊ ဖေါက်သွားကာ အမှန်ဆီချဉ်းဖို့အရေး၊ သတ္တိကလေးမှ မထားနိုင်ကြရင်၊ အနာဂါတ် ဒီမိုခေတ်မှာလေ၊ တာဝန်မကျေ၊ ပြည်သူတွေ ဖြစ်မှာတွေးလို့၊ blogger များအရေး စိတ်မအေးနိုင်။

အနာဂါတ်ပြည်အရေးပေမို့၊ ကွဲရတယ်ကျွန်တော်အသည်းဟာဖြင့်။ ကျေင်းဆရာ ရောဂါစွဲတာထက် ကဲလှတယ်လေး။။။။။

( blogger အားလုံးသို့......
ရေးခဲ့သမျှစာထဲမှာ အမှားပါ၊ သားမှာအပြစ်ရှိတာမို့၊ ဘယ်သူထောက်မပြပေမယ့်၊ ကိုယ့်အပြစ်ကိုယ်ဆင်ခြင်လို့၊ နောက်နောင်တွင် ခုလိုမဖြစ်ရေး ခတ်ဝေးဝေးပဲနေပါ့မယ်။ မရိုင်းပါ ဆိုသာပေမယ့်၊ မလိမ္မာ ကျွန်တော်စကားလုံးတွေကြောင့်၊ တပါးသူနှလုံး တဒုန်းဒုန်းထိခဲ့ရင်၊ ခွင့်လွှတ်ပါတောင်းပန်စကားကိုဗျာ၊ ရိုးသားစွာဆိုခဲ့ပါရဲ့။ )

M.Y. said...

ဒေသတွင်းမှာမျက်နှာငယ်နေရသော အုပ်ချုပ်မှုစနစ် အမှားတွေအောက်မှ မြန်မာနိုင်ငံ၏ ယိုင်လဲနေသော တက်ကသိုလ်ပညာရေးစနစ်နှင့်ခေတ်အခြေအနေကို ပကတိအတိုင်း မှတ်တမ်းတင်ထားသော စာပေတာဝန်ကျေ ၀တ္ထုတိုတစ်ပုဒ်ဖြစ်၏။

မောင်ရင်

seinmyoutmyout said...

ကြိုက်နှစ်သက်မိပါတယ်...
ခံစား၇ပါတယ်...
ကျေးဇူးပါ။

DayWalker said...

ကောင်းလိုက်တာ.. နော်.
့မြန်မာပြည် ဘာတွေ ဆက်ဖြစ်အုံးမလဲ ဆရာမ ရေ.....