Aug 6, 2007

တာရာမင်းဝေအတွက် အမှတ်တရ


(ဒီနေရာက ယူတာပါ)

မြန်မာပြည် ရဲ့ ရသ စာပေလောကထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ အချိန်တချိန်ကို တာရာမင်းဝေ က ဖန်တီးနိုင်ခဲ့ပါတယ်။ လူငယ်တွေရဲ့ ခံစားချက်တွေ ရင်ခုန်သံတွေ ပေါက်ကွဲမှုတွေ အားလုံးကို သူက ကိုယ်စားပြုနိုင်ခဲ့တယ်။ တနည်းအားဖြင့်တော့ ခေတ်ကို အမီ ကိုယ်စားပြုနိုင်တဲ့ အနုပညာတွေ အသိတွေ သူ ပေးနိုင်ခဲ့တယ်။ သူ့စာတွေက လူငယ်တွေ လူလတ်တွေကို အများဆုံး လွှမ်းမိုးခဲ့တယ်။ မြန်မာပြည် ရသစာပေ ရေစီးကြောင်းထဲမှာ အနုပညာအနေနဲ့ အားကောင်းသလို ဈေးကွက်အရပါ အားကောင်း ထိပ်တန်း ရောက်နိုင်တယ်ဆိုတာ အလွန်နည်းပါးတာပါ။ အနုပညာ အားကောင်းပေမဲ့ ဈေးကွက်မှာ မအောင်မြင်သူတွေ..။ ဈေးကွက်အရ အောင်မြင်ပေမဲ့ အနုပညာမှာ တန်းမ၀င်သူတွေ..သာ များတာ။ တာရာမင်းဝေကတော့ ၀တ္ထုတို.. လုံးချင်းဝတ္ထု .. ပြီးတော့ ကဗျာ။ နေရာတိုင်းမှာ ဗိုလ်စွဲနိုင်ခဲ့သူ။ သူ့ကဗျာတွေ အတွေးတွေကို ရွှေဘုန်းလူ ဆိုတဲ့ ကဗျာရေးသူ ဘ၀ကတည်းက သဘောကျခဲ့တာပါ။

သူက အင်တာဗျူး ဖြေတာမှာတောင် အနုပညာနဲ့ အတွေးအခေါ်ပါသူ။
ခေတ်အပေါ် တာဝန်ကျေသူ။ အဲဒီအပြင် နိုင်ငံရေးမှာလည်း တာဝန်ကျေသူ။
ဘာအတွက်နဲ့ မှ အာဏာရှင်တွေကို ဒူး မထောက်ခဲ့သူ။
ခု သူ့ သတင်းကို ကြားတော့ သူ အင်တာဗျူးတခုမှာ ပြောဖူးတဲ့ စကားတခုကို သတိရသွားပါတယ်။
အဲဒီမှာ သူပြောခဲ့တာ..
ကိုယ့်ကိုယ်ကို လေနဲ့ မှုတ်ပြီး ငြှိမ်းလိုက်ချင်တယ်… တဲ့။

တာရာမင်းဝေ (ရွှေဘုန်းလူ)
အသက်(၄၀)နှစ်
၅၊၈၊၀၇(တနင်္ဂနွေနေ့) နေ့လယ် ၁၂း၄၀ တွင် ကွယ်လွန်။

ခုတော့ .. သူ ပြောခဲ့သလို ငြိမ်းခဲ့ပြီပေါ့။
ဒါဟာ ခေတ်သစ်စာပေလောကမှာလည်း ဆီမီးတတိုင် ငြိမ်းသွားတာပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်
အမှတ်ရစရာ သြဂုတ်လမှာ အောက်မေ့ဖွယ် မှတ်တိုင် တစ်တိုင် တိုးပြန်ပေါ့။

ဒီနေရာမှာ ထူးအိမ်သင်အမှတ်တရ အနေနဲ့
ကဗျာဆရာ စောဝေ ရေးခဲ့ဖူးတာလေး သတိရတယ်။
သေမင်းက အကောင်းကြိုက်လွန်းလို့ အလွမ်းကို ရွက်ကုန်ဖွင့်ထားရတယ်..တဲ့။

မေငြိမ်း
(သြဂုတ်၆။၀၇)


1 comment:

ရွက်ဝါ said...

စာရေးဆရာ၊ ကဗျာဆရာ တရာမင်းဝေ ကောင်းရာသုဂတိ လားပါစေ။