သူ့ပန်းချီလက်ရာက သိပ်ကို ထူးထူးခြားခြားရှိတာပါ။ သူ့ကို ကျမစသိတာက ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ ရုပ်ပြ..။ တကယ့်ကို ရုပ်လုံးကြွနေတဲ့ အရုပ်တွေ..။ ခေတ်ကြီးတခေတ်ဆိုတာကို စိတ်ကူးယဉ်ချင်စရာ ကောင်းလိုက်တဲ့ အရုပ်တွေ..။ နောက် မဂ္ဂဇင်းသရုပ်ဖော်ပုံတွေဆို တကယ့်ကို စိတ်ပါလက်ပါ.. အနုစိတ်မှုန်းတတ်တာ။ ကျမ ၀တ္ထုတိုကို ကိုဝသုန့် Illustration နဲ့ မဂ္ဂဇင်းစာမျက်နှာတွေ ပေါ်မှာ ဆုံဖူးပါတယ်..။
(အဖေပေးခဲ့တဲ့အမွေဆိုတဲ့ ကျမရဲ့ ၀တ္ထုတိုလေးအတွက် ကိုဝသုန်ဆွဲပေးခဲ့တဲ့ Illustration ပါ)
ကျမက ကျမ၀တ္ထု မဂ္ဂဇင်းမှာ ပါပြီဆိုရင် Illustration ကို စိတ်ဝင်စားတတ်တာမို့ ကိုဝသုန့် Illustration နဲ့ဆိုရင် တသသနဲ့ သဘောကျနေ တော့တာပါပဲ။ ကိုဝသုန့် Illustration က ရတောင့်ရခဲ..။
ကိုဝသုန့် ပန်းချီလက်ရာတွေက ခမ်းနားတော့ အကြောင်းအရာလေးလေးနက်နက်တွေနဲ့မှ ပိုလိုက်ဖက်ပါတယ်။ ဒီတော့ နိုင်ဇော်တို့ ချစ်ဦးညိုတို့ရဲ့ ရေးဟန်တွေနဲ့ဆို အကိုက်ပေါ့။ ကျမတယောက်တည်းအနေနဲ့ကတော့ ကိုဝသုန့်လက်ရာတွေထဲမှာ ပါတိတ်ကားတွေကို အကြိုက်ဆုံး...။ ၁၉၈၅တ၀ိုက်ကစပြီး ကိုဝသုန် ပါတိတ်ပန်းချီ တွေ ရေးတော့ ပါတိတ်ပန်းချီထဲမှာ အနုစိတ်အရောင်လေးတွေ အရိပ်လေးတွေ အမှုန်အမွှားလေးတွေ ထည့်ရေးတာ... ကျမလို ပန်းချီနားမလည်တဲ့သူတောင် တော်တော် စိတ်ရှည်ရှည်နဲ့ ဖန်တီးထားမှန်းသိပါတယ်။
ကိုဝသုန်က စိတ်ကူးပေါက်ရင် ၀တ္ထုတိုလေးတွေလည်း ရေးသေးတာ..။ သူက စကားနည်းတော့ ကျမနဲ့ ခင်ခင်မင်မင် မရှိလိုက်ရပါဘူး။ ခုတော့ သူဆုံးပြီ..တဲ့။ ကျမတို့မှာ တန်ဖိုးရှိတဲ့ သက်ရှိ သက်မဲ့တွေကို အချိန်မတိုင်ခင် ဆုံးရှုံးရတာမျိုးတွေ သိပ်များနေပါ ပေါ့လား..။ ဒါပေမဲ့ ကျမ စဉ်းစားနေတာကတော့ ကိုဝသုန်တယောက် လောကငရဲကနေ ၀ဋ်ကျွတ်သွားတာပဲ... လို့။
အောက်တိုဘာ ၂၁ရက်မနက်ခင်းမှာ ဆုံးပါးသွားတဲ့ ကိုဝသုန်သို့....
နှမျောတသစွာ..
မေငြိမ်း
5 comments:
ဟုတ်ပါ့….ဆရာမရေ….“ကိုယ့်လူတွေကတော့ တဖြုတ်ဖြုတ်ဘဲဗျိုး” ဆိုတဲ့အတိုင်းပါဘဲ….
ဝသုန်ရဲ့ မဂ္ဂဇင်းသရုပ်ဖော်လက်ရာလေးတွေက တကယ်ဘဲ စွဲမက်စရာပါ။ အဝေးကြည့်မှန်ပြောင်း ဆိုတဲ့ ၀တ္ထုတိုလေးမှာ အမျိုးသမီးတယောက်အာကာသထဲမှာ လွင့်မျောနေသလိုလို အပေါ်မှာ ဆံနွယ်တွေပျံ့လွင့်နေပြီး အောက်မှာ ကိုယ်လုံးကလေးက တွဲရရွဲခြေလှမ်းလှမ်းနေပုံလေးကို မြင်ယောင်မိတယ်။ လက်မှာလည်း ဒင်္ဂါးပြားလို အပြားလေးတွေပါတဲ့ ဟဲန်ချိန်းလေးနဲ့။ ပါတိတ်ပန်းချီတွေ ခေတ်မစားခင် အဲသည်လို တကြောင်းဆွဲလေးတွေနဲ့ ၀သုန်လက်ရာကို ကျနော်တို့ ငယ်ငယ်က ကြိုက်မှကြိုက်ပေါ့။ လင်္ကာဒီပ ချစ်သူ သရုပ်ဖော်အပါအ၀င်ပေါ့။
အဲသည်တုန်းက မဂ္ဂဇင်းသရုပ်ဖော်ဆရာတွေကလည်း တကယ်ဘဲ လက်စွမ်းပြကြ၊ ထက်ကြတယ်နော်။ ဆရာမောင်စိန်ဆိုရင် ကျနော်မှတ်မိတယ်။ မောင်ကိုယုရဲ့ “မနေ့က လရောင်အောက်မှာ” ဆိုတဲ့ မဂ္ဂဇင်းဝတ္ထုရှည်ကို သရုပ်ဖော်တာလေ။ ဆရာမောင်ကိုယုရဲ့ ၀တ္ထုလေးကိုယ်၌က အချစ်ဝတ္ထု၊ ဆွတ်ပျံ့စရာလည်းကောင်း၊ ကြေကွဲစရာလည်း ကောင်းရတဲ့အထဲမှာ ဆရာမောင်စိန်ရဲ့ သရုပ်ဖော်ပုံလေးတွေကလည်း ပြောင်မြောက်လှသဗျာ။ ကျနော်တို့မောင်နှမတတွေ အဲသည် ၀တ္ထုဖတ်တုန်းကဆို မျက်ရည်များတောင် ကျရပါရဲ့။
ဝသုန်တို့ မောင်စိန်တို့ရဲ့ တကြောင်းဆွဲ ပန်းချီလေးတွေကို လွမ်းမိတော့တယ်ဗျာ။ ပြောရရင် အဲသည်တုန်းက ခေတ်ကိုတောင် ပြန်လွမ်းသလိုပါဘဲ။ ၀တ္ထုတို ရွှေခေတ်လို့ ပြောကြတဲ့ ခေတ်ပေါ့နော်။
မ ရေ… ကျွန်မ အပြင်မှာ ပထမဆုံးမြင်ဖူးတဲ့ ပန်းချီပညာရှင်က (ဦး)၀သုန်ပါ…
အရပ်မြင့်မြင့်ရယ် တစုံတခုကို အမြဲတွေးတောနေပုံရတဲ့ ခပ်ငေးငေးမျက်ဝန်းတွေရယ် အ၀တ်များတဲ့ ရှပ်ဖြူဖြူတွေရယ်က (ဦး)၀သုန်ရဲ့ ကိုယ်ပိုင်ဟန်တွေပေါ့…
တချို့  တိတ်ဆိတ်တဲ့ညတွေမှာ လေထဲမှာ လွင့်မျောလာတဲ့ သူ့ လက်ရာ မြန်မာ့ဂီတသံတွေကို ခံစားရတာများ အိပ်မက်လိုလို…
ဟိုတလောကပဲ သူ့ မြေးလေးဖတ်ဖို့ သူရေးတဲ့ ၀တ္ထုတိုလေးဖတ်ပြီး သူ့ ကို သတိရနေသေးတာ…
ပန်းချီရေးအရမ်းတော်သလို စာရေးပါကောင်းတဲ့ အနုပညာရှင်တယောက် အကြွေစောပြန်လို့  မျက်ရည်ဝဲမိတယ် မ ရယ်…
i copied one picture.pls visit my blog.thanks.
ကိုပေါကလည်း တကယ်ကို မှတ်မှတ်ရရရှိတတ်တာပဲကလား..။
ဟုတ်တယ် မတန်ခူးရေ...သူ့လက်ကလည်း ဘသူနဲ့မှမတူ..။ အမတို့မှာ နှမျောရတာတွေ များလှပီနော်..။
အန်တီငြိမ်းရေ......
ကျွန်တော် ဆရာဝသုန်ရဲ့ လင်္ကဒီပချစ်သူ ရုပ်ပြကို ဘယ်မှာ ရှာရမှန်းမသိဖြစ်နေပါတယ်....ဖြစ်နိုင်ရင်.....ရှာတွေ့နိုင်မယ့် နေရာလေးတစ်ခုခုကိုတော့ ညွှန်ကြားပေးပါလားခင်ဗျာ......
တကယ်လို့ အန်တီငြိမ်းမှာ ရှိရင်လည်း ကျွန်တော့ မေးလ်ကို ပို့ပေးပါလားခင်ဗျာ
ခင်မင်စွာဖြင့်
tunminsoe@gmail.com
Post a Comment