Jun 4, 2007

အမှန်နဲ့အမှား

အမှန်တရားမှာ
အဖြူရောင် ဦးခေါင်းတလုံးရှိခဲ့တယ်။
အမှားကတော့
အဲဒီဦးခေါင်းရဲ့ ဦးနှောက်ကို ဖောက်စားပြီး
ပဉ္စလက်အတတ်နဲ့ ဖုတ်သွင်းထားခဲ့တယ်။

အမှန်တရားဟာ
ဦးနှောက်မပါတဲ့ သူ့ဦးခွံနဲ့
သိက္ခာတွေအဖတ်ဆယ်ရင်း
အမှားရဲ့ စားကြွင်းစားကျန်တွေထဲ
ခွေးဝဲစားတစ်ကောင်ဖြစ်သွားခဲ့တယ်။

အမှန်တရားဟာ
နှစ်ချို့အဘိဓမ္မာဟောင်းတွေနဲ့
ဂန္တ၀င်သစ်ပဲ့တင်စေရင်း
အမှားရဲ့ခေတ်ပေါ်ဗန်းစကားကြောင့်
လေဟာနယ်တွေသာ ပိုင်ဆိုင်ခဲ့တယ်။

အမှန်တရားဟာ
လောကရဲ့သဘာဝရေစီးကြောင်းထဲ
အပြင်းစားစိတ်ကူး၊အိပ်မက်တွေ
ပေါလောမျောပါခဲ့။
အမှားရဲ့အဖတ်ဆယ်တင်မှုကြောင့်
အမျှင်မပြတ်တဲ့ အသက်ရှူငွေ့တွေ
သွေးသားယိုစိမ့် ချိနဲ့လာခဲ့တယ်။

ဒီလိုနဲ့
အမှန်တရားဟာ
အမှားကို အကြိမ်ကြိမ် ရှုံးနိမ့်ခြင်းကြောင့်
အမှားကို အထင်ကြီးစွာနဲ့
အမှားကို အမှန်ဖြစ်စေခဲ့တယ်။

အမှားကတော့
အမှန်တရားကို ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီး
အမှန်တရားရဲ့ ညံ့ဖျင်းမှုကို ကဲ့ရဲ့ရင်း
အမှားတွေ ဘယ်လိုအောင်မြင်လာရတယ်ဆိုတာ
အခန့်သားရှင်းပြနေလေရဲ့။

နေဆူးသစ်

(၁၉၉၄၊ဇန်န၀ါရီလထဲ ရန်ကုန်တက္ကသိုလ်မှာ ထုတ်ခဲ့တဲ့
တမိုးထဲအောက်မှာ လက်ကမ်းကဗျာစာအုပ်မှ)

အဲဒီကဗျာလေးဟာ ၈၈ နောက်ပိုင်း လူငယ်တွေရဲခံ့စားချက်ပါပဲ။
လူငယ်ဆိုတော့လဲ အယူအဆပြင်းထန်မယ်။
အမြင်တွေ ရဲမယ်။ဒါပေမဲ့ သေချာတာက ဒါ ခေတ်ပြိုင်ခံစားမှု။
တကယ့်လောကထဲက မျက်မှောက်အခြေအနေကို ထင်ဟပ်နေတဲ့ ခံစားချက်။
မြန်မာ့လူ့ဘောင်ထဲမှာ တကယ် ထွန်းကားစပြုလာနေတဲ့ ပြဿနာ…။

ကျမ ဖတ်ဖူးတဲ့ စကားတခွန်းရှိပါတယ်..
အမှန်တရားက အိမ်ပြင်ထွက်ဖို့ ခြေလှမ်းပြင်နေတုန်း
အမှားက ကမ္ဘာတပတ် ပတ်ပြီးနေပြီဆိုတာ။

ဒါပေမဲ့ ..နောက်တခုလဲ ရှိပါသေးတယ်။

အမှားကို လူတစ်ထောင်ပြောသော်လဲအမှန်ဖြစ်မလာ။
အမှန်ကတော့ လူတစ်ယောက်တည်းကပြောသော်လဲ
အမှန်သာဖြစ်တယ်တဲ့။
(ပြောသူတွေမမှတ်မိတာတေ
ာ့ ခွင့်လွှတ်ပါ)

ဒါကြောင့်..ဘာတွေ ဘယ်လိုဖြစ်ဖြစ်

အမှန်တရားဆိုတာကတော့..
ဘယ်တော့မှမသေ..။

ဘယ်တော့မှ မရှုံး..။
ဒါ..အကြွင်းမဲ့ သစ္စာ။

တချိန်ထဲမှာပဲ..
အမှားကလဲ လူတွေကြားထဲ အခန့်သား ထိုင်နေဦးမှာပါပဲ..

(ထုံးစံအတိုင်း ကဗျာပိုင်ရှင်ကို ခွင့်မတောင်းနိုင်ပါ)


3 comments:

မေဓာဝီ said...

ကဗျာလေးကို ကြိုက်လိုက်တာ အမရယ် .. ။
“ဒီလိုနဲ့
အမှန်တရားဟာ
အမှားကို အကြိမ်ကြိမ် ရှုံးနိမ့်ခြင်းကြောင့်
အမှားကို အထင်ကြီးစွာနဲ့
အမှားကို အမှန်ဖြစ်စေခဲ့တယ်။
အမှားကတော့
အမှန်တရားကို ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြီး
အမှန်တရားရဲ့ ညံ့ဖျင်းမှုကို ကဲ့ရဲ့ရင်း
အမှားတွေ ဘယ်လိုအောင်မြင်လာရတယ်ဆိုတာ
အခန့်သားရှင်းပြနေလေရဲ့။”
အဲဒီနောက်ဆုံး နှစ်ပိုဒ် တကယ်ကိုထိတယ်။
အမှန်တွေပဲ မှားနေသလား … စိတ်ထဲ ဇဝေဇ၀ါ ဖြစ်ခဲ့ရပေါင်း များလှပြီ။
အမပြောသလို “အမှန်တရားဆိုတာ ဘယ်တော့မှမသေ .. ဘယ်တော့မှမရှုံး …” လို့သာ အားတင်းနေရတယ်။ အားက သိပ်မရှိလှဘူး။
တချို့ကပြောတော့ အမှန်တရား (Universal Truth) ဆိုတာ မရှိဘူးတဲ့။ ညီမတော့ လက်မခံပါဘူး။ မြတ်စွာဘုရား ဟောတဲ့ သစ္စာ ၄-ပါး ဟာ universal truth မဟုတ်ဘူးလား။ ဘယ်အချိန်မှာ မှားယွင်းနိုင်မှာလဲ။ မှားယွင်းဦးမှာလဲ … နော်။
အမှန်တရား အားကောင်းလာမယ့် တချိန်ချိန်ကိုတော့ ကြုံရဦးမယ်လို့ပဲ လောလောဆယ် မျှော်လင့်နေမိပါတယ်။

Ka Daung Nyin Thar said...

ကဗျာလေးက ကောင်းလှချည်လား..
ကဗျာဆရာ ရေးထားတာ နက်ရှိုင်းလှတယ်။

pandora said...

ဆရာမရဲ့ ဆင့်ပွား ခံစားမှု မှတ်ချက်တွေဟာ တစ်ကြောင်း နှစ်ကြောင်း ဆိုပေမယ့်.. ကဗျာတွေကို အရောင်တင် ပိုအသက်ဝင် လာစေတယ်။