Oct 11, 2008

မြသီလာအလွမ်းပြေ(၄)

ကျောင်းနဲ့ ပတ်သက်ရင် လွမ်းလို့ကောင်းတာလေးတွေကိုပဲ ရေးချင်ပါတယ်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးဆန်တဲ့ အာဃာတတွေ... ဒေါသသင့်စရာတွေကိုတော့ တမင်တကာကို ထားခဲ့ချင် ပါတယ်။ ဥပမာ.. ကျမနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာတွေဆို သိတဲ့သူတွေ အများကြီး ရှိမှာပေါ့..။ ဒါပေမဲ့ အကျိုးမရှိဘဲ တစုံတယောက် ထိခိုက်နစ်နာသွားမယ့် ကိစ္စမျိုးတွေ မရေးချင်ပါဘူး။ ကျမက ချစ်စရာကောင်းတဲ့ လွမ်းခြင်းမျိုးကိုသာ ပြန်ပြီး တူးဆွချင်တာ။ ပြီးတော့ ယေဘုယျဆန်ဆန် အကျိုးရှိစေမယ့် အပျော်လေးတွေ အကောင်းလေးတွေ ချစ်စရာလေးတွေကိုသာ လှလှပပလေး မျှဝေချင်တာပါ။

တကယ်တော့ ကျောင်းနဲ့ ပတ်သက်လို့ ကျမရေးရင် ကျမရဲ့ လုံးချင်းဝတ္ထုတွေ ဖတ်ဖူးထားတဲ့ သူတွေအတွက်တော့ သိပီးသားတွေလို ဖြစ်နေလိမ့်မယ်ထင်ပါရဲ့။ ကျမ ၀တ္ထုတွေထဲ ကျောင်းအရိပ်တွေနဲ့ ကျမကြုံခဲ့ဖူးသမျှ ထည့်ထည့်ရေးနေကျလေ..။ ကျောင်းသူဘ၀မှာ အမှတ်မထင်လို့ ကြုံခဲ့ဖူးတာလေးတွေက စာရေးဆရာဘ၀မှာ စာတွေရေးတော့ အမှတ်ထင်ထင် ထည့်မိတာ။ တခါတလေ ပြုံးစရာလေးတွေပေါ့။ အဲဒီထဲမှာ အရိုးသားဆုံး ရေးခဲ့တာတော့ 'သီချင်းနှင်းဆီ' ပါပဲ..။ အဲဒီဝတ္ထုရေးတုန်းက အသက်ကလည်း ငယ်သေး.. ပြီးတော့ ပထမဆုံးလုံးချင်းလည်းဖြစ်တော့ ပင်ပန်းလိုက်တာ။ (နောက်ပိုင်း ပြန်ဖတ်ကြည့်တော့ အားနည်းချက်တွေ အပုံလိုက် တွေ့ရပါတယ်။ )

၈၈အပြီး ကျောင်းရက်ရှည် အပိတ်ထဲ ကျောင်းနဲ့ ကွဲနေရတဲ့ သူငယ်ချင်းတွေကို လွမ်းလွမ်းနဲ့ ရေးခဲ့တာပေါ့။ တကယ့် ကိုယ့်ရဲ့ တက္ကသိုလ်ကျောင်သူးဘ၀အတွေ့အကြုံလေးတွေ ပါတဲ့ ၀တ္ထုလည်းဖြစ်ခဲ့ပါတယ်။ အဲဒီ ၀တ္ထုလေး မြစ်ဖျားခံတာကိုက ကျောင်းသူဘ၀တုန်းက တကယ့် ခံစားချက်တွေကိုး။ ကျောင်းသူဘ၀မှာ ကျမ တမင် မေ့ထားခဲ့တဲ့ အဖြစ်ဆိုးတွေ အတွေ့အကြုံဆိုးတွေကတော့ ၀တ္ထုတွေမှာ မပါခဲ့ဘူးပေါ့လေ။

+++++

ကျမတို့ခေတ်က မြန်မာစာမေဂျာမှာ ဂုဏ်ထူးတန်းဝင်ဖို့ဆိုတာ တကယ့်ကို ဘုရားတခဲ့ရတဲ့ အခြေအနေပါ။ ဘယ်လောက်ကိုယ်က ဖြေနိုင်တယ်ထင်ပေမဲ့ ကိုယ့်အရေးအသားကို ဆရာတွေက တကယ်ကြိုက်ဦးမှလေ။ ပုံသေကားကျ ကျက်ရတာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာ စာပြင်ပြီးဖြေရတာမို့ အမှတ်ကိုလည်း ခန့်မှန်းမရ။ ကျမတသက်မှာတော့ အဲဒီ စတုတ္ထနှစ် စာမေးပွဲအတွက် ကြိုးစားရတာ နဲ့ စိတ်မောရတာက အပင်ပန်းဆုံးပါပဲ။ ဆယ်တန်းတုန်း ကတောင် အဲလောက်မပင်ပန်းခဲ့။ ဒါပေမဲ့ ပင်ပန်းရကျိုးနပ်တဲ့အခါကျတော့လည်း အရူးအမူး ပျော်ရတာပေါ့။

အောင်စာရင်းထွက်တဲ့နေ့က .. အဲဒီ အောင်စာရင်းကပ်တဲ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ .. သူငယ်ချင်းတွေ ကျမနဲ့အတူ ဂုဏ်တူးတန်တက်ခွင့် မရကြတာကို စိတ်မကောင်းတဲ့ကြားကပဲ ကျမ ကျောင်းဆက်တက်ရမှာကို ၀မ်းသာလွန်းလို့ ကျမ ပြုံးနေရင်းကနေ တကယ် မျက်ရည်ကျခဲ့ပါတယ်။ ကျမကို ဂုဏ်ထူးတန်းအတွက် ရွေးချယ်ခဲ့တဲ့ ဆရာဆရာမတွေကိုလည်း လှမ်းပြီးကျေးဇူးတင်နေမိပါတယ်။ နောက်တော့ ကန်ပေါင်ပေါ်သွားပြီး အင်းလျားကို နေပူပူအောက်မှာပဲ ငြိမ်ငြိမ်လေး အကြာကြီး ထိုင်ကြည့်နေမိခဲ့ပါတယ်။ စိတ်ထဲမှာ 'စိတ်ချမ်းသာလိုက်တာ... စိတ်ချမ်းသာလိုက်တာ' လို့ ပြောနေမိတယ်။ (တကယ်ပါ.. ဖတ်ကောင်းအောင် ရေးနေတာမဟုတ်ပါ.. ကျမကိုက စိတ်ခံစားချက်နောက် လိုက်တတ်တာပါ)။

(အင်းလျား - အင်တာနက်ထဲက ယူတာပါ)

ပြီးတော့ ကျောင်းထဲ ပြန်ဝင်ပြီးတော့ သစ်ပုပ်ပင်ကြီးကို မော့ကြည့်ပြီး ကြည်နူးနေခဲ့ပါတယ်။ ငါ ဒီမှာ ဆက်နေရပြီ လို့လည်း တဖွဖွ တွေးနေမိပါတယ်။

(သစ်ပုပ်ပင်ကြီး - pti ဆီက ယူပါတယ်)

ညနေ အိမ်ပြန်ရောက်တဲ့အခါမှာတော့ ကျမ အင်မတန်ကြိုက်တဲ့ ဆရာအောင်ပြည့်ရဲ့ "နေရစ်တော့မြသီလာ" ကဗျာစာအုပ်ကို ပြန်ထုတ်ဖတ်တယ်။ ကျမ ချစ်တဲ့မြသီလာမှာ ဆက်နေခွင့်ရပြီ ဆိုတဲ့ အသိက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ။ အဲဒီအပျော်နဲ့ပဲ ဂုဏ်ထူးတန်းဆက်တက်ဖို့ စောင့်နေရတဲ့ ကျောင်းပိတ်ရက်ထဲမှာ ကျမ ၀တ္ထုတိုတွေ စရေးကြည့်ဖြစ်ခဲ့တာပါ။ ရေးဖြစ်အောင်နှိုးဆွတဲ့ အကြောင်းရင်းတွေ ထဲမှာ စာရေးဆရာမ 'ကြည်အေး' 'ဂျူး'နဲ့ ကဗျာဆရာမ 'မအိ'တို့ရဲ့ စာတွေ ပါတာပေါ့။

+++++

၁၉၈၄မှာ 'ဂျူး' က ရှုမ၀မဂ္ဂဇင်းမှာ ကဗျာတွေ ၀တ္ထုတိုတွေ စရေးနေပြီ။ နောက် မအိ (အသံအက်သွားတဲ့ ခေါင်းလောင်းလေးကဗျာနဲ့ လူသိများ) ရဲ့ ၀တ္ထုတိုတွေက ကျမကို လွှမ်းမိုးတယ်။ ကြည်အေး ကတော့ အထူးသဖြင့်ပေါ့။ ကဗျာနဲ့ ၀တ္ထုက ဆက်စပ်နေမြဲမို့ ကျမ အလွယ်တကူပဲ ၀တ္ထုရေးဖြစ်သွားတယ်။ အဲဒီပထမဆုံးဝတ္ထု.. ကျမ ဘယ်ကိုမှမပို့ဘူး.. ဘာလို့ဆို .. 'ကြည်အေး'လိုလို.. 'ဂျူးး'လိုလို.. 'မအိ'လိုလို ဖြစ်နေလို့ ။ ဟုတ်သေးပါဘူးဆိုပြီး ပြန်ရေးတယ်.. မကြိုက်သေးဘူး။ အဲလိုနဲ့ တပုဒ်မှ သေချာမပြီးဘဲ ကျောင်းဖွင့်ရက်တွေ ပြန်ရောက်လာ ပါတယ်။

မှတ်မိနေပါသေးတယ်။ ကျောင်းပြန်ဖွင့်တဲ့ မနက်ကိုက ၁၉၈၄ရဲ့ နှင်းတွေဝေတဲ့ ဆောင်းဦး နိုဝင်ဘာမှာပါ။ ထုံးစံအတိုင်း အရှည်ကြီးလက်ဘက်ရည်ဆိုင်မှာ တယောက်တည်း ထိုင်နေတုန်း မြကျွန်းသာကံ့ကော်တောဆီကို စောစောလာနေကျ ဥသြတွန်သံ ကြားနေရပြီဆိုတာ မှတ်မိတယ်။ ကံကော်တွေတော့ မတွေ့သေး။

(ဟိုးတုန်းက မြကျွန်းသာ ကံ့ကော်တောအုပ်)

အဲဒီအချိန် ကျမနဲ့အတူ ရှိမနေနိုင်ကြတဲ့ သူငယ်ချင်းတွေကို လွမ်းတယ်။ ပြီးတော့ ဘ၀မှာ သေသေချာချာ ချစ်ခဲ့မိဖူးပြီး ဘယ်လိုမှ သက်ဆိုင်ခွင့် မရခဲ့ဖူးတဲ့ ချစ်ရသူတယောက် (အချစ်နှင့် နေထိုင်ခြင်းထဲက ဇာတ်လိုက်ပေါ့ :) )ကို လွမ်းနေမိတယ်။ ပြီးတော့ သူလည်း ဂုဏ်ထူးတန်းတက်ရမှာမို့ ပြန်တွေ့ကြရဦးမှာ ကိုလည်း တွေးပြီးတော့ ၀မ်းနည်းသလိုလို ဖြစ်နေသေး။ ဒါပေမဲ့ အဲဒီတခါ အလွမ်းမှာတော့ ခါတိုင်းလို ၀မ်းနည်း သိမ်ငယ်မှုတွေ ပါမနေခဲ့ဘူး။ ကျမစိတ်တွေ လန်းဆန်း အားရှိနေခဲ့တာ မှတ်မိပါတယ်။ (တကယ်တမ်းမှာလည်း အဲဒီ ဂုဏ်ထူးတန်းကျောင်းသူဘ၀ ၁၉၈၄-၈၅-၈၆ နှစ်များက ကျမဘ၀အတွက် အထင်ကရ အမှတ်တရတွေ အများကြီး ကြုံတွေ့ရတဲ့ စိတ်အားရှိစရာကာလတွေ ဖြစ်ခဲ့ပါတယ်)။

အမှန်အတိုင်း ၀န်ခံရရင်တော့ အဲဒီမနက်မှာ ကျမ စိတ်ကြီးဝင် ကျေနပ်နေခဲ့ပါတယ်။ အသက် ၂၁နှစ်အရွယ်မို့ သွေးကလည်း ကြွနေတယ်ထင်ပါ့။ အဲဒီတုန်းက ဂုဏ်ထူးတန်းကျောင်းသားက ၅၂ယောက်။ စတုတ္ထနှစ်တုန်းက စာအတူတူ ကျက်တဲ့အုပ်စုထဲက ကျမတယောက်ပဲ ဂုဏ်ထူးတန်းတက်ခွင့် မီတာကြောင့် ကျမတယောက်တည်း ဘာလုပ်ရမှန်းမသိသေးဘဲ သင်ရတော့မယ့် ဘာသာရပ်တွေကိုပဲ လောဘတကြီး စိတ်ဝင်စားနေမိတယ်။ န၀ဒေးရတု ပေါင်းချုပ်.. တဲ့။ (သေချာတယ် .. ဒီဘာသာရပ် ငါအမှတ်ကောင်းမယ်ပေါ့။) ကျမက နတ်သျှင်နောင်ထက် န၀ဒေးကို ကြိုက်တယ်။ ဦးယာ၏အဲချင်းများ..တဲ့။ (အမလေး.. သင်ချင်လှပြီပေါ့)။ ဦးယာကတော့ ခေတ်ဟောင်း 'ကြည်အေး' ပဲ။ သိပ်သစ်တာ သူ့အတွေးတွေက။ သူ့ရဲ့ မင်းနန်ပျို့မှာဆို 'ညီတော်မင်းနန်'က 'ဇနပဒကလျာဏီ'ကို ချစ်တဲ့အခန်းရေးတာ လှမှလှ။ ခေတ်သစ်စာပေ..တဲ့။ စာပေဝေဖန်ရေးတဲ့။ ရာမရကန်တဲ့။ အာသံနိုင်မော်ကွန်း.. (ဒါတော့ သိပ်မကြိုက်)။ ခေတ်ဝတ္ထုများ..တဲ့။ ခေတ်ကဗျာများ..တဲ့။ ဒီလိုနဲ့ ကျမက မြန်မာစာကို ကျောင်းစာလို့မထင်ဘဲ စိတ်ဝင်စားခဲ့တာ။ စာတွေကို ကျက်လိုက်ရတာလို့ကို မထင်။ ဒါကြောင့်ပဲ စာမေးပွဲရဲ့ ခြောက်လှန့်မှုကို မခံခဲ့ရတာထင်ပါရဲ့။

(နောင် ဆရာမ ဖြစ်လို့ ကိုယ့်အတန်းမှာ ကျောင်းသားတွေကို အဲဒီခံစားချက်ကို ပြန် ပြန် ပြောပြရင် သူတို့ ကောင်းကောင်း နားလည်ပုံမရ။ သူတို့အတွက်တော့ ကျောင်းစာက ခက်တာပါပဲ..တဲ့။ ဒါဖြင့် မြန်မာစာကို ဘာလို့ယူတာလဲမေးကြည့်တော့ ဒါပဲရတာကိုးတဲ့။ ကျမ ငိုချင်သလို ဖြစ်သွားခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလ ဒီလို ကျောင်းသားတွေ အတွေ့များလာတော့ ကျမ အဲလို မမေးတော့ပါဘူး)

သင်မယ့်ဆရာတွေ နာမည်စာရင်းကြည့်တော့လည်း ကိုယ်တွေ့ချင်တဲ့ဆရာတွေ။ အထူးသဖြင့်တော့ စာရေးဆရာ ဇော်ဇော်အောင်တို့ တက္ကသိုလ်မင်းမော်တို့ တက္ကသိုလ်ဝင်းမွန်တို့ မောင်ခင်မင်(ဓနုဖြူ) တို့ပေါ့။ အတန်းတက်ရမယ့် အခန်းနံပါတ်ကြည့်တော့ T- 212 တဲ့။ ကျမရင်တွေ ခုန်လာတာမှ ငြိမ့်ငြိမ့်လေး။ ကျမ စတုတ္ထနှစ်တုန်းက တက်ခဲ့ရတဲ့အခန်းပဲလေ...။ ဒါဖြင့် ကျမထိုင်နေကျ နောက်ဆုံးခုံတန်းလေးရဲ့ ဘေးနံရံမှာ မနှစ်က ကျောင်းပိတ်ကာနီး ကျမ ရေးထားခဲ့တဲ့ "မြကျွန်းသာရေ... လွမ်းလို့ ကျန်ခဲ့မှာကိုလည်း အားနာပါတယ်လေ" ဆိုတဲ့ စာတန်းလေးမှ ရှိသေးရဲ့လား...။

(ဆက်ဦးမှာပါ...)

10 comments:

ရွာသားလေးဝိုင်တီယူ said...

ဖတ်ဦးမှာပါဆရာမရေ မျှော်နေပါမယ်

Moe Cho Thinn said...

အခုအချိန်မှာတော့ မြသီလာကို လွမ်းလို့ကျန်နေခဲ့ပါပြီ ဆရာမရေ..။

sin dan lar said...

လာစောင့်ဖတ်ပါတယ် ဆရာမ

PTi said...

ဆရာမရေ... ဆရာမ အလွမ်းကိုဖတ်ရင် ကိုယ့်အလွမ်းတွေကိုတောင် ပြန်သတိရကုန်ပြီ...

ကျွန်တော်တို့က ကျောင်းမပြီးသေးပဲ ကျောင်းတော်ကြီးက ကျောင်းကထွက်ခဲ့ရတော့ အခုအချိန်အထိ ကျောင်းပြန်တက်ချင်နေတုန်းပဲ။

လင်း said...

ကျောင်းအကြောင်းတွေဖတ်ရတာ လွမ်းစရာကောင်းလိုက်တာ။ လင်းလဲလေ ဆရာဇော်ဇော်အောင် ကိုမြင်ဘူးချင်လို့  သွားကြည့်ဖူးတယ်။ အဲတုံးကတော့ စကားမပြောခဲ့ရဲ့ ဘူး။ နောက်ပိုင်း သူ့ အိမ်မှာ ဆိုင်ဖွင့်တော့ သွားစားပြီး စကားသွားသွားပြောလွန်းလို့  နောက်ပိုင်းလင်းလာရင် သူပုန်းနေတဲ့အထိဘဲ။ ဟီးး ဆရာမကိုလည်း စကားပြောချင်လို့ လာခဲ့အုန်းမှထင်တယ်။

နှင်းမိုးဝေ said...

အန်တီငြိမ်းရေ ... အနှင်းကတော့ မြသီလာကို ငယ်ငယ်တုန်းကရောက်ခဲ့ဘူးပေမယ့် .. အနှင်းတို့ တက္ကသိုလ်တက်ရတဲ့အချိန်ကျ .. အဲ့ဒီနေရာမှာ မတက်ခဲ့ရတော့ဘူးလေ . ဒါမဲ့ အန်တီ့ အတန်းတွေကို လိုက်တတ်ဘူးတယ် .. အနှင်းအကိုငယ်ရဲ့ မိုင်နာတန်းတွေပေါ့ .. အန်တီသင်တာကို အရမ်းသဘောကျခဲ့တာလေ .. ဘူမီတန်းတွေမှာ အန်တီ့အတန်းချိန်ဆို .. ကျောင်းသားတွေနဲ့ ပြည့်နှက်နေတာ .. အရမ်းကို သဘောကျခဲ့တာပေါ့ .. အနှင်း ၁၀တန်းအောင်တော့ .. အဲ့ဒီလို နေရာတွေမှာ မတက်ခဲ့ရတော့ဘူး .. ၀မ်းနည်းမိတယ် .အရမ်းဘဲ ..

s0wha1 said...

အန်တီရေ... ဒီနေ့ သီတင်းကျွတ် လပြည့်နေ့နော်... မီးပုံးတွေကို လွမ်းလိုက်တာ။ ဒီနေ့မှ ပြန်ရောက်လို့ ခုမှ ကွန်မန့်လာရေးနိုင်တယ်။ အန်တီ့စာဖတ်ပြီး သမီးရဲ့ မြန်မာစာဆရာ ဦးဥာဏ်ထွန်းကို သတိရသွားတယ်။

တန်ခူး said...

မ ဂုဏ်ထူးတန်းတက်ခွင့်ရတာ ဘယ်လောက်ပျော်မလဲဆိုတာ မှန်းကြည့်ရင်ခုန်မိတယ် မရေ… ဆယ်တန်းတုန်းက မြန်မာစာဂုဏ်ထူးထွက်အောင်လုပ်မယ်လို့  အားခဲပြီး မရခဲ့တော့ ငိုခဲ့ရတာ ပြန်သတိရတယ်… ကျွန်မလဲ မြန်မာစာကို အဲလောက်ရူးသွပ်သူပါ… ဒါပေမယ့် မတော်ခဲ့ဘူးလေ… မ ကို အားကျတယ်… မြသီလာမှာ ဆက်နေခွင့်ရခဲ့တာကိုက အလွန်ချိုမြတဲ့ လက်ဆောင်တခုပေါ့နော်…

Ko Paw said...

အလွမ်းပြေဆိုပြီး သူများတွေကိုပါ အလွမ်းတွေ ကူးစက်လာအောင် လုပ်တာတော့ မကောင်းပါဘူး….ဆရာမကြီးရယ်။

ဒီက လွမ်းမိရင် မီးခိုးကြွက်လျှောက်လွမ်းတာ။ တက္ကသိုလ်ကစလို့အထက်တန်း၊ အလယ်တန်း၊ မူလတန်း နဲ့ မွေးရပ်မွေးရွာကိုပါ လွမ်းသွားပြီ။ အဓိက ကတော့ မြန်မာပြည်ကို လွမ်းတာပေါ့လေ။ အခုတလော မြန်မာပြည်အပြီးပြန်နေဘို့ ပိုစဉ်းစားမိလာတယ်။

မေငြိမ်း said...

ရွာသားလေး.. ချိုသင်း.. Sin dan lar, pti, ကျောင်းလွမ်းချင်းတွေကတော့ အားလုံး တန်းတူလောက်ရှိမှာ သိပီးသားပါ..။ မျှဝေလွမ်းကြတာပေါ့ နော..။
လင်းရေ.. ဆရာဇော်ကတော့ တို့နဲ့ဆို သားအဖ လိုပေါ့.. သိပ်ချစ်တာ..။
နှင်းရေ..အဲဒီတုန်းကတော့ တကယ် ပျော်စရာ ကောင်းခဲ့တာပါ။ ဆရာမဘ၀ကို သဘောအကျဆုံးလေ..ဒါပေမဲ့...။
မတန်ခူးရေ.. ကျမပြောသလိုပဲ တကယ်တော့ တော်တာမဟုတ်ပါ..ကျမက မြန်မာစာနဲ့ ပတ်သက်လို့ သန္ဓေကိုပါတာပါ။ တကယ်တမ်းသေချာ detail ကျက်ရမယ့်စာတွေကျတော့ သိပ်ညံ့တာ.. ဥပမာ မွန်ကျောက်စာ :)
ကိုပေါရေ.. ထပ်တူလွမ်းစေချင်တာပါ.. ကျောင်းနဲ့ ပတ်သက်ရင် လွမ်းရတာကိုက အရသာ မဟုတ်လား... အမှန်အတိုင်းပြောရရင် တကိုယ်ကောင်းဆန်တယ်ပဲပြောပြော မြန်မာပြည်တော့ ခုအချိန်မှာ မပြန်ချင်ပါဘူး.. အရင်လို အချိန်တွေမှ မဟုတ်တာလေ..။ နောက်ပိုင်းတွေမှာ RIT ၀င်းထဲ နေတုန်းကအကြောင်းတွေလည်း လာဦးမှာ.. မျှော်........နော်။