Oct 20, 2008

မြသီလာအလွမ်းပြေ(၅)

ကျမဘ၀မှာ နေရတာ အတန်ဆုံးကာလက အဲဒီ ၁၉၈၅-၈၆ တ၀ိုက် တက္ကသိုလ်ကျောင်းသူ ဘ၀ပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ မနက်ဆိုရင် အတန်းတွေက ၉နာရီမှာစပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျမ အတန်းမတက်တာ များပါတယ်။ ကျမ စိတ်ဝင်စားတဲ့ အတန်းချိန်တွေကိုပဲ ရွေးတက်တာမို့ ကျမအများဆုံးရှိတာက အရှည်ကြီးလဘက်ရည်ဆိုင်ရဲ့ တောင်ပိန္နဲပင်တွေအောက်မှာပေါ့။ မနက် ၈နာရီဆိုရင် ကျမ ကျောင်းရောက်ပြီ။ တောင်ပိန္နဲပင်အောက် စားပွဲတခုမှာထိုင်ရင်း ရာမညဆောင်ဘက် လမ်းသွယ်လေးကနေ နေရောင်အောက်မှာ လျှောက်လာတဲ့သူတွေကို ကြည့်ရတာ ဘယ်တော့မှ ပျင်းစရာ မကောင်းဘူး။ ကျောင်းသူတွေက အလှအပ သေချာပြင်လို့။ ကျောင်းသားတွေကလည်း တက်ကြွလန်းဆန်းလို့။ အများစုကတော့ အတန်းမတက်ခင် ကင်တီးလာတာပဲပေါ့။

နောက်ထပ် စိတ်ကျေနပ်စရာတခုက တောင်ငူကင်တီးကိုမှ လာလာထိုင်တတ်တဲ့ ကဗျာဆရာတင်မိုး.. မောင်စွမ်းရည်.. ဒေါက်တာသန်းထွန်း... စာရေးဆရာငြိမ်းကျော်.. ဇော်ဇော်အောင်.. တက္ကသိုလ်မင်းမော်.. တက္ကသိုလ်ဝင်းမွန်တို့အနားမှာ ထိုင်ပြီးတော့ သူတို့ပြောတဲ့ စကားတွေကို တမေ့တမောနားထောင်ရတာက ကျမအတွက် သိပ်ကြီးမားတဲ့ တန်ဖိုးပေါ့။ ဆရာကြီးတွေ... သူငယ်ချင်းအချင်းချင်း ငြင်းကြ ခုန်ကြ စကြနောက်ကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ..။ အဲဒီဝိုင်းတွေမှာ ငေးမောရင်းကနေ ကျမ စာတွေပို ဖတ်ချင်လာတာ ပိုဖတ်ဖြစ်လာတာကြောင့် အဲဒီအချိန်တွေဟာလည်း တန်ဖိုးဖြတ်မရတဲ့ အချိန်တွေပေါ့။

နောက်ထပ် ကျမမှာ ကံကောင်းတာက တူတူကဗျာရေးဖက် သူငယ်ချင်းတွေ ကင်တီးထိုင်ဖက် ရှိနေတာပဲ။ သူ့အကြိုက် ကိုယ့်အကြိုက် အယူအဆတွေ ငြင်းကြခုန်ကြနဲ့ တကယ့်ကို ပျော်စရာ..။ အဲဒီတုန်းက ကျမသိပ်ကြိုက်တဲ့ ကဗျာဆရာက မောင်လင်းရိပ် (ညွှတ်ကွေးစဉ် ကျနော် ဆယ့်နှစ်စိတ်)။ (နောက် ၁၀နှစ်လောက်အကြာကျမှ ဆရာမောင်လင်းရိပ်ကို လေထန်ကုန်းမှာ ဆုံခွင့်ရတော့ ကျမက ဆရာ့ကို တွေ့တွေ့ချင်း "အမလေးဆရာရယ်.. ခုမှတွေ့ရတယ်.. ဆရာ့ကို ကျမသိပ်ကြိုက်တာ"လို့ ပြောတော့ အင်မတန်ရိုးတဲ့ဆရာက ရှက်အမ်းအမ်းကြီး ဖြစ်သွားတယ်.. ကျမဆိုတဲ့ကောင်က အဲလို)။ နောက် ကျမ ကြိုက်တာ ဇေယျာလင်း(အခု နာမည်ကြီး မော်ဒန်ကဗျာဆရာ)..။ အဲဒီတုန်းက ကျောင်းလောကမှာ ထုတ်တဲ့ ကဗျာစာအုပ်တွေထဲမှာ တကယ့်အဆင့်မီ ကဗျာတွေ.. ကဗျာဆရာတွေ အများကြီး ရှိခဲ့တာပေါ့။ မှတ်မှတ်ရရ ခင်မြဇင်... ခင်အောင်အေး... သြဂက်စ်လင်း... စန်းဦး.. တို့တွေလည်း လက်ရေးကဗျာ စာအုပ်ရေစီးကြောင်းထဲ ပါခဲ့ကြတာ။ နောက်.. မြန်မာစာအုပ်စုတွေ.. မောင်သာချို.. ဇောင်းထက်.. ယမုံ... နေစိမ့် .. ခင်လွန်းတို့အဖွဲ့က "ငါ့ကို ဇန်န၀ါရီပြန်ပေး..." လို့ ကဗျာစာအုပ်ကလေး ထုတ်ပြီး တောင်းနေချိန်ပေါ့။

အဲဒီအခါ ကဗျာတွေမတောက်တခေါက်ရေးနေတဲ့ ကျမရဲ့ အိပ်မက်ကလည်း အဲလို ကဗျာစာအုပ်တွေ ထုတ်ဖို့ပေါ့။ အမှန်အတိုင်းဝန်ခံရရင် ပထမဆုံးကဗျာစာအုပ်လေး(အာရုံရိပ်) ထုတ်တုန်းက တသသနဲ့ ပျော်ခဲ့ရတာ။ တူတူရေးဖက်တွေက တယောက်က မင်းသခင်.. တယောက်က ကိုတင်အေး... နောက်တယောက်က မောင်သံချောင်း။ ကျမ ကဗျာကတော့ ၃ပုဒ်ပါခဲ့တာ မှတ်မိတယ်။ အဲ့ဒီမှာ ပါတဲ့ ကဗျာတပုဒ်မှာ ကျမက

ဖြန့်ထားတဲ့ လက်ဖ၀ါး
ကမ်းထား ကိုကို..
ပြီးရင်
ဘ၀ဆိုတဲ့တလင်းကိုဖြတ်ဖို့
အချစ်ဆိုတဲ့ ဘိနပ်ကို စီးလို့
လျှောက်စို့..။

လို့ ရေးခဲ့တဲ့အတွက် မှတ်မှတ်ရရ (အဲဒီတုန်းက တက္ကသိုလ်ကဗျာလောကရဲ့ ဥသျှောင်ကြီး) ဇေယျာလင်းက "အချစ်ကို ဘိနပ်နဲ့ တင်စားတာ မကျေနပ်ဘူးကွာ"လို့ လာပြောခဲ့ပါတယ်။ (အဲလိုပြောပြီးနောက်မှာတော့ ကျမတို့ သိပ်ချစ်တဲ့ ကဗျာမောင်နှမတွေ ဖြစ်သွားခဲ့ကြပါတယ်။)

အဲဒီတုန်းက ဇေယျာလင်း တခုတ်တရ လာပြောတာဟာ ကျမအတွက်တော့ သိပ်ကျေနပ်စရာ ဝေဖန်ခံရမှု ပေါ့..။

နောက် ကဗျာတပုဒ်က "ပြည့်စုံခြင်း"... (နောက်ပိုင်း ပေဖူးလွှာမှာ ပါခဲ့တဲ့ ပထမဆုံး မဂ္ဂဇင်း ကဗျာ)

ပြည့်စုံခြင်း

သည်ဒေသ
မြနှင်းဝေေ၀
နေခြည်တပြောက်
နှင်းသောက်တဲ့ပန်းတွေ
လန်းစွင့်နေ။

သည်မြေ

စိုပြေမြက်ခင်း
ထင်းရှူးနံ့သင်းလို့
ချစ်ခြင်းနဲ့ခင်းတဲ့
တို့များရဲ့ဘ၀အိမ်။


သည်အိမ်တွင်း
ချစ်ခြင်းနဲ့သပ်လျှို
အပိုဂုဏ်မရှိစွာ…
အာလူးတအိတ်
ဆန်တအိတ်နဲ့
သိပ်သည်းတဲ့ရေ..

ချိုမြိန်သစ်သီး
မီးလင်းတဖိုနဲ့
လိုချင်ခြင်းတွေကင်းတယ်။
ပြီး…
ချစ်ဇနီးအလှ ၀မ်းဝဖို့

ကြိုးပမ်းရတဲ့ ချစ်သူ
သူနဲ့အတူ ကူညီရုန်းကန်
အားမာန်ဖြည့်တင်း
ပြိုင်ဘက်ကင်းစွာ

လိမ္မာတဲ့ အိမ်သူကျမ
သည်ဘ၀ထဲမှာ ရှိတယ်။

သည်ဘ၀.... လှပသာယာတယ်…။

အားလပ်တဲ့အခါ...
ကဗျာတွေစပ် စာတွေဖတ်နဲ့
သဘာဝမှာ မျက်နှာအပ်
စိတ်ဓါတ်ဟာ လတ်ဆတ်နေမယ်။

ညနေခင်း....
လေညင်းအလာ
ပြတင်းမှာ လက်တင်
ချစ်သူရဲ့ရင်ခွင် ခိုဝင်လို့
ချိုမြိန်တဲ့ ကဗျာ
သာယာစွာဆိုညည်းမယ်။


ချစ်သူ့ပခုံးဖျား
ခိုနားရင်းလည်း
အင်အားများစွာရလာမယ်။

အဲဒီအခါ
ကမ္ဘာဟာ ...
တို့များရဲ့
ရိုးသားတဲ့ ချစ်ခြင်းကို
နှစ်လိုခြင်းများစွာနဲ့
ကောင်းချီးသြဘာပေးလိမ့်မယ်…

ကဲကွယ်..။

နောက် ကဗျာတပုဒ်က "ငှက်ကလေးရေ"....။

ငှက်ကလေးရေ..
လွမ်းတေးဖွဲ့ဆို
အဖော်လိုလား
ပြောပြပါကွယ်
ငှက်ကလေးရယ်...
လို့ စတာ မှတ်မိတယ်။ နောက်အပိုဒ်တွေကျတော့ မမှတ်မိတော့ပြီ။ (အဲဒီကဗျာလည်း ပေဖူးလွှာမှာ ပါခဲ့တယ်)။

အဲဒီ ကဗျာစာအုပ်တွေ ထုတ်ချိန်မှာပဲ မေငြိမ်းဆိုတဲ့ နာမည်ကို ယူဖြစ်ခဲ့တာ။ ကိုယ့်နာမည်ရင်းက မာဆတ်ဆတ် နိုင်တာမို့ ကလောင်နာမည်မဆန်ဘူးလို့ ထင်နေချိန်.. ကျမရဲ့ ဆရာလိုဖြစ်နေတဲ့ အကို တယောက်က မေငြိမ်းဆိုတာလေး ရွေးပေးတော့ ပေါ့ပေါ့ပါးပါး အလွယ်တကူပဲ ကောင်းသားလို့ ရွေးခဲ့တာ.. ခုလောက်တွင်သွားမယ်တောင် မထင်ခဲ့။ နောက်တော့ ကဗျာစာအုပ်တွေ လိုက်ရောင်းရင်း.. တခါတလေ.. ကဗျာစာအုပ်တွေလှဲယ်ယူကြရင်း ကဗျာသူငယ်ချင်းတွေအများကြီး တိုးတိုးလာ..။ ဒီလိုနဲ့ တက္ကသိုလ်ထဲ ထွက်သမျှ ကဗျာစာအုပ်တွေထဲ ကျမ ၀င်ဝင်ပါဖြစ်ခဲ့တာ အများကြီး။ မနက်စောစော တောင်ပိန္နဲပင်အောက်မှာ ထိုင်ရင်း ရေးဖြစ်သမျှ ကဗျာတွေဟာ စာအုပ်တွေထဲ ပါသွားတာချည်း..။

အဲဒီအခါ ကဗျာအဖွဲ့တွေ.. အရှည်ကြီးတလှည့်.. ဂျပ်စင်ကင်တီးက ယင်းမာလက်ဘက်ရည်ဆိုင်မှာတလှည့်.. မာလာကင်တီးတ၀ိုက်မှာ တလှည့်.. အီကိုကင်တီးက ယမ်းဘီလူးမှာတလှည့် ထိုင်ကြ။ မေဂျာစွဲမရှိ.. အဆောင်စွဲမရှိ.. နယ်စည်းမခြား ကဗျာသမားတွေ စုမိလာ..။ အဲဒီမှာပဲ ကိုသူရ(ဇာဂနာ)တို့ ကိုအောင်ကျော်ဦး (ပိန်ပိန်)တို့ တက်တူ (ဆုံးရှာပြီ)တို့ စာရေးဆရာ ဇော်ဇင်တို့တွေကလည်း ဂျပ်စင်ကင်တီးက ယင်းမာ လဘက်ရည်ဆိုင်မှာ လာ လာ ထိုင်။ ကျမတို့ကဗျာအုပ်တွေနဲ့ ပေါင်းမိပြီး တ၀ါးဝါး တဟားဟား..။ ဇာဂနာ့ရဲ့ လက်တမ်း ပြက်လုံးတွေအောက်မှာ ဂျပ်စင်အောက်က ညနေတွေ ဘယ်လို စောင်းကုန်မှန်း မသိခဲ့ကြ။

(အဲဒီ ဂျပ်စင်ဘုရားကျောင်းနောက်ဘက်စကြံင်္လေးရဲ့ ဘယ်ဘက်ကို ချိုးလိုက်ရင် ယင်းမာလဘက်ရည်ဆိုင်လေးကို တန်းကနဲ ရောက်ပါတယ်)

ခက်တာက မိန်းကလေးက ရှားရှားပါးပါး ကျမတယောက်ပဲ ပါတာ။ ကံ့ကော်ရွာပန်းချီခန်းမှာ ၀င်းမော်ဟန်တို့ ကေမြိုးတို့ ကိုစန်းဦးတို့ မမွှေးတို့ ပန်းချီရေးနေကြတာကို သွားသွားငေးလည်း အဲဒီယောက်ျားတွေကြားထဲမှာ ကျမ တယောက်တည်း ကန့်လန့် ကန့်လန့်ပေါ့..။ ဂျပ်စင်ခန်းမမှာ ကံ့ကော်ရွာပန်းချီပြပွဲလုပ်လည်း ကျမက ထိပ်ဆုံးက။ အဲဒီကျမက မိန်းထဲ.. RIT ထဲ.. လှိုင်နယ်မြေထဲ.. ကဗျာစာအုပ်တွေ လိုက်ရောင်း..။ ဆံပင်ရှည်ရှည်နဲ့.. ဗမာအင်္ကျီ သေသေချာချာ သပ်သပ်ယပ်ယပ် ၀တ်ထားတတ်တဲ့ ဂုဏ်ထူးတန်းကျောင်းသူ မိန်းကလေးတယောက်က လွယ်အိတ်ကြီးလွယ်ပြီး ယောက်ျားလေးတွေနဲ့ ဟိုဟိုဒီဒီ လျှောက်သွားနေတာဟာ မသင့်တော်ဘူးလို့ ကျမ တခါမှ မတွေးမိခဲ့ဖူးပါ။ ကျမမိဘကလည်း အဲဒါ မသင့်တော်ဘူးလို့ တခါမှမပြောဖူးပါ။ (အဖေကဆို သဘောတောင် ကျနေတာ.. သူ့တုန်းကလည်း အဲလို ကဗျာစာအုပ်တွေ ထုတ်ခဲ့တာ.. ဆဲဗင်းဂျူလိုင် နောက်ပိုင်းမှာပေါ့လို့ တသသပြောသေးတာ.. အဲဒီအချိန်ထိတောင် သူ့ကဗျာ စာအုပ်လေးတွေ သိမ်းထားတုန်း)။ (ဒါပေမဲ့ အဲလို အနေအထိုင်မျိုးက မြန်မာစာဌာနအနေနဲ့တော့ ပြဿနာရှိခဲ့ပါတယ်.. နောက်ပိုင်းမှ ပြောပြပါဦးမယ်)။

အဲလိုနဲ့ ကဗျာစာအုပ်တွေ လည်ရောင်းရင်း.. ကဗျာအကြောင်းတွေနဲ့ ရန်ဖြစ်ရင်းကပဲ ကဗျာသမားတွေရဲ့ အချိတ်အဆက်နယ်ပယ်လေးက ကျယ်ပြန့်လာပါတယ်။ (ခု ဘလော့ဂါ ၀န်းကျင်လေးလိုပေါ့)။ ကျမအတွက် ကတော့ အဲဒီအချိန်ဟာ ဘ၀မှာ တော်တော် အဓိပ္ပါယ်ရှိတဲ့ အချိန်ကာလတခု ဖြစ်ခဲ့တာပါ။ အဲဒီ ကာလတွေထဲ မှာပဲ နောက်ထပ်ဘ၀လေးတခုစဖို့ အကြောင်းပါခဲ့တာလေ..။

9 comments:

cohtet said...

တောင်ပိန္နဲပင်တွေအောက်မှာ ထိုင်ခဲ့ကြတာ သတိရပါသေးတယ်။ စိုးစိုးတို့၊ ကျွန်တော်တို့ နဲ့ ထိုင်ခဲ့ကြတာကတော့ မြသီလာရဲ့ နောက်ဆုံးခေတ် ဖြစ်မယ်နော်။

ငထက်

မေငြိမ်း said...

ဒါပေါ့ ငထက်ရာ.. အဲဒီခေတ်ထိ ရေးဦးမှာ..
နောက် ညလယ်မူးတို့နဲ့ နွေးအေးနဲ့ မေတ္တာပေါင်းကူးထိ လိုက်ထိုင်ပြီး နယ်ချဲ့ခဲ့တာတွေလည်း ရေးဦးမှာ..။

Kay said...

အမရေ- စောင့်ဖတ်နေတယ်။
မြန်မြန်-သွက်သွက်လေး။
ရှေ့အခန်းတွေက.. ၄၄၄၄ ကားလေးရယ်..ကုလားလေး..ဆန်းမောင်ရယ်ကို မျက်စိ ထဲက မထွက်ဘူး။
၂၀၀၅ က ..ဂျပ်ဆင်မှာ ဘုရားကျောင်းသွားတက်တော့..အမယ်..အဲဒီ ဆန်းမောင်ကလေ..အကျီင်္ အသစ် ပုဆိုးအသစ်နဲ့ ဗျ- ဘုရားကျောင်း တက်နေတာ။ ဒါပေမဲ့..ဘုရားကျောင်း ဆင်းတာနဲ့ ကျမ တို့ကို တဲ့တဲ့ လာပြီး ကို ပိုက်ဆံ တောင်းတော့တာပဲ။
သူ့အသက်ဆို..ဘယ်သူ မှ တောင် မှန်းလို့ရမ ထင်ဘူး။

Moe Cho Thinn said...

ဆရာမရေ
လွမ်းသွားတာမှ တရှည်တမျောကြီး..

ရွာသားလေးဝိုင်တီယူ said...

ကိုယ်မရလိုက်တဲ့ အတွေ့အကြုံတွေအတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ ကျနော်တက်ခဲ့ရတဲ့ မြသီလာဟာ အဲလိုမျိုးမဟုတ်ခဲ့ဘူး။ ကသုတ်ကရက် ဗရုတ်ဗရက်နိုင်ခဲ့တယ်။ ဆရာမရေ မျှော်နေပါတယ်

M.Y. said...

မိန်းထဲက အနုပညာအဆန်ဆုံးနေရာတွေထဲမှာ ဂျဒ်ဆင်ဘေးက အဲဒိစင်္ကြန်လေးလဲတစ်ခုအပါအ၀င်..

မဟေသီမှာ ပိန်ပိန် အခု ရေးနေတဲ့ ညနေ..ညနေ စည်တယ်လေလေ့..မှာ သူ တို့ ခေတ်တက္ကသီလာပျော်စရာ အကြောင်း ရေးထားတာ လဲအတော်လွမ်းစရာကောင်းတယ်..အမထက်စောမလား။

ယုဒသန်က ပန်းချီပွဲဆိုလို့ ပန်းချီဆရာတစ်ယောက် အကြောင်းလေးရော..
နွေးအေး နဲ့ ကန်သာယာအထိပတ်ဦးမယ်ဆိုတော့ ...ဒန်..ဒန့် ..ဒန်..

PAUK said...

ဆရာမ မေငြိမ်း
လာဖတ်သွားပါတယ်..
ပကတိမြှား ဖတ်ဖူးပါတယ်..
ဒါမယ့်..မေ့ကုန်ပါပြီ..
ဒီထဲမှာတင်ထားလားမသိ..ရှာကြည့်ပါဦးမယ်..

မေငြိမ်း said...

ကေရေ.. တကယ်ပါပဲ.. ကျောင်းအကြောင်း ပြန်တွေးရင် ကုလားလေးစန်းမောင်ကကို လွမ်းစရာ ဖြစ်နေတော့တာပဲ.. တခါတလေ အမမျက်နှာ သိပ်မကောင်းရင် သူက ဆရာမ ဘာဖြစ်လဲလို့ မေးတတ်သေးတာ။ အမက ပိုက်ဆံမရှိလို့လို့ပြောောတ့ သားဆီက ယူမလားတဲ့..သားဆီမှာ ၃ထာင်ရှိတယ်တဲ့။ သူက အဲလိုလည်း ချစ်ဖို့ကောင်းသေးတာ။ သူတောင် ၃၀လောက်ရှိရော့မယ်။
ချိုသင်းရေ.. လွမ်းစရာတွေ တော်တော်ကျန်သေးတာ... ခုမှ ၁၉၈၅.. အင်းး ၂၀၀၅ထိဆိုရင်တော့..............။
ရွာသားလေးရေ.. တကယ့် မြသီလာရဲ့ နောက်ဆုံး နေ့တွေကို အဲလို မှတ်တမ်းလေး ဖြစ်စေချင်တာ လည်း ပါပါတယ်။ မျှော်နေမယ်ဆိုတော့ ရေးရတာ အားရှိရပါတယ်။
ကမောင်ရင်ရေ...ရေးမှာပေါ့.. အသေအချာ..သူ့အချိန် တဖြည်းဖြည်းရောက်လာမှာပေါ့ နော..။ ပိန်ပိန်က အမထက် ၃နှစ်လောက်စော ကျောင်းတက်ပြီး ကျောင်းပျော်လို့ ကျောင်းမှာ အကြာကြီးနေတာလေ။
Pauk..
ပကတိမြားက လုံးချင်းဆိုတော့ ဘယ်မှာမှ မတင်ဖြစ်သေးပါ.. စာမရိုက်နိုင်လို့..။ နောက်ပိုင်းတော့ တမျိုးမျိုး စီစဉ်ပြီး လုံးချင်းတွေ တင်ချင်ပါသေးတယ်။

မေငြိမ်း said...
This comment has been removed by the author.