Aug 19, 2007

ရှစ်လေးလုံး ဘယ်သူစ

ကိုယ်တိုင်က နိုင်ငံ့အရေးကို သက်စွန့်ဆံဖျားမလုပ်ခဲ့သူမို့ နို်င်ငံ့အရေးအတွက် ကိုယ်ကျိုး တွေ စွန့်ပြီး အနစ်နာခံ လုပ်နေကြသူတွေကို ကျမ အမြဲ ကြည်ညို လေးစားပါတယ်။ ပြီးတော့ အဲဒီလူတွေရဲ့ သမိုင်းကိုလည်း အမြဲ မှတ်မှတ်သားသား ထားပါတယ်။ ဒါဟာ သူတို့ရဲ့ သမိုင်းကြောင်းပါ.. ။ ပြီးတော့ ပြည်သူတွေက တက်ညီလက်ညီ အသိအမှတ် ပြုပေးရတဲ့ သမိုင်းအမှန်ပါ။ သမိုင်းကို လိမ်ဖို့ ကြိုးစားတဲ့ သူတွေ ရှိသလို သမိုင်းအမှန်ကို မှတ်တမ်း တင်နေသူတွေလည်း ရှိနေတာပါ..။ အထူးသဖြင့် ဘယ်လောက်မှ မကြာသေးတဲ့၊ လူထုကိုယ်တိုင် ပါဝင် ဆင်နွှဲ ခဲ့တဲ့ သမိုင်းတစ်ခုကို လိမ်တယ်ဆိုရင်တော့ လိမ်သူတွေ ကိုယ်တိုင်ရဲ့ သမိုင်းသာ ဆိုးသွားဖို့ ရှိပါတယ်။

ဒီတလော ရှစ်လေးလုံး အရေးတော်ပုံကြီးကို ငါကစတယ်..သူက မစဘူး ဆိုတာတွေ.. .. တော်တော် ကြားလာ ရ ပါတယ်။ အင်းးး.. ကျမကတော့ ထုံးစံအတိုင်း အဲဒီ ရှစ်လေးလုံးကို ဖြတ်လာခဲ့တဲ့ သာမန်ပြည်သူအနေနဲ့.. ပြီးတော့ ကျမရဲ့ ပုရွက်ဆိတ်လောက် ဦးနှောက် လေး နဲ့ စဉ်းစား ကြည့် မိပြန်ပါတယ်။

… ရှစ်လေးလုံးကို ဘယ်သူက စပါလိမ့်။ ကျမ တွေးမိသလောက်တော့ ဒီအဖြစ် အပျက်ကြီး ဖြစ်သွားအောင် စစေခဲ့တာက ဦးနေ၀င်း နဲ့ မဆလ..ပေါ့။ နောက် မတ်လ ၁၃ရက်နေ့က စလို့ စက်မှု တက္ကသိုလ် ကျောင်းသား တွေ…။ နောက်တော့ ရန်ကုန် တက္ကသိုလ်နဲ့ ကျောင်းပေါင်းစုံကနေ ၀န်ထမ်းတွေအထိ တောက်လျှောက် ပါလာ ကြတာ ၈ရက် ၈လ ၈၈ နေ့ ထိ။ အဲဒီအချိန်မှာတော့ လူထုတရပ်လုံး ပါလာပြီ။ ဘယ်လို တားတား.. ဘယ်လို ဆီးဆီး..။ လူပင်လယ်ကြီးက စီးဆင်းခဲ့တာပါ။

ကျမ မှတ်မိသလောက်တော့ အဲဒီ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကြီးကို ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့အထဲ ကျမ လည်း ပါသား။ အဲဒီနေ့ ဆုံရပ် ဆေးရုံကြီးရှေ့ကို ကြားကြားသမျှ သွားကြဖို့ ဖုန်းတွေဆက်.. တွေ့သမျှ လူတွေကို သတိပေး.. စာရွက်တွေတောင် ဝေခဲ့သေး။ အဲလိုဆို လမ်းထိပ်က ပဲပြုတ်သည် ဒေါ်ညိုလည်း ပါတာပဲ။ ဆိုက်ကားနင်းတဲ့ ဦးလေးသန်း လည်း ပါတာပဲ။ အိမ်ဘေးက ၉တန်းကျောင်းသူလေး ဥမ္မာလည်း ပါတာပဲ။ တအိမ်ကျော်က ၈တန်း ကျောင်းသားလေး အီစွတ်လည်း ပါတာပဲ။ သူတို့အားလုံး လက်ဆင့်ကမ်းလူစု သတိပေး ခဲ့ ကြတာပဲ။ သူတို့အားလုံးက နိုင်ငံရေးဆိုတာကို နားမလည်ပေမဲ့ သူတို့ ဆင်းရဲကျပ်တည်း ဒုက္ခရောက်နေရတာ ဒီအစိုးရကြောင့်လို့ သိတယ် တဲ့။ အီစွတ်ကတော့ အဖေကပြောတယ်.. ခုတောင်းနေကြတဲ့ ဒီမိုကရေစီဆိုတာ ရရင် ဒီထက် အများကြီး စိတ်ချမ်းသာမှာ.. တဲ့။ ဒါကြောင့် ဆန္ဒပြတဲ့ အထဲပါရမယ်တဲ့.. ဆိုပဲ။

အဲဒီ လူထုကြီးကြောင့် အာဏာပိုင်စိုးလိုသူတွေ အဆက်ဆက် (ဦးနေ၀င်းကစ ဒေါက်တာ မောင်မောင် အထိ)ကို ဒီ အရေးတော်ပုံကြီးကာလထဲ တဆစ်ချင်း ဖြုတ်ချနိုင်ခဲ့တာ။ တပါတီ စနစ် မရှုမလှ ပြုတ်ကျခဲ့ရတာ။ (ဒါပေမဲ့ တစ်ယောက်က ပြောတာတော့ စက်တင်ဘာ ၁၈ရက် တပ်မတော်က အာဏာသိမ်းခြင်းဆိုတာ တပါတီ စနစ်ကို မြေမြှုပ် သင်္ဂြိုလ် ပေးခဲ့တာ ဆိုပဲ)။ (တခါတလေတော့ လူထုအားလုံး နီးပါး ပါဝင်ခဲ့တဲ့ အရေးတော်ပုံကြီးကို တစ်ဦးတစ်ယောက်က ကောက်ချက်တွေ ချ.. အမျိုးအစား သတ်မှတ်တာတွေ လုပ်တာ.. ဆုံးဖြတ်ချက်တွေ ချပေးနေတာတွေဟာ အံ့သြစရာပါပဲ။ အထူးအဆန်းပါပဲ။)

အဲလိုနဲ့ ဒီကနေ့ထိ တိုင်ပါရော။ ဒီနေ့အထိ လူထုအရေး.. ဒီမိုကရေစီအရေး တောက်လျှောက် လုပ်နေခဲ့ သူတွေ မှာတော့ အသက်တွေ ပေးခဲ့ကြရတာ.. မနည်းမနော။ ဘ၀တွေ ပေးခဲ့ကြရတာ.. ဒုနဲ့ဒေး။ ခုထိလည်း ပေးနေ ကြရဆဲ..။ လက်နက် နဲ့ စိတ်ဓါတ်.. ယှဉ်တိုက်နေရတာ။ မတရားကွင်းမှန်း သိသိနဲ့ တိုက်ရတာ ဘယ်လောက် ကြီးတဲ့ အရင်းအနှီးလဲ..။ သူတို့က တော့ ခုထိ သူတို့မှာ လုပ်လိုက်ရတာ..လုပ်ခဲ့လိုက်ရတာ.. လုပ်နေရတာလို့.. တခါမှ မပြောဖူး..။ ခုထိ တိုက်ပွဲ ၀င်နေရတုန်း။ တိုက်ပွဲက မပြီးသေး..။ (သူတို့ကို ခုမှ နေရာဝင်ယူတယ် ပြောရ အောင်ကလည်း သူတို့ခမျာမှာ မနေ့တနေ့ကမှ စစ်အစိုးရရဲ့ ထောင်ကနေ ထွက်လာ ရတာ။ ထွက်လာတာနဲ့ နိုင်ငံအရေး လုပ်တော့တာ)။

တကယ်တော့ နယ်ချဲ့တော်လှန်ရေးကြီးနဲ့ လွတ်လပ်ရေးတိုက်ပွဲကို စခဲ့တာလည်း ဗိုလ်ချုပ်အောင်ဆန်း မဟုတ် ပါဘူး။ ဒါပေမဲ့ အဆုံး သတ် ပေးခဲ့တာကတော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တာပဲ။ ကျမကတော့ တွေးနေ မိတယ်။ ရှစ်လေးလုံးကို စခဲ့တယ် ဆိုသူများရော.. လူထုအတွက် ဘယ်လောက် လုပ်ပေးခဲ့ပြီလဲ။ လူထုရဲ့ အသိအမှတ်ပြုမှု ဘယ်လောက် ရပြီလဲ။ လူထုရဲ့ အသိအမှတ်ပြုမှုမရဘဲနဲ့တော့ လူထုခေါင်းဆောင်နေရာကို အော်ဟစ် ကြေငြာပြီး ယူလို့ မရ..။

အင်းး ကိုယ်က စခဲ့တာဆိုသူတွေအတွက် တကယ်ပဲ ဂုဏ်ယူပါတယ်။ လက်ရှိအစိုးရက တိုင်းပြည်ကို ကောင်းစေ ချင်လို့ လုပ်နေတာပါ.. ဆိုတဲ့စကားကို ပြောဖို့ကတော့ လွယ်ပါ တယ်။ သိပ် ပင်ပင်ပန်းပန်း စွန့်စားစရာ မလိုပါ။ မျက်နှာပြောင်တာ တခုတည်းနဲ့ ရပါပြီ။ (ကျမအနေနဲ့ဆိုရင်တော့ အဲဒီလို မျက်နှာပြောင်နိုင်ဖို့အရေးက သိပ် ပင်ပန်းတာပါ)။

အင်းး ဘာပဲဖြစ်ဖြစ်..
တကယ့် သာမန်ပြည်သူတယောက်အနေနဲ့ ကျမ စဉ်းစားနေတာကတော့ ရိုးရိုးလေးပါပဲ။
ရှစ်လေးလုံး ဘယ်သူစသလဲ ဆိုတာက ၁၉နှစ်ကြာခဲ့ပါပြီ။ ပြီးတော့ ဘယ်သူ စသလဲ ဆိုတာက အရေးလည်း မကြီးဘူး ထင်ပါတယ်။ အထူးသဖြင့် ခုချိန်မှာ တကယ် အရေးကြီးတာက ဒီပြဿနာကြီးကို ဘယ်သူက အဆုံးသတ်ပေးနိုင်မလဲ.. ဆိုတာနဲ့ လူထုလိုချင်တဲ့ တကယ့် တရားမျှတမှု နဲ့ လွတ်လပ်ရေး ကို ဘယ်သူက စဉ်ဆက်မပြတ် တိုက်ယူ ပေးနေသလဲ.. ဆိုတာပါပဲ။

မေငြိမ်း
(သြဂုတ် ၁၉)

3 comments:

YeKyawAungMDY said...

ရှစ်လေးလုံးကိုစခဲ့တာက လူထုကစခဲ့တာပါ။ လူထုမပါရင် ရှစ်လေးလုံးဖြစ်လာစရာမရှိပါ။
အခုထက်ထိ လူထုမပါသေးလို့ အဆုံးမသတ်သေးတာပါ အမ။ စခဲ့တဲ့ လူထုကပဲ အဲဒီပြဿနာကို ပြန်လည် အဆုံးသတ်ပေးရမှာပါ အမ။

မေငြိမ်း said...

သေချာတာပေါ့ ကိုရဲရေ..
လူထုက စခဲ့တာ..လူထုက အဆုံးသတ်မှာပါ။
ကြားထဲ လက်ခမောင်းခတ်တဲ့သူတွေလည်း
သူ့လမ်းသူ သွားကြရမှာပါ။

YeKyawAungMDY said...

သေချာတာပေါ့ အမရေ။ လက်ခမောင်းခတ်တဲ့လူတွေ သူ့လမ်းနဲ့ သူပဲ ကိစ္စတုံးသွားမှာပါ။