Jul 6, 2007

၇ဇူလိုင်(၅)

အဲသည်တုန်းက ကဗျာတိုကဗျာစတွေ အများကြီး။
တချို့ ကဗျာတွေက ရေးသူနာမည်မပါ...။
မသေဘဲ ကျန်ခဲ့တဲ့ကျောင်းသားတွေက
သေချာ လိုက်ရှာစုဆောင်းပြီး
၇ဇူလိုင် ၆လပြည့်တဲ့ ဇန်န၀ါရီမှာ
စာအုပ်တွေဖြစ်အောင်လုပ်ခဲ့ကြတာ....။
အဲဒီကဗျာတိုလေးတွေထဲက တချို့ပါ။

( မျက်နှာဖုံး ပန်းချီက ဆရာအောင်ပြည့်ပါပဲ။)
တက္ကသိုလ်သည်ရင်ပြင်
နီလွင်လွင် သွေးရောင်လျှမ်း။
သည်လမ်းသည်မြေမှ
သည်ဟာတွေ ကွယ်ကာဖုံးအောင်
ထုံးရောင်နဲ့ လွှမ်း…။
(ခင်ကြော့နှောင်း-ဗန်းမော်)

ပုရွက်ငယ်ပင်
သူ့တွင်ရန်ငြိ ဖိနှိပ်ဘိက
ရှိသည့်အင်အား စွမ်းပကားနှင့်
ခြားနားတော်လှန် တိုက်မြဲတည်း…။
(မောင်ချစ်ဆွေ-ရန်ကုန်တက္ကသိုလ်)

ညာလက်ကျိုးလည်း
ဘယ်လက်ဝဲဖြင့်
တိုက်ပွဲအသစ်ဝင်ဦးမည်..။

တက္ကသီလာ သွေးမိုးဖြာသည်
ပြည်ရွာမိဘ မြင်လှဲ့ပါ..။

ကျောင်းတော်ခရီး လမ်းမကြီး၌
သွေးစီးပွက်ပွက် ခုနစ်ရက်နေ့
မမေ့ပါနိုင် လဇူလိုင်တွင်
သဲဆိုင်အက်အက် အသက်စတေး
ခွင့်ရေးဆန္ဒ ပြခဲ့ကြသည်
ဘ၀ကောင်းရာ လားစေသော်…။

စစ်ကြေညာခြင်း
ဆယ်ပြန်ထပ်ထပ်၊ လူကိုသတ်လည်း
စိတ်ဓါတ်သေသည်မဟုတ်ပါ။
သွေးများဖိတ်လျှံ၊ ပွင့်အန်ထွက်လည်း
အသံတိတ်မည်မဟုတ်ပါ။
အလောင်းချင်းဆုံ၊ တောင်လိုပုံလည်း
နှုတ်ငုံနေမည်မဟုတ်ပါ။
အို.. ငမိုက်သား..
အင်အားတစ်ထောင်၊ မာန်ကိုဆောင်လည်း
“အောင်ကျော်”ခြေရင်း၊ မြက်စိမ်းခင်း၌
ဠင်းတအစာ၊ တနေ့ခါတွင်
သင်သာဖြစ်သွားရစိမ့်မည်။
နီမင်း



1 comment:

M.Y. said...

အမရေ..
ကဗျာများ ကပြောပြသောခေတ်အဆက်ဆက် သတ်လို့ မရတဲ့ ကျောင်းသားစိတ်ဓာတ် နဲ့ ကျောင်းသား သမိုင်း တွေပါဘဲ။ မျိုးဆက် သစ်ကို လက်ကမ်း ပေးတဲ့ အတွက် ကျေးဇူးပါ။
အလွန်တန်ဖိုးရှိတဲ့ ကဗျာစာအုပ်တွေကို ဒီအထိ သိမ်းဆည်းထား ပေးထားတဲ့ အမ ကိုရော အမ မိသားစုကိုပါ acknowledge လုပ်ပါတယ်။ ၇ ပုဒ်မက ဘဲ အလျဉ်းသင့်သလို တင်ပါဦး