(လှိုင်ရဲ့ အထိမ်းအမှတ်တခုဖြစ်တဲ့ အင်းလျားကန်သာယာ) ကဗျာဆရာသစ်ကောင်းအိမ်ရဲ့စကား ငှားပြောရရင်တော့... ကျမဟာ မြသီလာကို စစ်မြေပြင်မှာ စွန့်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးခဲ့တဲ့... သူရဲဘောကြောင်တဲ့... ရဲဘော် တယောက်များ ဖြစ်နေသလား... လို့ ခဏခဏ တွေးမိခဲ့ဖူးပါတယ်။
+++++
ကျောင်းတကျောင်းအနေနဲ့ ကျောင်းပီပီသသ အေးချမ်းပျော်ရွှင်စရာကောင်းဖို့ဆိုတာ အုပ်ချုပ်တဲ့ အကြီးအကဲ တွေပေါ်မှာ အများကြီး မူတည်တယ် ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် လှိုင်တက္ကသိုလ် အကြောင်းပြောရင် ကျောင်းအုပ်ဆရာကြီး ဦးကောင်းညွန့်နဲ့ မော်ကွန်းထိန်းဆရာမကြီး ဒေါ်သိန်းကို မေ့ထားလို့ မရနိုင်ပါဘူး။ ဆရာကြီးနဲ့ ဆရာမကြီး ဟန်ချက်ညီညီ ထိန်းသိမ်းမွမ်းမံခဲ့လို့ပဲ လှိုင်ဟာ တက္ကသိုလ်ပီပီသသ လွတ်လပ်ပျော်ရွှင် ပညာသင်ရာအရပ် ဖြစ်ခဲ့ဖူးတာပါ။
ဆရာကြီးဦးကောင်းညွန့်ရဲ့ လက်အောက်မှာ ၁၀နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့တလျှောက် ကျမတခါမှ ဆရာကြီးကြောင့် စိတ်အနှောက်အယှက် မကြုံခဲ့ရဖူး.။ ဆရာကြီး စိတ်တိုတာ တခါမှ မမြင်ခဲ့ရဖူး..။ ဆရာကြီးဆူတာ တခါမှ မခံခဲ့ရဖူးပါ။ ဆရာကြီးဟာ သူ့မျက်နှာ ကြည့်နေရတဲ့ ဆရာဆရာမတွေရော ကျောင်းသူကျောင်းသားတွေရောအပေါ်မှာ အမြဲ စိတ်ရှည်ရှည်နဲ့ အေးအေးချမ်းချမ်း ဆက်ဆံ တုံ့ပြန်တတ်တဲ့သူ။ (ဆရာကြီးက မှတ်မှတ်ရရ.. တခါမှာ အင်မတန်ရွှတ်နောက်တဲ့ ဆော့တဲ့ ကျောင်းသားတအုပ်စု (ဘယ်သူတွေပါလဲဆိုတာ ခုထိ မှတ်မိနေသေး :))က ကျောင်းသားရေးရာ အဆောက်အဦးရှေ့မှာ ကျောင်းအုပ် ကြီး ပူဇော်ပွဲဆိုပြီး ကျောင်းရဲ့ စဥ့်အုတ်တလုံးကို ပန်းတွေ အမွှေးတိုင်တွေထွန်းပြီး ကန်တော့ကြ တာ။ အဲဒါ သူသိသွားတော့ သူ့ရုံးခန်း(အဆောင်တစ်) အပေါ်ထပ်ကနေ လှမ်းကြည့်ပြီး တော်တော်ဆော့တဲ့ ကလေးတွေ ကြံကြံဖန်ဖန်... လို့ ပြောပြီး ရယ်နေတဲ့ သူမျိုးပါ)။ (ဆရာကြီး တော်လို့ ၈၈ကာလမှာ လှိုင်တက္ကသိုလ်ထဲ စစ်ဖိနပ်တွေ ခြေချခွင့်မရခဲ့တာလည်း နောက်ပိုင်းမှာ ပြောပြပါ ဦးမယ်)။
ဆရာမကြီးဒေါ်သိန်းနဲ့ကတော့ သိပ်ကြာကြာ မဆုံဖူးလိုက်ရပါဘူး။ ဆရာမကြီး မိန်းထဲ ပြောင်းသွားရလို့ပါ။ ဒါပေမဲ့ ဆရာမကြီး အမြဲပြုံးနေတတ်ပြီး သိမ်မွေ့တာ မှတ်မိပါတယ်။ ဆရာမကြီးရဲ့ နောက်ပိုင်း မော်ကွန်းထိန်းတွေကိုဆို သိပ်တောင် မှတ်မှတ်ထင်ထင် မရှိတော့တဲ့ အထိပါပဲ။ ၀န်ထမ်းတွေ လက်အောက် ငယ်သားတွေက အထက်အရာရှိတွေ.. အုပ်ချုပ်သူတွေကို ချစ်တယ်.. လေးစားတယ်.. ရိုသေတယ်ဆိုတာ အင်မတန် ရှားပါးတာပါ.. ဖြစ်တောင့်ဖြစ်ခဲပါ။ ဒါပေမဲ့ အဲဒီ မေတ္တာကို ဆရာကြီးနဲ့ ဆရာမကြီးတို့က ရခဲ့ကြပါတယ်။။
+++++
အဲဒီတုန်းကလို့ ပြန်တွေးလိုက်ရင်.. ကျမအနေနဲ့ လွမ်းစရာထဲမှာ ကျောင်းသားတွေရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုကလည်း ထိပ်ဆုံးက ပါပါတယ်။ သူတို့အရွယ်အရ ဆရာမတွေကို ခပ်ဝေးဝေးကနေ မကြားတကြား သီချင်းစောင်း ဆိုတာမျိုးလေးတွေ ရှိပေမဲ့ ရိုင်းပျတဲ့ အကြည့်မျိုးနဲ့တောင် မကြည့်ခဲ့ကြတဲ့ ခေတ်ပါ။
မှတ်မှတ်ရရ.. တနေ့.. ကျမတို့ ဆရာမတသိုက် မိန်းထဲမှာ အတန်းတက်ပြီး နေ့လယ် လှိုင်ကို အတန်းပြန်ဝင်ဖို့ ၄၅ဒတ်ဆန်းကားနဲ့ အလုအယက်ပြန်လာကြရပါတယ်။ (အဲဒီတုန်းက ဆရာမတွေ ကားဂိတ်မှာ ရှိလို့ကတော့ ကားထဲက ယောက်ျားလေးတွေက အပြင်ထွက် တွယ်စီးပြီး ဆရာမတွေကို နေရာဖယ် ပေးကြတာပါ)။ အဲဒီတနေ့ကျတော့ ကားအရပ်မှာ ဆင်းမယ့်အုပ်နဲ့ အင်းစိန်ဘက်လိုက်ဖို့ တက်မယ့် လူအုပ်ကလည်းများတော့ ကျမတို့ ကားထဲက လူတွေ အမြန်ဆင်း.. ဒရိုင်ဘာကလည်း လောနေ။ ကျမတို့ဆရာမတွေ ဆွဲခြင်းတောင်း တဘက် အိတ်တွေတဘက်နဲ့ ဆင်းနေတုန်း ရုတ်တရက် ကားက ထွက်မလို ဖြစ်သွားပါတယ်။ ကျမက ခြေနင်းခုံမှာတန်းလန်း..။ ကျမ ပြုတ်ကျတော့မလို ဖြစ်သွားပြီး အော်မိတာပေါ့။ တော်တော်လည်း လန့်သွားတာ။
(အဲဒီနေရာလေးမှာပေါ့.. ကားစောင့်စီးကြရတာ)
အဲဒီအချိန် ချက်ချင်းပဲ ကျောင်းသားတွေက စပယ်ယာကို ဆွဲ..၊ ကားကို ၀ိုင်းလိုက်ပြီး ဒရိုင်ဘာကို အပြင်ထွက်စမ်း.. ခဗျားဘယ်လိုလုပ်တာလဲ.. ဒီမှာ ဆရာမတွေဆင်းတုန်း မမြင်ဘူးလား.. ပြုတ်ကျရင် ခဗျားအသေပဲ.. လို့ အော်ကြရော။ ကျမတို့မှာ အပြေးအလွှားနဲ့ အဲဒီကလေးတွေကို တားရတယ်.. သားတို့ရယ်.. ဘာမှမဖြစ်ဘူး.. ဆရာမတို့ ဘာမှ မဖြစ်ပါဘူး.. နဲ့။ (အဲဒီကလေးတွေက ကိုယ့်မေဂျာ ကိုယ့်အတန်းက ကလေးတွေလည်း မဟုတ်ကြပါဘူး)။ ကျောင်းကားဂိတ်က တာဝန်ကျလုံခြုံရေးတွေလည်း ပြေးလာကြပေါ့။ ကလေးတွေက မရဘူး။ ဒရိုင်ဘာနဲ့ စပယ်ယာတွေ.. ဆရာမတွေကို တောင်းပန်ရမယ်တို့ ထိုင်ကန်တော့ ရမယ်တို့.. အိုးးး။ နောက်ဆုံး တကယ်ပဲ ဒရိုင်ဘာရော စပယ်ယာရော ကျမတို့ကို ကန်တော့ပါမယ်လုပ်လို့။ ကျမတို့က ပြန်ပြောရတယ်..။ ရပါတယ်.. နောက်ကိုသာ အဲလိုမဖြစ်ပါစေနဲ့ပေါ့။ အဲဒီတော့မှ ပြီးသွားတာ။ (အဲဒီတုန်းက ကျမတို့က ဆရာမအနေနဲ့ သိပ်ငယ်တာမို့ ကျောင်းသားတွေကို ကိုယ့်ထက်ကြီးတယ် ထင်ရင်တောင် ကျမတို့က သား...တို့၊ ကလေး...တို့လို့ တမင် ခေါ်ကြပါတယ်)။
(ဒီနေရာမှာ ဖြတ်ပြောပြချင်တာကတော့.. ကျမ ၂၀၀၃မှာ ဒဂုံတက္ကသိုလ်ကို ကထိကအဖြစ်နဲ့ ရောက်တော့ ၂၀၇ အဲကွန်းဘတ်စ်ပေါ်မှာ နေရာမရလို့ အပေါ်လက်တန်းက လက်ကိုင်ကွင်းကို မမီမကမ်းလှမ်းဆွဲကိုင်ရင်း ဆွဲခြင်းတောင်းတဖက်နဲ့ ကားပေါ်မှာ ဒယိမ်းဒယိုင် ကို့ရို့ကားယား ဟန်ပျက်နေတာကြည့်ပြီး ထိုင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေက ရယ်ကြပါတယ်။ အသက်ကြီးကြီးဆရာမကြီးတယောက် ဖြစ်ပျက်နေတာဟာ သူတို့စိတ်ထဲ ရယ်စရာလို့ မြင်တယ် ထင်ပါရဲ့။ အဲဒီအချိန်မှာ ကျမစိတ်ထဲ တချိန်တုန်းက ကျောင်းသားတွေကို သတိတရနဲ့ မျက်ရည်တောင် လည်မိခဲ့ပါတယ်..။ ဒဂုံတက္ကသိုလ်မှာ အဲလိုအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတာပါ။ ကျမက အတန်းဝင်ဖို့ အပြေးအလွှား သွားနေတုန်း မျက်နှာချင်းဆိုင်မှာ Mobile phone ပြောရင်း လျှောက်လာတဲ့ ကျောင်းသားက ၀င်တိုက်သွားပြီးတော့ ဆောရီးလို့တောင် လှည့်မပြောတာ..။ ဖဲဝိုင်းလုပ်နေတာကို ဂျူတီအရ ၀င်ဖမ်းရတဲ့ ဆရာမကို မကျေနပ်လို့ သူ့ကျောင်းသားက ပြန်ပြီး Rape လုပ်တယ်ဆိုတာတွေဟာ.... တက္ကသိုလ်ကျောင်းသားလား.. အဲဒါကရော တက္ကသိုလ်ရဲ့ နိမိတ်ပုံလား....။ နောက်ပိုင်းမှာ အများကြီး ပြောပါဦးမယ်..။ ပြောရရင် ကျမ အဲဒီဘ၀ထဲက ထွက်ပြေးခဲ့ရတဲ့ အကြောင်းတွေ ပေါ့)။
+++++
ကျမရဲ့ မိန်းထဲက ကျောင်းသူဘ၀ကတော့ နည်းနည်းပိုပြီး စိတ်ညစ်စရာ ကောင်းလာပါတယ်။ မဟာဝိဇ္ဇာတန်း မှာ စာတွေ များလာပါတယ်။ ပြီးတော့ အဲဒီတုန်းက ကျမက ဆရာ မောင်ခင်မင်-ဓနုဖြူ သင်တဲ့ Modern literary Theory ချိန်တွေ စကားပြေ အရေးအသားချိန်တွေ စာပေဝေဖန်ရေးတွေပဲ တက်ချင်နေတတ်တယ်။ Assignment ရေးခိုင်းရင်လည်း အဲဒီ Paper တွေကို ကျမရေးရတာ လက်အတွေ့ဆုံး။ ပြီးတော့ လက်ဘက်ရည်ဆိုင်မှာ အဖွဲ့ကျပြီဟေ့ဆိုလည်း ဆရာဇော်(ဇော်ဇော်အောင်)တို့ တက္ကသိုလ် မင်းမော်(ဆုံးရှာပြီ) တို့နဲ့လေ။ ဆရာနှစ်ယောက်က စကားနိုင်လုကြရင် သိပ်ရယ်ရတာ။ ပြီးတော့ သူတို့ခေတ်က သူငယ်ချင်းတွေ အကြောင်း... နာမည်ပြောင်တွေအကြောင်း.. နောက်.. ချစ်စရာကောင်းတဲ့ ကြည်နူးစရာကောင်းတဲ့ အတင်းတွေရော.. ပြောကြရင် သိပ်ရယ်ရတာ။ ကျမမှာ ဆရာတွေကြားထဲ အမြဲ တခိခိနဲ့ ရယ်နေရ တာပေါ့။
တကယ်တော့ ကျမက ဆရာတက္ကသိုလ်မင်းမော်ကို ကြောက်ရတာ။ ကျမက သူ့ဘာသာရပ် (Phonetics & Linguistics)မှာ ညံ့လို့ ဆရာက နည်းနည်းမှ မကျေနပ်။ ဆရာက စကားပြောရင်လည်း သူ့ကဗျာတွေလိုပဲ သရော်တော်တော် သိပ်ပြောတတ်တာ။ နောက်တနှစ်မှာ ကျမ အိမ်ထောင်ကျသွားတော့ ဆရာပြောတာ မှတ်မိနေသေးတယ်။ "မေငြိမ်း. နင်ကတော့လေ Linguistics တော့ မရဘဲ လင်ယူလိုက်တော့ လင်ပဲ ရပြီး ဂွစ်စတစ် ကျန်နေဦးမှာ မြင်ယောင်သေးတယ်.." တဲ့။ ဟီဟိ.. အဲလို ဆရာမျိုး။
ဆရာဇော်ကကျတော့ စကားပြောရင် လေသံအေးအေးလေးနဲ့ ရုပ်ကလေးက မလှသလောက် (စိတ်ဆိုးမှာ ကြောက်ပါဘူး.. ကိုယ့်အဖေပဲ.. ဟဲဟဲ) နှလုံးသားကတော့ အင်မတန် ခံစားတတ်။ အိမ်မှာ ညအိပ်မပျော်ရင် မောင့်လပြည့်ဝန်းနဲ့ လိမ်မော်ချိန် သီချင်းနှစ်ပုဒ်တည်းကိုပဲ တခြမ်းဆီ သွင်းထားတဲ့ အခွေကို နားထောင်တယ်ဆိုတဲ့ ရိုမန်တစ် (romantic) အဘိုးကြီး... သူ့ရဲ့ ယုဇနမခင်ပျိုထဲက စာသားတွေကို ကျမက သူ့ရှေ့မှာ ရွတ်ပြရင် တော်စမ်းပါဟာ.. ဆိုပြီး ရှက်နေတတ်တဲ့ မော်ဒန်အဘိုးကြီးပေါ့။ ကျမက တချို့ ဆရာ ဆရာမတွေကို ဝေဖန်ရင် အင်းး အဲလိုကတော့ ကြုံရမှာပါပဲဟာ...လို့ ရွှေပြည်အေး လေသံနဲ့ ပြောတတ်သေး။ ဆရာဇော်ကတော့ မေငြိမ်း... ဟိုလို မရေးနဲ့ ဒီလိုရေး.. လို့ တခါမှ မပြောဖူးပါ။
ဆရာတို့ဆီက ရသမျှ ဗဟုသုတတွေကို ကျမ လောဘတကြီး စုပ်မျိုယူနေတဲ့ ကာလတွေပေါ့။ ဟဲဟဲ.. အဲဒီအချိန်တုန်းက ကျမတို့ဝိုင်းကို ဌာနကခေါ်တာ ဒန်ဒန်အုပ်စုတဲ့။ (မော်ဒန်ကို ပြောတာ)။
အဲဒီအချိန်မှာ ကိုသာချိုတို့ ကိုဇောင်းထက်တို့ကို မော်ဒန်ကဗျာရေးလို့ဆိုပြီး ဌာနက တချို့သော ရှေးရိုးစွဲ ဆရာကြီး ဆရာမကြီးများက ခေါ်ဆူတာတို့ မျက်နှာသာမပေးတာတို့ လုပ်နေချိန်။ ကျမခမျာလည်း ခရီးသွားဝတ္ထုလို ပြည့်တန်ဆာအကြောင်းရေးလို့.. နောက် မိန်းကလေးက ချစ်တဲ့အကြောင်းတွေရေးလို့ ဆရာမတယောက်အနေနဲ့ မြန်မာစာမဟာဝိဇ္ဇာ ကျောင်းသူ တယောက်အနေနဲ့ မရေးသင့်ဘူး.. တို့၊ အရေးရဲလွန်းတယ်တို့ ခေါ် ခေါ်ပြောခံရ.. အနေအထိုင်ကလည်း မတတ်တော့ မျက်စေ့စပါးမွှေး စူးခံရ။ (တကယ်တော့ အံ့သြစရာပါပဲ.. မြန်မာစာလို ဌာနကြီးမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာကို နားမလည်တဲ့ လူကြီးတွေ ရှိနေတာ.. အဲဒါတွေလည်း မမေ့)။
တကယ်တော့ အဲဒီ မဟာဝိဇ္ဇာနှစ်အတန်းမှာ ကျမ မပျော်ခဲ့ပါဘူး။ ကျောင်းမှာသာ ပျော်တာ။ စာသင်ချိန်တွေ ကိုလည်း စိတ်တိုင်းမကျ။ ကျမကလည်း ကပ်ကပ်သပ်သပ် ခံစားသလားမသိ။ ကျမက မော်ကွန်းဆိုလည်း မော်ကွန်းတွေရဲ့ အရေးအသားအဖွဲ့အနွဲ့ကို အသေးစိပ် လိုက်ချင်တာ..။ မော်ကွန်းရေးရခြင်းအကြောင်းတို့ သမိုင်းနောက်ခံတို့ဆိုတာတွေက မြန်မာစာ မဆန်ဘူးလို့ ထင်။ နောက် ရှေးကဗျာဆိုလည်း အဲဒီတုန်းက ဘယ်လိုတွေးလဲ.. ဘယ်လိုရေးလဲ.. ဘယ်လို ခံစားချက်မျိုး ရှိလဲ.. ဆိုတာတွေ အသေးစိတ် လိုက်ချင်တာ။ န၀ဒေးဆိုလည်း သူ့အဖွဲ့အနွဲ့ကို အသေးစိတ် လိုက်ချင်.. နတ်သျှင်နောင်ဆိုလည်း သူ့စကားလုံးအသုံးတွေ နောက်ကိုပဲ လိုက်ကြည့်ချင်။ စာပေတွေရဲ့ သမိုင်းကြောင်းဆိုတာ ကတော့ စာအုပ်ထဲ ရှာဖတ်ဖို့ပဲလို့ ထင်တာပဲ။ ဒီလိုနဲ့ Tutorial တွေမှာ ဖြေတဲ့ ကျမရဲ့အဖြေတွေက ပြဿနာ စ ဖြစ်လာတယ်။ (ကျမရှေ့မှာ အင်မတန် ချွန်တဲ့ ကျောင်းသားကြီးနှစ်ယောက် အဲလို ထော်လော် ကန့်လန့်နိုင်မှုကြောင့် မဟာဝိဇ္ဇာကနေ အဝေးကြီးကို လွင့်သွားခဲ့ရဖူးတဲ့ သာဓကလည်း ရှိပါတယ်)။ ဒါပေမဲ့ ဖောက်ထွက်တွေးတာကို ခွင့်မပြုတဲ့... တသွေး တသံ တမိန့် ဆန်တဲ့ စနစ်မျိုးကိုတော့ ကျမ ဘယ်လိုမှ မလိုက်နာချင် ခဲ့ပါ။
ပြောသာ ပြောရတယ်.. ကျမကလည်း သိပ်တော့ အလုပ်မဟုတ်လှ။ ရကန်ရဲ့ အကန်အကျောက်ဖွဲ့တွေကို ဖြေရင်း အကန်အကျောက်တွေကောင်းပေမဲ့ တခြားသူတွေကို အသားလွတ် အပုပ်ချတဲ့ ယဉ်ကျေးမှုမျိုး ဖြစ်တယ်။ ဒါဟာ မကောင်းတဲ့ စိတ်နေစိတ်ထားရဲ့ နိမိတ်ပုံဖြစ်တယ်။ အဲဒါဟာ ယဉ်ကျေးမှုတခု စာပေသမိုင်းတခုထိ တာသွားတယ်တွေဆိုတာတွေပါ ဝေဖန်သုံးသပ်ချက်အဖြစ် ရေးတာလေ။ ငယ်စိတ် ငယ်မာန်နဲ့ပေါ့။
ဒါနဲ့ပဲ.. ကိုယ်ကလည်း paper တခုဖြေတာမှာ အားနည်း.. (သူများတွေလည်း တခုစီမှာတော့ အားနည်းတယ် ပြောတာပဲ)။ အင်းး ကျမကတော့ ခေါင်းမာတာကိုလည်း လျှော့မပေးချင်တဲ့ အခိုက်။ ဘ၀မှာ ပထမဆုံးအဖြစ် စာမေးပွဲကျပါတော့တယ်။ မဟာဝိဇ္ဇာတန်းစာမေးပွဲမှာ ကျမ သေသေချာချာ ကျပါတော့တယ်။ ပြောရရင်တော့ ၁၉၈၇ ဟာ မြန်မာစာဆရာမဘ၀ တိုက်ပွဲဝင်ကာလတွေရဲ့ အစပျိုးချိန်တွေ ဖြစ်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်အားနည်းချက်ကြောင့် ကျတာမို့ ကျမ ၀မ်းပမ်းတနည်းတော့ မရှိခဲ့ပါဘူး။ ပြီးတော့ ကျမချစ်တဲ့ တက္ကသိုလ်ရင်ခွင်မှာ.. ဘယ်လောက် ကြာကြာ နေရ နေရပေါ့ ....။
+++++
ဓာတ်ပုံတွေကို မြန်မာကျူးပစ်က ရတာပါ။
(အနှစ်၂၀ကျော်ကြာခဲ့ပြီမို့ တချို့ အချက်လက်မှားနေတာတွေတွေ့ရင် ပြင်ပေးကြပါဦးနော်..)
15 comments:
Wow!!!!
ပျော်လိုက်တာဆရာမရေ..ဒီနေ့ ၂ ပုဒ်တောင်တင်တယ်ပေါ့..
ကျေးဇူးးးးးးးးးးးးးးးးးးးးးး
ဘာပဲဖြစ်ဖြစ် အဲဒီ့တုန်းက ဖောက်ထွက်တာကို ဆရာတိုင်း လက်မခံသေးပေမယ့် ဆရာကောင်းတွေ အများကြီး ရှိသေးတယ်နော်။ အခုတော့ ....း-(
အလျဉ်းသင့်ရင် ဆရာမောင်သာချိုအကြောင်းလည်း ရေးပေးပါ ဆရာမ။
ကျန်းမာပျော်ရွှင်ပါစေ။
မြန်မာစာကို တကယ်ဝါသနာပါလို့ အထူးပြုယူပြီး ထူးထူးချွန်ချွန် လေ့လာခဲ့ပြီးမှ၊ ဖောက်ထွက်တွေးခဲ့မိလို့ ၊ မဟာဝိဇ္ဖာနဲ့ ဝေးသွားတဲ့မဟာတွေ ဘယ်နှစ်ယောက်ရှိခဲ့ပြီလဲမသိ..
မြသီလာ အလွမ်းပြေက အရှိန်တက်လာသလို တကယ် လေးနက်လာပြီ
အစ်မဆရာမရေ
(၁) ကျနော်တို့လက်ထက်မှာလည်း ပါချုပ်ဟာ ကောင်းခဲ့ပါတယ်။ ကျောင်းသားတွေကို ဦးခင်ညွန့်က ကြံ့ဖွတ်ထဲ အကုန် ဝင်စေ ပြောတော့ ဆရာကြီးက ကျောင်းတွေ ဆန္ဒအလျောက် ဝင်ပါစေလို့ ကာကွယ်မိလို့ ဆရာကြီးဟာ အငြိမ်းစားပေးခံရပါတယ်။
(၂) အစ်မရေ။ နောက်ပိုင်းမှာ ဆရာ/ဆရာမ ပေါက်စတွေကို မလေးစားရခြင်းကို ခြေခြေမြစ်မြစ် ကျနော် လေ့လာဖူးတယ်။ အဲဒါကို ပို့စ်ရေးချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာကို။ ခေတ် စနစ်က လူငယ်တွေကို ရိုင်းလာစေခဲ့ပါတယ်။ ပိုဆိုးတာက အထင်အမြင် လွဲမှားလာစေပါတယ်။ (ရှေ့နေလိုက်ရန် မဟုတ်ပါခင်ဗျာ)
(၃) အလွန်တရာ ရုပ်ဆိုးတဲ့ Rape ကေ့စ်ဟာ ဂျီအိုလိုဂျီမှာ ဖြစ်သွားတာတော့ မှတ်မိပါတယ်။ သေသေချာချာ သိခွင့်မရပါ။
(၄) အဲဒီခေတ်က ချဲခဲ့လို့လား မသိဘူး။ ကျနော်တို့ခေတ်မှာ ကားသမားတွေဟာ ကျောင်းသားကို သိပ်အလိုလိုက်ပါတယ်။ ယာဉ်ထိန်းရဲဖမ်းရင်တောင် ကျောင်းသာတွေကြောင့်ပါလို့ ပြောရင် ရဲက လန့်တဲ့ အခြေအနေပါ။ (ခုတော့ မသိ)
(၃) ဆရာဇော်ဇော်အောင်က ခုထိ မော်ဒန်ကဗျာသမားပေါက်စတွေကို တိတ်တဆိတ် လွှမ်းမိုးနေပါတယ်။ သူရေးတဲ့ နောက်ပိုင်း စာအုပ်တွေဟာ ကျနော်တို့ရဲ့ ဖတ်စာအုပ်ပဲ။
(၄) ရှေး ဆရာ ဆရာမကြီးတွေ ခေတ်နောက်ပြန်ဆွဲခြင်းဟာ ခုထိရှိနေဆဲပါ။ ခေတ်သစ် စီးပွားရေးဝါဒကို ထည့်သွင့်ရေးထည့်ပြီး ခေတ်ဟောင်းကို ဝေဖန်မိလို့ First Role နဲ့ ပြည်ပ ပညာသင်ဆုရသူဟာ အားလုံးအံ့သြလောက်အောင် စာမေးပွဲ အချခံခဲ့ရဖူးပါတယ်။ ၂၀၀၅ မှာပါ။
လေးစားစွာဖြင့်
သင်ကာ
ဆရာမတို့လို သိတဲ့လူတွေက ကျောင်းရဲ့ လွမ်းမောစရာလဲ ရေး၊ ချစ်စရာကောင်းတာလဲ ရေး၊ ပညာတတ်တွေရဲ့ ပညာပြမှုတွေ၊ ဘက်လိုက်မှုတွေလဲ ရေး ဆိုတော့ မြသီလာကို အလျားလိုက် ဖြတ်ကြည့်ရသလိုပါပဲ။ ပိုဖတ်ကောင်းလာပြီ။
လိမ်မော်ချိန် Sai Hhi Saing's ?. Oh yes, I did enjoy it.
Sin da lar..
အချိန်ရတိုင်း ရေးတင်သွားပါ့မယ်။ အဲလို အားပေးတဲ့သူတွေကြောင့်။
ဟုတ်တယ်..ကောင်းကင်ကို.. အမ ဆက်ရေးဦးမှာပါ.. ခု..ဘယ်လောက်ဆိုးသွားပြီလဲဆိုတာကို :(
ကမောင်ရင်ရေ.. တကယ့်ကိုပဲ အဲလိုအဝေးရောက်သွားတဲ့ မဟာတွေ.. အများကြီး။ တော်လို့ရယ်.. ဆင်းရဲလို့ရယ်.. မှန်လို့ရယ်..။ အမမှာ အချက်အလက်တွေအများကြီး.. ဒါပေမဲ့ ကာယကံရှင် မဟုတ်လို့..ရေးမရ။ သိပ်နှမျောစရာကောင်းတာပါ။
သင်ကာရေ.. ရေးသင့်တယ်..။ ကျောင်းသား ဆိုဒ်က..။ အမလည်း ရေးဦးမှာပါ..။အမှန်တရားက နည်းနည်းတော့ ခါးတာပေါ့ဟယ်..နော။
ချိုသင်းရေ.. တကယ်တမ်းတော့ ဆက်ရေးရတာကို စိတ်ထိခိုက်လာပြီ။ ဘာလို့ဆို ၈၈ နဲ့ နီးလာပြီလေ။
steve .. ဟုတ်ပါတယ်။ စိုင်းထီးဆိုင်နဲ့ စိုင်းခမ်းလိတ်ရဲ့ လိမ်မော်ချိန်ပါ။
ခုတော့ ဆရာဇော်ရဲ့စာတွေကိုစာမျက်
နှာတွေပေါ်မှာမတွေ့ရတော့ဘူးအမရေ..စာမရေးချင်တော့
ဘူးတဲ့...၇၂ နှစ်ပြည့်မွေးနေ့တွက်စာအုပ်တစ်အုပ်တော့ထွက်ထားတယ်
ဝတ္ထုတို ၇၂ ပုဒ်... ယုဇနမခင်ပျိုလည်းပါတယ်။
မ ရေ… မြသီလာက အတော်အရှိန်တက်လာပြီ…
ကျွန်မမေမေအလယ်တန်းပြဆရာမလဲ ပြောင်းလဲလာတဲ့ ဆရာ၊တပည့် ဆက်ဆံရေးကို မခံစားနိုင်လို့  ပင်စင်အသက်မရောက်ခင် အလုပ်ထွက်ခဲ့တယ် မ ရေ…
၄၅ကား အကြောင်းလေးဖတ်ရတော့ ကြက်သီးတောင်ထတဲ့အထိ ကြည်နူးမိတယ် မ ရယ်…
" ဆရာမကြီးရဲ့ နောက်ပိုင်း မော်ကွန်းထိန်းတွေကိုဆို သိပ်တောင် မှတ်မှတ်ထင်ထင် မရှိတော့တဲ့ အထိပါပဲ "
လေးဆိုတာတစ်ခုပါဘဲ။ အဆက်ဆပ်သော မော်ကွန်းထိန်း
တိုင်းကောင်းပါတယ်။ လူတိုင်းမှာပြည့်ဝတယ် ပြည့်စုံတယ်ဆိုတာမရှိ ဘူးဆိုတာလက်ခံရင်ပေါ့။
ဆရာမကြီးဒေါ်သိန်းလည်းတော်သလို ၊ဒေါ်စိန်စိန်းလည်းတော်ပါတယ်။
ဒေါ်စိန်စိန်ကို ဒေါ်မေငြိမ်းကမမှီတာလား
မကြုံခဲ့တာလား
ဒေါ်စိန်စိန် အကြောင်းမပြောလို့ မှတ်ချက်ရေးတာမဟုတ်ဘူးနော်။ ကျောင်းအကြောင်းကို ရေးရင်တော့ မော်ကွန်းထိန်းတွေရဲ့ အကြောင်းမပါရင် မပြီးဘူးလို့ မြင်ထားလို့ ပါ။
မနော်ရေ.. ဆရာဇော်ကို သိပ်လွမ်းတယ်..။ စာမရေးချင်တော့တာ နှမျောစရာပဲ..ဆရာ့မှာ အများကြီးကျန်သေးတယ်.. မထုတ်ရသေးတဲ့ အနှစ်တွေ။
ဟုတ်တယ်တန်ခူးရယ်.. တဖြည်းဖြည်းနဲ့ ရှေ့ဆက်ရေးရမှာတောင် ကြောက်လာပြီ။ ရင်နာစရာတွေများလာတော့မှာလေ။
ဒီးဒီးရှင့်.. ဒေါ်စိန်စိန်တော်တယ်လို့ ကြားဖူးပါတယ်။ အဲဒီတုန်းက ကျောင်းသူပါ..။ ဒေါ်စိန်စိန်နဲ့ တိုက်ရိုက် မထိတွေ့ဖူးပါ။ ဒေါ်သိန်းကတော့ ထိတွေ့ဖူးတာပါ။ ဒေါ်စိန်စိန်က ဒေါ်သိန်းထက်အရင်လို့ ထင်ပါတယ်။
Ko De De or Ma De De or whoever
If you want to read detail about Rangoon University or Hlaing Campus, Pls go to National library. We are here to read about the personal life of MayNyane. I don't care about Daw Sein Sein or Ko Sein Sein. I believe that MayNyane try to sketch the story of what she remembered.
If you want us to know who or where exactly, go and write your own blog.
People..people..
Lauk Pyar
ဆရာမရေ ကျောင်းအကြောင်းတွေ လာလာဖတ်ပြီး အလွမ်းမပြေဘဲ လွမ်းလွမ်းပြီးပြန်သွားရတယ်။
မမေငြိမ်းရေ..
ဆက်မျှော်နေမယ်နော်..
Post a Comment