Aug 8, 2007

အမှတ်တရ အနာ(၆)

မုန်တိုင်းလို အင်အားကောင်းတဲ့ ...
ပင်လယ်လို ကျယ်ပြော သန်မာတဲ့.. ပကတိအားကို..
ချုပ်နှောင် ခုတ်ပိုင်း ခံထားရတဲ့အခါ …..
ဘယ်လို ကျော်ဖြတ်ကြမှာလဲ...

(ဒီနေရာက)


ကံကြမ္မာပန်းချီကားတွေ
ချိတ်ဆွဲထားတဲ့ ပင်လယ်(၂)


တကယ်တော့
ဒါဟာ
နေစကြ်ာဆီက
‘မတော်တဆ’
ပဲ့ကျလာတဲ့
စားကြွင်းစားကျန်လေး တစ်ဖဲ့ ဖြစ်ရဲ့၊

သူ့ခမျာ
မုန်တိုင်းကို ကြိုးတုပ်ပြီးကာမှ
ပင်လယ်ကို မျက်စောင်ထိုး
ဘုန်းတန်ခိုး အနန္တနဲ့
ဟန်ရေးပြ လက်ခမောင်း
တဖြောင်းဖြောင်း ခတ်ပြနေလိုက်တာ
(ညာပြောရရင်တော့)
ဂုဏ်ယူပါတယ်ခင်ဗျာ။ ။

ငါနဲ့အတူ
ပြန်ပေးဆွဲ ခံလိုက်ရတဲ့
လင်းလက်ကြယ်တွေရဲ့
သစ်လွင်မှု ကိုယ်ကျပ်ဝတ်စုံမှာ
အနာတရ တံဆိပ်တော်တွေ
တဖျတ်ဖျတ်ဟာ
ရောင့်ရဲတတ်ခြင်းကို ဆန့်ကျင်ဖို့
ပင်လယ်ကို
လက်.. တို့… လှုပ်… နှိုး.. ခဲ့။

ဒီမှာဟေ့!!!
မုန်တိုင်းကို ကြိုးဖြုတ်
ပင်လယ်ကိုခုတ်ပိုင်းစမ်းပါစေ
ငါ့ကို
လှေငယ်တစ်စင်းနဲ့
ကျော်ဖြတ်ခြင်းအခွင့်သာ ပြု
(ဒါပေမဲ့)
လွတ်..လပ်..မှု… တော့ ရှိပစေ။ ။


မေငြိမ်း(၇ သြဂုတ်)
(ကိုယ်စား)

2 comments:

M.Y. said...

ဆရာမရေ..

ကျောင်းအလွမ်းပြေ လာလာပြီး စောင့်ဖတ်နေတာ ဖတ်ပြီး မရေးတော့ဘူးရယ်လို့ .. ဒီကဗျာတွေက စကားလုံးတွေ အသံတွေ တဖျတ်ဖျတ်ခုန်နေတော့ .အဲဒိအချိန်တွေကို တစ်ကယ်သတိရလာပြီး ဘာမှ မရေးဘဲပြန်မသွားချင်ပြန်ဘူး...အခု ကျောင်းတွေမှာတော့ ဒီလိုကဗျာစာအုပ်တွေရှိသေးရဲ့ လားမသိဘူး..သိပ်တော့မလွယ်တော့ဘူးထင်တယ်နော်….

pandora said...

အင်း.. မတရားပွဲ လို့ဘဲပြောရမယ်ထင်တယ်..
တော်တော်ပြောင်မြောက်တဲ့ကဗျာတွေပဲ။