Jul 3, 2007

အမှတ်တရ ဇူလိုင်

ဇူလိုင်မှာ နောက်ထပ် အမှတ်ရစရာတခုကတော့
မေငြိမ်းကို ရန်ကုန်တက္ကသိုလ်က ကဗျာရေးသူတယောက်ဘ၀ကနေ
မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကို စရောက်သွားစေခဲ့တဲ့ အမှတ်တရ လ အဖြစ်နဲ့ပါပဲ။
၁၉၈၆ ဇူလိုင်လထုတ် ပေဖူးလွှာမဂ္ဂဇင်း(၁၉၉၅မှာ အဖျက်သိမ်းခံလိုက်ရပါပြီ)
ကဗျာကဏ္ဍကနေ ကျမ ခြေလှမ်းစခဲ့တာပါ။
ခုဆို ၂၁နှစ်ရှိခဲ့ပြီ။ အဲသည်တုန်းက ကိုယ့်ကဗျာပါတဲ့ မဂ္ဂဇင်းလေး တကိုင်ကိုင်နဲ့
ပျော်နေခဲ့တာ.. ခု ကိုယ့်ဘလော့လေးကို တကြည့်ကြည့်နဲ့ ကြည်နူးရသလိုပဲ။
ဒါနဲ့ ခု အဲဒီကဗျာလေး တင်လိုက်ပါတယ်။
ခုချိန်မှာ ပြန်ဖတ်ကြည့်တော့ ကဗျာလေးက ယိုင်နဲ့နဲ့ နိုင်နေသလိုလို..။
ဘာလိုနေမှန်းမသိ။
စကားလုံးအသုံးလေးတွေလဲ ထပ်နေသေးတယ်။
ဒါပေမဲ့ ဒါလဲ ကိုယ်တိုင် မွေးခဲ့တဲ့ ရင်သွေးပါပဲလေ..။

အဲဒီတုန်းက.. မေငြိမ်း

ပြည့်စုံခြင်း

သည်ဒေသ
မြနှင်းဝေေ၀
နေခြည်တပြောက်
နှင်းသောက်တဲ့ပန်းတွေ
လန်းစွင့်နေ။

သည်မြေ

စိုပြေမြက်ခင်း
ထင်းရှူးနံ့သင်းလို့

ချစ်ခြင်းနဲ့ခင်းတဲ့
တို့များရဲ့ ဘ၀အိမ်။


သည်အိမ်တွင်း
ချစ်ခြင်းနဲ့သပ်လျှို
အပိုဂုဏ်မရှိစွာ…
အာလူးတအိတ်
ဆန်တအိတ်နဲ့

သိပ်သည်းတဲ့ရေ..

ချိုမြိန်သစ်သီး
မီးလင်းတဖိုနဲ့
လိုချင်ခြင်းတွေ ကင်းတယ်။
ပြီး…
ချစ်ဇနီးအလှ ၀မ်းဝဖို့

ကြိုးပမ်းရတဲ့ ချစ်သူ
သူနဲ့အတူ ကူညီရုန်းကန်
အားမာန်ဖြည့်တင်း
ပြိုင်ဘက်ကင်းစွာ

လိမ္မာတဲ့ အိမ်သူကျမ
သည်ဘ၀ထဲမှာ ရှိတယ်။

သည်ဘ၀.... လှပသာယာတယ်…

အားလပ်တဲ့အခါ...
ကဗျာတွေစပ် စာတွေဖတ်နဲ့
သဘာဝမှာ မျက်နှာအပ်
စိတ်ဓါတ်ဟာ လတ်ဆတ်နေမယ်။

ညနေခင်း....
လေညင်းအလာ
ပြတင်းမှာ လက်တင်
ချစ်သူရဲ့ရင်ခွင် ခိုဝင်လို့
ချိုမြိန်တဲ့ ကဗျာ
သာယာစွာဆိုညည်းမယ်။


ချစ်သူ့ပခုံးဖျား
ခိုနားရင်းလည်း
အင်အားများစွာရလာမယ်။

အဲဒီအခါ
ကမ္ဘာဟာ ...
တို့များရဲ့
ရိုးသားတဲ့ ချစ်ခြင်းကို
နှစ်လိုခြင်းများစွာနဲ့
ကောင်းချီးသြဘာပေးလိမ့်မယ်…

ကဲကွယ်..။

မေငြိမ်း
၁၉၈၆-ဇူလိုင်၊ပေဖူးလွှာမဂ္ဂဇင်း။



3 comments:

Hteink Min said...

ဒီကဗျာလေးကို မှတ်မိနေပါသေးတယ်။ အဲတုန်းက ဟဲဟဲ အသက် ၁နှစ်တောင် မပြည့်သေးဘူး။။ ချာမ ပိုချောသလိုပဲ..

မေဓာဝီ said...

အမရဲ့ပထမဆုံးကဗျာလေးက အမနဲ့တူတူရှိနေသေးတယ်နော် .... ညီမမှာတော့ရှိတော့ဘူးအမရဲ့ ... အမကဗျာလေးက လှပရိုးသားပါပေတယ် ... အနုပညာဖန်တီးသူဆိုတာ ... ကိုယ်ဖန်တီးတဲ့အနုပညာ ကောင်းကောင်း မကောင်းကောင်း ရိုးသားမှုရှိသင့်တယ် ထင်တာပဲ ... ဒါမှလဲ စာဖတ်သူတွေကို လေးစားရာရောက်မယ် ... မရိုးသားတဲ့ အနုပညာသမားဟာ စာဖတ်သူတွေကို စော်ကားသလိုပဲ .... နော် ....

s0wha1 said...

2 Jul 07, 22:18
s0wha1: အန်တီရေ...ချစ်စရာလေး...မီးမီးလေးက အန်တီနဲ့လည်း တူတယ်...