Aug 15, 2007

ဆရာကြီး မင်းသုဝဏ် (၃)နှစ်ပြည့် အမှတ်တရ

ခေတ်တခေတ်ကို တာဝန်ကျေဖို့ဆိုတာ ဘယ်လောက်ရင်းနှီးပေးဆပ်ကြရသလဲ..။
အနည်းဆုံးတော့ ကြိုးစားအားထုတ်မှုတွေ..။ ဖြန့်ဖြူးဝေငှလိုတဲ့ စေတနာတွေ…။
အဲဒီလို ပုဂ္ဂိုလ်တွေဆိုတာကလည်း ရှားတောင့်ရှားပါး..။ ဒီကြားထဲမှာ …
တချို့ အချိန်မတိုင်မီ ပျောက်ပျက် ကြွေလွင့်ကြ..။
တချို့ အဖျောက်ဖျက် အချွေအလွှင့် ခံကြရ….။


၁၉၃၈ ၀န်းကျင်မှာ မြန်မာစာပေလောကထဲ တက္ကသိုလ်ကျောင်းသား လူငယ်တစုကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။ ခေတ်စမ်း…တဲ့။ ခေတ်ကို စမ်းသပ် ဖွဲ့ဆိုတဲ့ စာပေ..တဲ့။ ခေတ် ရဲ့ လိုအပ်ချက်ကို စမ်းသပ်တဲ့ စာပေ ပါပဲ။ တကယ့် အခန့်သုံး အနေနဲ့သာ စာရေးကြရတဲ့ မြန်မာစာပေ ရေယဉ်ကြောထဲမှာ ရေစီး သွက်သွက် ကလေး တွေ၊ ရေတံခွန်ပေါက်ကလေးတွေ နဲ့ မြစ်လက်တက်သွယ်လေး တွေ ဖျိုးဖျိုးဖျတ်ဖျတ် ပေါင်းစပ်လာ သလို… အဲဒီ ရေစီးကြောင်းက အားကောင်းလာတယ်။ ခေတ်စမ်းစာပေ..ပေါ့။ ဇော်ဂျီ မင်းသုဝဏ် သိပ္ပံမောင်ဝ ဒေါက်တာမောင်ဖြူး … စတဲ့ လူငယ်လေးတွေက ပြောင်းလဲ စီးဆင်းလိုက်တဲ့ ရေစီးကြောင်း။ သူတို့ ကိုယ်တိုင်ကို က ပင်မရေစီးပါ..။

ထုံးစံအတိုင်း.. လူကြီးတချို့က မြန်မာစာပေကို မခန့်လေးစား လုပ်ကြတယ် ဆိုပြီးတော့ မကြိုက်ကြ။ အခန့်တွေ အခက်တွေ အကွန့်တွေ အညွန့်တွေ အဖွဲ့တွေ အထုံးတွေပါမှ စာပေလို့ ခေါ်ရတော့မပေါ့…တဲ့။ စမ်းသပ် တီထွင်တဲ့ အဲဒီ ကျောင်းသားလေးတွေကတော့ မတွန့် မတုံ့ ခဲ့ပါဘူး။ ထီးကြိုက် နန်းကြိုက် ပုံတွေ စံတွေထဲက ရုန်းထွက်လို့ ပြည်သူတွေနဲ့ ရင်းနှီးယဉ်ပါးတဲ့ စကားလုံးလေးတွေ နိမိတ်ပုံလေးတွေ ဘ၀တွေ ရှုခင်း ရှုကွက် လေး တွေ ခံစားချက်လေးတွေ ပန်းပွင့်လေးတွေကို ရွေးဖွဲ့ခဲ့ကြတာ။ အဲဒီတော့ သူတို့ ကဗျာတွေ စာတွေက လူထုကြားထဲကို အလွယ်တကူ စီးဆင်းတိုးဝင်သွားခဲ့တာ……. ဒီကနေ့ထက်ထိ။ အဲဒီ ပင်မရေစီးကြောင်းကနေ အလက်အတက် တွေတောင် အမျိုးမျိုးပွားလို့.. မော်ဒန်တွေ ပို့စ်မော်ဒန်တွေ ထိ။

ဆရာမင်းသုဝဏ်ဟာ အဲဒီ ပင်မရေစီးကြီးထဲက ချောင်းကလေးတစင်းပါ။ ခေတ်စမ်း မတိုင်ခင်က မြန်မာစာပေ လောကထဲ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ပြည်သူလူထုကို ရည်ရွယ်ပြောပြတဲ့ စာကဗျာ တွေ .. ခေတ်စမ်း က ဖောက်ယူခဲ့ကြတာ။ အဲဒီထဲမှာ ဆရာမင်းသုဝဏ်က ဒေါက်တာမောင်ဖြူးနဲ့ တွဲဖက်.. ကလေးကဗျာတွေ ရေးခဲ့တာ။ ခေတ်အဆက်ဆက် မြန်မာပြည်မှာ တကယ် လိုအပ်ပြီး ကလေးတွေနဲ့ တကယ် လိုက်ဖက်တဲ့ ကလေးကဗျာဆိုတာ မရှိဖူးခဲ့တဲ့ ကွက်လပ်ကို ခေတ်စမ်း လူငယ်လေးတွေက ဖြည့်ခဲ့ကြတာ။

မိုးရေ တက်ရေ
တဖွေးဖွေး..
ကွင်းကျယ်အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာ တည်
ကြာနီတပွင့် ဖြူတပွင့်
တဲနဲ့ ပနံတင့်။
ဝါဆို ၀ါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်..
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ
ချို နဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လည်းလိုက်မယ်
ချန်မထားနဲ့..
အုန်းလက်နွားလေး ထားခဲ့ကွယ်။
လိုက်မယ် လိုက်မယ်။
ခေါင်းအုံးကြီး ခေါင်းအုံးကြီး
မြင်းပျံလုပ်လို့စီး..
ခေါင်းအုံးကြီးက မိုးပေါ်ပျံ
မိုးက ခြင်ထောင်ခံ
ခြင်ထောင်ခံလို့ မြေမှာပြေး
ထိုက်တဲ့ ဇာနည်သွေး…..။
အဲလို ကဗျာတွေ..။ ကလေးတွေကို သူတို့ ပတ်ဝန်းကျင်က မြင်ကွင်းလေးတွေနဲ့ မိတ်ဆက်ပေးတဲ့အပြင် မကြောက်တတ်အောင်.. ရဲရင့်အောင် အားမွေးပေးတဲ့ ကဗျာမျိုး လေးတွေ ဆရာကြီး ရေးခဲ့တာပါ။ ဒီနေ့ခေတ် ပညာရေးထဲမှာ ပြောနေတဲ့ Child Psychology ကို အခြေခံတာပါပဲ။ အစောပိုင်း မြန်မာသင်ပုန်းကြီး ဒေါင်းဖတ်စာထဲမှာ က-ကန်စွန်းပင် ရေမှာရွှင် … ခ-ခရမ်းသီး ဓါးနဲ့လှီး ကနေ စလို့ တော်တော်များများက ဆရာ မင်းသုဝဏ် နဲ့ ဒေါက်တာမောင်ဖြူး တို့ ရေးခဲ့တာတွေပါ။

ဆရာကတော့ လူငယ်တွေရဲ့ ခံစားမှုကိုလည်း ဖွဲ့နိုင်ခဲ့တာပါပဲ။ ဆရာရေးခဲ့တဲ့ ပန်းဦးပန်သူ ကဗျာက အဲဒီ ခေတ် က အချစ်ဦးနဲ့ လွဲရတဲ့ လူငယ်တွေ တသသ ရွတ်ရတဲ့ ကဗျာပေါ့။

လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး…။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး…။
ဆရာရေးတာက လက်ရှိဘ၀ထဲက နှင်းဆီတွေ ခရေတွေ လယ်တောတွေနဲ့.. တကယ်ပဲ ကိုယ့်အနားမှာ ဖြစ်နေ သလို ခံစားရစေ တာလေ။

အဲလိုနဲ့ပဲ မင်းသုဝဏ်က လူငယ်တွေအတွက်..
ယမင်းရုပ်ကလေးနဲ့ ဘကြီးအောင်ညာတယ်… ဆိုတဲ့ ကလေးကိုတောင် လိမ်တတ်တဲ့ ဘကြီးအောင်လို လူကြီး မျိုး ရှိတတ်တယ် ဆိုတာကို ပေးခဲ့။
"မှိုင်းညိုဥာဥ့်ရိပ် လူခြေတိတ်၌ ဂုတ်ကျားကျယ်လောင် ဆီးကြိုဟောင်သော် ဖိုးမောင်လာပြီ ဆိုကြသည်".. ဆိုတဲ့ ကိုယ်ရွာလုံခြုံရေးအတွက် အသက်စွန့်သွားတဲ့ သာမန်ရွာသားလေး ဖိုးမောင်ကို ပေးခဲ့။
"ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ ခဲ့ရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ".. ဆိုတဲ့ တော်လှန်ရေးသမား ပြောက်ကျားရဲဘော်လေး ကို ပေးခဲ့။
ဖုထစ်ရွတ်တွ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို သက်ကြားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။
ပျဉ်းမငုတ်တို သက်ကြားအိုသည်
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လည်း မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား..။
ဆိုတဲ့ အညံ့မခံစိတ်ကို ပြပေးခဲ့..။

ဒီလောက်ကလေးနဲ့တောင် ဆရာမင်းသုဝဏ်ကို ဘယ်လောက်လွမ်းထိုက် မမေ့ထိုက်ကြောင်းက လုံလောက် ပါပြီ။ ဆရာဟာ ၈၈၈၈ အပြီး နိုင်ငံအရေးမှာ ဒီမိုကရေစီလမ်းဘက်ကို ပြတ်ပြတ်သားသား ရွေးချယ်ရပ်တည်ခဲ့လို့ စစ်အစိုးရရဲ့ အမျိုးမျိုးသော ဒုက္ခပေးတာကို ခံခဲ့ရပါတယ်။ ဆရာက လူထုဘက်မှာ မားမားမတ်မတ် ရပ်ခဲ့တာ
ကွယ်လွန်ချိန်အထိ..။ အဲဒီ... ခေတ်ရဲ့ ရှေ့ဆောင် ကျမတို့ရဲ့ လမ်းပြကြယ်ကြီးတစ်ပွင့် ကြွေလွင့်ခဲ့တာ...
ဒီကနေ့ သုံးနှစ်ပြည့်ပါ။


ဖြစ်ချင်တော့ ကိုငှက်နဲ့ ဆရာ.. ရက်ကပ်လျက်.. ဂူချင်းလည်းကပ်လျှက်..။
ကျမတို့ နှစ်ရက်ဆက်တိုက် ရေဝေးကို သွားခဲ့ရတာပေါ့။
အဲဒီတုန်းက ကျမ စိတ်ဖြေ တွေးမိသေးတယ်..။
စကားပြောဖော်.. ကဗျာရွတ်ဖော်.. နိုင်ငံ့အရေးတွေ ဆွေးနွေးဖော်တော့ ရမှာလို့။

နှလုံးသား များများသုံးပြီး စာရေးတဲ့ စာရေးဆရာတွေကို မြတ်နိုးတဲ့ ကျမအတွက်တော့
အဲဒီ သြဂုတ် ၁၄ နဲ့ ၁၅ ဟာ တော်တော် နှလုံးနာရတဲ့ ရက်တွေပါ။
ခုတော့ သြဂုတ်ဟာ ချစ်သူတွေကို ဆုံးရှုံးရတဲ့ လ လို့ ပြောရတော့မယ့် လ
သေချာ ဖြစ်ခဲ့ပြီ။

မေငြိမ်း(သြဂုတ် ၁၅)

ဓါတ်ပုံ- ထိန်ဝင်း

2 comments:

ရွက်ဝါ said...

သူတို့ ၂ ယောက်နဲ့ အတူ ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင် ဆုံးတာလည်း အချိန်က မသိပ်မကွာဘူးထင်တယ်။ ကောင်းကောင်းတော့ မမှတ်မိတော့ဘူး။

Ko PoeThar Blog said...

ဆရာကြီး မင်းသုဝဏ် ရဲ့ အုတ်ဂူတည်ရှိတဲ့နေရာနဲ့ ကိုငှက်ကြီး (ထူးအိမ်သင်)ရဲ့ အုတ်ဂူ တည်ရှိရာနေရာက ရန်ကုန်မြို့ ရေဝေးသုဿန့် မြန်မာသချုင်္ိင်းမှာ ကပ်လျက်တည်ရှိပါတယ်။

ကျွန်တော် ကိုငှက်ရဲ့ အုတ်ဂူကို ကိုညီလင်းဆက်၊ မောင်ဇန်တို့နဲ့ ဓါတ်ပုံသွားရိုက်ရင်း အမှတ်တရ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးကို တင်ပြလိုက်ပါတယ်။

ချစ်ခြင်းအားဖြင့်
ဖိုးသား။

http://www.htooeainthin.com/gallery/albums/userpics/10001/normal_27FebNLC04.jpg