Jul 4, 2007

ဆဲဗင်းဂျူလိုင် အမှတ်တရ


(ပုံတွေကို ဒီနေရာက ယူပါတယ်)
ဒီနေရာဟာ ကျမတို့ကျောင်းသားတွေအတွက် အရေးကြီးတဲ့ ဘ၀တစ်ခုပါ။
အဲဒါကို ကျမတို့ ဆုံးရှုံးခဲ့ရတာ..

အဲဒီအကြောင်းကို အသေးစိတ်သိချင်ရင် ဒီမှာ ဖတ်စေချင်ပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက် အပြီး ကျောင်းတွေ ပိတ်သွားပြီးနောက်
ပြန်အဖွင့်မှာတော့ တက္ကသိုလ်ဟာ တစပြင်လိုပါပဲ တဲ့။
ပြီးတော့ လက်ကမ်းကဗျာစာအုပ်တွေ
အဆောင်လိုက် အလျှိုအလျှို ထွက်လာပါတော့တယ်။
အဲဒီကဗျာမူရင်းတွေ ကျမမှာ အများကြီး ရှိပါတယ်။
အခု အဲဒီထဲကနေ တပုဒ်စီ တင်ပေးသွားချင်ပါတယ်။



တက္ကသိုလ်၏အတ္တုပ္ပတ္တိ

နိုင်ငံခြားမှ
ကျောင်းသားမိတ်ဆွေ ၊ တက္ကသိုလ်မြေကို
ခြေချလည်ပတ် ၊ ကြည့်ရှုမှတ်ရန်
လာလတ်သည့်ခါ ၊ ဘယ်နေရာကို
ဦးစွာ အသင် ပြမည်လဲ။

အမေရိကန်မှ ၊ လက်ဆောင်ရသည့်
ခန်းမလိပ်ခုံး ၊ ကျောင်းတဆုံးကို
ဦးဆုံးအသင်ညွန်မည်လော။

သို့မဟုတ်လျှင်
“ကွန်ဗုတ်”ဆောက်ဦး ၊ ထုံးဖြူလူးသည်
ဦးစွာကြည့်ရှုစေမည်လော။

သို့မဟုတ်လျှင် ၊ ကံကော်ပင်လမ်း
ပိတောက်လမ်းကို ၊ လျှောက်လှမ်းစေဘိ
ပိဋကတ်တိုက် ၊ စာကြည့်တိုက်ကို
လိုက်၍ အသင်ပြမည်လော။

စာသင်ခန်းထဲ
စည်းဝေးပွဲနှင့် ၊ ဓါတ်ခွဲခန်းမှာ
အင်းလျားမှာနှင့် ၊ စာကြည့်တိုက်ထဲ
ကွင်းပြင်ထဲနှင့် ၊ အဆောင်ခန်းတူ
တွေ့ဆုံမူသည့် ၊ ကျောင်းသူကျောင်းသား
နိုင်ငံခြားမှ ၊ များပြားမိတ်ဆွေ
တက္ကသိုလ်မြေကို ၊ ခြေချလည်ပတ်
ကြည့်ရှုမှတ်ရန် ၊ လာလတ်သည့်အခါ
ဘယ်နေရာကို ဦးစွာ ခေါ်ဆောင်ပြမည်လဲ။

ကျွန်ုပ်ကတော့
အဆောတလျှင် ပြသချင်ဘိ
ဦးစွာကြည့်ရန် ၊ သွေးကျံလမ်းမ၊
တံခါးဝနား၊ ပိုင်းစအုတ်နီ
တောင်ပုံစီနှင့် ၊ သွေးညှီနံသက်
ဘိနပ်ပျက်များ ၊ ပန်းခွေများကို
ရှုစားကြည့်ပါ ၊ ပြသပါမည်
ထိုအခါဖြစ်ပျက် ၊ ဓိကချက်ကို
ထိန်ဝှက်မချန် ၊ “တရားခံ” နှင့်
မြန်ပြည်လူထု ၊ ကျောင်းသားထု၏
လူမှုဘ၀ ၊ ခေတ်ကာလကို
ဖွင့်ဟရှင်းပြ ၊ လင်းလှချင်ပါသည်။

မောင်ကြည်မွန်



1 comment:

pandora said...

အရမ်းကောင်းတဲ့ အစီအစဉ်လေးပါ ဆရာမရေ
တစ်ပုဒ်ချင်း စောင့်ဖတ်နေမယ်နော်။