Oct 4, 2008

အချစ်နှင့် နေထိုင်ခြင်း

ကျမရေးတဲ့စာတွေက 'ဖေတော့မောင်တော့'တွေဆိုပဲ..။ တလောက ကျမ ခရီးလွန်နေတုန်း ကျမ စီဘောက်မှာ တယောက်က ၀င်ရေးသွားတာ..။ ဒါနဲ့ပဲ သူတို့ပြောချင်တဲ့ 'ဖေတော့မောင်တော့'ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့် လို့ တွေးရင်း ပေါ့ပေါ့ပါးပါး ကျေကျေနပ်နပ်ရေးခဲ့ဖူးတဲ့ ၀တ္တုလေးတပုဒ်ကို ပြန်ထုတ်ဖတ်ရင်း ပြန်တင်ချင်စိတ် ပေါက်သွားပါတယ်။ ငယ်မူငယ်သွေးလေးပေါ့။ ဘာပဲဖြစ်ဖြစ် ကျမ လွတ်လွတ်လပ်လပ် ခံစားပြီး ရေးခဲ့တာတွေပဲ..။ ပြီးတော့ အင်မတန် စင်ကြယ် သန့်ရှင်းတဲ့ စိတ်နှလုံးနဲ့ ရေးခဲ့တာ။ ဘယ်လို ယုတ်ညံ့တဲ့သဘောထားမျိုးမှ မပါ..။ ဒါဖြင့် 'ဖေတော့မောင်တော့' ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်လို့ ကျမ တွေးကြည့်နေမိပါသေးတယ်။


အချစ်နှင့်နေထိုင်ခြင်း



အချစ်ကို တွေ့ဖူးသည်။

သူ့ကို အချစ်ကလေးဟု ခေါ်ချင်နေခဲ့ဖူးသည်။ တကယ်ဆို အတော်ကို ကလေးကလားနိုင်မည့် နာမ်စားပဲဖြစ်သည်။ သို့ပေမဲ့ သူနှင့် ထိုနာမ်စားက သိပ်ကိုလိုက်ဖက်သည်ဟု ထင်သည်။ ဘယ်သောအခါတွင်မျှ လူကြီးဆန်မလာနိုင်သော၊ ပါးရိုးမပေါ်လွင်သည့် ပါးပြည့်ပြည့်နှင့် ကုပ်စပ်တွင် ကပိုကရိုခွေကျနေတတ်သော ဆံပင်နက်နက်ပျော့ပျော့တွေ သူ့၌ရှိနေသည်။

မေးရိုးခိုင်ခိုင်နှင့် တောင့်တင်းသန်မာဟန်ရှိလှသော ယောက်ျားမျိုးကို သဘောကျ သော ကျမက သူ့ကိုကျတော့ ဘာကြောင့်များ ချစ်သွားရသလဲ။ သူ့မှာရှိသော အပြစ်ကင်းစင်သည့် ကလေးတယောက်၏ အငွေ့အသက်ရှိသည့်မျက်နှာမျိုးကို ကျမ မနှစ်သက်တတ်။ ဒါပေမဲ့ သူ၏ အပြစ်ကင်းစင်သည့် အရယ်ရိပ်တွေ ရှိနေတတ်သည့် မျက်နှာလေးကိုပဲ ကျမ စွဲလန်းသွားခဲ့ခြင်းဖြစ်ပြန်သည်။

အချစ်သည် လူတယောက်၏သဘောထားတခုကို ပြောင်းလဲစေနိုင်၏။

အရပ်ငါးပေ ငါးးလက်မခန့်သာရှိသော အနည်းငယ်ကျစ်လျစ်သည့်ခန္ဓာကိုယ်ရှိသော ကောင်လေး တယောက်သည် ကျမစိတ်ကူးယဉ်မျှော်လင့်ခဲ့ဖူးသော ချစ်သူတယောက်၏ ပုံပန်းသဏ္ဍာန်နှင့် လုံးဝ ခြားနား နေပါသည်။

သူနှင့် ကျမ သူငယ်ချင်းတွေဖြစ်ကြရတော့ ကျမသိပ်ပျော်ခဲ့ရဖူးသည်။

ကျမနှင့်စကားပြောလျှင် အမြဲတမ်း မျက်နှာလွှဲကာ ပြုံးနေတတ်သော၊ ကျမကို “ဟေ့ကောင်” ဟုခေါ်ပြီး နာမည်ဘယ်တော့မှ မခေါ်သော၊ သူ့ကို ကျမ ခဏခဏ ခိုးကြည့်ခွင့် ရခဲ့ဖူးသည်။

သူ၏ ပထမနှစ် ကျောင်းသားကုန်ထုတ်ကဒ်ကို သူမသိအောင်ယူပြီး လိုင်စင်ဓါတ်ပုံကလေးကို ခွာယူထားဖူးသည်။ ဓါတ်ပုံထဲမှာ သူ့မျက်နှာဖောင်းဖောင်းလေးကိုစိုက်ကြည့်ကာ “နင် တော်တော်အိုက်တင်များ တယ်နော်” ဟုလည်းကောင်း၊ “သိပ်ချစ်ဖို့ကောင်းတာပဲ” ဟုလည်းကောင်း၊ ကျမတယောက်တည်း အကြိမ်များစွာ လှိုက်လှိုက်လှဲလှဲ ရေရွတ်နေခဲ့ဖူးသည်။

အချစ်သည် တခါတရံ ရူးသွပ်စေတတ်၏။

သူ ဂစ်တာတီးချိန်အတော်များများတွင် သူ့နံဘေး၌ ကျမ ရှိနေခဲ့ဖူးသည်။ သူသည် ဂစ်တာကို ကောက်ကိုင်လိုက်သည်နှင့် ကြိုးညှိဖို့ စဉ်းစားလေ့မရှိဘဲ ခိုင်ထူး၏ “ဆို” သီချင်း အဝင်တီးကွက်ကို တီးခတ်လေ့ ရှိသည်။ ပြီးတော့ သီချင်းစာသားကိုမဆိုဘဲ တေးသွားကို လေချွန်၍ တပုဒ်လုံးပြီးသည်အထိ စိတ်ရှည်ရှည် တီးတတ်သည်။ တကယ်တော့ ဂစ်တာလည်းကောင်းကောင်းတီးတတ်သူမဟုတ်။ နောက် ချစ်စရာကောင်းတာ တခုက သူသည် သူအသံမကောင်းသည်ကို သူ့ဘာသာ သိနေတာပဲဖြစ်သည်။ (ဒါက ကျမ ဘာသာ ကြံဖန် ချစ်တာ ဖြစ်သည်)။

ကျမက ဂစ်တာမတီးတတ်သော၊ အသံမကောင်းသော၊ လက်ရေးမလှသော၊ အရပ်မမြင့်သော၊ ယောက်ျားလေးမျိုးကို မကြိုက်၊ သူ့တွင် ထိုအချက်များ အားလုံးလိုလို ရှိနေသည်။

ဒါပေမဲ့ အပြစ်ဟု မတွေးချင်ပါ။ ပြီးတော့ မတွေးရက်ပါ။

သူ့၌ ရှိသည့် ကျမနှစ်သက်သော ဘောလုံးကန်ကောင်းသည့်အချက်ကလေးမျှနှင့်ပင် ကျမ မကြိုက်သော ကျန်အချက်အားလုံးကို လျှော်ပစ်လိုက်နိုင်ခဲ့သည်။ ဘယ်လောက် မတရားလိုက်သလဲနော်။

အချစ်၌ ဘက်လိုက်မှု ရှိသည်။

....................

ဇော်ဝင်းထွဋ်၏ “ကိုကင်း” သီချင်းသံကိုကြားတိုင်း ကျမ သူ့ကို သတိရသည်။ “ကိုကင်း... လို့ အော်တဲ့နေရာမှာ အစွဲအလန်းတခုကို ကြိုးစားဖြတ်တောက်ရတဲ့ ပင်ပန်းမှုမျိုး သိပ်ပေါ်တာပဲ” ဟု ညွှန်းဆိုကာ သူက ထိုသီချင်းကို တရှိုက်မက်မက် ခံစားတတ်သည်။

တကယ်ဆို အဆိုတော်ကိုယ်တိုင်က ရည်ရွယ်ကြိုးစားထားခြင်းမျိုး ဖြစ်ချင်မှ ဖြစ်မည်။ သို့ပေမဲ့ ကျမကတော့ သူပြောသည်၌ ယုံကြည်သက်ဝင်ကာ ကိုကင်းသီချင်းကို စွဲလန်းသွားခဲ့ ဖူးသည်။ ပြီးတော့ သူ၏ခံစားမှု၌ မွေ့လျော်ကာ ကိုယ့်ဘာသာကျေနပ်နေပြန်သည်။

ဘာလို့ဆို အနုပညာကို နားလည်စွာ ခံစားတတ်သူတယောက်သည် လောက၌ လူသားအဆန်ဆုံး၊ လူအပီသဆုံး။ ပြီးတော့ အမြင့်မြတ်ဆုံးဟု ကျမက ခံယူသည်လေ။ ဒါကြောင့်ပင် သူ့ကို ချစ်မိရခြင်းအတွက် ကျမ ကျေနပ်မိရခြင်းဖြစ်၏။

အချစ်၌ အထင်ကြီးရခြင်းပါသည်။

.........................

နေ့လယ် ဆယ့်တနာရီခွဲတွင် နေပူပြင်းလှသော ကောင်းကင်အောက်ရှိ တောင်ပိန္နဲပင် ခြေ လက်ဖက်ရည်စားပွဲတွင် ကျမအတွက် သက်တံ့တစင်းဖြစ်ပေါ်လေ့ရှိသည်။

ကျမက သက်တံကို စွဲလန်းသည်။ အမြင်ကို အေးစေသော၊ စိတ်ကူးယဉ်ပျော်မွေ့ဖွယ် ဖြစ်သော စိတ်ရွှင်လန်းကြည်နူးဖွယ်ဖြစ်သော သက်တံက သဘာဝအလှကို ပိုလှအောင် ကူပံ့ နိုင်သည်။

တောင်ပိန္နဲရွက်ပေါ်ကို နင်းလျှောက်လာသော မန္တလေးဖိနပ် အနက်ရောင်စီးသည့် ဂျင်းဘောင်းဘီဝတ် ခြေလှမ်းတွေကို စမြင်ရကတည်းက သက်တံအခြေ စတင်ဖြစ်ပေါ်တာ။ တီရှပ်ရောင်စုံဝတ်တတ်သော သူက ကျမအမြင်၌ ပြိုးပြိုးပြက်ပြက်သော သက်တန့်တစင်းဖြစ် ၏။

သူ့ကိုမြင်သည့်အခါ သူ့အပြုံးကလွဲ၍ အခြားသောအရောင်များ၊ အရိပ်များ၊ အကောင်အထည်များ အားလုံး၌ ကျမ အမြင်ကန်းတော့သည်။

အချစ်က မူးမိုက်ပြာဝေသွားစေတတ်ပြန်သည်။

....................

သူက “ကော်ဖီ ချိုပြင်းတခွက်” ဟု လှမ်းမှာချိန်၌ အကြောင်းပြချက် မတွေ့ပါဘဲနှင့် ကျမ ရယ်မော နေချင်မိတတ်သည်။ “အံမယ်... ပန်းတွေဘာတွေ ပန်လို့”ဟု သူက ဂရုတစိုက် ပြောလာလျှင်တော့ ရင်၌ ကျင်ကနဲဖြစ်သွားကာ မျက်ရည်ကြည်တွေ ဝိုင်းလာလာရတတ်သော ခံစားမှုမျိုးနှင့် ကျမ ရင်ဆိုင်ရတတ် သည်။

ထိုဝေဒနာက ခံစားရခက်သလို တပြိုင်တည်းမှာပင် ခံစားချင်စရာ ကောင်းနေတတ် သည်။

သို့ပေမဲ့ သူ့ထုံးစံအတိုင်း ကောင်မလေးတယောက်ကို ငေးကြည့်ပြီး “ဟိုကောင်မလေး လှတယ်” ဟု ကျမကို လှည့်ပြောလျှင်တော့ သူ့နှုတ်ခမ်းထူထူတွေကို ဘာကြောင့်မှန်း မသိဘဲ နှမြောနေမိပြန်သည်။

တခါတလေတော့ လေးလေးနက်နက်စကားတွေပြောသင့်ပါတယ်ဟု မချင့်မရဲဖြစ်ကာ သူ့ထံမှ တစုံတရာကို မျှော်လင့်နေမိပြန်သည်။

သူ့ဆီက လျှာဖျားသံနှင့် ချစ်တယ်ဆိုတာကိုတော့ မဟုတ်နိုင်ပါ။ သူ့ရဲ့ “ချစ်တယ်” ဆိုတာတွေက သိပ်ပေါများတာ မဟုတ်လား။ ကောင်မလေးများစွာထံ၌ သူ၏ “ချစ်တယ်” တွေ ရှိခဲ့ဖူးသည်ပဲ။ ဒါဆို ကျမ ဘာကိုမျှော်လင့်သည်လဲ။

သူ ဘယ်သူ့ကို လေးနက်တဲ့ ချစ်ခြင်းစကားတွေဆိုမှာလဲ။ ဒါပါပဲ။ ဒါကိုပဲ ကျမ မျှော်လင့်နေတာ ဖြစ်နိုင်သည်။ သူ ကျမကိုပဲဖြစ်ဖြစ် မည်သည့်မိန်းကလေးကိုပဲဖြစ်ဖြစ် ချစ်နိုင်သည်။ ဒါပေမဲ့ လေးနက်ဖို့ပဲ လိုသည်၊ ဖြစ်နိုင်မလား။

အချစ်၌ အဓိပ္ပါယ်မဲ့ မျှော်လင့်ခြင်း ပါသည်။

...........................

သူ၏ ချစ်သူ မဖြစ်ရလို့တော့ဖြင့် ကျမ စိတ်ထိခိုက်လှမည်မဟုတ်ပါ။ ကျမ သူနှင့် ရန်မဖြစ်လို၊ စိတ်မကောက်လို၊ သူ့ကြောင့် ဝမ်းမနည်းလို၊ မငိုလို။ ချစ်သူဘဝမှာဆိုလျှင် ကျမ သူ့အပေါ် ထိုမျှ စိတ်ရှည် နိုင်မည်မဟုတ်။ နဂိုကတည်းက ကျမက သဝန်တိုချင်ချင်။

သူ၏ တချိန်နှင့်တချိန် တူလေ့မရှိသော မိန်းကလေးအဖော်များစွာကို တယောက်မကျန် ကျမ မုန်းသည်။ ထိုမိန်းကလေးတွေကို သူ့နံဘေး၌ထားကာ ကျမရှေ့မှောက် သူရောက်လာလျှင်တောင် သူ၏ နှုတ်ခမ်းတွေ၊ ပါးပြင်တွေ၊ လက်ချောင်းတွေ ကို ကျမ မုန်းသည်။

ဒါဟာ သဝန်တိုတာပဲမဟုတ်လား။

အချစ်၌ ခဏကလေး မုန်းသွားတတ်ခြင်းမျိုးလည်း ပါသည်။

..............................

သူမက်မောတတ်သော အလှအပမျိုး ကျမထံ၌ လုံးလုံးမရှိပါ။ သည်တော့ သူ၏ချစ်သူဘဝကို ကြိုဆို လိုချင်လို့ မဖြစ်နိုင်တော့။ ထိုအတွက်ကြောင့်တော့ဖြင့် ကျမ ဝမ်းမနည်းပါ။

ကျမကြားဖူးခဲ့သည်မှာ “ချစ်တတ်ဖို့ထက် အချစ်ခံရဖို့က ခက်တယ်” ဆိုလား၊ “အချစ် ခံရဖို့ထက် ချစ်တတ်ဖို့က ခက်တယ်” ဆိုလား၊ မသေချာတော့။

ကျမကတော့ ချစ်တတ်ဖို့ပဲ ခက်တယ်ဟု ထင်သည်။

ကျမ ဝန်းကျင်၌ ချစ်သူမရှိသည်ကို ဂုဏ်ယူဝင့်ကြွားနေသော သူငယ်ချင်းမများ ရှိသည်။ တကယ်က ချစ်ခြင်းကိုခံစားနိုင်မှ လောကကိုခံစားနိုင်မှာဟု ကျမ ယုံကြည်သည်။

“အချစ်နဲ့ အနုပညာကြောင့် လောကကြီးက လှနေတာ”ဟု ကျမပြောတော့ ထို သူငယ်ချင်းမများ ရှုံ့မဲ့ငြင်းဆန်ကြ၏။ “ဟေ့.... အနုပညာနဲ့ အချစ်ဟာ အဆင့်အတန်း အမြင့်မားဆုံးပဲ၊ သင်ပေးလို့မရဘူး၊ ဖန်တီး ယူလို့မရဘူး၊ ဖန်ဆင်းပေးလို့ မရဘူး၊ သိပ်မြင့်မြတ်တယ်” ဟု ကျမကတော့ ခေါင်းမာမာနှင့်ပြောမြဲသာ ဖြစ်သည်။

ကျမ ကြားဖူးသော “နိဗ္ဗာန်ရဲ့ အောက်တဆင့်မှာ အချစ်ရှိတယ်” ဟူသော အဆိုကို ကျမ အပြည့်အဝ နှစ်လိုသည်။

...................

ရသကိုးပါးထက်မကသော ခံစားရမှုများကို သူက ပေးနိုင်သည်။ ပီတိသက်သက်ဖြင့် ကျေနပ်နေရင်းမှ အကြောင်းတစုံတရာမရှိဘဲ လှိုက်လှိုက်လှဲလှဲငိုကြွေးချင်တတ်သော ခံစားရမှု တွေ၊ ပျော်ရွှင်၍မဟုတ်ဘဲ၊ ရယ်စရာကောင်း၍ မဟုတ်ဘဲ၊ ဟက်ဟက်ပက်ပက်ရယ်လိုက်ချင် တတ်သော ခံစားရမှုတွေ၊ ဆုံးရှုံးသွား၍မှ မနှမြောမိဘဲ ကျေနပ်နေတတ်သော ခံစားရမှုတွေ၊ အနီးအပါး၌ ရှိနေပါလျက်နှင့် လွမ်းဆွတ်တသ နေမိရသော ခံစားရမှုတွေကို ကျမ သူနှင့်ကြုံရမှ တွေ့ဖူး ရခြင်းဖြစ်သည်။

ပြီးတော့ ထိုခံစားရမှုများ၌ တစိမ့်စိမ့်နှစ်သက်၏။ ထိုခံစားမှုကို ကျမက “အချစ်” ဟု ယိုးစွပ်သည်။

အချစ်သည် အကောင်အထည်အထည်ပြမရ။

................

ခုဆို မိုးရွာရွာ၊ နေပူပူ၊ လေပြည်တိုက်တိုက်၊ လေငြိမ်သေသေ ကျမအတွက် လောကက လှနေသည်။ သူနှင့်မတွေ့ရခင်က တည်ငြိမ်သေဝပ်ခဲ့သော ဘဝကို ခုပြန်တွေးလျှင် ခု မေ့ပစ်လိုသည်။ ခုတော့ဖြင့် သက်ဝင် လှုပ်ရှားလို့။

လူသားပီသဖို့ အချစ် သို့မဟုတ် ရသ ဖန်တီးနိုင်မှုတခု ရှိရမည်။ သိပ်ကျေနပ်စရာကောင်းသော ပြည့်စုံမှုပါပဲ။ ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်လိုသည်။

ကျမ အချစ်ကိုတွေ့ဖူးခဲ့ပြီ။

ခုဆို ဘဝကို အနိုင်နှင့် ပိုင်း၍ပင် ရနိုင်ပြီဖြစ်၏။

................................................................................................................................................


စံပယ်ဖြူမဂ္ဂဇင်း။ ဇွန်၊ ၉၀။

8 comments:

s0wha1 said...

(ကျမက ဂစ်တာမတီးတတ်သော၊ လက်ရေးမလှသော၊ အရပ်မမြင့်သော၊ ယောက်ျားလေးမျိုးကို မကြိုက်၊)

မကြိုက်တာတွေ တူနေတယ်။:D

(ဒါပေမဲ့ အပြစ်ဟု မတွေးချင်ပါ။ ပြီးတော့ မတွေးရက်ပါ။

သူ့၌ ရှိသည့် ကျမနှစ်သက်သော ဘောလုံးကန်ကောင်းသည့်အချက်ကလေးမျှနှင့်ပင် ကျမ မကြိုက်သော ကျန်အချက်အားလုံးကို လျှော်ပစ်လိုက်နိုင်ခဲ့သည်။ ဘယ်လောက် မတရားလိုက်သလဲနော်။

အချစ်၌ ဘက်လိုက်မှု ရှိသည်။)

ဟားဟား... မှန်လိုက်တာ။။။:P

မေသဇင် said...

အမရေ... အချစ်နဲ့တွေ့ဖူးမှပဲ ဘ၀ရဲ့အဓိပ္ပာယ် ပြည့်စုံသွားမယ်လို့ ထင်တာပဲနော်။

Aung Phyoe said...

၁၀၀% ပဲ ။ သိပ်မှန်တာပဲ ။ ဆရာမရေ ဖတ်ရတာ လူပါပျော်ဝင်သွားတယ်

အောင်သာငယ် said...

အနုပညာကို နားလည်စွာ ခံစားတတ်သူတယောက်သည် လောက၌ လူသားအဆန်ဆုံး၊ လူအပီသဆုံး။ ပြီးတော့ အမြင့်မြတ်ဆုံး-

အချစ်နဲ့ အနုပညာကြောင့် လောကကြီးက လှနေတာ-

အချစ်နဲ့ လူသားအဆန်ဆုံး လူတွေကြောင့် လောကကြီး လှပနေကြောင်း သဘောတူသွားပါတယ်။

Moe Cho Thinn said...

ဘ၀ကို အနိုင်နဲ့ ပိုင်းလို့တောင် ရနေပြီမို့ မုဒိတာ ပွားလိုက်ပါတယ် ဆရာမရယ်။

Nyi Linn Thit said...

တကယ့်ကို ပေါ့ပေါ့ပါးပါး အချစ်ဖွဲ့လေးပါပဲ အမရေ...၊ အဲဒီ အချစ်နဲ့နေထိုင်ဖို့ ကြိုးစားရင်း အနေအထိုင် မတတ်ဘူးလို့ အပြောခံရပေါင်းလည်း များပြီ၊ ဒါလည်း မနေထိုင်ရရင် နေမထိထိုင်မသာနဲ့ နေထိုင်ချင်နေဆဲ :D

မေငြိမ်း said...

s0wha1 လေး.. ဖြစ်တတ်ပါတယ်.. ဟဲဟဲ။
မေသဇင်.. ဒါလည်း ကိုယ်တဦးချင်းရဲ့ အယူအဆပါနော်.. တော်ကြာ အချစ်ကို မယုံဘူးဆိုတဲ့ အပျိုကြီး လူပျိုကြီးတွေနဲ့ ငြင်းနေရဦးမယ် :D
ကိုအောင်ဖြိုးလေး ထောက်ခံမယ်လို့ သိပီးသား :)
ကိုအောင်သာငယ်ရေ.. ယုံတာတူလို့ စိတ်ချမ်းသာသွားပြီ။
ချိုသင်းရေ..အဲလိုနဲ့ပဲ ရပ်တည်နေရတာပဲ :P
ညီလင်းရေ.. တူပါ့တော်.. တကယ်ပါပဲ :(

အပြုံးပန်း said...

ဒီဝတ္ထုလေးကို ချစ်လိုက်တာ အမရယ်၊
စာသားတွေကို သိပ်သဘောကျတယ်၊ တချို့ကို ကူးယူထားလိုက်ပါတယ်။