Oct 8, 2008

မြသီလာအလွမ်းပြေ

တခါတလေကျတော့လည်း အနာတရတွေ ဘေးဒုက္ခတွေ အလွမ်းတွေ အမှတ်တရတွေဟာ ငါ့ကျမှပဲ ကြုံရလွန်းလေသလား.. လို့ တွေးမိတတ်သလို စာရေးဆရာမို့ပဲ အခံစားလွန်နေတာလား.. လို့လည်း တွေးမိနေတတ်ပါတယ်။

"ကြေကွဲချိန်"

ပန်းတွေကြွေ
လေပြေမတိုက်
မှောင်မိုက်တဲ့ည
ရှတတအချစ်... လွင့်နေ။
ခြောက်သွေ့ မြက်ခင်း
ပူပြင်းတလင်းပြင်
တေးသီခြင်းကင်းလို့
ငြိမ်ဆိတ်ခြင်းနဲ့အနားသတ်
မြတ်သောနှလုံးလည်းမဲ့
ပြာလဲ့တဲ့ကောင်းကင်
ရင်ခွင်ပေါ်ပိသလို
ပီဘိ အကျည်းတန်....။
စိုးရွံ့ ဆဲအသွေးသား
မြားသွားနဲ့ငြိ
ကြမ်းရှတဲ့အတွေ့ အထိမှာ
ငါ...အနာတရနဲ့ ..။ ။

အဲဒီကဗျာလေးကို ကျမရေးတာ ၁၉၈၆လောက်ကတည်းကပါ။ အဲဒီ အသက် ၂၁နှစ်မှာ အသည်းက ကွဲဖူးပြီးသား။ အရာရာဟာ ကျမအတွက် အဓိပ္ပါယ်မဲ့တယ်လို့ချည်းထင်တာပဲ။ ဒါပေမဲ့ နောက်တော့လည်း တွေးမိပါတယ်။ ကြေကြေကွဲကွဲခံစားရတဲံအခါတွေမှာတော့ လူတိုင်း အဲလိုရှိမှာပါပဲဆိုပြီးး ဒီကဗျာလေး ရေးဖြစ်ခဲ့တာ။ ခု 'မနော်ဟရီ'က 'ရာစုသစ်မြစ်ကျဉ်း'ကဗျာတွေ တင်ပေးရင်း ဒီကဗျာလေးကို ပြန်တင်ပေးမှပဲ မေ့တေ့တေ့ ဖြစ်နေတဲ့ အဲဒီကဗျာလေးကို ပြန်တွေ့ရတာ။ ('မနော်'ကို ကျေးဇူးတင်လိုက်တာ)။

ဒီကဗျာလေးကို ပြန်တွေ့ရတော့ ကျောင်း(ရန်ကုန်တက္ကသိုလ်ထဲမှာ)တုန်းက ဘ၀တွေကို မှတ်မှတ်ရရ ပြန်တွေးမိတယ်...။ ပြီးတော့ ကျောင်းလွမ်းချင်းတွေ ရေးချင်လာတယ်။ ကျမက ဆယ်စုနှစ် ၂စုစာကျော်ကျော်ကို သူ့ဝန်းကျင်မှာ တကယ် တန်အောင် နေခဲ့ရတာမို့ရော.. ပြီးတော့ အဲဒီကာလလေးတွေကို မှတ်တမ်းလေးလည်း ဖြစ်စေချင်တာမို့ရော၊ နောက် ကျမက ကံကောင်းထောက်မစွာ နာမည်ကျော်သူ တော်တော်များများနဲ့ နီးနီးကပ်ကပ် ရှိခဲ့ဖူးတာကြောင့် မှတ်တမ်းတင်ချင်တာရော ဆိုပါတော့။ (ဟဲဟဲ.. ကျမနဲ့အတူ မဟုတ်တာလုပ်ခဲ့တဲ့ ဘော်ဘော်တွေတော့ မျက်ခမ်းလှုပ်နေရော့မယ်။ ဒါပေမဲ့ မရဘူး၊ ရေးမှာပဲ)။


အဲဒီဝန်းကျင်မှာ ကျမ ကျင်လည်ခဲ့တာ နှစ်ကာလ အရှည်အကြာ (၁၉၈၀-၈၁ ကနေ ၂၀၀၅ ဖော်ဝါရီလအထိ)။ ကျောင်းသူဘ၀ ပြီးတော့ ဆရာမဘ၀.. သူ့ရင်ခွင်နဲ့ တခါမှ ၃လထက်ပို မဝေးခဲ့ဖူး..။ တခါက ကျောင်းနဲ့ပတ်သက်ပြီး post တခုတင်တော့ 'ပန်ဒိုရာ' မှတ်ချက်ပေးတာလေး သတိရတယ်။ ကိုယ့်အိမ်လို နေခဲ့တဲ့နေရာလေး.. တဲ့။ တကယ့်ကိုပါပဲ.. ကျမအတွက်တော့ ရန်ကုန်တက္ကသိုလ်က တကယ့်ကို ကျမရဲ့ အိမ်တလုံး။ (တကယ်တော့ ဖေဖေ့ကျေးဇူးလည်း ပါပါတယ်။ ဖေဖေက သူကိုယ်တိုင် ရန်ကုန်တက္ကသိုလ်ကို အစွဲအလန်းကြီးခဲ့လေတော့ ကျမ တက္ကသိုလ်ရောက်ချိန်မှာ စိတ်ကြိုက်ပေးနေခဲ့တာ။ မိုးလင်းကနေ မိုးချုပ်ထိ ကျမ ကျောင်းဝန်းကျင်မှာနေခဲ့သမျှ ဖေဖေ တခါမှ မဆူဖူးတဲ့အပြင် ညမိုးသိပ်ချုပ်ရင် လာတောင် ကြိုပေးတာပါ)။

ကျမ တက္ကသိုလ်စတက်တော့ RC-3 (ရန်ကုန်တက္ကသိုလ်၊ ကြည့်မြင်တိုင်နယ်မြေ)မှာ။ လူနေရပ်ကွက်တွေ ကြားထဲက ကျောင်းဝင်းကျဉ်းကျဉ်းလေး။ ပြီးတော့ မြို့လယ်ခေါင်က ကျောင်းသူကျောင်းသားတွေ တက်ရတဲ့ ကျောင်းမို့ ကိုယ့်မျက်နှာသိတွေချည်း.. တက္ကသိုလ်နဲ့တောင် မတူ။ ဒါပေမဲ့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ပျော်ခဲ့တာပါပဲ။ အထူးသဖြင့်ပျော်တာကတော့ သူငယ်ချင်းတွေနဲ့ ကျောင်းကနေ Main ထဲကို လမ်း လျှောက်လျှောက်ပြီး တကူးတက သွားသွားလည်တာ။ ပြီးတော့ လူပြောများလှတဲ့ RC-2 ထဲက 'ဗကပ ကင်တီး' လို့ ခေါ်ကြတဲ့ ဆိုင်တန်းရှည်ကလေးမှာ သွားသွားထိုင်ရတာ အမော။ မိန်းထဲကိုတော့ ပန်းချီပြပွဲတွေ.. တိုင်းရင်းသားရိုးရာအစားအစာရောင်းပွဲတွေ အဆောင်ဒင်နာတွေကို အရောက် သွားရတာပေါ့။


တကယ်တော့ တတိယနှစ်ရောက်လို့ တောင်ငူဆောင်မှာ တက်ရတော့မှ ဖေဖေ ပြောပြောပြတတ်တဲ့ မြကျွန်းသာရဲ့ အရသာကို တကယ်ခံစားရတာပါ။ အဲဒီမှာ ' ကြည်အေး'ရဲ့ 'မောင် ကိုကို နဲ့ မြနန္ဒာ'ကို ပို ခံစားရတာ။ 'ကေဖွဲ့ဆိုသီ'ကို တွေ့တာ။ နွမ်ဂျာသိုင်းရဲ့ 'တခါတုန်းက တက္ကသိုလ်မှာ' နဲ့ 'ငြိမ်းကျော်' ရဲ့ ဇာတ်ကောင်တွေ.. 'မောင်ဝဏ္ဏ'နဲ့ 'မင်းလူ'တို့ရဲ့ ဇာတ်လိုက်တွေကို ပိုသိသွားရတာ။ ဘာပဲဖြစ်ဖြစ် 7 July အရိပ်တွေအောက်မှာပဲ ကျမတို့ တက္ကသိုလ်ရင်ခွင်ထဲ ပျော်ဝင်ခဲ့တာပါပဲ။ အဲဒီတုန်းက ကျမ ပေါင်းတဲ့ အပေါင်းအသင်းတွေက ကျမလိုပဲ ကဗျာဆရာရူး စာရေးဆရာရူး အနုပညာသမားရူးတွေပေါ့... (ထုံးစံအတိုင်း ယောက်ျားလေး များတာပေါ့)။ ကျမတို့မှာ ချမ်းသာသမျှ (ပိုက်ဆံ နာရီ (တခါတလေ) ရွှေလက်စွပ်ပါပါသေး) တွေကို ဦးချစ်ဆိုင်ရဲ့ ငှက်ပျောတောအုပ်လေးထဲက လက်ဘက်ရည်စားပွဲပေါ် ပုံချကြပြီး (ကိုမင်းလူတို့ သူငယ်ချင်းတစု ကဗျာစာအုပ် ထုတ်တုန်းကလိုပဲ) လက်ရေးကဗျာ စာအုပ်လေးတွေ ထုတ်ခဲ့ကြတာ။ ညကြီး မိုးချုပ် အထိ။

အဲဒီ ငှက်ပျောတောအုပ်လေးထဲမှာ.... ယောကျာ်းလေးတွေကြားထဲ ကဗျာအကြောင်း စာအကြောင်း ရည်းစားအကြောင်းတွေ ငြင်းရင်းခုန်ရင်း..၊ တခါတလေ သူတို့ ယောကျာ်းလေး တတွေက ဘာဘာညာညာ ကောင်းရင်း ငြိမ်နေကြ၊ ကျမက ဂစ်တာတလက်နဲ့ 'စစ်ကိုင်းလမ်း' တို့ 'သို့... တရံတခါဆီ' တို့ 'နောက်ဆုံးအိပ်မက်'တို့ အဲဒီ ကျမသိပ်ကြိုက်တဲ့ ခိုင်ထူးရဲ့သီချင်းတွေကို ညည်းတီးလေး တီးနေရတာ သိပ်စိတ်ချမ်းသာစရာကောင်းတဲ့ အချိန်တွေပေါ့။ အဲသလို ကျမက ကိုယ့်ဘာသာ ပျော်နေတဲ့ အချိန်။ ကျမကို ကြည့်မရတဲ့သူတွေကတော့ အပုံပေါ့။

ကျမကတော့ မသိပါဘူး။ ဘယ်တော့မှသိလဲဆိုတော့ ကျမ စတုတ္ထနှစ်(နောက်ဆုံးနှစ်)မှာ Qualify ဖြစ်တော့မှ အောင်စာရင်းက ကျမနာမည်ဘေးမှာ 'ရစရာလား လမ်းသူရဲမ' ဆိုတာတွေ၊ 'မဟာဝိဇာတန်းတော့ ပျက်ပါပြီ' ဆိုတာတွေ၊ 'အကောင်သားသမီးဆိုတော့ ရမှာပေါ့..' ဆိုတာတွေ ရေးထားတာတွေ့မှပဲ ကိုယ် လူချစ်လူခင် များမှန်းသိတော့တာ။ (တော်သေးတာက ခုခေတ်လို ခိုးချတဲ့ခေတ်မဟုတ်တော့ ခိုးချပြီး ရတာလို့တော့ မပြောကြ)။ ကျမကတော့ ပျော်တာ အလွန်ပေါ့။ ကျမ သိပ်နှစ်ခြိုက်တဲ့ ဘာသာရပ်တွေကို ဆက်သင်ခွင့်ရမှာရယ်.. ကျမ စွဲလန်းလှတဲ့ ကျောင်းထဲ ကြာကြာနေရဦးမှာအတွက်ရယ်ပေါ့။

(ဆက်ချင်ပါသေးသည်)

9 comments:

s0wha1 said...

((( Qualify ဖြစ်တော့မှ အောင်စာရင်းက ကျမနာမည်ဘေးမှာ 'ရစရာလား လမ်းသူရဲမ' ဆိုတာတွေ၊ 'မဟာဝိဇာတန်းတော့ ပျက်ပါပြီ' ဆိုတာတွေ၊ 'အကောင်သားသမီးဆိုတော့ ရမှာပေါ့..' ဆိုတာတွေ ရေးထားတာတွေ့မှပဲ ကိုယ် လူချစ်လူခင် များမှန်းသိတော့တာ။ )))


တခွိခွိနဲ့ ရယ်ရတယ်။ ဟီဟီ

ဒီးဒီး said...

Qualify ဖြစ်တော့မှ အောင်စာရင်းက ကျမနာမည်ဘေးမှာ 'ရစရာလား လမ်းသူရဲမ' ဆိုတာတွေ၊ 'မဟာဝိဇာတန်းတော့ ပျက်ပါပြီ' ဆိုတာတွေ၊ 'အကောင်သားသမီးဆိုတော့ ရမှာပေါ့..' ဆိုတာတွေ ရေးထားတာတွေ့မှပဲ ကိုယ် လူချစ်လူခင် များမှန်းသိတော့တာ။
ဘာဖြစ်လို့  တခါတုံးကို ရန်ကုန်တက္ကသိုလ် ကျောင်းသူဘ၀ဆိုတာထက်တောင်ငူဆောင်ကင်တန်း မှာ သူများတွေထိုင်နေတာ တောင်ပိနဲသီးပြုတ်ကျလို့ ဟားတာကို ဆဲခံရတာနဲ့ ၊ပေါ်တီကိုမှာ ထိုင်မှာထိုင်ရင်း ဦးမျိုးဝင်းကို ဟီးဟီးဆိုပြီးမျက်နှာလို ဆရာလို့ 
့ခေါ်ရတာတွေ၊ ၀ါဝါအောင် တို့ နဲ့ အပြိုင် ခွီးခွီးလုပ်တာတွေ၊ ၊ သီသီဟန် တို့ နဲ့ ရန်ဖြစ်ရတာတွေ၊ လုပူတို့ နဲ့ စပ်စုသတင်းဖလှယ် ရတာတွေ ပါထည့် ပါလားဗျာ။ :) :)
ဘာဘဲပြောပြော ဆပ်ကော့ဆပ်ကော့နဲ့အဲဒီအချိန်က သတိထားမိပါတယ်။
ဘာဘဲပြောပြော ကျောင်းကိုတော့လွမ်းရပါတယ် ဒေါ် မေငြိမ်းရေ

Anonymous said...

ဖတ်ချင်ပါသေးသည် ဆရာမ

Anonymous said...

ဖတ်ချင်ပါသေးသည် ဆရာမ

Kaung Kin Ko said...

ကဗျာလေးနဲ့ ဆရာမရဲ့ ဘဝ တစ်ကွေ့ ကို လာဖတ်သွားပါတယ်

ညီလင်းသစ် said...

ကြည့်စမ်း...အမက ဂစ်တာတီးတတ်တာကိုး၊ ဟုတ် တော့ဟုတ်နေပြီ...ဟီး၊

စာရေးဆရာ(မ) တွေဂစ်တာတီးရင် ဘယ်လိုများနေမှာ ပါလိမ့်?? ညည်းတီးလေးပဲ ဖြစ်ဖြစ်ပါ၊ တခါလောက် တော့နားထောင် ချင်စမ်းပါဘိ :D

P.Ti said...

ကျောင်းတော်ကြီးကိုတော့ တကယ်လွမ်းတယ် ... ရန်ကုန်ပြန်ရောက်တိုင်း ကျောင်းထဲကိုပြန်ရောက်ဖြစ်တယ်... ပင်းယဆောင်ကိုသွားလည်တယ်။ နောက်ပြီး ဆရာရှိနေသေးတဲ့ အင်းဝဆောင်ကိုသွား ဘုရားဖူး၊ ဆရာ့ကိုကန်တော့... ပြီးတော့ ဆရာနဲ့ တောင်ငူကန်တင်းမှထိုင် အန်တီမြဆိုင်မှ စားသောက် တယ်လေ... အလွမ်းပြေပေါ့...

ကျောင်းကိုပြန်ရောက်တိုင်း ကိုယ့်အိမ်ကို ပြန်ရသလိုပါပဲ...

Moe Cho Thinn said...

ဆရာမရေ
ဆရာမတို့ ခေတ်တုန်းက ကျောင်းကြီးက သိပ်ပျော်စရာ ကောင်းတာနော်။ နှစ်ပြည့်လဲ တက်ရတယ်။ ကျောင်းသားဘ၀လဲ အပြည့်အ၀ရခဲ့တယ်။ ကြည်နူးစရာတွေပေါ့ ဆရာမ။ စောင့်ဖတ်မယ်လေ။

မေငြိမ်း said...

s0wha1 ရေ..
တကယ်ပဲ အဲဒါ .. အန်တီက ပတ်ဝန်းကျင်ကို သိပ်မသိတော့ ကိုယ့်ကို ကြည့်မရတာလည်း မသိ.. ကိုယ့်ကိုယ်ကို ဆိုးတယ်လည်း မထင်.. သူတို့ကသာ အကောင်သားသမီး ဘာ ညာ ပြောနေတာ ကိုယ့်မှာဖြင့် အဖေ့ရုံးကား စီးရတာကလွဲလို့ ဆင်းရဲလို့ ဖတ်စာအုပ်တောင် အပြည့်အစုံမ၀ယ်နိုင်..ဟီးး

ဒီးဒီးရေ.. ကျမကို သိပုံရတယ်။ ဆတ်ကော့ဆတ်ကော့နဲ့ဆိုတာ ကွက်တိပဲ..ဟဲဟဲ။ တောင်ငူဆောင်တ၀ိုက်ကပဲပေါ့..ဟုတ်လား။ ၀ါဝါအောင်တို့အုပ်စုလည်း သတိရသားးး

ရွာသားလေးရေ.. ရေးချင်လျက်လက်တို့မို့ မရေးမှာောတ့ မပူလေနဲ့.. စိတ်ရှည်ရှည်နဲပသာ ဖတ်ပေတော့။

ကောင်းကင်ကိုရေ.. မတောက်တခေါက်ကဗျာတွေပါ..။ မှတ်သားစရာလေးတွေပါအောင် ရေးပါဦးမည်..။

ညီလင်းရေ.. နည်းနည်းပါ ..ဟဲဟဲ။ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေပဲ တီးတာ။ ညည်းတီးဆိုတာ ဖြီးတီးတာနဲ့ တူတူပဲ ..:P
သူငယ်ချင်းတွေကောတ့ အမအသံကို ဇော်ဝင်းထွဋ်နဲပ တူတယ်တဲ့..ဟိ.. ဖြစ်ပုံများ။

pti, ပိုလွမ်းသွားပြီ။ အန်တီမြကြီး သဘောကောင်းပုံ...

ချိုသင်းရေ..
ကျောင်းဝန်းကျင်ကတော့ ဘယ်နေရာမှာမဆို ဘယ်အချိန်မဆို ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ် ပျော်စရာကောင်းကြမှာပါ။ မိုက်ခဲတို့ အုပ်စုကြောင့်သာ ပျက်တာ.. ဟုတ်!