Jul 25, 2007

ကိုယ်ကျင့်တရား….(ကဗျာ)

ကျမရဲ့ ကိုယ်ကျင့်တရား စာစုလေးက ဘာမှ အထူးတလည် မဟုတ်ပါဘူး။ ဒီနေ့ခေတ်အတွက် အရေးကြီးလာတဲ့ ကိုယ်ကျင့်တရား ဆိုင်ရာကိစ္စတွေကို တသီတတန်းကြီး တွေးမိသွားစေချင်တဲ့ စိတ်နဲ့ ရေးလိုက် တာပါပဲ။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင် အမျိုးမျိုး ယူဆကြမှာပါ။ ကိုယ် ယုံကြည်ယူဆ တဲ့ အချက်ကို ယေဘုယျအနေနဲ့ လူအများစုကြီးက လက်ခံဖို့တော့ လိုတယ်ထင်ပါတယ်။ ။

ကျမကြိုက်တဲ့ ကဗျာဆရာ မောင်ပြည့်မင်းကတော့ သူခံယူထားတဲ့ ကိုယ်ကျင့်တရားကို ကဗျာဖွဲ့ထားပါတယ်။ ဖတ်ကြည့်ပါဦး။

ကိုယ်ကျင့်တရား

ဝိုက်လက်သီးတွေကို
ငုံ့ရှောင်ပေးလိုက်ဖို့
မေ့သွားခဲ့တာလား။
စိတ်ကြီးဝင်စရာ တခုခု
မျက်နှာသာပေးခံရသူ၊
ဒါမှမဟုတ် ရ ထားပြီးသူ၊
အဲဒီလို စဉ်းစားခဲ့တယ်မဟုတ်လား။
တစ်စင်း
နောက်တစ်စင်း
စက္ကူလေယာဉ်ပျံတွေသာ ၀ဲ၊
ဘယ်ခရီးအထိ နီးခဲ့ပါပြီလဲ။
လောကကြီးမှာ ဘယ်လို၊
ကမ္ဘာပေါ်မှာ ဘာ၊
မျက်စိပျက်၊ မျက်နှာပျက်
ဒီလောက်တောင် ခက်ခဲခဲ့ရ
ထွက်မပြေးခဲ့ဘူးလား။

သြော်…ဒီမေးခွန်းတွေကြား
သူ့မျက်ဝန်းညိုညိုတွေကိုသာ
သတိရနေမိပါတယ်။

မောင်ပြည့်မင်း
ဧပြီ၊၂၀၀၂။



3 comments:

hnin said...

မမရဲ့ ကိုယ်ပိုင်ကဗျာလေး ဖွဲ့လိုက်ရင် အရမ်းကောင်းမယ်နော်။

ဖိုးသောကြာ said...

ဆရာမ၊
ကျွန်တော်က ဆရာမရဲ့ ပရိတ်သတ်ပါ။ ဒီဗွီဘီက ဆရာမရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေဆိုရင် အရမ်းကြိုက်ခဲ့တာ။ အခုဟာကိုတော့ လုံးဝမကြိုက်ဘူး။ ဝေလဲမဝေဖန်ချင်ဘူး။ ဒါပေမယ့် ဘယ်သူမှမဝေဖန်ကြလို့ ဒီကွန်မန့်ကို ရေးလိုက်တာ။ ဒီပို(စ်)မှာ ဆရာမကဘာကိုပြောချင်တာလဲ။ အင်ဖော်မေးတစ်ခုခု ပေးချင်တာလား။ ကျွန်တော်တို့ကို တွေးတောစရာ တစ်ခုခု ရှိနေတယ်ဆိုတာ ထောက်ပြချင်တာလား။ ဆရာမတွေးမိတာ တစ်ခုခုတင်ပြချင်တာလား။ ဘာတစ်ခုမှ ထိထိရောက်ရာက် မရှိဘူး။ ခေါင်းစဉ်က စိတ်ဝင်စားစရာကောင်းပြီး ဆရာမ အဓိကပြောချင်တာ ဘာလဲဆိုတာမပေါ်ဘူး။ ပြောချင်သေးတာ အများကြီးပဲ။ ရှည်သွားမှာစိုးလို့။ ဆရာမ ပိုကောင်းအောင် ရေးနိုင်တယ်လို့ ကျွန်တော်ထင်နေတယ်။ ပညာရှိ သတိဖြစ်ခဲပဲပြောရမလား။ ဆရာမ သက်သာခိုလိုက်လို့လားမသိဘူး။ ကျွန်တော့်စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်တာ။ ရိုင်းသွားရင်တောင်းပန် ပါတယ် ဆရာမ။ လေးစားလျှက်။

မေငြိမ်း said...

ကျမ ကိုယ်ကျင့်တရားကိုရေးတာ ၂ပုဒ်တောင်ရှိပီရှင့်။ခုကဗျာက သူများကဗျာလေ။ကြိုက်သလို ခံစားပါ။
လောလောဆယ်တော့ အိပ်မက်အိမ်မှာ တင်ခဲ့တဲ့ ကိုယ်ကျင့်တရား(၂)ကို ကျမဘလော့မှာ ပြန်တင်ပေးပါ့မယ်နော်။
အကြံပေးတဲ့အတွက် ကျေးဇူး။